Chapter 99
(ဝေ့ရွှယ်ကို မေးရမယ်)
"ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ထင်က စုမုန့်ကို ကွာရှင်းတော့မယ်လေ...နောက်ဆို သူမအကြောင်း မပြောပါနဲ့...ငါတို့ ဝေ့မိသားစုရဲ့ချွေးမကို ကိုယ်တိုင်ရွေးချယ်ချင်တယ်... မိသားစုကြီးတစ်ခုကနေ လိုက်ဖက်ညီပြီး ပညာတတ် မိန်းမပျိုကို ရွေးချယ်ရမယ်....သေချာတာကတော့ စုမုန့် လိုမျိုး ရိုင်းစိုင်းတဲ့ မိန်းကလေး မဖြစ်နိုင်ပါဘူး”
ဘေးနားမှ တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သော အဖေဝေ့သည် ရုတ်တရက် စကားစလိုက်သည်။
ဝေ့ထင်သည် အခန်းထဲတွင် မတ်တပ်ရပ်ပြီး သူနှင့် စုမုန့် အကြား ပြဿနာကို လူသုံးယောက်ပြောနေတာကို နားထောင်နေမိသည်။ သူ့မျက်ခုံးတွေကတော့ တွဲကျလုနီးပါး တွန့်ချိုးနေရလေသည်။
“အမေတို့ ဒီကိစ္စကို ဂရုစိုက်နေဖို့ မလိုဘူး...ကျွန်တော် စုမုန့်ကို ကွာရှင်းမှာ မဟုတ်ဘူး…နောက်နောင် ဒီကိစ္စကို ထပ်မပြောနဲ့”
သူက အေးစက်စွာပြောလိုက်သည်။
"ဘာ"
အဖေဝေ့နှင့် အမေဝေ့တို့က တစ်ချိန်တည်းတွင် အော်ပြောလိုက်သည်။
“ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် ကိုင်တွယ်နိုင်ပါတယ်...သူမကို ပြဿနာရှာမနေပါနဲ့... အမေ ဘာလို့ ထောင်ကျသွားတယ်ဆိုတာ အမေကိုယ်တိုင် ကောင်းကောင်းသိတယ်…ဒီကိစ္စအတွက် သူမကို အပြစ်တင်လို့ မရပါဘူး”
ဝေ့ထင် တိုးတိုးလေးပြောလိုက်၏။သူ ပြန်ရောက်ကတည်းက စကားမပြောဖြစ်ပေ။သူတို့ သုံးယောက်လုံးသာ စကားတွေချည်း ပြောနေသည်။ယခု သူပထမဆုံးပြောခဲ့တာက စုမုန့် ကိုယ်စား ပြောနေခြင်းပင်။
အမေဝေ့၏ ဒေါသသည် ချက်ချင်းပင် လောင်ကျွမ်းသွားကာ ဒေါသတကြီးနှင့်
"စုမုန့် အတင့်ရဲလိုက်တာ...ငါ့သားလေးကိုများ ဖျားယောင်းရက်တယ်...အခုတော့ ငါ့သားက ငါ ထောင်ကထွက်လာတာတောင် ငါ့ကို ဂရုမစိုက်ဘဲ မိန်းမဘက်က လိုက်ပြောနေပါလား"
အဖေဝေ့ကလည်း မျက်မှောင်ကြုတ်ပြီး
"ရှောင်ထင်...မင်းတို့ကိစ္စကို ငါဂရုမစိုက်ဘူး...ဘယ်လိုပဲဖြစ်ဖြစ်၊မင်းတို့ ကွာရှင်းပြတ်စဲရမယ်... စုမုန့် လုပ်ပုံကြောင့် ငါ့သူငယ်ချင်းတွေက ငါတို့နောက်ကွယ်မှာ ငါတို့ကို လှောင်နေတယ်ဆိုတာ မင်းသိလား...မင်းက တစ်ကယ် လမ်းမခွဲချင်ဘူးဆိုရင်လည်း ကောင်းတယ်...ငါ မနက်ဖြန် ကုမ္ပဏီကို သွားပြီး မင်းရာထူးကို ဖြုတ်ချလိုက်မယ်"
အဖေဝေ့သည် သားဖြစ်သူ၏ရာထူးကို တိုက်ရိုက်ခြိမ်းခြောက်သည်။သို့သော် ဝေ့ထင် မတုန်လှုပ်ဘဲ
“ကျွန်တော်က အချိန်မရွေး နှုတ်ထွက်နိုင်တယ်”
တစ်ဖန် သူက ဝေ့ရွှယ်ကိုကြည့်ကာ
"မင်း၊ ငါနဲ့လိုက်ခဲ့"
သူပြောပြီးသည်နှင့် အဖေဝေ့နှင့် အမေဝေ့ကို ထည့်မတွက်ဘဲ ထွက်သွားခဲ့သည်။ဝေ့ရွှယ်က အမေဝေ့ကို ပြောလိုက်၏။
"အမေ အစ်ကိုနဲ့ စကားပြောလိုက်ဦးမယ်"
အမေဝေ့ ဒေါသဖြစ်မိသော်လည်း ဝုန်းဒိုင်းကြဲခြင်းမပြုပေ။သားဖြစ်သူ ကိစ္စက ဝေ့ရွှယ်နှင့် ဘာမှမဆိုင်မှန်း သိသည်။ထို့အပြင် ဝေ့ရွှယ်သည် သူမအပေါ် အတော်လေး ကြင်နာသူပင်။ထို့ကြောင့် သူမ မျက်နှာထားပျော့ပျောင်းလာကာ အသံကလည်း ပို၍ နူးညံ့လာသည်။
“သွားလေ”
....
“အမေ၊ စိတ်မဆိုးပါနဲ့...အစ်ကို့ကို ရအောင် ကူပြောပေးမယ်”
ဝေ့ရွှယ် အမေဝေ့ကို နှစ်သိမ့်၍ ထွက်သွားကာ ဗီလာ၏အဝင်ဝသို့ လျှောက်သွားသောအခါ ဝေ့ထင်သည် မတ်တတ်ရပ်၍ စောင့်နေ၏။သူမလည်း ခေါင်းကို အနည်းငယ်ငုံ့ထားကာ မလိမ်မိုးမလိမ်မာရုပ်လေး ဖမ်းထားလိုက်သည်။
ဝေ့ထင်သည် သူမကို ဂရုမစိုက်ဘဲ တစ်ချက်သာ စိုက်ကြည့်ကာ ဗီလာ၏အဝင်ဝတွင် ပန်းများကိုကြည့်နေရာမှ သူ့အကြည့်ကို ဖယ်လိုက်သည်။ စုမုန့်သည် ပန်းများနှင့် ဓါတ်မတည့်ခြင်းအကြောင်း ရုတ်တရက်တွေးလိုက်ပြီး အချိန်ရပါက၊ ထိုပန်းများကို ဖယ်ထုတ်ပစ်ရန် ဆုံးဖြတ်လိုက်သည်။
"မင်း အရင်တုန်းက စုမုန့် နဲ့ ရင်းနှီးလား"
ဝေ့ထင်က စုမုန့်အကြောင်းမေးရန် သူမကို ခေါ်လာခဲ့သည်ဖြစ်၍ ဝေ့ရွှယ် စိတ်ထဲတွင် မျှော်လင့်ချက် အနည်းငယ် ပျောက်ကွယ်သွားသည်။ သူမ ဝေ့ထင် မျက်နှာကို တည့်တည့်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်တယ်...ယောင်းမ ညီမတို့အိမ်ကို စရောက်ခါစတုန်းက သူ့ကို အမြဲကူညီခဲ့တယ်...နောက်တော့ ညီမတို့သူငယ်ချင်းတွေ ဖြစ်ကြတယ်"
"မင်းတို့နှစ်ယောက်ကြားမှာ ရန်တွေဘာတွေ ဖြစ်ခဲ့သလား"
ဝေ့ရွှယ် ခဏလောက်စဉ်းစားလိုက်ကာ ခေါင်းယမ်းပြီး
“မဖြစ်ပါဘူး...ဒါပေမယ့် အခုတလော စုမုန့်က အရင်ကလို မဟုတ်တော့ဘူး...သူမက ရုတ်တရက် တခြားလူတစ်ယောက်လို ပြောင်းလဲသွားတယ်...အရင်တုန်းကတော့ ညီမ သူမကို အကြိမ်ပေါင်းများစွာ ကူညီခဲ့ဖူးပေမယ့် အခုချိန်မှာတော့ မသိသလိုပဲ...ပြီးတော့ ညီမကိုလည်း အမြဲတမ်း ရန်ငြိုးထားနေတတ်တယ်"
"အစ်ကို တစ်ခုခုများ သိထားတာရှိလို့လား...ညီမ စုမုန့်ရဲ့ လက်ရှိပုံစံကို အရမ်းကြောက်တယ်...သူမနဲ့ စကားပြောဖို့တောင် မဝံ့ရဲတော့ဘူး...ပြီးတော့ အမေ့ကိုလည်း မလေးစားဘူး"
ဝေ့ရွှယ်က စုမုန့်ကပဲ သူမကို အနိုင်ကျင့်နေစလိုမျိုး ပုံဖမ်းကာ မျက်ရည်လေး တစ်စက်၊နှစ်စက် ထွက်ပြကာ ပြောလိုက်သည်။
"စုမုန့်ရဲ့ ပြောင်းလဲမှုတွေက ဒါတွေတင်မကဘူး..."
ဝေ့ရွှယ် အတင်းအားတင်းထားစလိုမျိုးနှင့် လက်က ပါးစပ်ကိုအုပ်ကာ...
“ညီမကိုတောင် မကောင်းတာတွေလုပ်ခဲ့တယ်... အခု လူတွေအားလုံးက ညီမကို ရယ်နေကြပြီ...သူငယ်ချင်းတွေကလည်း ဒီလိုပဲ...အပေါ်ယံမှာ ဘာမှ မပြောကြပေမယ့် ညီမအပေါ်ကြည့်တဲ့ပုံစံက အရင်ကနဲ့ မတူတော့ဘူး”
ထိုပွဲ၌ သူမ အရှက်ကွဲသွားပုံကို တွေးတောရင်း ဝေ့ရွှယ် စုမုန့်ကို စိတ်ထဲမှကျိန်ဆဲခဲ့သည်။နောင်တစ်ချိန်မှာ လက်စားချေဖို့ကိုလည်း တွေးထား၏။ သူမ စိတ်ထဲမှာ မုန်းတီးမိသော်လည်း မျက်နှာ မပြဝံ့ပေ။အံကြိတ်ကာ သနားစရာကောင်းသည့် ပုံစံပေါက်ဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ဝေ့ထင်ဆီမှ သနားညှာတာမှုကို ရလိုပြီး၊ တစ်ချိန်တည်းမှာပင် စုမုန့်၏ ပုံရိပ်ကိုအသရေဖျက်သည်။
"ကျန်တာရှိသေးလား"
ဝေ့ရွှယ်၏ စွပ်စွဲချက်နှင့်ပတ်သက်၍ ဝေ့ထင် တုံ့ပြန်ခြင်းမပြုဘဲ တခြားမေးခွန်းတွေကို ဆက်မေးသည်။
(သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ရတယ်....)
ဝေ့ရွှယ် အံ့အားသင့်သွားသည်။ ဝေ့ထင်သည် စုမုန့်၏ကိစ္စများကိုသာ နားထောင်ပြီး သူမကို လုံးဝဂရုမစိုက်ကြောင်း သိလိုက်ရ၏။သူမ မကျေနပ်ချက်ဖြင့် ခေါင်းခါလိုက်ပြီး
"သူမရဲ့ ပင်ကိုယ်စရိုက်က အရမ်းပြောင်းလဲတာကလွဲလို့ တခြားဘာမှ မသိပါဘူး...တကယ်တော့ ညီမစိတ်ထဲမှာလည်း သိချင်နေမိတယ်..သူမ ဘာလို့ရုတ်တရက်ပြောင်းလဲသွားတာလဲ"
"ဒီကိစ္စက သူမ လုပ်တာမဟုတ်ဘူး"
ဝေ့ထင်က ပြောသည်။
"ဟင်"
ဝေ့ရွှယ် ဝေ့ထင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။
"သူမက ဒီလိုမျိုးလုပ်မှာမဟုတ်ဘူး… ငါ ဒီကိစ္စကို သေသေချာချာ စုံစမ်းမယ်...နောက် ဒီကိစ္စနဲ့ပတ်သတ်ပြီး မပြောတော့နဲ့....ကဲ မင်းသွားလို့ရပြီ"
ဝေ့ထင် အချိန်မဖြုန်းချင်တော့ပေ။ ဝေ့ရွှယ် ထံမှ ဘာတစ်ခုမှ မရနိုင်သောကြောင့် ၎င်းကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းဖို့သာ တွေးမိသည်။
"ဒါပေမယ့် အစ်ကို၊ ညီမကို ပွဲအခမ်းအနားမှာ အကောက်ကြံတဲ့ ကိစ္စကိုတော့ စုမုန့် ကိုယ်တိုင်က လက်ခံတယ်...သူမက ညီမကို ကြည့်မရဘူးတဲ့၊အမေ့အပေါ်မှာထားတဲ့ အငြိုးအတေးတွေကြောင့် လုပ်ရတာပါလို့ ပြောတယ်...ဒါက အမေ့ကို လက်စားချေဖို့ အရိုးရှင်းဆုံးနည်းလမ်းပဲတဲ့"
ဝေ့ထင်က သူမကို မယုံမှန်းသိ၍ သူမ ထိတ်လန့်သွားပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်သည်။သူမ ပြောပြီးလျှင်၊ဝေ့ထင် ခြေလှမ်းများတောင် ယိုင်တိုင်တိုင်ဖြစ်သွားသည်ကို မြင်လိုက်တာကြောင့် စိတ်ထဲမှာ ပျော်ရွှင်မှုအရိပ်အယောင်များ ချက်ချင်း ဖြစ်လာသည်။မျှော်လင့်ထားသည့်အတိုင်း ဝေ့ထင်သည် သူမကို ဂရုစိုက်ဆဲပင်။ သူ့ဘက်က ဂရုစိုက်မှုတွေရဖို့၊ အမေဝေ့ကို အပိုင်ပေါင်းထားရမည်။လောလောဆယ်၊ဝေ့ထင်နှင့်စုမုန့်တို့ ကွာရှင်းကြဖို့ သူမ ဝင်မပြောလိုပေ။သူတို့နှစ်ယောက်ကြားမှာ အက်ကွဲရာများရှိနေရုံဖြင့် သူမလည်း တစ်ချိန်ချိန်မှာ အခွင့်အရေးရပြီး ကြားဝင်၍ရနိုင်သည်။
အချစ်ရေးမှာ ကြောက်ဖို့အကောင်းဆုံးအရာက နှလုံးသားထဲမှာ အာဃာတတွေ ရှိနေခြင်းပင်။ဝေ့ထင်သည် စုမုန့်ကို မချစ်သောကြောင့် ဤအာဃာတ၏ အကျိုးသက်ရောက်မှုသည် များပြားလာမည်ဖြစ်သည်။ထိုအခါ သူတို့ကွဲကွာဖို့ လွယ်ကူနိုင်သည်။
ဝေ့ထင်သည် ဝေ့ရွှယ် နားမှာ စက္ကန့်အနည်းငယ်ကြာ ကျောမှီရပ်လိုက်သည်။နောက်ဆုံးတော့ ခေါင်းမလှည့်ဘဲ ပြောသည်။
“ငါ ဒီကိစ္စကို စုံစမ်းမယ်...နောက်နောင် ဒီကိစ္စကို ဘယ်သူပြောတာမှ မကြားစေချင်ဘူး”
....
သူ့အသံက ဘာမှမထူးခြားသလို ဘာခံစားချက်မှ မရှိနေပေ။သူပြောပြီးသည်နှင့် ဝေ့ရွှယ်၏တုံ့ပြန်မှုကိုပင် မကြည့်တော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။
ဝေ့ထင် စကားဆုံးသည်နှင့် ဝေ့ရွှယ် စိတ်ထဲတွင် ထွက်ပေါ်လာသည့် ပျော်ရွှင်မှု အရိပ်အယောင်များ ချက်ချင်း ပျောက်ကွယ်သွားသည်။သူ၏ နောက်ကျောကို သူမ စိုက်ကြည့်နေရင်း မကောင်းသည့်အငွေ့အသက်တို့ သူမ စိတ်ထဲမှာ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့သည်။
ဝေ့ထင် က စုမုန့်ကို ကြိုက်နေတာလား… မဟုတ်ဘူး၊ လုံးဝမဟုတ်ဘူး…
ယခင်ကဆို ဝေ့ထင်က စုမုန့်ကို ကြည့်ချင်စိတ်တောင် မရှိခဲ့ပေ။စုမုန့် အိမ်ပြင်မရောက်မချင်း သူမ ခက်ခက်ခဲခဲ စောင့်ဆိုင်းနေခဲ့သည်။သို့ဖြစ်၍၊သူမ၏ ကြိုးစားအားထုတ်မှုအားလုံးကို အလဟဿ လုံးဝမဖြစ်စေရပေ။
သူမ ဝေ့ထင် နောက်ကျောပြင် တဖြေးဖြေး ပျောက်ကွယ်သွားချိန်ထိ လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။အစက စုမုန့် ဝေ့မိသားစုမှ ထွက်ခွာပြီးလျှင်တောင် သူမအတွက် ခြိမ်းခြောက်မှု ဖြစ်လာမည် မဟုတ်ဟု ထင်ခဲ့သည်။ယခု အခြေအနေများကြောင့် သူမကို သနားညှာတာစိတ်မရှိဘူးဟုအပြစ်မတင်သင့်ပေ။အားလုံးက စုမုန့်၏ ပယောဂလည်းမကင်းေပ။
ဝေ့ရွှယ် အိမ်ထဲဝင်သွားရာ အမေဝေ့နှင့် အဖေဝေ့တို့သည် ပထမထပ်ရှိ ဧည့်ခန်းထဲတွင် ထိုင်နေကြဆဲဖြစ်သည်။ဝေ့ရွှယ် မျက်လုံးများနီရဲ၍ ဝင်လာတာကို တွေ့လိုက်ရလျှင် အမေဝေ့က သူမကို သူ့ဘေးနား ခေါ်ပြီး
"ရှောင်ရွှယ်၊ ဘာဖြစ်တာလဲ... ရှောင်ထင်က သမီးကို အနိုင်ကျင့်ခဲ့တာလား"
အမေဝေ့၏ အကဲပိုပိုစကားကြောင့် ငိုချင်လျက်လက်တို့ဖြစ်သွားသူ ဝေ့ရွှယ် ချက်ချင်းပင် မျက်ရည်များ ကျလာသည်။သူမသည် အမေဝေ့၏ ရင်ခွင်ထဲသို့ ဝင်ကာ မျက်ရည်သုတ်ရင်း ငိုရှိုက်နေသည်။
" အမေ၊စုမုန့်ကို ဘာမှအပြစ်မတင်ပါနဲ့ အစ်ကိုက သူမကို အရမ်းကြိုက်နေတယ်…အဲ့ဒါကြောင့် သူက သမီးကို ခေါ်ပြောတာ...အဆင်ပြေပါတယ်...သမီးအစ်ကို့ကို အမြဲနားလည်တယ်…သူလည်း စုမုန့်နဲ့ အခုလိုအနေအထားကြီး ဘယ်ဖြစ်ချင်ပါ့မလဲ...သမီးကတော့ ညီမလေးအနေနဲ့ ဘာပဲဖြစ်ဖြစ် ဆက်ပြီး ပံ့ပိုးပေးသွားမှာပါ”
ဝေ့ရွှယ်သည် တစ်ကယ်ခံစားနေရသကဲ့သို့ နှာခေါင်းနီသွားသည်အထိ ငိုခဲ့သည်။ အမေဝေ့က တစ်ရှူးတစ်ခုယူကာ သူမ၏ မျက်ရည်များကို သုတ်လိုက်ပြီး "အစ်ကိုက သမီးကို ဘာာပြောတာလဲ...ဆူတာလား"
"အမေ၊သမီးတို့ပြောနေတာ မကြားဘူးလား”
အမေဝေ့က သူမ၏ ခေါင်းကို ညင်သာစွာ ပုတ်ရင်း
“သမီးအဖေနဲ့ သူတို့ကွာရှင်းဖို့ ကိစ္စကို အခုပဲ ဆွေးနွေးနေတော့ စကားသံကို မကြားလိုက်ဘူး… ငါ့အဖိုးတန် ရှောင်ရွှယ်လေး ဒေါသအရမ်းထွက်အောင် သူ ဘာတွေပြောခဲ့လဲ ”
"ဘာမှမဟုတ်ပါဘူး...စုမုန့်က သမီးကို နားလည်မှုလွဲပြီး အစ်ကို့ကို ပြောထားတာဖြစ်မယ်...အစ်ကိုက ရှင်းရှင်းလင်းလင်း စုံစမ်းတဲ့အခါ သမီး နာမည်ကို သေချာရှင်းပေးမယ်လို့ ယုံကြည်တယ်”
ဝေ့ရွှယ်က အသေးစိတ် မရှင်းပြလေလေ၊ စုမုန့် ကောက်ကျစ်နေသည်ဟု အမေဝေ့ ပိုသံသယဝင်လာလေပင်။သူမ၏မျက်လုံးထဲတွင် ဝေ့ရွှယ်သည် အမြဲနာခံပြီး ဉာဏ်ကောင်းသူဖြစ်သည်။ သူမကိုလည်း ဘယ်တော့မှ မဆန့်ကျင်တတ်သူပင်။တစ်ဖက်တွင်မူ စုမုန့်သည် အရာရာတိုင်းမှာ သူမကို ဆန့်ကျင်နေသည်။
“ကောင်းပြီ... သမီးက ဒီအကြောင်းကို မပြောချင်ဘူးဆိုရင် မင်း မမေးနဲ့တော့...ရှောင်ထင်ကို အဲဒီမိန်းကလေး ဘယ်လို မှော်ဆေးမျိုး တိုက်ထားတာလဲ..သူမကို အရင်က ငါကောင်းကောင်းမရိပ်မိခဲ့တာ ရင်နာတယ်...ဘာပဲဖြစ်ဖြစ် ငါတို့ ဝေ့မိသားစုက အဲဒီမိန်းကလေးကို လုံးဝ လက်ခံမှာ မဟုတ်ဘူး... ရှောင်ထင်က သူမကို ကွာရှင်းမပေးရင် ဒီကိစ္စကို ငါ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်မယ်”
အဖေဝေ့က အေးစက်စက်ပြောလိုက်၏။
xxxxxx