Chapter 59
“အိုး.. မယူတော့ဘူး”
ကျုံးယို့ယို့က ကျောင်းယူနီဖောင်းအိတ်ကပ်ထဲသို့ လက်ထည့်ထားခဲ့သည်။ သူမက လက်ကိုမထုတ်ဘဲ သူမကို တစ်ချက်ပင်ကြည့်မသွားကာ ဘေးမှဖြတ်လျှောက်သွားခဲ့သည်။
ကျုံးရှီယို့ကို ပြောပေးဖို့တော့ဆိုမထားနှင့်။
အထက်တန်းဒုတိယနှစ်မှ မိန်းကလေးသည် ထိုနေရာတွင်ရပ်နေရင်း ငိုတော့မလိုဖြစ်နေတော့သည်။
ကျုံးယို့ယို့၏ အညှာအတာမရှိ၊ အေးစက်စွာ အငြင်းခံလိုက်ရသောသူများသည် ကျောင်းဖိုရမ်ပေါ်တွင် ပို့စ်များတင်ကြတော့သည်။
အထက်တန်းတတိယနှစ် အတန်း(၁၉)က ကျုံးယို့ယို့က မုန့်ရှစ်ရွှမ်နဲ့ တော်တော်ကွာတယ်လို့ကြားတယ်။ ဘယ်လိုဖြစ်တာလဲ?
ကျုံးယို့ယို့က မိုက်လိုက်တာကွာ။
ထိုအဖြစ်အပျက်၏ ရေပန်းစားမှုသည် သတင်းစာများတွင် လျော့ကျမသွားခဲ့ပေ။ ရက်အနည်းငယ်နေလျှင် ကျောင်းမှ ကျောင်းသားအယောက်တစ်ရာတို့သည် မြို့နယ်သိပ္ပံဘာသာပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြမည်ဖြစ်သည်။ ထိုပြိုင်ပွဲသည် မြို့လယ်ခေါင်ရှိ ပိတ်ထားသော တက္ကသိုလ်ကြီးတွင် သုံးရက်တိုင်တိုင်ကျင်းပမည်ဖြစ်၏။ တနင်္လာနေ့တွင် ဘတ်စ်ကား၅စီးသည် ကျောင်းပေါက်ဝတွင် ကျောင်းသားအယောက်တစ်ရာကို လာကြိုမည်ဖြစ်သည်။
ပြိုင်ပွဲတွင်ပါဝင်ယှဥ်ပြိုင်ကြသည့်သူများစာရင်းကို အောက်ထပ်ရှိ ကြော်ငြာဘုတ်ပြားတွင် ကြေညာထားသည်ကိုတွေ့သောအခါ တစ်ကျောင်းလုံးကထပ်မံ အံ့သြသွားကြပြန်သည်။ ကျုံးယို့ယို့က ပြိုင်မယ်တဲ့လား? သူမက တစ်တန်းလုံးမှာ ထိပ်ဆုံးနှစ်ယောက်ထဲမှာပါနေတာတင် တော်တော်အံ့သြဖို့ကောင်းနေ ပြီလေ?
တစ်ခါတုန်းက ရုံးခန်းထဲတွင် ကျုံးယို့ယို့က သင်္ချာပုစ္ဆာများကို ဖြေရှင်းပြီး ဌာနမှူး၏မျက်နှာကို ဖြတ်ရိုက်လိုက်ခဲ့သည့် အချိန်ကိုအားလုံးသိကြသော်လည်း ယခု ဤပြိုင်ပွဲသည်က အဆပေါင်းများစွာ ပိုခက်ခဲလေသည်။
ကျုံးယို့ယို့က ထိပ်ဆုံးနေရာကို ရောက်နိုင်ပါ့မလား?
မကြာသေးခင်က ကျုံးမိသားစုက ဖော်ထုတ်လိုက်တဲ့ သမီးအရင်းဆိုတဲ့အဖြစ်မှန်ကြောင့်များ ကျောင်းကဆရာ၊ဆရာမတွေက သူမကို မျက်နှာသာပေးပြီး နေရာပေးလိုက်တာမလား? ဟုတ်တယ်မလား?
သို့သော် သူတို့ဘယ်လောက်ပင် ပြောဆိုဆွေးနွေးနေပါစေ ပြိုင်ပွဲက စတော့မည်ပင်။ သူတို့က ပြိုင်ပွဲရလဒ်ကို စိတ်လှုပ်ရှားစွာနှင့် စောင့်နေရတော့မည်။ ကျောင်းမှ ဆရာ လီသုန်းဖျင်သည် ထိုပြိုင်ပွဲတွင် စာမေးပွဲစောင့်အဖြစ် ဆောင်ရွက်ရမည်ဖြစ်သည်။ ပြိုင်ပွဲမှ ရလဒ်များသည် မှားနိုင်စရာအကြောင်းမရှိတော့ပေ။
မုန့်ရှစ်ရွှမ်က ဆေးရုံသို့ရောက်နေပြီး ပြိုင်ပွဲတွင်ပါဝင်နိုင်ခြင်းမရှိပေ။ ထိုအကြောင်းက ကျောင်းသားများကြားတွင် ပြောစရာဖြစ်နေတော့သည်။ ရှစ်ကျစ်ထန်ကတော့ပါဝင်ယှဥ်ပြိုင်ပြီး သူ့အတန်း တစ်ဝက်လောက်က ပါဝင်ကြသည်။ ဆောင်းရာသီသို့ရောက်လာခဲ့ပြီး သူက ဂျက်ကတ်ကိုဝတ်ထားကာ အနည်းငယ် ပိန်သွားသည်။ သူက ကစားကွင်းအလယ်တွင်ရပ်နေပြီး တစ်ဖက်ရှိ အတန်း(၁၉)ဘက်သို့သာ အမူအရာမဲ့စွာနှင့် ကြည့်နေခဲ့သည်။
အတန်း(၁၉)မှ နှစ်ယောက်သာဝင်ရောက်ယှဥ်ပြိုင်ကြသည်။
ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့နှစ်ယောက်ပင်။
ကျုံးယို့ယို့က ယူနီဖောင်းအိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ကာ အေးအေးလူလူပင်ရပ်နေခဲ့သည်။ ရန်ကျီအန်းကတော့ အလွန်စိတ်ရှုပ်ထွေးနေလေ၏။
အချိန်တိုလေးအတွင်းမှာပင် ကျုံးယို့ယို့၏ အောင်မြင်မှုတို့သည် လျှပ်တပြက်နှင့် ထိုးတက်လာခဲ့သည်။ သူက သူမကိုအမှီလိုက်ချင်သောကြောင့် နေ့လည်စာပင်မစားခဲ့ပေ။ သူကပြင်းပြင်းထန်ထန်စာကြိုးစားနေသည့် အချိန်တွင် ကျုံးယို့ယို့က ကျုံးမိသားစု၏ သမီးဖြစ်ကြောင်းသတင်းသည် ပေါက်ကွဲထွက်လာတော့သည်။
သူက အပြင်းအထန်ပြိုင်ဆိုင်နေရင်း ရုတ်တရက် သူ၏ပြိုင်ဘက်က အဆင့်ရာပေါင်းများစွာ တရှိန်ထိုးထိုးတက် သွားသလိုခံစားလိုက်ရသည်။
သို့သော် ရန်ကျီအန်းက ထိုအကြောင်းတို့ကိုမတွေးရန် ကြိုးစားလိုက်သည်။ အရင်ကသူသည် ကျုံးယို့ယို့က ဥက္ကဌ၏ သမီးဖြစ်လာလျှင်တောင်မှ သူမအဆင့်တွေကောင်းမလာမချင်း သူမကို လှည့်ကြည့်မည်မဟုတ်ပေ။ သူမသာ အဆင့်ကောင်းပါက သူက ကျုံးယို့ယို့အား ပြိုင်ဘက်ကောင်းတစ်ယောက်အဖြစ် သတ်မှတ်လိုက်မည်ဖြစ်သည်။
ယခုတော့ သူ့ကို ကျုံးယို့ယို့က ဂရုမစိုက်သော်လည်း သူ့စိတ်ထဲတွင်တော့ သူမကိုတိုးတိုးလေး ကြိတ်ပြိုင်နေမိသည်။ ဒီပြိုင်ပွဲမှာရော၊ အတန်းထဲမှာပါ ပထမနေရာရောက်အောင်လုပ်ရမယ်။
အရင်တစ်ခေါက်က အတန်းထဲတွင် ကျုံးယို့ယို့က သူ့ထက် အမှတ် အနည်းငယ်များသွားခဲ့သော်လည်း ယခုတစ်ခေါက်တွင် ကျုံးယို့ယို့အပြင် မြို့ထဲရှိ လူများအားလုံးထက် အမှတ်အများကြီးကွာရန် သူသည် ကြိုးစားရမည်။
ထိုသို့တွေးရင်း သူက မျက်မှန်ကိုလက်နှင့်တွန်းတင်လိုက်ကာ မေးခွန်းဟောင်းစာအုပ်ကို ထုတ်ကြည့်နေလိုက်တော့သည်။
ကျုံးယို့ယို့က ချင်းယောင်နှင့်စာပို့နေခဲ့သည်။ ချင်းယောင်က မကြာခင်သူမနှင့်လာတွေ့မည်ဖြစ်ပြီး သူမယူသွားရန် ပစ္စည်းတချို့ကို ဝယ်လာမည်ဟု ပြောနေသည်။ ကျုံးယို့ယို့က စိတ်လှုပ်ရှားနေပြီး ချင်းယောင်သူမအတွက် ဘာဝယ်လာမည်ကို သိချင်နေမိသည်။
လူအုပ်ကြီးသည် ထွက်သွားကြပြီဖြစ်သည်။ ဆရာမက သန့်စင်ခန်းသို့သွားနေသော အတန်းဖော်ကို စောင့်နေစဥ် သူမက လမ်းတစ်ဖက်ကိုခိုးထွက်ခဲ့လိုက်၏။
“ချင်းယောင်!” ကျုံးယို့ယို့က လက်ပြလိုက်သည်။
ချင်းယောင်က သူမပြေးလာသည်ကိုကြည့်ရင်း နှုတ်ခမ်းတို့ကွေးတက်သွားကာ သူ့၏ရင်ခွင်တွင်းသို့ ပြေးဝင်လာမည်အထင်နှင့် လက်တို့ကိုဖြန့်ကားထားလိုက်၏။ သို့သော် ကျုံးယို့ယို့က ခုန်ပေါက်လာပြီး သူ့၏ပုခုံးကိုသာပုတ်လိုက်သည်။
“...” ချင်းယောင်က စိတ်ညစ်သွား၏။
“ ကျွန်မဖို့ယူလာတာတွေရော?” သူမက လောလိုက်သည်။ “ ကားပေါ်တက်ရတော့မှာ”
ချင်းယောင် : “ဒီမှာ နှစ်မိနစ်လောက်စောင့်နေနော်။ ကိုယ်ကားထဲကသွားယူလာခဲ့မယ်။” သူက အနီးနားတွင် ကားရပ်ရန်နေရာမရှိသဖြင့် မောလ်တွင်သာ ကားရပ်ခဲ့ရသည်။
“နေဦး!” ကျုံးယို့ယို့က ချင်းယောင်ကို ထူးထူးဆန်းဆန်းကြည့်လိုက်ကာ “ ရှင် ဆံပင်ပုံသွင်းလာပြီး မုတ်ဆိတ်မွေးတွေလဲရိတ်လာတယ်။ ဒီနေ့ သန့်ပြန့်နေတာပဲနော်?”
ချင်းယောင်က အနက်ရောင်ကုတ်အင်္ကျီအရှည်ကို ဝတ်ထားသည်။ သူက အရပ်ရှည်ကာ ချောမော၏။ လမ်းတစ်ဖက်ခြမ်းမှ ကျုံးယို့ယို့သည် ချင်းယောင်က ဒီနေ့ လူတိုင်း၏ အကြည့်ကိုဖမ်းစားနေသည်ဟု ခံစားလိုက်ရသည်။ သူမက တိုးကပ်သွားပြီး သေချာကြည့်လိုက်သည်။ သူကဒီနေ့ အရင်ကထက် ပိုကြည့်ကောင်းနေတာပဲ။ အရမ်းလဲတက်ကြွနေတာပဲ!!
“...မဟုတ်ပါဘူး” ချင်းယောင်၏နားတို့သည် နီရဲလာတော့သည်။ “... ပစ္စည်းတွေ သွားယူလိုက်ဦးမယ်”
ပြောပြီးနောက်သူက တည်ကြည်ခံ့ညားစွာနှင့်မောလ်ထဲသို့ ဝင်သွားတော့သည်။
သူသည် ကျုံးယို့ယို့၏မြင်ကွင်းထဲမှ ပျောက်သွားသည်သေချာသောအခါ ချင်းယောင်က ကားပါကင်မှကားဆီသို့ အလျင်စလိုပြေးတော့သည်။ သူကကားတံခါးကိုဖွင့်ကာ နောက်ကြည့်မှန်ကို ကြည့်ရင်း ပုံသွင်းလာသည့် ဆံပင်တို့ကို ပြန်ပြင်လိုက်၏။
... ယို့ယို့က မကြိုက်တဲ့ပုံပဲ... အဲ့လိုမှန်းသိရင် ဆံပင်မပြင်ခဲ့ပါဘူး...။
ပစ္စည်းတို့ကိုယူပြီးသည့်အခါ သူက မောလ်အပေါက်ဝသို့ပြေးသွားလိုက်သည်။ ထို့နောက် သူက အသက်ပြင်းပြင်း ရှူလိုက်ပြီး ပြေးနေရာမှ လမ်းလျှောက်လိုက်ကာ ခံ့ညားမှုအပြည့်နှင့် ကုတ်အကျီထဲသို့ လက်တစ်ဖက်ထည့်ရင်း ကျုံးယို့ယို့ဆီသို့ ခပ်မိုက်မိုက်လျှောက်လာလိုက်သည်။
ကျုံးယို့ယို့က သူ၏ဆံပင်တစ်ချက်ကြည့်လိုက်ပြီး ပြုံးလိုက်ကာ မေးလိုက်သည်။ “ ဘာတွေလဲ?”
ချင်းယောင်က ပြောလိုက်သည်။” ကားပေါ်မှာသုံးဖို့ လည်စွပ်ခေါင်းအုံးနဲ့ မျက်လုံးအကာရယ်၊ အဆောင်မှာ သုံးဖို့ သိုးမွေးစောင်ရယ်။ ရာသီဥတုကအေးလားပြီ။ နွေးနွေးထွေးထွေးနေ။ ပြီးတော့ ကားပေါ်ရောက်ရင် ပစ္စည်းတွေ ဖွင့်ကြည့်လိုက်ဦး။”
“ကောင်းပြီ” ကျုံးယို့ယို့က ခရီးဆောင်အိတ်ကို ယူလိုက်သည်။ ဖုန်းကမြည်လာခဲ့ကာ တာဝန်ကျဆရာမက အလျင်စလို ခေါ်နေပြီး ကျုံးယို့ယို့က ပြောလိုက်သည်။ “ ဟုတ်ကဲ့... အခုလာခဲ့ပါ့မယ်။”
ချင်းယောင်ကသူမကိုကြည့်ရင်း စိတ်အားငယ်လာခဲ့သည်။ သူက သူမနှင့်ခွဲရမည်ဖြစ်ပြီး စိတ်ကိုထိန်းကာ ပြောလိုက်၏။ “ ဂရုစိုက်”
ကျုံးယို့ယို့က ခြေလှမ်းအနည်းငယ်လျှောက်သွားလိုက်ပြီး ပြန်လှည့်ကြည့်လိုက်သောအခါ ချင်းယောင်က သူမကို ထိုနေရာတွင်ရပ်ရင်း ကြည့်နေဆဲဖြစ်သည်။ ထိုနေ့ည လှေအားအောက်မှကြည့်နေသကဲ့သို့ပင်
သူ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ထင်ဟပ်နေသည်။ ရုတ်တရက် ကျုံးယို့ယို့က မထိန်းနိုင်ဘဲ တောက်ပစွာ ပြုံးပြလိုက်ရင်း “ချင်းယောင်... ရှင်ဒီနေ့ ကြည့်ကောင်းတယ်။ ကျွန်မ... အရမ်းသဘောကျတယ်”
ချင်းယောင်က စကားမပြောနိုင်ဘဲ သူမကိုသာ ရှက်သွေးဖြာလျက်ကြည့်နေမိသည်။
ကျုံးယို့ယို့က ခရီးဆောင်အိတ်ကိုဆွဲရင်း ဘတ်စ်ကားဆီသို့ လျှောက်သွားတော့သည်။
ချင်းယောင်ကထိုနေရာတွင်ရပ်နေဆဲဖြစ်ပြီး သူမ၏နောက်ကျောလေးကိုကြည့်ကာ နွေရာသီတွင် ကိုလာအအေး သောက်လိုက်ရသလို၊ ဆောင်းရာသီတွင် မော့ရှ်မယ်လိုစားလိုက်ရသလို ခံစားနေရ၏။
*
တစ်ချိန်တည်းမှာပင် ကျုံးရှီယို့သည် ကျောင်းဆင်းပြီး ကျုံးအိမ်သို့ မပြန်ချင်ဖြစ်နေသည်။
ကျုံးပါပါးက ရုံးခန်းထဲရှိ စားပွဲပေါ်တွင် အိမ်စာလုပ်နေသော ကျုံးရှီယို့ကို အကူအညီမဲ့စွာကြည့်လိုက်ပြီး “ အိမ်ပြန်ပြီး စာလုပ်စမ်း။ ငါနဲ့လာနေပြီး ဘာလုပ်နေတာလဲ? မင်းအစ်မတောင်ပြိုင်ပွဲသွားပြိုင်တယ်။ မင်းကဘာလို့ မသွားတာလဲ? နေ့တိုင်း ဂိမ်းပဲဆော့နေတာ အဆင့်တွေမကျဘူးလား?”
“ အဖေ ကျွန်တော်က အခုမှ အထက်တန်းဒုတိယနှစ်ပဲရှိသေးတာလေ။ အထက်တန်းတတိယနှစ်မှမဟုတ်တာ” ကျုံးရှီယို့က ပိုပြီးအကူအညီမဲ့နေသည့်အသံနှင့်ပြောလိုက်၏။
သူက အိမ်ကိုပြန်ရန်ခေါင်းမာနေခဲ့သည်။ အိမ်က ကန္တာရနှင့်တူနေပြီး မုန့်ရှစ်ရွှမ်၏ တစ်ယောက်ယောက်က သူမကို အကြွေးတင်နေသကဲ့သို့ ဖြူဖျော့နေသည့်မျက်နှာကိုလဲ မကြည့်ချင်ပေ။
သူက အရင်တစ်ခေါက် ကျောင်းဂိတ်ပေါက်ဝမှာတည်းက သူမကိုရှင်းရှင်းလင်းလင်းပြောခဲ့သည်ပင်။ အနာဂတ်၌ သူ့မိဘများသည် သူမကိုမောင်းထုတ်သည်ဖြစ်စေ၊ မထုတ်သည်ဖြစ်စေ သူမသည် သူနှင့် ဘာမှမသက်ဆိုင်တော့။ သူတို့နှစ်ယောက်မောင်နှမတွေမဟုတ်တော့ချေ။
“ ဒီနှစ်ရက်အတွင်း ကျောင်းမှာ မင်းအစ်မသတင်းဘာကြားသေးလဲ?” ကျုံးပါပါးက စာရွက်စာတမ်းတချို့ကိုလက်မှတ်ထိုးနေရင်းမေးလိုက်သည်။ သူမကဖုန်းလဲမကိုင်ပေ။ သူက သူမနောက်သို့ အစောင့်တို့ကို လွှတ်မထားရာ ကျုံးရှီယို့ကိုသာ ယို့ယို့၏အခြေအနေကိုမေးရတော့သည်။
သူက ယို့ယို့သည် မွေးနေ့ပွဲသို့ လိုက်ခဲ့ပြီးနောက်တွင် သူတို့ကို အနည်းငယ် ခွင့်လွှတ်လိမ့်မည်ဟု ထင်ထားခဲ့သော်လည်း....
“ ဒီလိုပါပဲ...” ကျုံးရှီယို့က သုံးရက်ဆက်တိုက် ပြတင်းပေါက်ကိုဖွင့်ကာ သူ့အစ်မကို လက်ဆောင်တွေအများကြီးပေးခဲ့သည်။ ထို့နောက် သူက တိတ်တဆိတ် စောင့်ကြည့်ခဲ့သည်။
လက်ဆောင်များသည် အထက်တန်းတတိယနှစ်၏ အမှိုက်ပုံးထဲတွင်ရှိမနေပေ။ သူက အလွန်ပျော်ရွှင်သွားခဲ့၏။ သေချာပေါက် ကျုံးယို့ယို့သည် လက်ဆောင်များက သူပေးသည်ကို မသိချေ။
ထိုအကြောင်းတို့ကိုတွေးရင်း သူကဂုဏ်ယူစွာဖြင့် “ အဖေ... အစ်မက ကျွန်တော့်ထက် အဖေ့ကိုပိုမုန်းတယ်နဲ့တူတယ်... ဟားဟားဟား”
ကျုံးပါပါးက သူ့ကိုကြည့်လိုက်ရင်း “... ကောင်စုတ်လေး”
အမှန်တကယ်တော့ ကျုံးပါပါးသည် ကျုံးယို့ယို့ကို ပြန်ပေးဆပ်ချင်သော်လည်း သူမတွင် ပိုက်ဆံ၊ အိမ်၊ အရာအားလုံးသည် ပြီးပြည့်စုံနေပြီး သေချာပေါက် သူပေးမည့် အရာအားလုံးကိုလဲ လက်မခံဘဲ ပြန်ပေးလိမ့်မည် ဖြစ်သည်။ သူကအပြစ်ရှိသလိုခံစားရသော်လည်း အတိတ်ကသူလုပ်ခဲ့သော အမှားများကို မည်သို့ ပြန်ပေးဆပ်ရမည်ကို မသိဘဲဖြစ်နေခဲ့သည်။
ကျုံးယို့ယို့အိမ်ပြန်မလာသည်မှာ နှစ်လပင်ရှိသွားပြီဖြစ်သည်။ မွေးနေ့ပွဲမှလွဲ၍ အဖေနှင့်သမီးသည် သေချာမတွေ့လိုက်ရချေ။ ကျုံးပါပါးက လူတွေနှင့်ပြေလည်ရန် ပိုက်ဆံ၊ လက်ဆောင်၊ စိန်ရွှေရတနာများနှင့် အိတ်များကို ပေးတတ်သော်လည်း ကျုံးယို့ယို့အပေါ်တွင်တော့ အကျိုးသက်ရောက်မှုမရှိပေ။
သူက သက်ပြင်းချရင်း ကျုံးရှီယို့ကိုမေးလိုက်၏။ “ မင်းမှာ မင်းအစ်မ ငါ့ကိုလာတွေ့အောင်လုပ်ဖို့ နည်းလမ်းကောင်းများရှိလား?”
ကျုံးရှီယို့က ခေါင်းညိတ်လိုက်ရင်း “ အဖေ နေမကောင်းဖြစ်ချင်ယောင်ဆောင်လိုက်လေ။ နှလုံးရောဂါတို့... မကြာခင်သေတော့မယ်ဆိုတာမျိုး။ အဲ့တာဆို အစ်မက အဖေ့ကိုတွေ့ဖို့ ဆေးရုံကိုလာမှာပေါ့။”
ကျုံးပါပါးက သက်ပြင်းချ၍ ဒီနည်းလမ်းတစ်ခုပဲရှိကြောင်း လက်ခံလိုက်သည်။