Chapter 60
ပြိုင်ပွဲတွင်ပါဝင်နိုင်ခြင်းမရှိသောသူများကို ဖယ်လိုက်လျှင် သူတို့ကျောင်းမှ ကျုံးယို့ယို့အပါအဝင် အယောက် ကိုးဆယ်ကျော်ရှိသည်။ ဤကျောင်းသားများသည် တစ်ကျောင်းလုံးရှိ ထိပ်ဆုံးကျောင်းသား လက်ရွေးစင်များဟု ဆို၍ရနိုင်သည်။
သင်ကြားရေးနတ်ဘုရားတွေချည်းစုနေသော အုပ်စုဖြစ်ပြီး ဘတ်စ်ကားပေါ်တွင် တိတ်ဆိတ်နေကာ နွေရာသီ အပန်းဖြေခရီးသွားသကဲ့သို့ လေထုက ပေါ့ပါးမနေခဲ့ပေ။
တချို့က တည်ငြိမ်နေကြသော်လည်း အများစုက စိတ်လှုပ်ရှားနေကြ၏။ ဤပြိုင်ပွဲသည် အလွန်အရေးပါလှသည်။ ပထမဆုရလျှင် ပြည်တွင်းရုပ်သံများတွင် လူသိရှင်ကြား ဆုချီးမြှင့်မှာဖြစ်သည်။
ဒီလိုအခွင့်အရေးမျိုးရမှာကို ဘယ်သူကဝင်မပြိုင်ဘဲနေမှာလဲ?
ကျုံးယို့ယို့နှင့် ရန်ကျီအန်းတို့ ကားပေါ်သို့ တက်သည့်အချိန်တွင် လူပြည့်နေပြီဖြစ်ကာ သူတို့လိုချင်သော နေရာကို ရွေးထိုင်၍မရတော့ချေ။
ကျုံးယို့ယို့က လွယ်အိတ်ကိုလွယ်ပြီး ကားပေါ်သို့တက်လာသည်နှင့် ကားပေါ်ရှိ ထိပ်တန်းကျောင်းသားများသည် သူမကိုကြည့်လာကြသည်။
ဒီရက်ပိုင်းတွင် ကျောင်းဖိုရမ်ပေါ်၌ မကြာခဏတက်လာနေသော ယို့ယို့နှင့်ပတ်သက်သည့် စကားလုံးသုံးလုံးနှင့် သတင်းများသည် အမှန်ပင်ဖြစ်၏။ ရန်ကျီအန်းကဲ့သို့ အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေသူများပင် သူမအကြောင်းကို မလွဲဧကန်သိကြသည်။
ဆက်စက်နေသည့် စကားလုံးတို့မှာ :
“အလှလေး” ၊ “ သင်ကြားရေးဌာနမှူး” ၊ “ အောင်မြင်မှုတဟုန်ထိုး” ၊ “ ကျုံးရှီယို့” ၊ “ ကျုံးမိသားစု၏ သမီး”
ဤကဲ့သို့ ဘဝမျိုးမှလာသော မိန်းကလေးသည် ကျောင်း၏ ထိပ်ဆုံးအယောက်တစ်ရာထဲတွင်ပါပြီး ပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်သည်မှာ မယုံနိုင်စရာကောင်းပြီး အနည်းငယ် ရှုပ်ထွေးလေ၏။
သူတို့က နောက်ခံကောင်းသည့်မိသားစုနှင့် လှပသည့် သူမကို အထင်သေးသည်မျိုး မဟုတ်သော်လည်း ထိုကဲ့သို့ သောမိန်းကလေးများသည် အများအားဖြင့် အလှပန်းအိုးများသာဖြစ်လေ့ရှိသည်။ မုန့်ရှစ်ရွှမ်ပင်ဖြစ်စေ၊ ရှစ်ကျစ်ထန်ပင်ဖြစ်စေ၊ တခြားသောသူများသည်လည်း နောက်ခံကောင်းသည့် မိသားစုမှမွေးဖွားလာပြီး သူတို့၏ အဆင့်များကလည်းကောင်းကာ ထူးချွန်ကြလေသည်။ သို့သော် ကျုံးယို့ယို့ကတော့ အစတည်းက ကွဲပြားသည်။
အစတွင် သူတို့သည် သူမကို ဆင်းရဲပြီး အဆင့်ကောင်းသော မိန်းကလေးဟူ၍ ထင်မြင်ခဲ့ကြသည်။ သို့သော် ယခုတွင်တော့ သူမသည် ထိပ်ဆုံးကျောင်းသားများနှင့် ယှဥ်ပြိုင်နေပြီဖြစ်ရာ သူတို့၏ စိတ်ထဲတွင် ရှုပ်ထွေးနေကြတော့သည်။
၎င်းက မီးပွိုင့်ဧရိယာတွင် လျှောက်သွားနေသော စတားတစ်ယောက်က ရုတ်တရက် တစ်နေ့တွင် သူ၏ တကယ့် သရုပ်ဆောင်စွမ်းရည်၊ အစွမ်းအစတို့နှင့် အော်စကာဆုအတွက်ပြိုင်နေသလိုပင်ဖြစ်နေတော့၏။
၎င်းက သူတို့၏ စိတ်ကို အလွန်ရှုပ်ထွေးစေသည်။
ကျုံးယို့ယို့က ထိုင်လိုက်ပြီးနောက်တွင် ရှေ့ဘက်တွင်ထိုင်နေသော အဆင့်မြင့်တန်းမှ မိန်းကလေးနှစ်ယောက်သည် နောက်ဖက်သို့ မကြာခဏ လှည့်ကြည့်နေပြီး တီးတိုးပြောနေကြသည်။ “ အတန်း(၁၉) က အဆင့်တွေမကောင်းဘူး။ သူတို့တွေပြိုင်ပွဲကိုလာနိုင်တာက.....ကံကောင်းလိုက်တာ။ ငါတို့အတန်းထဲက သူနည်းနည်းတောင် အဆင့်သုံးရာကျော်ရတာကို မပါလိုက်နိုင်ဘူး။”
“ ဟုတ်တယ်။ သူမက အခုလို စာမေးပွဲ ကြီးကြီးမားမားကိုဖြေဖူးတာမဟုတ်ဘူး... သူမအဆင့်ဘယ်လောက်ရမလဲဆိုတာ ဘယ်သူသိမှာလဲ? သူမ ဘယ်လောက်ပဲအဆင့်တွေကောင်းလာပါစေဦး ပြိုင်ပွဲမှာ အနည်းဆုံး လူ ၅၀၀၊၆၀၀ လောက်ပဲအောင်....”
“ လက်လွတ်စပယ်မပြောနဲ့... အဲ့လောက်တိုးတက်လာဖို့ဆိုတာမလွယ်ဘူး။”
သူတို့လိုကဲ့သို့ပင် တခြားမိသားစုနောက်ခံကောင်းပြီး ရုပ်ရည်ရှိသည့် ထိပ်ဆုံးကျောင်းသားများကလဲ ရလဒ်အကြောင်းပြောနေကြ၏။ မှတ်တမ်းသေချာမရှိဘဲ မတည်မငြိမ်နှင့်မွေးဖွားလာခဲ့သော ကျုံးယို့ယို့သည် မြင်းနက်တစ်ကောင်ကဲ့သို့ပင်။ အားလုံးက သူမ၏ အဆင့်များသည် ကံအားလျော်စွာရရှိလာခြင်းဖြစ်ပြီး ချက်ချင်း ပြန်ကျသွားလိမ့်မည်ဟုတွေးကြ၏။
ကျုံးယို့ယို့က လူတွေစကားပြောနေသည်ကို သိသော်လည်း သူမအကြောင်းပြောနေသည်ကို မကြားခဲ့ပေ။ ကားအင်ဂျင်သံက ဆူညံနေပြီး စကားသံတို့ကို သေချာမကြားရသောကြောင့် သူမက ထိုင်ပြီးသည်နှင့် ချင်းယောင် ပေးလိုက်သော ခရီးဆောင်အိတ်အသေးလေးကိုဖွင့်ကြည့်လိုက်သည်။
သူမဖွင့်လိုက်သောအခါ ရန်ကျီအန်းကလဲကြည့်လာပြီး ကျုံးယို့ယို့၏ ကောင်လေးကို အံ့သြသွား၏။ သူက ကျောင်းပေါက်ဝတွင် ကျုံးယို့ယို့က ချင်းယောင်ဆီသို့ ပြေးသွားသည်ကိုတွေ့ခဲ့သည်ပင်။
ဒါက လိုအပ်တဲ့အရာတွေ အကုန်လုံးပဲ!...မိုက်လိုက်တာ!
ကျုံးယို့ယို့က ရန်ကျီအန်း၏ အံ့အားသင့်နေသည့် အမူအရာကိုတွေ့သောအခါ သူမက နှုတ်ခမ်းတို့ကွေးတက်သွား အောင် ဂုဏ်ယူစွာပြုံးလိုက်ရင်း အိတ်ထဲမှ လည်စွပ်ခေါင်းအုံးကိုယူပြီး စွပ်လိုက်ကာ စောင်ကိုလဲ ခြေထောက်ပေါ်သို့ ခြုံထားလိုက်သည်။ ထို့နောက် ပီကေဘူးနှင့် မုန့်တချို့ကိုထုတ်ကာ ဖောက်လိုက်၏။ သူမက ခုံကြားတွင် ဖြန့်ခင်းလိုက်ရင်း ရက်ရက်ရောရောဖြင့် : “ စားချင်တာယူစားလို့ရတယ်”
ရန်ကျီအန်းက ကျုံးယို့ယို့၏ မျက်နှာပေါ်မှ အမူအရာသေးသေးစီတိုင်းကိုလိုက်ကြည့်ရင်း ကျုံးယို့ယို့က စိတ်ရင်းနဲ့ ပြောနေသည်ဟု ခံစားရ၏။ “ မင်းရဲ့ သူငယ်ချင်းက မင်းအတွက် ဝယ်ပေးလိုက်တာမလား? ငါစားလို့ မကောင်းဘူးထင်တယ်။”
သမီးအရင်းဆိုသည့် သရုပ်မှန်သည်လည်း ပြန့်နှံ့နေရာ သူက သတိထားလိုက်သည်။
“ ဟင့်အင်း... ဘာတွေဖတ်နေတာလဲ? နင့်မျက်လုံးအတွက်မကောင်းဘူး” ကျုံးယို့ယို့က ရန်ကျီအန်း၏ လက်ထဲမှ မေးခွန်းဟောင်းစာအုပ်ကိုယူလိုက်ရင်း “ နင်က ငါ့ကိုကြိုက်နေတဲ့ပုံမှ မပေါ်တာ သူသဝန်တိုမှာမဟုတ်ပါဘူး။ ငါက အရမ်းကိုကောင်းတဲ့ ချစ်သူကောင်မလေးလေ”
နောက်မှ စကားလုံးတို့က ကျန်းရီအန်းကို ပြောစရာစကားမဲ့သွားစေ၏။ “...”
သူက သူမကို မကြိုက်ဘူးဆိုတာဘာကိုဆိုလိုတာလဲ? သူ့ကို စာကြမ်းပိုးလို့ပြောချင်တာလား?
ဆယ်မိနစ်ကြာပြီးနောက် သူက မေးခွန်းဟောင်းစာအုပ်ကို ပေါင်ပေါ်တွင်တင်ကြည့်နေရင်း မုန့်တစ်ထုပ်ကိုဖောက်စားလိုက်သည်။ သူက စားနေရင်း ကြည့်လိုက်သောအခါ မုန့်က တစ်ဝက်ပင် ကျိုးနေပြီကို တွေ့လိုက်ရ၏!!!။ ကျုံးယို့ယို့က သူ၏ဘယ်ဘက်တွင်ထိုင်နေကာ ဖုန်းကိုကြည့်နေရင်း.... ဂိမ်းဆော့နေတာဟ!!!
သူက ထိတ်လန့်သွားတော့သည်။
သူမဘာလုပ်နေတာလဲ? ကားထဲကိုကြည့်လိုက်ပါက ကျောင်းသားများသည် အိုလံပစ်မေးခွန်းများကို အလောတကြီး ကြည့်နေကြသည်ကိုတွေ့ရပေမည်။ သို့သော် ကျုံးယို့ယို့က ပျင်းရိပျင်းတွဲနှင့် ဂိမ်းကစားနေနိုင်သည်။ အဆင့်မကောင်းမှာမကြောက်ဘူးလား?
သူမက ဂိမ်းကစားရင်း ပျော်မွေ့နေကာ သူကတော့ မုန့်စားရင်းတွေဝေနေခဲ့သည်ပင်။
သူကမြန်မြန်ပင် စာအုပ်ပေါ်မှ မုန့်အကြွင်းအကျန်တို့ကိုဖယ်ကာ မျက်မှန်ကိုတွန်းတင်လိုက်ရင်း အချိန်ဖြုန်းနေတာကိုရပ်၍ မေးခွန်းတို့ကို ဂရုတစိုက်ကြည့်လိုက်၏။
ကျုံးယို့ယို့က သူ့ကို ခေါင်းထောင်ကြည့်လာပြီး အားပေးလာ၏။
“ စိတ်မလှုပ်ရှားနဲ့”
ရန်ကျီအန်းက စာရွက်ကိုလှန်လိုက်ရင်း တွေဝေသွားသည်။ “ မင်းရော စိတ်မလှုပ်ရှားဘူးလား? စာတွေရောပြန်မကြည့်တော့ဘူးလား?”
“ အသုံးမဝင်ဘူး” ကျုံးယို့ယို့က တည်တည်ငြိမ်ငြိမ်နှင့်ပြောလာ၏။ “ ငါတို့ကအခု အိုလံပစ်ပြိုင်ပွဲလာဖြေတာ။ မေးခွန်းဟောင်း နှစ်ခု၊သုံးခုလောက်ပိုကြည့်သွားလို့ ဘာမှထူးမလာဘူး။ ဒီလိုပြိုင်ပွဲမျိုးက မေးပြီးသားမေးခွန်းမျိုး ပြန်မမေးဘူး။ စိတ်ကိုအေးအေးထားတာ အကောင်းဆုံးပဲ။”
ရန်ကျီအန်းက ကြောင်သွားမိ၏။
ဒီစကားတွေက စာမေးပွဲမဖြေခင် အတန်းထဲရှိ အမှတ်အနည်းဆုံးအတန်းဖော်တို့ကို သူပြောနေကျ စကားတွေပင်။
ဒါပေမယ့် အခုတင် ကျုံးယို့ယို့ရှေ့မှာ သူက သနားစရာကောင်းနေသလို ဖြစ်သွားတာမဟုတ်ဘူးလား?
အတန်း(၁၉)တွင် ကျုံးယို့ယို့၏ အဆင့်များမှာ အရင်ကမကောင်းသော်လည်း ယခုတိုးတက်လာသည်မှာ သိသိသာသာပင်ဖြစ်သည်။ သူမ၏ အဆင့်များတိုးတက်လာသည်မှာ မှန်သော်လည်း ၎င်းက တည်ငြိမ်မှုမရှိဘဲ ကံကောင်းမှုသက်သက်ပင်။ သူကတော့ အတန်း(၁၉)တွင် အဆင့်တစ်ကျောင်းသားဖြစ်ပြီး ထိပ်ဆုံးအယောက်တစ်ရာထဲတွင်လဲ ပါဝင်သူဖြစ်၏။
အခုကျုံးယို့ယို့၏ရှေ့တွင်တော့ သူက သူမ၏ လွှမ်းမိုးခြင်းကိုခံရမည်ကို ကြောက်နေမိသည်။
သူတို့နှစ်ယောက်က စကားနည်းကြသော်လည်း ကျုံးယို့ယို့ကသာ ဘတ်စ်ကားပေါ်တွင် အာရုံစိုက်အခံရဆုံးသူဖြစ်၏။ ကားပေါ်ရှိလူအားလုံးကမြင်ကြသည်။ ကျောင်းသားတွေအကုန်လုံးက နောက်ဆုံးအချိန်လေးထိ အသေအလဲ မေးခွန်းဟောင်းတွေကြည့်နေကြပေမယ့်...
ယို့ယို့... နင်က မုန့်စားရင်း ဂိမ်းဆော့နေတာလား?
???
ဒါက ဒေါသထွက်စရာကောင်းသလို စိတ်ရှုပ်ဖို့ကောင်းလိုက်တာ!!
ထားလိုက်ပါ...။ ကားပေါ်ရှိသူများက သူတို့ကိုယ်သူတို့ နှစ်သိမ့်လိုက်သည်။ ကျုံးယို့ယို့အခုလို နေနိုင်တာက သူမမှာ ပြိုင်ပွဲအတွက် အစီအစဥ်မရှိလို့ပဲ။ သူမ ကောင်းကောင်းဖြေနိုင်မှာမဟုတ်တဲ့အတွက် ငါတို့စိုးရိမ်စရာမလိုဘူး။