Chapter 40
-“အဖိုးက မင်းနဲ့အတူမြက်နုလေးကိုပါ ခေါ်ခဲ့ရင်ပိုတောင်ပျော်ဦးမှာ”
“အဲ့ဒီလူယုတ်မာကတော့ တိရစ္ဆာန်ထက်တောင် ဆိုးရွားလိုက်တာ၊ ရှောင်ချိုးက သူ့သမီးအရင်းလေ ဘယ်လိုလုပ်ပြီးရိုက်ရက်တာလဲ”
ထိုနေရာသို့ရောက်သောအခါ ဟွမ်ရှန်းလန်က မျက်နှာကိုအုပ်ပြီး ငိုကြွေးလာ၏။
ထုံရွှယ်လူက လက်သီးဆုပ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။
“ရှောင်ချိုးက အခုဘယ်လိုနေလဲ၊ အဆင်ပြေရဲ့လား”
ဟွမ်ရှန်းလန်က မျက်ရည်သုတ်ကာ ပြန်ဖြေလိုက်သည်။
“သွားနှစ်ချောင်းကျိုးသွားတယ်၊ ဆရာဝန်ပြောတာတော့ ကလေးရဲ့မျက်လုံးကိုလဲ ထိခိုက်သွားပြီး ကန်းတောင်ကန်းသွားနိုင်တယ်တဲ့”
ဤကိစ္စဖြစ်သွားသဖြင့် စုရှူယင်က နောက်ဆုံးတွင် ကြောက်ရွံ့သွားကာ စိတ်ပိုင်းဖြတ်လိုက်သည်။
ကံကောင်းစွာဖြင့် သူမကအဆုံးထိသတ္တိမကြောင်နေခဲ့ပေ။
ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။
“အမရဲ့ဝမ်းကွဲက ရဲစခန်းမှာသွားတိုင်ရင် အိမ်နီးချင်းတွေက သက်သေခံပေးမယ်တဲ့လား”
“ကျွန်မလည်းအဲ့ဒါကိုစဥ်းစားေနတာ”
ဟွမ်ရှန်းလန်က ခနလောက်စဉ်းစားကြည့်ကာ ခေါင်းခါပြလိုက်သည်။
ထိုအဖြေကြောင့် ထုံရွှယ်လူက မအံ့ဩသွားပေ။
ဤကာလမှသူများသည် လင်မယားကွာရှင်းရန် အားမပေးကြပေ။
လက်ထပ်မှုကိုဖျက်စီးမည့်အစား ဘုရားကျောင်းဆယ်ကျောင်းကိုသာ ဖျက်စီးပါဟု ဆိုရိုးရှိ၏။အများစုမှာ အမျိုးသမီးများကို သည်းခံခိုင်းတတ်ကြသည်။
ကိစ္စများကို ပိုဆိုးစေသောအရာမှာ အကယ်၍ စုရှူယင်သာ ရဲတိုင်လိုက်ပါက အိမ်နီးချင်းများက သက်သေမခံပေးရုံတင်မကဘဲ သူမဘက်လှည့်ပြီး ကျေးဇူးမသိကြောင်း၊ ရက်စက်ကြောင်းပြောလာမှာဖြစ်သည်။
“အဲ့ဒီကောင် အမရဲ့ဝမ်းကွဲကိုနောက်ဆုံးရိုက်ခဲ့တာ ဘယ်အချိန်ကလဲ၊ သူမကိုယ်ပေါ်မှာဒဏ်ရာတွေရှိသေးလား”
ဟွမ်ရှန်းလန်က ခနလောက်တွေးကြည့်လိုက်ကာ ပြန်ဖြေ၏။
“နဖူးကဒဏ်ရာကတော့ ပျောက်သွားပြီ၊ ဒါပေမယ့် ဝမ်းကွဲရဲ့ကိုယ်ပေါ်မှာတော့ ဒဏ်ရာတွေရှိနေဦးမယ်ထင်တယ်”
ထိုအဖြေကိုကြားသောအခါ ထုံရွှယ်လူက မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒါဆို လုံလောက်မှာမဟုတ်ဘူး”
၎င်းကရက်အနည်းငယ်ကြာနေပြီဖြစ်ကာ ဒဏ်ရာများကပျောက်သွားပြီဖြစ်သည်။ ထို့အပြင်စုရှူယင်ကလည်း ထိုဒဏ်ရာများသည် သူမချော်လဲသွားလို့ဖြစ်ကြောင်း အခြားသူများအားပြောပြီးသားဖြစ်သည်။ အခုချိန်တွင် ရဲစခန်းသို့သွားတိုင်မည်ဆိုပါက ရလဒ်သိပ်ကောင်းမည်မဟုတ်ပေ။
ဒီလိုမဟုတ်လျှင်……
ထုံရွှယ်လူဘာမှမပြောရသေးခင်တွင် ဟွမ်ရှန်းလန်က မျက်လုံးနီနီများဖြင့်ပြောလာ၏။
“ဝမ်းကွဲလည်း အဲ့ဒီအကြောင်းကိုတွေးထားတယ်၊ သူမက နင့်ကိုမျက်မြင်သက်သေဖြစ်စေချင်တယ်တဲ့၊ သူမက အဲ့လူယုတ်မာကိုရန်စပြီး သားအမိနှစ်ယောက်လုံး သူမကိုရိုက်လာအောင်လုပ်လိုက်မယ်တဲ့”
ထုံရွှယ်လူ:“……”
၎င်းက ထိုလူနှစ်ယောက်လုံးကို တစ်ချိန်ထဲတွင်ဖယ်ရှားနိုင်သော်လည်း တစ်ဖက်တွင် စုရှူယင်က ခံစားရဦးမှာဖြစ်သည်။
ထုံရွှယ်လူဘာမှမပြောသည်ကိုမြင်သောအခါ ဟွမ်ရှန်းလန်က ထုံရွှယ်လူမကူညီချင်မှာကို စိုးရိမ်သွားသည်။
“ရဲဘော်ထုံ၊ ဒါကကျွန်မတောင်းဆိုရမှာမဟုတ်ဘူးဆိုတာ သိပါတယ်၊ ဒါပေမယ့် ကျွန်မရဲ့ဝမ်းကွဲမှာ အခြားရွေးစရာမရှိတော့ဘူး၊ ကျေးဇူးပြုပြီး ဒီတစ်ကြိမ်လောက်ဘဲ သူမကိုကူညီပေးပါ”
သူမဘက်မှမိသားစုဝင်များကလည်း မျက်မြင်သက်သေဖြစ်လိုကြမည်မဟုတ်ပေ။ ထို့အပြင် ထိုလူယုတ်မာက ရဲစခန်းတွင် အဆက်အသွယ်ရှိ၏။ သူတို့ဘက်တွင် ဘာအဆက်အသွယ်မှမရှိသဖြင့် အပေါ်စီးမှမနေနိုင်ပေ။
“မစိုးရိမ်ပါနဲ့ ကျွန်မကဒီကိစ္စကို မသိရင်တော့ တစ်မျိုးပေါ့၊ အခုကကျွန်မသိနေပြီဆိုတော့ ဒီအတိုင်းရပ်ပြီးမကြည့်နေနိုင်ပါဘူး”
ဟွမ်ရှန်းလန်က အလွန်ကျေးဇူးတင်စွာကြည့်လာသည်။
“ကျေးဇူးပါရဲဘော်ထုံ၊ ငါ့ဝမ်းကွဲအတွက်ပါ ကျေးဇူးတင်ပါတယ်”
ထုံရွှယ်လူက လက်ရမ်းပြလိုက်သည်။
“ကျွန်မတို့တွေက ကော်လံပြာဝတ်ညီအစ်မတွေဘဲလေ၊ အချင်းချင်းကူညီပေးမှသာ မှန်ကန်တာပေါ့၊ ဘာလို့စောင့်နေမှာလဲ၊ ဒီနေ့ဘဲသွားလိုက်မယ် ရှင်က ဝမ်းကွဲကိုဖုန်းဆက်ပြီးပြောလိုက်၊ ကျွန်မ စက်ရုံကနေ ခွင့်ယူလိုက်မယ်”
ဟွမ်ရှန်းလန်က သဘောတူကာ ထွက်သွားရန်ပြင်လိုက်သည်။
ထုံရွှယ်လူက ရုတ်တရက်သူမကိုတားလိုက်သည်။
“အိုး ဟုတ်သား၊ အစိုးရစားသောက်ဆိုင်ကကြက်သွေး ဒါမှမဟုတ် ဝက်သွေးကိုများ အမရလာနိုင်လား”
ဟွမ်ရှန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“ဒါပေါ့ ငါတို့တွေက ဒီနေ့ဘဲ ကြက်အရှင်တစ်အုပ်ကိုရခဲ့တာ၊ ခနနေရင် စားဖိုမှူးက ကြက်သတ်လိမ့်မယ်”
“ဒါဆိုရင်အမနဲ့လိုက်ပြီး သွေးတစ်ချို့တစ်လေလိုက်ယူလိုက်မယ်”
ဟွမ်ရှန်းလန်: “……”
***
ဝမ်ရူကွေ့က စူးစမ်းရှာဖွေရေးစင်တာမှ ဓာတ်ခွဲဌာနချုပ်သို့ပြန်ရောက်လာသောအခါ ဌာနမှ လုပ်ဖော်ကိုင်ဖက်က သူ့အဖိုးနှင့် ဖူကျန့်ယိအမည်ရှိသည့်သူတို့က ဖုန်းခေါ်ထားကြောင်းပြောပြလာ၏။
သူကကျေးဇူးတင်လိုက်ပြီးနောက် အရင်ဆုံးသူ့အဖိုးကိုဖုန်းပြန်ခေါ်လိုက်သည်။
အဖိုးဝမ်က သူ့ရဲဘော်ရဲဖက်နှင့် စစ်တုရင်ကစားရန်လုပ်နေခြင်းဖြစ်သည်။ သူက ဦးလေးဇုန်းဆီမှ ရူကွေ့အမည်ကိုကြားသောအခါ ချက်ချင်းထလာပြီး ဖုန်းကိုယူလိုက်သည်။
“ကောင်စုတ်လေး မနက်ဖြန်ဘာနေ့လဲဆိုတာ သတိရသေးရဲ့လား”
“အဖိုးရဲ့မွေးနေ့လေ၊ ကျွန်တော်ဒီနေ့ပြန်ရောက်မှာပါ”
“သိရင်ပြီးရော”
အဖိုးဝမ်၏မုတ်ဆိတ်မွှေးများက လှုပ်ခါသွားသည်။
“မင်းက မြက်နုလေးကိုခေါ်လာပြီး ငါ့မွေးနေ့ကိုဆင်နွှဲပေးရင် ဒီအဖိုးကပိုတောင်ပျော်မိလိမ့်မယ်”
ဝမ်ရူကွေ့:“……”
အဖိုးဝမ်နှင့် ဖုန်းပြောပြီးသောအခါ ဝမ်ရူကွေ့က ဖူကျန့်ယိကို ဖုန်းခေါ်ရန်လုပ်လိုက်သည်။
ထို့နောက် သူကပြန်မည့်လမ်းတွင် ရဲစခန်းကိုဖြတ်ရမည်ကို သတိရသွားသဖြင့် လူကိုယ်တိုင်သွားပြီး စကားပြောရန်သာလုပ်လိုက်သည်။
ထုံရွှယ်လူက အစိုးရပိုင်စားသောက်ဆိုင်သို့ ဟွမ်ရှန်းလန်နှင့်အတူလိုက်သွားသည်။ ဖြစ်ချင်တော့ သူတို့ရောက်သည့်အချိန်တွင် စားဖိုမှူးက ကြက်သတ်နေပြီဖြစ်သည်။
ထုံရွှယ်လူက ဝါဂွမ်းတစ်ချို့ကို ကြက်သွေးထဲနှစ်ပြီး စက်ရုံကိုပြန်သည်လမ်းတွင် သူမလက်ပေါ်သို့လူးလိုက်သည်။
အထည်ချုပ်ဌာနမှ မန်နေဂျာမာက သူမကိုမြင်သောအခါ လန့်သွားသည်။
“ရွှယ်လူရေ နင့်နဖူးက ဘယ်လိုဖြစ်တာလဲ”
ထုံရွှယ်လူက မျက်မှောင်ကြုတ်ကာ နာကျင်နေသောအသံများကိုပြုလိုက်သည်။
“မန်နေဂျာမာရေ ဒီကိုလာတဲ့လမ်းမှာ စက်ဘီးတစ်စီးက ကျွန်မကိုဝင်တိုက်တော့ နဖူးမှာဒဏ်ရာရသွားတာဘဲ၊ ဒဏ်ရာကိုဆေးထည့်ဖို့ ဆေးရုံသွားချင်လို့ ခွင့်ယူမလို့ပါ”
မန်နေဂျာမာက ခွင့်စာရွက်တွင် သူမနာမည်ကို လက်မှတ်ထိုးလိုက်ကာ စိုးရိမ်တကြီးပြောလာ၏။
“နင်ပိုပြီး ဂရုစိုက်သင့်တယ်၊ နင့်ကိုတိုက်သွားတဲ့သူက ဘယ်မှာလဲ၊ ဒီအတိုင်းဘဲလွှတ်ပေးလိုက်တာတော့ မဟုတ်ပါဘူးနော်”
“မဟုတ်တာ၊ သူက တမင်လုပ်တာမဟုတ်ပါဘူး၊ သူကကျွန်မကို 10ယွမ်ပေးသွားတယ်၊ ဆေးရုံကိုမလိုက်ပေးတာက သူအလျင်လိုနေလို့ပါ”
ထိုစကားကိုကြားသောအခါ မန်နေဂျာမာက ခေါင်းညိတ်လိုက်သည်။
“အင်း အဲ့ဒါကပိုကောင်းတယ်၊ ဒီလိုဆိုမှတော့ နင်ကကံမကောင်းသွားတာဖြစ်မယ်၊ ကောင်းပြီလေ ငါနင့်ကိုမဆွဲထားတော့ဘူး၊ သွားပြီးဒဏ်ရာကိုသန့်ရှင်းလိုက်ဦး”
“ကျေးဇူးပါ မန်နေဂျာမာ”
ထုံရွှယ်လူက စက်ရုံမှထွက်လာပြီးနောက်တွင် ဝါဂွမ်းများကိုလွင့်ပစ်ကာ ကားဂိတ်တွင် ဟွမ်ရှန်းလန်နှင့်ချိန်းလိုက်သည်။
သူမက အခုတလောတွင် ခွင့်ယူတာများနေပြီဖြစ်သဖြင့် သူမကခွင့်ယူရမည့်အကြောင်းမရှိဘဲ ခွင့်ထပ်ယူပါက အခြားသူများသည် သူမအပေါ်မကောင်းမြင်လာကြလိမ့်မည်။
“အမရဲ့ ဝမ်းကွဲကိုပြောပြပြီးပြီလား”
ဟွမ်ရှန်းလန်က ခေါင်းညိတ်ပြလိုက်သည်။
“အင်း နာရီအနည်းငယ်လောက်ကြာရင် အဲ့ဒီကိုရောက်မယ်၊ အဲ့ဒီလူနှစ်ယောက်ကို အစောကြီးရန်သွားမဆွနဲ့ဦးလို့ ပြောထားတယ်”
ထိုစကားများကိုကြားသောအခါ ထုံရွှယ်လူက ရင်နာရုံတင်မက အကူအညီမဲ့သလိုပါခံစားမိသွားသည်။
ဘယ်ခေတ်ဘယ်ကာလတွင်မဆို လိင်နှစ်မျိုးတွင် အမျိုးသမီးများကသာ အမြဲတမ်းအားနည်းသူများဖြစ်နေကြသည်။
ထုံရွှယ်လူက သူမ မကူးပြောင်းလာခင်တွင် သတင်းတစ်ခုကိုဖတ်ဖူး၏။ အိမ်တွင်းအကြမ်းဖက်ခံရသောသူတစ်ယောက်သည် အဆောက်အဦးပေါ်မှခုန်ချလိုက်သော်လည်း ကွာရှင်း၍မရနိုင်ဆဲဖြစ်သည်ဟူ၍ပင်။ အခုတွင် ရှန်ရှူယန်ကလည်း သူ့ယောက်ျားနှင့် ယောက္ခမလက်ထဲမှလွတ်ရန် သူမကိုယ်သူမထပ်အရိုက်ခံရအောင် လုပ်ရဦးမည်ဖြစ်သည်။
မိန်းမတစ်ယောက်ဖြစ်ရတာ အရမ်းခက်ခဲတာဘဲ။
သူတို့ကံကောင်း၏။ ဘတ်စ်ကားကို 10မိနစ်ကျော်လောက်သာစောင့်လိုက်ရသည်။ သူတို့က ကားထဲဝင်ကာ လက်မှတ်ဝယ်ပြီး နေရာယူလိုက်ကြသည်။
လူတစ်ယောက်၏ အလိုက်သင့်ပြောင်းလဲနိုင်ခြင်းသည် အလွန်အံ့ဩစရာကောင်း၏။ အကြိမ်အနည်းငယ်စီးပြီးသောအခါ ထုံရွှယ်လူက ကားခုန်သည်ကို နေသားကျသွားပြီဖြစ်သည်။
သူတို့နှစ်ယောက်က ကားပေါ်မှဆင်းဆင်းချင်းပင် အစိုးရစားသောက်ဆိုင်သို့ ဦးတည်လိုက်ကြသည်။
သူတို့နှစ်ယောက်ကိုမြင်သောအခါ စုရှူယင်က စိတ်လှုပ်ရှားသဖြင့် သူမ၏လက်များတောင်တုန်ယင်လာသည်။ သူမက သူတို့နှစ်ယောက်နှင့်တွေ့နိုင်ရန် ခွင့်ယူခဲ့ခြင်းဖြစ်သည်။
ထုံရွှယ်လူက သူမနှင့်မတွေ့ဖြစ်သည်မှာ တစ်ပတ်လောက်သာရှိသေးသော်လည်း စုရှူယင်က ကိုယ်အလေးချိန်အများကြီးကျသွားသဖြင့် မတူညီသောလူတစ်ယောက်လိုပင်ဖြစ်သွားသည်။
သူမပုံစံကပြိုလဲနေကာ မျက်နှာနှင့် နှုတ်ခမ်းတဝိုက်တွင် ဒဏ်ရာအများအပြားရှိနေ၏။ သူမ၏ဆံပင်တစ်စုက နဖူးပေါ်မှပျောက်နေကာ အသိသာပင် သူမ၏ယောက်ျားနှင့်ယောက္ခမတို့ကြောင့်ပင်ဖြစ်လိမ့်မည်။
ထုံရွှယ်လူက သူမ၏ပုံစံကိုကြည့်ရုံဖြင့်တင် လက်သီးဆုပ်လိုက်မိသည်။
“ရဲဘော်စု တကယ်ဆုံးဖြတ်ပြီးပြီလား”
စုရှူယင်၏ဖြူဖျော့နေသောနှုတ်ခမ်းများက တင်းတင်းစေ့သွားပြီးနောက် လေးပင်စွာခေါင်းညိတ်ပြလိုက်သည်။
“အင်း ကျွန်မဆုံးဖြတ်လိုက်ပါပြီ၊ သူတို့နဲ့ထိုက်တန်တဲ့အပြစ်ကို ရစေချင်တယ်”
သူမက သူမ၏သမီးအတွက်အများကြီး သည်းခံနေခဲ့ခြင်းဖြစ်သော်လည်း ထိုတိရစ္ဆာန်က သူမ၏ရှောင်ချိုးလေးကို ရိုက်လာ၏။
သူမကသည်းခံနိုင်သော်လည်း သူမ၏သမီးအရိုက်ခံရသည်ကိုမူ ရပ်မကြည့်နေနိုင်ပေ။ တစ်နေ့တွင် သူမတို့သားအမိက သူတို့လက်ထဲတွင်သေသွားမည့်အစား ထိုအမေနှင့်သားနှစ်ယောက်ကို သူမလက်ဖြင့် ငရဲကိုပို့လိုက်တာက ပိုကောင်းသည်။
ထုံရွှယ်လူသည် စုရှူယင်က ပြိုလဲနေပုံပေါ်သော်လည်း စိတ်ပိုင်းဖြတ်ထားသောအကြည့်များကို သူမမျက်နှာပေါ်တွင် မြင်သွား၏။
“ကောင်းပြီလေ ဒါဆိုရင်သွားကြတာပေါ့”
စုရှူယင်က ခေါင်းညိတ်ပြလိုက်သည်။ သူမကဦးဆောင်ပြီး သူမယောက်ျားအလုပ်လုပ်သော စက်ရုံသို့သွားလိုက်သည်။
ဟွမ်ရှန်းလန်က သူမဝမ်းကွဲ၏နောက်ကျောကိုကြည့်ကာ အလွန်စိတ်ပူနေသည်။
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ဘာဖြစ်တာလဲ အမကြောက်နေတာလား”
ဟွမ်ရှန်းလန်က နှုတ်ခမ်းကိုက်ကာ ပြန်ဖြေ၏။
“အမ်းးးအတိအကျကြီးကြောက်နေတာတော့ မဟုတ်ပါဘူး၊ နည်းနည်းစိုးရိမ်နေတာပါ၊ အဒေါ်တို့မိသားစုသိသွားရင် ငါ့ကိုအပြစ်တင်လာမှာလားမသိဘူး”
ထုံရွှယ်လူက သူမ၏ပုခုံးကိုပုတ်ပေးလိုက်သည်။
“အခြားသူတွေ အမကိုဘယ်လိုမြင်လဲဆိုတာကို ဂရုမစိုက်နဲ့၊ အမက အမရဲ့ဝမ်းကွဲကို စက်ဆုပ်စရာကောင်းတဲ့ အခြေအနေထဲကနေ ကယ်လိုက်တာကိုဘဲမှတ်ထား၊ အမက စိတ်ရောကိုယ်ပါဝေဒနာခံစားနေရတဲ့ ညီအစ်မကိုကယ်နေတာ၊ အဲ့ဒါကြောင့် တစ်ယောက်ယောက်က အမကိုအပြစ်တင်လာရင် သူတို့ရဲ့စဉ်းစားဉာဏ်က မလုံလောက်လို့ဘဲ၊ အမလုပ်နေတဲ့အရာက အဆင့်တန်းရှိပြီး မြင့်မြတ်တယ်ဆိုတာကို ယုံကြည်ထားရမယ်”
သတ္တိရှိလာသော ဟွမ်ရှန်းလန်က ခံစားချက်အပြည့်ဖြင့်ပြောလာ၏။
“ရဲဘော်ထုံပြောတာမှန်တယ်၊ ငါစိတ်ထဲမှတ်ထားပါ့မယ် တစ်ယောက်ယောက်က ငါ့ကိုအပြစ်ပြောလာရင် သူတို့ကသာ မစဉ်းစားတတ်တဲ့လူတွေဆိုတာကို သူတို့ကိုပြောလိုက်မယ်”
သူမက အရင်ကတည်းက သူမ၏ဝမ်းကွဲကိုကူညီရန်ဆုံးဖြတ်ထားသော်လည်း အများကြီးတွေဝေနေခဲ့၏။ သူမဝမ်းကွဲ၏ယောက်ျားက ထောင်ထဲပို့ခံလိုက်ရပြီးနောက်တွင် သူမ၏အဒေါ်က ဝမ်းကွဲ၏အိမ်ထောင်ရေးကို ဖြိုခွဲသည်ဟုဆိုပြီး သူမအားအပြစ်တင်မှာကို စိုးရိမ်နေခဲ့မိပေသည်။
ထုံရွှယ်လူ၏စကားများကို နားထောင်လိုက်ပြီးနောက်တွင် သူမ၏ရင်ထဲ၌ နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရကာ တိုက်ပွဲဝင်လိုစိတ်ဖြစ်လာ၏။
သူမအနေဖြင့် သူမ၏ဝမ်းကွဲကို ဤစိတ်ဆင်းရဲစရာအခြေအနေမှ ကယ်ထုတ်ပေးရလိမ့်မည်။