အပိုင်း ၆၁
Viewers 11k

Chapter 61




ကားပေါ်ရှိသူများအားလုံးက စိတ်လှုပ်ရှားနေကြသော်လည်း နောက်ဘက်ခုံမှမှေးမှိန်နေသော အကြည့်တစ်စုံက  ကျုံးယို့ယို့ထံသို့ ကျရောက်နေသည်။ 

ရှစ်ကျစ်ထန်ကအစောကြီးရောက်နေခဲ့သည်။ သူက နောက်ဘက်ခုံတွင်ဝင်ထိုင်လိုက်ပြီး ပြတင်းပေါက်ကိုမှီကာ အိပ်ရန်ပြင်လိုက်၏။ အနောက်ရောင်ဟူဒီ ခေါင်းစွပ်ကို သူ့နှာခေါင်းနားထိ ဆွဲချထားရာ ကားပေါ်တွင် သူမှန်း ဘယ်သူမှမသိကြတော့ချေ။ 


သူက အတွေးတို့ ရှုပ်ရှက်ခတ်နေခဲ့သည်။ သူက ကျုံးယို့ယို့လဲပြန်လည် မွေးဖွားလာသည်ဟု ထင်လုနီးနီးပင်။ သူမက သူ့ကိုလဲ သဘောမကျတော့ပေ။ သူက တစ်ခဏတော့ ထိုအချက်ကို လက်မခံနိုင်ဖြစ်ခဲ့သည်။ သို့သော် မွေးနေ့ပွဲ မတိုင်ခင်အချိန်တွင်တော့ သူမက သူ့ကို သ‌ဘောမကျတော့သည့် အချက်ကို လက်ခံလိုက်ရတော့သည်။ 


ဒီထက်ပိုပြီး ကမောက်ကမဆန်သည့် အဖြစ်သည် မရှိနိုင်တော့ပေ။ ကျုံးယို့ယို့က သူ့ကို မလိုက်တော့သည့်အချိန်တွင် သူကမထိန်းနိုင်ဘဲ ကျုံးယို့ယို့အပေါ်ကိုပဲ စိတ်ဝင်စားနေမိ၏။ 


သူမက သဲ၊ဖုန်မှုန့်တို့ သန့်စင်သွားသော ပုလဲတစ်လုံးဖြစ်လာပြီး ဖုံးကွယ်ထားခဲ့သော အရောင်အဝါတို့ဖြင့် မျက်စိ ကျိန်းလောက်အောင် တောက်ပနေတော့သည်။ 


“သူငယ်ချင်းတွေ?” “ သဝန်တိုတယ်?” 


ကျုံးယို့ယို့က သူမဘေးရှိယောက်ျားလေးနှင့်စကားပြောနေချိန်တွင် စကားလုံးတချို့တို့သည် သူ၏နားထဲသို့ တိုးဝင်လာခဲ့၏။ ထိုစကားလုံးတို့က သူ၏နှလုံးသားထဲတွင် ဒေါသ၊ နောင်တနှင့် အပြစ်ရှိစိတ်တို့ကို တိုး၍ ပေါက်ဖွားလာစေသည်။ 


သူမနဲ့ ချင်းယောင်ဆက်ဆံရေးက ဒီအချိန်တိုလေးအတွင်းမှာ အဲ့လောက်တောင် တိုးတက်သွားတာလား? 


သူက သူ၏နှလုံးသားတွင် ခံစားနေရသော ရှုပ်ထွေးနေသည့် ခံစားချက်တို့သည် မလိုလားစိတ်နှင့် ပိုင်ဆိုင်လိုစိတ် တို့ဖြစ်ကြောင်းကို သတိထားမိ၏။


အဖိုးက ကျုံးယို့ယို့သည် ကျုံးမိသားစု၏ သမီးဖြစ်ပြီး ရှစ်မိသားစုနှင့်လက်ထပ်နိုင်သောကြောင့်  ကျုံးယို့ယို့ ပြန်လိုက်ရန် တွန်းအားပေးခဲ့သည်။ သူလဲအဲ့လိုပဲတွေးထားခဲ့တာလေ? သို့သော် သူကနားမလည်နိုင်ပေ။ 


ကျုံးယို့ယို့က ဘာကြောင့် သူ့အပေါ်ခံစားချက်တို့ကို လွယ်လွယ်နှင့် ရုတ်သိမ်းသွားခဲ့ပြီး တခြားလူတစ်ယောက်ကို ပေးလိုက်ရတာလဲ? 


ငါသာ ကြိုးစားရင် သူမရဲ့ငါ့အပေါ်မှာ ရှိခဲ့ဖူးတဲ့ ခံစားချက်တွေ ပြန်ရှိလာနိုင်လောက်လား? 


ဘတ်စ်ကားသည် ကွေ့ကောက်သော တောင်ပတ်လမ်းသို့ရောက်လာခဲ့သည်။ လမ်းကစတင် ကြမ်းတမ်းလာကာ ကားသည်လည်း လှုပ်ရမ်းနေတော့သည်။ 

ကျုံးယို့ယို့နှင့် မူလပိုင်ရှင် နှစ်ယောက်စလုံးသည် ကားမူးတတ်လေရာ ချက်ချင်းပင် အစာအိမ်ထဲတွင် မအီမသာ ဖြစ်လာပြီး အန်ချင်လာခဲ့၏။ 

သူမက ဖုန်းကိုချလိုက်၍ ရန်ကျီအန်းကိုပြတင်းပေါက်ဖွင့်ခိုင်းလိုက်ပြီး မျက်လုံးတို့ကိုမှိတ်ကာ ငြိမ်နေလိုက်သည်။ 


လမ်းကြမ်းလေ သူမ၏မျက်နှာသည် ပိုအဆင်မပြေဖြစ်လာတော့သည်။ 


ရန်ကျီအန်းက စာအုပ်ကိုသာဖတ်နေခဲ့ပြီး သူမကိုသတိမထားမိခဲ့ပေ။ ဆန့်ကျင်ဘက်တွင်တော့ ဘယ်ဘက်တွင်ထိုင်နေသော မိန်းကလေးသည် သူမကို ဂရုတစိုက်လှုပ်ရင်း လေသံဖျော့ဖျော့လေးနှင့် ပြောလာခဲ့သည်။ 


“ ကျုံးယို့ယို့ ကားမူးနေတာလား? မျက်နှာလဲမကောင်းဘူး။ နေရာပြောင်းချင်လား? ကားရဲ့အရှေ့ဘက်မှာ သွားထိုင်လိုက်တာ ကောင်းမယ်နဲ့တူတယ်?” 


ချင်းယောင်က ကားမူးသက်သာသည့်ဆေးတို့ကို ထည့်ပေးလိုက်သည်။ ကျုံးယို့ယို့က သောက်လိုက်သော်လည်း ဆေးအစွမ်းပြမလာခင်မှာပင် တော်တော်လေးကို မသက်မသာခံစားနေရ၏။ သူမက ခေါင်းခါလိုက်ရင်း “ရတယ်။ ခဏနေရင်ရောက်တော့မှာပဲ။ သည်းခံနေလိုက်မယ်။” 


သူတို့လာခဲ့သည်မှာ တစ်နာရီခွဲနီးပါးရှိပြီဖြစ်သည်။ နှစ်နာရီသာကြာသည့် ခရီးသည် နောက်နာရီဝက်နေလျှင် ရောက်တော့မည်။ 


မိန်းကလေးက ကြင်နာစွာမေးလိုက်သော်လည်း ကျုံးယို့ယို့က အဆင်ပြေသည်ဟု ပြောလာသောအခါ ထပ်မပြောတော့ပေ။


ထို့အပြင် လူတိုင်းက ကားရှေ့ဘက်တွင် ထိုင်ချင်ကြပြီး ‌‌ရှေ့ဘက်ရှိ မိန်းကလေးများကလဲ ကျုံးယို့ယို့နှင့် နေရာလဲပေးချင်မည်မဟုတ်ပေ။ 

...


သို့သော် ‌ရှေ့ဘက်တွင်ရှိနေသည့် မိန်းကလေးတစ်ယောက်က နောက်ဘက်ကို မကြာခဏလှည့်ကြည့်နေပြီး ထလာကာ ကျုံးယို့ယို့ဆီသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။ 


သူမက နောက်ဘက်အတန်းကိုလှမ်းကြည့်ကာ နားရွက်များကနီရဲနေပြီး ပြောလာခဲ့၏။ “ ကားမူးနေတာမလား? ငါက မမူးဘူး...ငါနဲ့နေရာချင်းလဲလို့ရတယ်။ အဲ့တာ ပိုအဆင်ပြေလိမ့်မယ်။” 


ကျုံးယို့ယို့က အံ့အားသင့်သွားသည်။ ဒီအတန်းဖော်လေးက ရှေ့ဘက်အတန်း ပြတင်းပေါက်ဘေးကခုံကို သူမအတွက် လဲပေးတယ်? ဖော်ဖော်ရွေရွေနဲ့လေ?


 ကားပေါ်ရှိ အခြားသူများလည်း အံ့သြသွားကြသည်။ သူမက ဖော်ရွေတတ်သည့်သူမဟုတ်ပေ။ ဒီနေ့မှ ဘယ်လိုဖြစ်တာလဲ? သူမရဲ့နေရာကို သူမကိုယ်တိုင် လဲပေးလိုက်တာလား? 


သို့သော် ကျုံးယို့ယို့က မသက်မသာခံစားနေရသောကြောင့် ကျေးဇူးတင်စကားပြောလိုက်ကာ ‌ရှေ့ဘက်သို့ ရွှေ့သွားလိုက်သည်။ 


ထိုအချိန်တွင် ရန်ကျီအန်းက ခေါင်းထောင်လာ၏။ ကျုံးယို့ယို့က ဘယ်ရောက်သွားတာလဲ? သူ၏ဘေးတွင် ထိုင်နေသော မိန်းကလေးမှာ ပြိုင်ပွဲဝင်အတန်းမှဖြစ်ပုံရသည်။


ထိုမိန်းက‌လေးက ဖုန်းကိုထုတ်ကာ ကြည့်နေ၏။ စခရင်ပေါ်တွင် ကျောင်းမြက်ကလေး ရှစ်ကျစ်ထန်၏ မက်ဆေ့ချ် ကနေရာယူထားသည်။ သူမက ရှက်နေပြီး ထိုမက်ဆေ့ချ်ကို ပြုံးကာကြည့်နေသည်။ မက်ဆေ့ချ်ပါ အကြောင်းအရာမှာ :

(အတန်းဖော်... ခုံအမှတ်(၁၃)က ကျုံးယို့ယို့က ကားမူးနေတဲ့ပုံပဲ။ သူမနဲ့ နေရာလဲပေးနိုင်မလား?)


**


တက္ကသိုလ်သို့ရောက်သောအခါ ဘတ်စ်ကားက အဆောင်ရှေ့တွင်ရပ်သွားသည်။ ကျုံးယို့ယို့က ခရီးဆောင်အိတ်ကို ယူပြီး ကားပေါ်မှ ထွက်လိုက်လျှင် ကသိကအောက်ခံစားလိုက်ရသည်။ အဆောင်များက ယိုယွင်းနေပြီဖြစ်ကာ ဓာတ်လှေကားလဲမရှိချေ။ ၎င်းက တက္ကသိုလ်ထဲတွင်ရှိပြီး စာမေးပွဲဖြေရန်လာတည်းသော ကျောင်းသားများအတွက် ခဏတာ သန့်ရှင်းရေးလုပ်ထားသော စွန့်ပစ်ထားသည့် အဆောက်အဆုံနှင့်ပင်တူနေသည်။ 


ကားပါကင်တွင် မြို့နယ်ကျောင်းများ၊ အဆင့်မြင့်ကျောင်းများနှင့် ဒါဇင်ကျော်သော ကောလိပ်နှင့် တက္ကသိုလ်များမှ ကားများဖြင့်ပြည့်နေတာ့သည်။ 

အဆင့်မြင့်ကျောင်းများမှ လာကြသော ကျောင်းသားများက အလိုလိုက်ခံထားရပြီး ငြီးတွားသံတို့က ကျယ်လောင်စွာထွက်ပေါ်နေသည်။ အထူးသဖြင့် အိတ်အကြီးကြီးတွေသယ်လာကြသည့် မိန်းကလေးများက ဓာတ်လှေကားမရှိသည်ကို ငြီးငြူနေကြသည်။


 ဒါတွေကို ခုနစ်လွှာအထိ ဘယ်လိုသယ်ရမှာလဲ?


“ အပြင်ဟိုတယ်မှာပဲ အခန်းတစ်ခန်းယူလိုက်ရမှာ။ အခုလှမ်းယူဖို့ နောက်ကျသွားပြီလား?” 


ကျုံးယို့ယို့က သူတို့နှင့် မတူပေ။ သူမက ငယ်ငယ်တည်းက ချမ်းချမ်းသာသာနှင့် ကြီးပြင်းလာရသူမဟုတ်ပေ။ မူလပိုင်ရှင်သည်လည်း သူမလိုပင်ဖြစ်သည်။ သူမက သန်မာ၏။ သူမက ခရီးဆောင်အိတ်ကို သယ်ရန် မခက်ခဲဟု တွေးလိုက်ပြီး ပထမနှစ်‌ကျောင်းသူလေးနှင့်အတူ  သူမ၏အခန်းကိုရှာလိုက်သည်။ သူမက  ခရီးဆောင်အိတ်နှစ်အိတ်ကို ကိုင်ကာ မှောင်နေသော ကော်ရစ်တာတွင် လျှောက်လာ၏။ 


ခြေနှစ်လှမ်းလောက် လှမ်းပြီးသည့်နောက်တွင် သူမအိတ်ထဲမှ ဖုန်းသည် မြည်လာခဲ့သည်။ လမ်းတစ်လျှောက်တွင်  ချင်းယောင်က သူမကို ဘေးကင်းကင်းနှင့်ရောက်ရဲ့လားဟု ဆက်တိုက်မေးနေခဲ့သည်။

ကျုံးယို့ယို့က နှလုံးသားထဲတွင် နွေးထွေးသွားသလိုခံစားလိုက်ရပြီး ရပ်လိုက်ကာ ဖြေလိုက်သည်။ 

ချင်းယောင်၏ ဆွဲဆောင်မှုရှိသောအသံက တစ်ဖက်မှထွက်လာသည်။ “ရောက်ပြီလား?”


ကျုံးယို့ယို့က ပြုံးလိုက်ပြီး ဖြေမည်အပြုတွင် လူတစ်ယောက်က သူမနားကိုလျှောက်လာခဲ့ပြီး ပြောလာခဲ့သည်။ “ ငါသယ်ပေးမယ်။” 


ရှစ်ကျစ်ထန်က သူမဆီကိုလျှောက်လာခဲ့ပြီး သူမပြန်မပြောနိုင်ခင်မှာပင် ခရီးဆောင်အိတ်ကိုသယ်ကာ လှေကားပေါ်သို့တက်သွားတော့သည်။ 


အနားတွင်ရှိနေသော မိန်းကလေးများသည် လန့်သွားပြီး ကြည့်လိုက်သောအခါ ချက်ချင်း အားကျသွားကြသည်။ ဒါက တစ်ကျောင်းလုံးမှာ အထူးချွန်ဆုံး ရှစ်ကျစ်ထန်မလား? သူက ကျုံးယို့ယို့ကို ဘယ်လိုသိတာလဲ? အိုး ဟုတ်သားပဲ။ သူတို့က ကျုံးယို့ယို့သည် ကျုံးမိသားစု၏ ရတနာလေးဖြစ်သည်ဆိုသည့် အချက်ကို မေ့နေခဲ့သည်ပင်။ ကျစ်ထန်နှင့် ကျုံးယို့ယို့တို့သည် အချင်းချင်းသိနေကြသည်မှာ မထူးဆန်းတော့ပေ။ 


သူက ကျုံးယို့ယို့ကို ကြင်နာသည်ပင်။ 

မုန့်ရှစ်ရွှမ်က ဒေါင်းသိုက်ထဲတွင် ဝင်နေရာယူနေခဲ့သော်လည်း သနားဖို့ကောင်း၏။ သူမက မိသားစု နောက်ခံသာမက အရာအားလုံး ဆုံးရှုံးသွားကာ စေ့စပ်ထားသူသည်လည်း သူမကို လျစ်လျူရှုပြီး တစ်ဖက်တွင်တော့ သူက ကျုံးယို့ယို့ကို အရေးတယူဆက်ဆံလေ၏။


ခဏကြာပြီးနောက် ကျုံးယို့ယို့က သူမပတ်လည်ရှိ အကြည့်များတွင် ချဥ်စူးစူးခံစားလာရသည်။ ရှစ်ကျစ်ထန်ကို မသိသော တခြားကျောင်းမှ ကျောင်းသူများပင် ကြည့်နေကြသည်။ ချောမောခန့်ညားသည့် ကောင်လေးတစ်ယောက်က သူမကို ခရီးဆောင်အိတ်များ ကူသယ်ပေးသည်ကို ကြည့်ရင်း သူတို့က အားကျနေကြ၏။ 

ကျုံးယို့ယို့က မျက်မှောင်ကြုတ်လိုက်ကာ “မလိုဘူး” 

သို့သော် ရှစ်ကျစ်ထန်က သူမပြောသည်ကို လျစ်လျူရှုကာ သူမသွားရမည့် အလွှာသို့တက်သွားရန် ပြင်လိုက်သည်။ ကျုံးယို့ယို့က အံကြိတ်ရင်း ပြေးလိုက်သွားကာ အေးစက်စက်ပင်မေးလိုက်၏။


 “ ရှစ်ကျစ်ထန်... ငါပြောတာ မရှင်းလို့လား? ဘာလုပ်နေတာလဲ?” 


သူက အ‌ပေါ်ထပ်သို့တက်ရန် ခြေလှမ်းနေပြီဖြစ်သည်။ ကျုံးယို့ယို့က သူ့ကိုတားလိုက်သောအခါ သူ၏ နှုတ်ခမ်းတို့က မြင့်တက်သွားသော်လည်း မရပ်ခဲ့ပေ။ သူက အိတ်နှစ်အိတ်ကို ခုနစ်လွှာမှ သူမ၏ အခန်းသို့ သယ်သွားတော့သည်။ 


ဘာအတွက်လဲတဲ့လား? ငါ့ကိုယ်ငါတန်ဖိုးထားမှုနဲ့ မာနတွေအားလုံးကို မေ့ပစ်ပြီး ငါဘာကိုဆုံးရှုံးလိုက်ရလဲဆိုတာ ကောင်းကောင်းသိတယ်။ 

ချင်းယောင်က ကျုံးယို့ယို့ကို နှစ်ဘဝလုံးစောင့်ခဲ့တယ်။ ငါလဲစောင့်နိုင်တယ်။ ဘာလို့ ငါ့ကိုကျ အခွင့်အရေးတောင်မပေးရတာလဲ? 


“ရပါတယ်... စောစောနားတော့။ နေ့ခင်းကျ ပြိုင်ပွဲရှိသေးတယ်။” ရှစ်ကျစ်ထန်က အောက်ကိုပြန်မဆင်းခင် ကျုံးယို့ယို့ကို စိုက်ကြည့်နေခဲ့သည်။


ကျုံးယို့ယို့က သူ၏နောက်ကျောကိုကြည့်ရင်း ပြောစရာစကားပျောက်ဆုံးနေခဲ့သည်။ သူမက လှည့်လိုက်ပြီး အထုတ်ဖြည်ဖို့လုပ်လိုက်သည့်အခါ ပိုလို့ပင် အံ့သြသွားတော့သည်။ 


ချင်းယောင်နှင့်ဖုန်းပြောမှုမှတ်တမ်းမှာ ၃မိနစ် ၂၀စက္ကန့်တွင်ရပ်နေလေသည်။ ချင်းယောင်ကဖုန်းချသွားခဲ့၏။ 

“...” သွားပြီ!!!


ကျုံးယို့ယို့ ချက်ချင်းပင် အပြစ်ရှိသလိုခံစားလိုက်ရပြီး ဘာမှမပြောနိုင်ဘဲ ဖုန်းကိုသာ ဆုပ်ကိုင်ထားခဲ့သည်။


တစ်ဖက်တွင်တော့ချင်းယောင်က ကြမ်းပြင်မှ မျက်နှာကြက်ထိမြင့်သော မှန်ပြတင်းပေါက်ရှေ့တွင် ရပ်နေကာ ဖုန်းကိုချလိုက်၏။ ထူကျစ်ဖန်က သူ၏မျက်နှာသည် မှောင်မိုက်နေသည်ကို သတိထားမိ၏။  နောက်တစ်စက္ကန့်တွင် ချင်းယောင်က ကုတ်အကျီကိုဝတ်၍ ရန်သူကိုရင်ဆိုင်နေသကဲ့သို့ တင်းမာမှုအပြည့်ဖြင့် ထွက်သွားတော့သည်။ 


ထူကျစ်ဖန်က လှမ်းမေးလိုက်၏။ “ မင်းဘယ်သွားမလို့လဲ?” 

**

စာရေးသူမှာပြောစရာရှိပါတယ်   

ချင်းယောင် : ဘယ်ကိုသွားရမှာလဲ? ငါ့မိန်းမဆီကိုပေါ့...

နောက်အပိုင်းတွင် : ကျုံးယို့ယို့က မုန့်ချန်ကိုပြောလိုက်၏။ “ ရှင်ဒူးထောက်ပြီး တောင်းပန်ရင်ရော?”