Chapter 98
(ရှန့်ကျန်း၏)
ဤတံခါးသည် စုမုန့် ကိုယ်တိုင် တံခါးဟောင်းကို အစားထိုးခဲ့သော အီလက်ထရွန်းနစ်တံခါးဖြစ်သည်။ဆိုင်ထဲမှာ ရှေးဟောင်းပစ္စည်းတွေ အများကြီးရှိ၍ ရိုးရိုးတံခါးက အလွယ်ပွင့်သွားနိုင်၏။မလုံခြုံပေ။တံခါးရွက်နှစ်ရွက်၏ အလယ်မှာ ဆင်ဆာက တစ်ခုခုကို ခံစားမိသည့်အခါ အလိုအလျောက်ပွင့်သွားတတ်သော စျေးဝယ်စင်တာ၏တံခါးနှင့်လည်း မတူပေ။ဆန့်ကျင်ဘက်အနေနှင့် သူခိုးများဝင်ရောက်ခြင်းမှ ကာကွယ်ရန်အတွက် ဤတံခါးသည် ဆင်ဆာက ခံစားမိပါက၊ ပို၍ပို၍တင်းကျပ်လာမည်ဖြစ်သည်။
စုမုန့်က ရှန့်ကျန်းကို ဘာမှဖြစ်ရန်မရည်ရွယ်ပေ။သူ့ကို အနည်းငယ် ကြောက်လန့်စေချင်သည်။ထို့ကြောင့် ခဏ နှိပ်စက်ပြီး အီလက်ထရွန်းနစ်တံခါးကို ဖွင့်ပေးလိုက်သည်။
"ကျွန်မ ရှင့်ကို သူနဲ့ စကားပြောခွင့် မပေးထားဘူး...ဒါက ဝေ့ထင်နဲ့ စကားပြောတဲ့ အကျိုးဆက်ပဲ... ဝေ့ထင်ကို ကျွန်မ မုန်းတယ်ဆိုတာ သတိရထား...သူနဲ့ဆိုင်တဲ့လူတိုင်းကိုလည်း မုန်းတယ်... ဒါကြောင့် ရှင် ဘယ်ဘက်မှာ ပါမလဲဆိုတာကို သေချာစဉ်းစားသင့်တယ်”
ရှန့်ကျန်း ကြိမ်ဖန်များစွာ ခေါင်းညိတ်ပြပြီး “စိတ်မပူပါနဲ့... မင်းဘက်က ကိုယ် သေချာပေါက် ရပ်တည်မယ်..."
ထိုစကားကို ပြောပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို တွေးပြီး သူက တိုးညှင်းသော အသံဖြင့်
“ဒါပေမယ့် မင်းရဲ့ ခင်ပွန်းဟောင်းနဲ့ ဘယ်သူက အရင်းနှီးဆုံးလဲဆိုတာ မင်းသိလား...မင်းပဲလေ....မင်းသူ့ကို မကွာရှင်းရသေးဘူး... မင်းတို့က လင်မယားဖြစ်နေတုန်းပဲ...ဒီဆက်ဆံရေးကို ဘယ်သူကမှ နှိုင်းယှဥ်လို့မရဘူး"
ရှန့်ကျန်း၏ စကားလုံးများသည် အခြားသူများကို အမြဲတမ်း အနာပေါ်တုတ်ကျဖြစ်စေတတ်သည်။စုမုန့် ဒေါသအလွန် ထွက်ပြီး အံကြိတ်မိသော်လည်း သူ့ကို မချေပနိုင်ခဲ့ပေ။နောက်ဆုံးတော့ သူ့စကားကလည်း အမှန်တရားပင်။
"ပါးစပ်ပိတ်ထား!"
သူမ အံကြိတ်ထားရင်း သွားကြားမှနေ၍ ပြောလိုက်သည်။ရှန့်ကျန်းကလည်း အတော်ပါးနပ်သည်။စုမုန့် ဒေါသထွက်တော့မှာကို သူသိသောကြောင့် စကားမပြောဘဲ အမြန်နှုတ်ပိတ်လိုက်သည်။သူမ ရှန့်ကျန်းကို သနားသောမျက်လုံးဖြင့် ကြည့်ပြီးနောက် သူ့ခေါင်းကို လက်နှင့်ပုတ်လိုက်ကာ
“ရှင် အသက်တော့ တိုချင်နေပြဖိထင်တယ်....သေချာတာကတော့ တဖြည်းဖြည်းနီးလာနေပြီဆိုတာပဲ"
ရှန့်ကျန်း ခေါင်းကိုမော့လိုက်ပြီး “ဘာလို့လဲ...ကိုယ် အဝေးကြီးပြေးရင် ကံကြမ္မာဆိုးက ဘယ်မိမလဲ...ငါ့ကို ဘယ်သူမှ လိုက်မမီနိုင်ဘူး”
စုမုန့်: "..."
သူမ ယခုအချိန်မှာ ရှန့်ကျန်းနှင့် စကားပြောချင်စိတ်မရှိတော့ပေ။ခဏကြာသော် သူမ ခြေထောက်ပေါ် မှ နူးညံ့သောထိတွေ့မှုတစ်ထုကို ခံစားလိုက်ရသည်။သူမ ငုံ့ကြည့်လိုက်ရာ မြေခွေးလေးသည် သူမပြန်လာမှန်းသိပြီး သူမကို ပွတ်တိုက်နေပြန်သည်။သူမလည်း မြေခွေးလေးကို ကောက်ယူကာ အပေါ်ထပ်သို့ သွားသည်။
"ဒါ မေ့နေဦးမယ်လေ"
ရှန့်ကျန်းက စျေးဝယ်အိတ်ကို ပေးခဲ့သော်လည်း သူမ မယူဘဲ သူ့ကို မထီတရိ ကြည့်နေလေသည်။
ရှန့်ကျန်း စိတ်ထဲမှာတွေးမိသည်က'လင်မယားနှစ်ယောက်လုံး တစ်ပုံစံတည်းပဲ...ကြည့်တာတောင် တူနေတယ်'
သို့သော် သူ့စိတ်ထဲတွင်သာ တွေးဝံ့ရုံမျှသာ ဖြစ်ကာ ထုတ်မပြောဝံ့ပေ။
“ဒီမှာ မုန့်တွေကလည်း အကောင်းတွေချည်းပဲ...ဗိုက်ပြည့်အောင် စားလိုက်ပါလား...ချက်ရင်ပြုတ်ရင် အချိန်အတော်ကြာတယ်" ရှန့်ကျန်းက စုမုန့်ကို ပေးနေသေးသော်လည်း သူမ မယူသေးပေ။
"လွှင့်ပစ်လိုက်...ရှင် သူ့ပစ္စည်းတွေကို စားချင်စိတ်ဖြစ်ရင် စားဖို့ အသက်မရှိဘဲ ဖြစ်သွားမယ်"
"ဒါပေမယ့် မင်းကို ပေးမယ်လို့ ကိုယ် ကတိပေးထားပြီးသား.. ဒီမှာ စားစရာတင်မကဘူး..ကျောက်စိမ်းလည်း ပါတယ်...သူ အရမ်းချမ်းသာတာပဲနော်...မုန့်တွေကလည်း အကောင်းစားတွေကို... ကျောက်စိမ်းကလည်း ဝယ်လာသေးတယ်...ဒီအင်ပါယာကျောက်စိမ်းက ဈေးကြီးတယ်...မင်းက ဒီလိုမျိုး အကြိုက်ဆုံးပဲမလား"
စုမုန့် မြေခွေးလေးကို လက်တစ်ဖက်နှင့် ပွေ့ဖက်ထားပြီး ခေါင်းကို နောက်တစ်ဖက်နှင့် ပွတ်သပ်လိုက်သည်။ထိုအခါ မြေခွေးလေးသည် အလွန်သက်တောင့်သက်သာရှိလာသဖြင့် ညည်းစပြုလာသည်။
“ကျွန်မက ပိုက်ဆံကို ကြိုက်ပေမယ့် ဝေ့မိသားစုထဲကဆိုရင် ဘာကိုမှ စိတ်မဝင်စားဘူး...ကျွန်မ အနားယူ တော့မယ်...ဘာပဲပြောပြော သေမှာမကြောက်ရင် ယူထားလိုက်...ကျွန်မကတော့ မလိုချင်ဘူး"
သူမ ပြောဆိုပြီး အပေါ်ထပ်သို့ တန်းတန်းမတ်မတ် တက်သွားသည်။ထိုစဉ် အောက်ထပ်မှ ရှန့်ကျန်း အော်သံကြားလိုက်ရသည်။
"ကိုယ် မုန့်တွေစားလိုက်မယ်...မင်းအတွက် ကျောက်စိမ်းကို သိမ်းထားမယ်... နောက်ကျရင် အချိန်မရွေး ပြန်ယူလို့ရတယ်”
"ဘာဖြစ်ဖြစ်…"
သူမ ပြောပြီးနောက် အခန်းထဲဝင်သွားပြီး တံခါးပိတ်လိုက်သည်။ မြေခွေးလေးကို ဖျာပေါ်မှာတင်ပြီး ရေချိုးဖို့ ရေချိုးခန်းထဲဝင်သွားသည်။ ထို့နောက် ရေချိုးပြီးသောအခါ သူမ အိပ်ရာဆီသို့ တန်းတန်းမတ်မတ်သွားခဲ့သည်။ကုတင်ပေါ်တွင် လှဲနေရင်း သူမ ဆရာဖြစ်သူကို မတွေ့ရသဖြင့် တွေးမိသည်။ မည်သို့ပင်ဆိုစေ၊ သူမ ပြန်မလာခင် ဖုန်းပြောဖူးသည်။ကောရှန်း တစ်ခုခုအဝယ်သွားနေခြင်း ဖြစ်နိုင်၏။
ရက်အတော်ကြာ ပင်ပန်းထား၍ စုမုန့် မောပန်းနေပြီဖြစ်သည်။သူမ ကုတင်ပေါ်တွင် လှဲပြီးသိပ်မကြာခင် အိပ်ပျော်သွားသည်။
စုမုန့် တံခါးကိုပိတ်လိုက်သောအခါ ဝေ့ထင် ရှေးဟောင်းလမ်းမှ ထွက်လာခဲ့သည်။အပြန်လမ်းတွင် သူ စုမုန့် ပြောလိုက်သည်ကို တွေးနေမိသည်။စုမုန့်က ဝေ့ရွှယ်အား သူတို့အကြောင်းကို မေးခိုင်းသည်။
သူမတို့ကြား တစ်ခုခုဖြစ်တာကို သူ မသိတာလား...သူ သိတာက သူမတို့နှစ်ယောက်ဟာ ညီအစ်မတွေလို ရင်းနှီးခဲ့ကြတာ ဆိုတာပဲ...
ထို့အပြင် ဝေ့မိသားစုတွင် စုမုန့် အနိုင်ကျင့်ခံရသောအခါတွင် ဝေ့ရွှယ်က သူမကို ကူညီခဲ့သူဖြစ်သည်။
207: အမေဝေ့ စိတ်ဆိုးနေတယ်။
သူတို့နှစ်ယောက်ကြားက မကြာသေးခင်က ဆက်ဆံရေးမှာ အရင်ကလို မဟုတ်ကြောင်းသိသည်။ထိုညပြီးနောက် အရာအားလုံး ပြောင်းလဲသွားပုံရသည်။ကြည့်ရပုံက၊ နောက်ထပ် စုံစမ်းမှုတွေ လုပ်ရဦးမည်။ထို့ကြောင့် ဝေ့ရွှယ် ကိုမေးကြည့်ဖို့ ဗီလာသို့ အရင်ပြန်သွားဖို့ ဆုံးဖြတ်လိုက်သည်။ပြီးလျှင် သူတို့ နှစ်ယောက်ကြားက ဖြစ်ပျက်ခဲ့တာတွေကို စုံစမ်းရမည်။
ဝေ့ထင် ကားဒရိုင်ဘာကို ကုမ္ပဏီသို့ ခေါ်သွားခိုင်းသည်။ဝေ့မိသားစုအိမ်သို့ မပြန်မီ အရေးကြီးကိစ္စများကို ဦးစွာဖြေရှင်းခဲ့သည်။သူ ကုမ္ပဏီမှ ပြန်လာသောအခါ အဖေဝေ့၊ အမေဝေ့နှင့် ဝေ့ရွှယ်တို့အားလုံး အိမ်မှာရှိနေကြသည်။သူပြန်လာသည်ကို ဝေ့ရွှယ် ပျော်နေပုံရကာ သူ့အနားသို့ ပြေးလာပြီး
"အစ်ကိုက ဘယ်ရောက်နေတာလဲ...အစ်ကို့ကို ဆက်သွယ်လို့ မရဘူး...အားလုံး အစ်ကို့အတွက် အရမ်းစိုးရိမ်နေကြတယ်"
ဝေ့ရွှယ်သည် ဝေ့ထင်၏ လက်မောင်းကို ချစ်စရာကောင်းသော ညီမလေးတစ်ယောက်လိုဆုပ်ကိုင်ထားသည်။အမေဝေ့က ဝေ့ရွှယ် ၏စကားကိုကြားပြီးနောက် အေးစက်စွာဖြင့်
"ဟင်း၊ ကလေးတွေ ကြီးလာပြီဆိုရင် အတောင်တွေ စုံလာကြတော့တာပဲ...မအေ သေသလား၊ရှင်သလားဆိုတာတောင်လုံးဝ ဂရုမစိုက်ဘူး.. ရှောင်ရွှယ် လာလာ..သူက အရမ်းအလုပ်များတယ်...ငါတို့ကို ဂရုစိုက်ဖို့ ဘယ်လို အချိန်ရနိုင်မှာလဲ"
အမေဝေ့က ဝေ့ရွှယ်ကို သူ့အနားသို့ ခေါ်လိုက်သည်။သူမ ထောင်က လွတ်လာပြီးကတည်းက အိမ်ထဲက အိမ်ပြင်မထွက်ရဲချေ။သူမ၏ ကိစ္စမှာ ချမ်းသာသော အမျိုးသမီး အသိုင်းအဝိုင်းတစ်ခုလုံး ပျံ့နှံ့သွားခဲ့သည်။လူတိုင်းက သူမကို လှောင်ပြောင်ဖို့ ချောင်းမြောင်းနေကြသည်။ အားလုံးက စုမုန့်ကြောင့်ပင်။
အမေဝေ့ စိတ်ထဲတွင် ကျိန်ဆဲနေသော်လည်း သူမ မျက်နှာက အေးစက်နေလျက်ရှိသည်။ဤရက်ပိုင်းအတွင်း သူမသည် ဝေ့ထင်ကို ဆက်သွယ်ကာ စုမုန့်နှင့် ကွာရှင်းပြတ်စဲရန် စောင့်မျှော်နေခဲ့သည်။ယောက္ခမကို ထောင်ထဲပို့သည့် ချွေးမမျိုး ဝေ့မိသားစုက အလိုမရှိ။
“အစ်ကို...အမေက ဒီစကားတွေကို ဒေါသထွက်လို့ ပြောတာပါ.ကျေးဇူးပြုပြီး စိတ်ထဲမထားပါနဲ့... ယောင်းမက ဘယ်လောက်ဘဲ ညီမတို့ကို မုန်းနေမုန်းနေ၊ အမေ့ကို ထောင်ထဲ ဘာလို့ ပို့ရတာလဲ…အမေက သူ့ကို ဘာမှ မလုပ်ဘူး… အစ်ကို အချိန်ရရင် အမေ့ကို တောင်းပန်ဖို့ စုမုန့်ကို ပြောပေးပါ...အမေကလည်း တောင်းပန်ရင် သေချာပေါက် ကျေနပ်သွားမှာပါ”
ဝေ့ရွှယ်က စုမုန့်ကို အပြစ်တင်ဟန်ပြုလိုက်သည်။မျှော်လင့်ထားသည့်အတိုင်း သူမ ပြောစကားကိုကြားပြီးနောက် အမေဝေ့ ပို၍ပင် ဒေါသထွက်လာသည်။
“ဘာယောင်းမလဲ...နင့်အစ်ကိုက သူ့မကို ချက်ချင်းကွာရှင်းလိမ့်မယ်... ဝေ့မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး...စုမုန့် နင့်ကို ဘယ်လိုဆက်ဆံခဲ့တယ်ဆိုတာ မေ့သွားပြီလား...သူမက နင့်ကိုဒီလိုဖြစ်အောင်လုပ်ထားတာကို သူမကို ခွင့်လွှတ်ချင်သေးသလား...နင် အဲ့ဒီလို ပျော့ညံ့နေလို့ သူမက အနိုင်ကျင့်တာ"
တစ်ခါ ဝေ့ထင် ဘက်လှည့်ပြီး “မင်းအတွက် ကွာရှင်းစာရွက်တွေ ငါပြင်ပြီးပြီ...သူမကို ဘယ်တော့သွားတွေ့မှာလဲ...ဒီလိုချွေးမမျိုးကို ဝေ့မိသားစုက လက်မခံနိုင်ဘူး... ယောက္ခမကို ထောင်ထဲပို့တယ်…"
“အမေ၊ စိတ်မဆိုးပါနဲ့…ယောင်းမက အဲဒီလိုလူ မဟုတ်ပါဘူး...ဒီကိစ္စက နားလည်မှုလွဲတာပါ… တစ်နေ့တော့ ယောင်းမကို အိမ်ကို ဖိတ်ပြီး အမေ့ကို တောင်းပန်ခိုင်းရမယ်လေ...သမီးတို့ မိသားစု သဟဇာတဖြစ်ရင် ဘယ်လောက်ကောင်းမလဲ”
ဝေ့ရွှယ်က အမေဝေ့ကို နှစ်သိမ့်နေသလိုနှင့်၊စေတနာကောင်းသယောင်ဆောင်လျက်ရှိသည်။ပြီးလျှင် ထ၍ အမေဝေ့အား ရေတစ်ခွက်ကမ်းပေးသည်။
ဝေ့ရွှယ် ပေးသော ရေခွက်ကို အမေဝေ့ သောက်ပြီးနောက် သူမ၏ မျက်နှာထားက အနည်းငယ် နူးညံ့လာသည်။
....
"ရှောင်ရွှယ်ကတော့ အရမ်းတော်တယ်...စကားလည်း နားထောင်တယ်... မအေကိုလည်း ညှာတယ်... အမေ့ရဲ့ အားကိုးရာလေးပါ...ဟင်း...သမီးက ဝေ့ထင်ရဲ့ညီမလေး ဖြစ်နေတာတော့ နှမြောစရာပဲ...ဝေ့ထင်ကသာ အရင်က သမီးလို အကျင့်စရိုက်ရှိတဲ့ မိန်းကလေးနဲ့ လက်ထပ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ”
အမေဝေ့၏ စကားကို ကြားလိုက်ရတော့ ဝေ့ရွှယ် မျက်လုံးများ ချက်ချင်း တောက်ပလာကာ နှုတ်ခမ်းထောင့်များကလည်း တွန့်ကွေးသွားသည်။ သို့သော်၊သူများတွေမြင်မှာကြောက်၍ ချက်ချင်း မျက်နှာထားကိုပြင်ကာ
"အမေကလည်း ဘာပြောနေတာလဲ...အစ်ကိုနဲ့သမီးက မောင်နှမအရင်းတွေလေ...သူများတွေ နားလည်မှုလွဲကုန်ပါ့မယ်...နောက်ပြီး အစ်ကိုက သမီးကို မကြိုက်ဘူး... ယောင်းမကိုပဲ ကြိုက်တယ် မဟုတ်လား....အစ်ကို ဝေ့ထင်"
သူမသည် မောင်နှမအရင်း ဟူသော စကားကို တမင်တကာ အလေးပေးပြောဆိုခဲ့သည်။သူမသည် ဝေ့မိသားစု၏ သမီးအရင်းမဟုတ်ကြောင်း အမေဝေ့ စိတ်ထဲမှာ နားလည်ပြီး သဘောပေါက်ပါက သူမနှင့် ဝေ့ထင်တို့ အတူရှိနိုင်မည်ဖြစ်၏။ သို့သော် ထိုအရာများကို သူမနှုတ်က ထုတ်မပြောနိုင်ပေ။အတတ်နိုင်ဆုံး အမေဝေ့ကို အခါအားလျော်စွာ သတိပေးရန် လိုအပ်သည်။တစ်ချိန်ချိန်မှာ အမေဝေ့ စိတ်ကူးပေါက်လာနိုင်၏။အမေဝေ့က စုမုန့်ကို ခါးခါးသီးမုန်းနေကာ ဝေ့မိသားစုမှ နှင်ထုတ်ပြီးသား ဖြစ်၍ နောက်ဘာဆက်ဖြစ်မလဲဆိုသည်ကို မပြောနိုင်သေးပေ။တစ်နည်းဆိုရသော် သူမအတွက် အခွင့်အရေး ရရှိနေပြီဖြစ်သည်။သူမမှာ ကိုယ်အစီအစဉ်နှင့်ကိုယ် ရှိနေသော်လည်း အမေဝေ့ မသိသေးပေ။သမီးဖြစ်သူ ရှက်နေသည်ဟုသာ တွေးပြီး စကားလမ်းကြောင်းပြောင်းလိုက်၏။
"အမေက ပြောပြတာပါ...သမီးကိုလက်ထပ်မယ့်သူဟာ အရမ်းကံကောင်းတာတော့ သေချာတယ်”
“ဒါပေမယ့်…” အမေဝေ့၏ မျက်လုံးများက အေးစက်သွားပြန်သည်။ “နောင်မှာ မင်းအစ်ကို အိမ်ထောင်မပြုရင် စုမုန့်လိုလူနဲ့ လက်ထပ်လို့မရတာ သေချာတယ်"