အပိုင်း ၆၀ ( The Emperor 10 )
Viewers 10k

ဈာပနပြီးနောက် ခုနစ်ရက်အကြာတွင် ဘွားတော်ကြီးသည် သင်္ဂြိုဟ်ခံရလိမ့်မည်ဖြစ်သည်။


ထို့နောက် ယန်ကျင်းဇီသည် ကြင်ရာတော်များအား ညအခါ၌ ဆုတောင်းပတ္ထနာပို့သခြင်းကို ခေတ္တရပ်ဆိုင်းရန် ခွင့်ပြုကြောင်း အမိန့်ပေးခဲ့သည်။ နေ့အခါ၌ သူတို့သည် အစားအစာများ ခဏခဏ ပေးသနားခံရကာ ထိုမှသာလျှင် ကြင်ရာတော်များသည် စားသောက်နိုင်ပြီး ရေအိမ်အသုံးပြုခြင်းကဲ့သို့သော ကိစ္စများအတွက် ခဏတဖြုတ် အနားယူနိုင်ကာ တစ်ချိန်လုံး ဒူးထောက်မနေရတော့ချေ။


ဧကရာဇ်သည် စောင့်ကြပ်ခြင်းအခမ်းအနားသို့ အလွန်အကျွံ အာရုံစူးစိုက်စရာ မလိုကြောင်း အမှာစကား ပေးနေခြင်း ဖြစ်သည်... ဘွားတော်ကြီးအတွက် အမှန်တကယ် ကြေကွဲဝမ်းနည်းကြသော လူများမှာ ‌ဧကရာဇ်မင်းထံမှ မုန်းတီးခံရနိုင်သဖြင့် နောက်ပိုင်းတွင် လူများသည် ဒူးသိပ်မထောက်ကြတော့ပေ။


ဤအခါမှသာလျှင် ပင်းဝမ်သည် ချူထင်းရှိူ့ကို စကားပြောရန် အခွင့်အရေးအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။


ပြီးနောက် သူ ချူထင်းရှိူ့ကို စကားပြောနေသည် ဟူသော ဖြစ်ရပ်ကို များမကြာခင်၌ ယန်ကျင်းဇီ သိရှိသွားလေတော့သည်။


" အရှင်မင်းကြီး ချူစစ်သူကြီးနဲ့ ပင်းဝမ်တို့ စကားပြောနေကြတာ တစ်နာရီရဲ့ လေးပုံတစ်ပုံစာလောက် ရှိနေပါပြီဘုရား။ " မိန်းမစိုးငယ်လေးတစ်ဦးနှင့်အတူ ဝမ်ကျုံးသည် ယန်ကျင်းဇီအား လျှောက်တင်ခဲ့ပြီး သူသည် ထိုသို့လျှောက်တင်နေချိန်တွင် ဧကန်အမှန် အနည်းငယ် စိုးရိမ်ပူပန်နေမိသည်။


ချူစစ်သူကြီးက အရှင်မင်းကြီးကို ငြီးငွေ့သွားလို့ ပင်းဝမ်ကို ထောက်ပံ့ချင်တာမျိုး ဖြစ်နိုင်လောက်လား?


မနေ့ညက အရှင်မင်းကြီးသည် ချူစစ်သူကြီးကို ထပ်မံလူးလှိမ့်ခဲ့ပြန်သည်...


" စကားအကြာကြီးပြောခဲ့တာလား? " ယန်ကျင်းဇီ မျက်မှောင်ကြုတ်သွားသည်။


" အရှင်မင်းကြီး သူတို့ကို စောင့်ကြည့်ဖို့ ကျွန်တော်မျိုးတို့ တစ်ယောက်ယောက်ကို စေလွှတ်လိုက်သင့်ပါသလားဘုရား? " ဝမ်ကျုံး မေးမြန်းလိုက်သည်။


" မင်း လူတစ်ယောက်ကို ရှာပြီး ပင်းဝမ်ကို စောင့်ကြည့်ခိုင်းထားပြီး သူ့ရဲ့ညစောင့်တာဝန်ကိုပါ စောင့်ကြည့်ထားခိုင်းလိုက်။ ပထမဆုံးမင်းဧကရာဇ် အဘိုးတော် နတ်ရွာစံသွားတဲ့အချိန်တုန်းက ကိုယ်တော့်ရဲ့ခမည်းတော်က ခုနစ်ရက်လုံးလုံး ဒူးထောက်ခဲ့ပြီး တစ်နေ့ကို ဆန်ပြုတ်တစ်ခွက်ပဲ သုံးဆောင်ခဲ့တယ်မလား? သူ့ကို သင်ယူခိုင်းလိုက်။ " ယန်ကျင်းဇီက မိန့်ကြားခဲ့သည်။


ဝမ်ကျုံး : " ... " အရှင်မင်းကြီးက အကြင်နာမဲ့လိုက်တာ! နှောင်းဧကရာဇ်က ဘွားတော်ကြီးစီကနေ ဒူးထောက်ဖို့ ဖိအားပေးခံခဲ့ရပြီး အကြာကြီးဒူးထောက်ပြီးသွားတော့ ပြင်းပြင်းထန်ထန် ဖျားနာခဲ့တယ်!


" ချူစစ်သူကြီးကရော... " ဝမ်ကျုံး ထပ်မေးလိုက်ပြန်သည်။


" သူ့ကို ဒီကို ဆင့်ခေါ်လိုက်။ " ယန်ကျင်းဇီသည် ဝမ်ကျုံးအား ပြုံးလျက်နှင့် ကြည့်သည် : " သူက ကိုယ်တော့်လူ။ အခြားလူတွေနဲ့ အချိန်အကြာကြီး စကားပြောတာက ကိုယ်တော့်ကို သဝန်တိုစေတယ်။ ‌နောက်မှ သေချာပေါက် ကိုယ်တော် သူ့ကို သင်ခန်းစာ သင်ပေးလိုက်မယ်။ "


သူက ချူထင်းရှိူ့အား သင်ခန်းစာ 'သင်'ပေးမည်ဟု သူ ပြောနေသော်လည်း သူ့ကြည့်ရတာ တစ်စုံတစ်ဦးကို သင်ခန်းစာသင်ပေးမည့်ပုံစံ လုံးဝ မပေါ်ချေ။ ထို့ပြင် သူက 'သူက ကိုယ်တော့်လူ' ဆိုသော စကားလုံးများကိုလည်း အသားပေးပြောဆိုခဲ့သည်။


ဝမ်ကျုံး အံ့အားသင့်သွားသည်။


ယန်ကျင်းဇီ ဆက်ပြောလိုက်သည် : " မင်း ကိုယ်တော့်ကို ဆက်ဆံသလို မင်း သူ့ကို ဆက်ဆံရမယ်။ "


" မှန်လှပါ အရှင်မင်းကြီး " ဝမ်ကျုံး ပြန်လည်ဖြေကြားခဲ့သည်။


ပင်းဝမ် ချူထင်းရှိူ့နှင့် စကားပြောပြီးနောက် သူသည် ချူထင်းရှိူ့၌ အမှန်တကယ်ပင် ယန်ကျင်းဇီနှင့်ပတ်သက်၍ ပြဿနာတစ်ခုရှိနေကြောင်း သိရှိသွားပြီး ခဏတာ စိတ်ကျေနပ်သွားရသည်။


ယခင်က ချူထင်းရှိူ့၏ဥပေက္ခာပြုမှုမှာ ချူထင်းရှိူ့ကို အတူတကွ ခေါ်ယူရန် သူ လက်ထပ်ချင်ခဲ့သော ချူထင်းလန်ကိုပါ လက်မထပ်ချင်တော့အောင် သူ့အား ဖြစ်စေခဲ့သည်။ ဖြစ်ချင်တော့ ချူထင်းလန်သည် သူ့လူများနှင့် ဝန်းရံခံထားရကာ သူသည် သူတို့အား ချူထင်းလန် သူ့အစ်ကိုတော်နှင့် လက်ဆက်မည့်ကိစ္စကို အားပေးအားမြှောက်ပြုစေခဲ့လေသည်။


သူ့အစ်ကိုတော်၏ဇနီးက သူ့အား အမှန်တကယ် ချစ်မြတ်နိုးသည်ကို တွေ့မြင်ရမည်မှာ သာယာကြည်နူးဖွယ်ကောင်းသော ကိစ္စရပ် ဖြစ်သည်။


သို့သော် ယခုမူ... သူ ချုထင်းလန်ကို လက်ထပ်နိုင်သည်ဟု ထပ်မံခံစားမိသည်။


အတွေးများစွာ တွေးတောပြီးနောက် ပင်းဝမ်သည် ဆုတောင်းပတ္ထနာပို့သခြင်းအခမ်းအနားသို့ ပြန်သွားခဲ့ပြီး ယန်ကျင်းဇီအတွက် အလွန်အရေးပါသော မိန်းမစိုးငယ်တစ်ဦးကို တွေ့လိုက်ရသည်။


မိန်းမစိုးငယ်က သူ့အား ပြုံးပြကာ လျှောက်တင်လာသည် : " အရှင်မင်းသား၊ အရှင်မင်းသားက အရှင်မင်းကြီးရဲ့ကိုယ်စား အခမ်းအနားမှာ ရပ်တည်ဖို့ ဒီနေရာမှာ ရောက်ရှိနေတာပါ။ အရှင်မင်းကြီးက သူ နှောင်းဧကရာဇ်ရဲ့ဥပမာကို လိုက်နာကျင့်သုံးမယ်လို့ မိန့်တော်မူလိုက်ပါတယ်... "


နှောင်းဧကရာဇ်က ခုနစ်ရက်၊ခုနစ်ညတိတိ ဒူးထောက်ခဲ့တာ! ‌ပင်းဝမ် သွေးတစ်လုတ်စာ အန်မိတော့မတတ်ပင်။


အခြားတစ်ဖက်တွင်မူ ချူထင်းရှိူ့သည် ဆင့်ခေါ်စရာပင် မလိုချေ။ သူသည် ယန်ကျင်းဇီ၏အိပ်ဆောင်သို့ ရောက်ရှိနေပြီဖြစ်သည်။


သူ ရောက်သွားသောအခါ ယန်ကျင်းဇီက လက်ရေးလှ ရေးကျင့်နေခဲ့သည်။


ချူထင်းရှိူ့ ယန်ကျင်းဇီ၏အနားသို့ ရောက်သွားသောအခါ သူသည် ယန်ကျင်းဇီက စုတ်တံ‌တစ်ချောင်းနှင့် လျင်မြန်စွာ ရေးသားနေပြီး စာလုံးတိုင်းမှာ အလွန်ကောင်းမွန်စွာ ရေးသားခံထားရကြောင်း တွေ့မြင်လိုက်ရသည်။


အရှင်မင်းကြီး၏ ယခင်က ပညာမတတ်သော ပုံပန်းသွင်ပြင်မှာ အမှန်တကယ်ပင် သရုပ်ဆောင်မှုတစ်ခုသာ ဖြစ်လေသည်။


" ကျင်းဇီ " ချူထင်းရှိူ့ ထုတ်ခေါ်လိုက်သည်။


" ကိုယ့်ကို ကိုယ့်နာမည်နဲ့ ခေါ်ရမယ်မှန်း သိနေတော့ မင်းအတွက် ဆုလာဘ် ရှိတယ်။ " ယန်ကျင်းဇီ ချူထင်းရှိူ့ကို နမ်းလိုက်၏။


ချူထင်းရှိူ့ ရှက်ရွံ့သွားသော်လည်း ချက်ချင်း အဓိကကိစ္စရပ်ကို သတိရခဲ့သည် : " အရှင်မင်းကြီး ပင်းဝမ်က တကယ် အန္တရာယ်ရှိပြီး လျစ်လျူရှုလို့မဖြစ်ပါဘူး။ ငါ့မှာ အကြံဉာဏ်တစ်ခု ရှိတယ်။ "


" ဘာအကြံလဲ? " ယန်ကျင်းဇီက မေးသည်။


ချူထင်းရှိူ့ ဖြေးညှင်းစွာ ပြောဆိုခဲ့သည်။


သူသည် ယခင်က ယန်ကျင်းဇီ သူ့ကို ပြောဖူးသော အကြောင်းများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေမိသည်။


အကယ်၍ ပင်းဝမ်က အမှန်တကယ် လုံးဝ မကောင်းမွန်ဘဲ သူ့ညီမက သူနှင့် ပတ်သက်ရှုပ်ထွေးနေလျှင် အဆုံးမှာ ဘာဖြစ်နိုင်မလဲ?


သူ သူ့ညီမတွင် တစ်ခုခုဖြစ်မည်ကို ခွင့်မပြုနိုင်ချေ။


ချူထင်းရှိူ့သည် သူ ဘာဆက်လုပ်မလဲ ပြောဆိုပြီး ယန်ကျင်းဇီအား ကြည့်လိုက်သည်။


ချူထင်းရှိူ့ ဆိုလိုသည်မှာ သူ ပင်းဝမ်နှင့် ရင်းနှီးအောင် ပေါင်းသင်းကာ ပင်းဝမ် ဘာလုပ်ချင်သလဲ စူးစမ်းရှာဖွေမည်ဖြစ်ပြီး ပင်းဝမ်၏ ရက်စက်ယုတ်မာသော ရည်မှန်းချက်များအတွက် သက်သေကို ရှာဖွေရယူမည်ဖြစ်သည်...


ယန်ကျင်းဇီက ပြောသည် : " ဒါဆို မင်းက ပင်းဝမ်ကို ဆက်ပြီး ဆက်သွယ်နေဦးမှာပေါ့? "


ဒါက မဖြစ်မနေလုပ်ရမည့်ကိစ္စ ဖြစ်သည်... ယန်ကျင်းဇီ ဒါကို ဘာကြောင့် မေးလဲ ချူထင်းရှိူ့ နားမလည်ပေ။


" ကိုယ့်ချစ်သူက အခြားတစ်ယောက်နဲ့ ရင်းနှီးရင် ကိုယ် ဝမ်းနည်းရလိမ့်မယ်။ မင်း ကိုယ့်ကို လျော်ကြေးအချို့ မပေးသင့်ဘူးလား? " ယန်ကျင်းဇီ မေးခဲ့သည်။


အစက သူသည် သဝန်တိုခြင်း ဟူသော ယိုးမယ်ဖွဲ့အကြောင်းပြချက်ဖြင့် ချူထင်းရှိူ့အား သင်ခန်းစာ 'သင်'ပေးတော့မည်ဖြစ်သော်လည်း ချူထင်းရှိူ့က ရောက်လာလာချင်း ဝန်ခံခဲ့သည်... သူ အခြားတစ်ခုခုကြောင့် လျော်ကြေးရသင့်သည်။


" အရှင်မင်းကြီးက ဘာလျော်ကြေးရချင်တာပါလဲ? " ချူထင်းရှိူ့ မေးလိုက်သည်။


ယန်ကျင်းဇီက ဆိုသည် : " ဒီည မင်း မင်းရဲ့အတွင်းအဝတ်အစားတွေကို ချွတ်ပြီး အပြင်အဝတ်အစားတွေကိုပဲ ဝတ်ဆင်ရမယ်... "


ချူထင်းရှိူ့ : " ... "


ယန်ကျင်းဇီက ဆက်ပြောသည် : " ကိုယ်လည်း မင်းလိုပဲ။ အတွင်းအဝတ်အစားတွေကို မဝတ်ဘဲ နဂါးဝတ်ရုံပဲ ဝတ်ထားမယ်။ "


ချူထင်းရှိူ့ : " ... " အရှင်မင်းကြီးက တကယ်ကြီး ဒီလိုလူမျိုးပဲ!


ထိုည၌ ပင်းဝမ်သည် ဘွားတော်ကြီး၏ ခေါင်းတလားရှေ့တွင် ခါးသီးစွာ ဒူးထောက်လျက် စောင့်ကြည့်ခံနေရခဲ့သည်။


သို့သော်ငြား လက်ရှိအုပ်ချုပ်သူမင်းဧကရာဇ်ကမူ သူ နေမကောင်းသောကြောင့် အိပ်ဆောင်ထဲတွင် နောက်ထပ်မီးအိုးများ ထားရှိရန် ခိုင်းစေခဲ့လေသည်။


အစက ယန်ကျင်းဇီသည် အတွင်းလွတ်ဝတ်ရုံများ ဝတ်ဆင်ထားပြီး ချူထင်းရှိူ့နှင့်အတူ လျှောက်တင်လွှာများ ဖတ်ရှုခဲ့ခြင်းသာဖြစ်သော်လည်း နောက်ပိုင်းတွင်တော့ သူ ဘာ‌ဖတ်နေသလဲတောင် သူ မသိတော့ချေ။


အမှန်ဆိုလျှင် အစက သူသည် ကောင်းမွန်သော အချိန်တစ်ခု ရှိချင်ရုံသာဖြစ်ပြီး အနားယူခြင်း၏ ကောင်းမွန်သော နေ့ရက်တစ်ရက် ကုန်ဆုံးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ သို့သော် ချူထင်းရှိူ့က သူ့ထံတွင် ဝန်ခံပြီးနောက် အမြဲတမ်း အလွန်စိတ်အားထက်သန်နေခဲ့သည်...


အရာအားလုံးပြီးဆုံးသွားသောအခါ ယန်ကျင်းဇီသည် ကိုယ်တိုင်ကိုယ်ကျ ချူထင်းရှိူ့၏ခြေထောက်အား သန့်ရှင်းရေးလုပ်ပေးခဲ့သည်။


လွန်ခဲ့သော နှစ်ရက်အတွင်း သူ အလွန်ဂရုစိုက်ခဲ့၏။ ချူထင်းရှိူ့က ဒဏ်ရာမရထားသော်လည်း ယန်ကျင်းဇီသည် ဆေးလိမ်းပေးနေဆဲဖြစ်ပြီး အသားအရည်ထိန်းသိမ်းပေးသော လိမ်းဆေးကို ထုတ်ယူကာ ချူထင်းရှိူ့၏ခြေထောက်များအပေါ် ပွတ်လိမ်း၍ ချူထင်းရှိူ့အား နှိပ်နယ်ပေးခဲ့သည်။


" အရှင်မင်းကြီး မလုပ်ပါနဲ့။ " ချူထင်းရှိူ့ က သူ့အား ချက်ချင်းဆိုသလို တားမြစ်သည်။


" ကိုယ့်ခြေထောက်ကို ထိတာ ဘာမှားလို့လဲ? " ယန်ကျင်းဇီက မေးသည်။


ချူထင်းရှိူ့သည် သူ့ကိုယ်ပိုင်ခြေထောက်ကို ငေးကြောင်ကြောင်ဖြင့် ကြည့်မိလိုက်သည်။


ယန်ကျင်းဇီက ဆိုသည် : " မင်းက ကိုယ့်လူ၊ မင်းရဲ့ခြေထောက်က ကိုယ့်ရဲ့ခြေထောက်ပဲ။ "


ချူထင်းရှိူ့ : " ... "


ယန်ကျင်းဇီသည် သူ၏ကိုယ်ပိုင်ခြေထောက်များကို ဘေးဘက်သို့ ဆန့်ထုတ်လိုက်သည် : " မင်းလည်း မင်းရဲ့ခြေထောက်ကို ထိနိုင်တယ်။ "


ချူထင်းရှိူ့သည် သူ့၌ နဂါးခုတင်ပေါ်တွင် လှဲလျောင်း၍ နဂါး၏ခြေထောက်ကို ထိကိုင်နိုင်သော နေ့ရက် ရှိလာလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။


နောက်တစ်နေ့ ယန်ကျင်းဇီ အိပ်ရာထနောက်ကျခဲ့သည်။


သူ မနေ့ညက ညသန်းခေါင်အထိ အလုပ်လုပ်ခဲ့လေရာ သူ ဘယ်လိုလုပ် မနက်ထနိုင်ပါ့မလဲ?


ကံကောင်းစွာဖြင့် အကြောင်းပြချက်တစ်ချက်က ရှိနေပြီးသားပင်...


ဘွားတော်ကြီး၏ဆုံးပါးမှုကြောင့် သူသည် အလွန်အမင်း ဝမ်းနည်းနေပြီး နေမကောင်းဖြစ်နေသည်။


တစ်ညလုံး ဒူးထောက်နေသော ပင်းဝမ်တစ်ယောက် သတင်းများ ကြားသိလိုက်ရသည် : " အိုး! "


သူ ကြောက်မိတာ သူ့အစ်ကိုတော်က သူနဲ့ ချူထင်းရှိူ့တို့ ဆက်သွယ်မှုအကြောင်း သိနေလို့ သူ့ကို တမင်တကာ ညှဉ်းဆဲနေမှာကိုပဲ!


သို့သော် သူ့အစ်ကိုတော်က ပိုပြီး စေ့စပ်သေချာလေလေ ချူထင်းရှိူ့ကို သူ့ဘက်ခေါ်ရန်မှာ ကောင်းမွန်သော အကြံအစည် ဖြစ်လိမ့်မည်ဟု သူ ပိုပြီး တွေးမိလေလေပင်။


အခု ဆုတောင်းပတ္ထနာပို့သခြင်း ကျင်းပနေတဲ့ နန်းဆောင်ထဲမှာ သူတစ်ယောက်တည်း ရှိနေတာတောင်မှ သူ သူ့အကြံပေးတွေနဲ့ ကိစ္စတွေ ဆွေးနွေးဖို့ မဖြစ်နိုင်နေတုန်းပဲ!


ပင်းဝမ်သည် ယခင်က သူ အလွန်ဝမ်းနည်းစွာ သရုပ်ဆောင်ခဲ့မိသည်ကို နောင်တရမိသည်။


သူသည် သူ၏ဝတ္တရားကျေပွန်မှုကို သူ့အစ်ကိုတော်၏ ဝတ္တရားမကျေပွန်မှုအား ပြသ‌နိုင်သော အဖျက်အဆီးအဖြစ် အသုံးပြုချင်ခဲ့ရုံသာဖြစ်သည်။ သူ့အစ်ကိုတော်က ဘာမှမယူလောက်ဘူးလို့ တစ်ခါမှ မတွေးထားခဲ့ဘူး!


ဧကရာဇ်မင်းတစ်ပါးဖြစ်ရတာ ကောင်းသည်။ အကယ်၍ သူသာ ဧကရာဇ်မင်းဆိုရင် ဒီနေရာမှာ ဒူးထောက်နေရတာ တခြားတစ်ယောက် ဖြစ်နေလိမ့်မယ်!


ပင်းဝမ် ထိုသို့တွေးမိပြီး 'မူးဝေ'၍ မျက်နက်လန်သွားလေသည်။


သေချာတာပေါ့၊ သူ တစ်ချိန်လုံး အမှန်တကယ် ဒူးထောက်မနေနိုင်ချေ။ သို့သော် သူသည် ပျင်းရိခြင်းနည်းလမ်းမျိုးစုံကို အသုံးပြုပြီးပြီဖြစ်ကာ ယခု သူသည် မူးဝေနေသယောင်သာ ဟန်ဆောင်နိုင်တော့သည်။


အချိန်တိုတစ်ခုအတွင်း ပင်းဝမ်၏မေ့မျောခြင်း သတင်းမှာ ယန်ကျင်းဇီ၏နားများသို့ ရောက်ရှိသွားခဲ့သည်။


နောက်ဆုံးတော့ သူသည် အိပ်ရာမှ ထကာ အဝတ်အစားလဲ၍ ပင်းဝမ်ကို သွားတွေ့ရန် ဆန္ဒရှိလာသည်။


ယန်ကျင်းဇီ ရောက်သွားသောအခါ ပင်းဝမ်သည် သတိလစ်နေသယောင် ဟန်ဆောင်နေဆဲဖြစ်သည်။


သူသည် အတော်လေး ကျွမ်းကျင်ပိုင်နိုင်စွာ မူးဝေနေသယောင် ဟန်ဆောင်ခဲ့ပြီး သူ့မျက်လုံးများက မလှုပ်ရှားပေ။


ယန်ကျင်းဇီသည် သူ့နောင်တကို ဖော်ပြကာ ခပ်တိုးတိုး 'ဝါး'ခနဲ သန်းဝေလိုက်သည်။


သူသည် ပင်းဝမ်၏အနားတွင် မတ်တပ်ရပ်နေပြီး သူ့ကို စောင့်မျှော်နေကြသော ထိုသူများမှာ အနည်းငယ် အလှမ်းဝေးကွာသဖြင့် ဘယ်သူကမှ သူ့ကို မကြားရသော်လည်း သူ့ကို အပြည့်အဝ အာရုံစိုက်နေသော ပင်းဝမ်‌ကတော့ ကြားလိုက်ရသည်။


တစ်စုံတစ်ခု မှားယွင်းနေပြီဟု ပင်းဝမ် ခံစားလိုက်ရ၏။


ပင်းဝမ်၏ ကြင်ရာတော်မယ်မယ်တွင် နန်းတော်ထဲ၌ လွှမ်းမိုးမှု အများအပြား ရှိသဖြင့် သူသည် လူများကို စုံစမ်းစစ်ဆေးရန် ချက်ချင်း ခိုင်းစေခဲ့ပြီး အဆုံး၌ သဲလွန်စအချို့ ရှာတွေ့ခဲ့သည်။


သူ သတိပြုမိသော ပထမဆုံးကိစ္စမှာ ယန်ကျင်းဇီကို အထင်အမြင်သေးလေ့ရှိသော မဟာဆရာယောင်သည် ယခုမူ အရှင်မင်းကြီးကို သင်ကြားရန် အကောင်းဆုံး ကြိုးစားနေသည်။ ထို့ပြင် သူသည် အရှင်မင်းကြီး၏ သစ်သားမှာ ထွင်းထုရန် ဆွေးမြည့်လွန်းနေပြီဟု လူများကို ပြော‌ပြနေခြင်းကိုလည်း ရပ်တန့်ခဲ့သည်။


အရှင်မင်းကြီးသည် မှူးမတ်အချို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ထိုသူတို့ ထွက်လာသောအခါ မျက်နှာသိပ်မကောင်းကြချေ။


ဤဖြစ်ရပ်များမှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်သော်လည်း ပင်းဝမ်သည် လက်ရှိအဖြစ်အပျက်များကို ရှာဖွေသိရှိရန် လုံလုံလောက်လောက် ဂရုတစိုက်ရှိလှပြီး သူသည် တစ်စုံတစ်ရာကို အမှန်တကယ် ရှာဖွေသိရှိခဲ့သည် – အရှင်မင်းကြီးက မရိုးရှင်းဟု မှူးမတ်တစ်ယောက်က သူ့မိသားစုကို ပြောပြခဲ့သည်။


သူ့အစ်ကိုတော်က မရိုးရှင်းဘူး?

ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!


ပင်းဝမ်သည် မယုံကြည်ချင်သော်လည်း သူ ရှာဖွေတွေ့ရှိသော ဖြစ်ရပ်များ များပြားလာလေလေ ၎င်းမှာ မှန်ကန်ကြောင်း သက်သေများလာလေလေပင်။


သူ့ရဲ့ သူရဲဘောကြောင် အစ်ကိုတော်က ရုပ်သေးရုပ် ဧကရာဇ်မင်းတစ်ပါး မဖြစ်ချင်တော့ဘူး ထင်တယ်!


ပင်းဝမ်သည် အလျင်လိုနေသော်လည်း သူသည် ဆုတောင်းပတ္ထနာပို့သခြင်းအခမ်းအနားကို စောင့်ကြပ်ရန် နောက်တစ်ကြိမ် ခေါ်သွားခံရပြန်သည်။


လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပင်းဝမ်သည် အကြိမ်ပေါင်းများစွာ 'သတိလစ်ခဲ့သည်'။ သို့သော် အကြိမ်တိုင်း သူသည် အကြာကြီး မပုန်းခိုနိုင်ဘဲ ခဏလောက်ကြာသည်နှင့် တစ်စုံတစ်ယောက်က ရောက်လာပြီး သူ့ကို လာရောက်ရန် ဖိတ်ခေါ်လိမ့်မည်ဖြစ်သည်။


သူ ပိုပြီး သတိလစ်မေ့မျောသောအခါ သူသည် ထွက်ပြေးလွတ်မြောက်ရန် သူ၏သတိလစ်မေ့မျောမှုကို အတုအယောင် ဖန်တီးနေသည် ဟူသော ကောလာဟလများ ထွက်ပေါ်လာလေသည်။


သူ ဟန်ဆောင်ခဲ့သည်မှာ မှန်ကန်သော်လည်း သူသည် အပြောမခံချင်သဖြင့် ဆက်လက်၍ ဒူးထောက်နေခဲ့သည်။


အဆုံးမှာတော့ ခုနစ်ရက်မြောက်နေ့ ရောက်ရှိလာလေပြီ။


ညနေခင်းတွင် အခြားသူများအားလုံး သွားရောက်အနားယူနေကြသော်လည်း ဘာသာရေးခန်းမဆောင်ထဲတွင် ပင်းဝမ်နှင့် မိန်းမစိုးများသာ ရှိနေကြသည်။ သို့သော် မိန်းမစိုးများသည် ဒူးထောက်စရာမလိုဘဲ အဆိုင်းများပင် ပြောင်းလဲနိုင်ကြ၏။


ပင်းဝမ်သည် မချင့်မရဲခံစားရခြင်းမှ သူ့ကိုယ်သူ မထိန်းချုပ်‌နိုင်ပေ။


သူသည် အချိန်အကြာကြီး မွန်းကျပ်နေခဲ့ပြီး ထို့နောက် ရုတ်တရက်ကြီး တံခါးအပြင်ဘက်မှ ခြေလှမ်းသံများ ထွက်ပေါ်လာခဲ့သည်။


ခြေလှမ်းသံများသည် တိတ်ဆိတ်သော ညဘက်၌ ရုတ်တရက် ထွက်ပေါ်လာသည်... ပြီးနောက် ပင်းဝမ် ပျာယာခတ်သွားပြီး ခေါင်းလှည့်ကြည့်လိုက်ရာ ယန်ကျင်းဇီ သူ့စီ ဖြေးညှင်းစွာ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရသည်။


တစ်ချိန်တည်းမှာပင် ဘာသာရေးခန်းမဆောင်ထဲရှိ အပျိုတော်များနှင့် မိန်းမစိုးများသည် တိတ်တဆိတ် ဆုတ်ခွာသွားကြသည်။


ပင်းဝမ် သူ့အစ်ကိုတော်ကို ကြည့်လိုက်သည်။ ဤလူ၏မျက်နှာပေါ်မှ အမူအရာသည် ယခင်က သူ မြင်ဖူးခဲ့သော မည်သည့်အမူအရာနှင့်မျှ မတူညီချေ။


" ပင်းဝမ်က ကိုယ်တော့်ကို စစ်ဆေးဖို့ လူအများကြီး ရပြီးသွားပြီလား? " ယန်ကျင်းဇီ၏နှုတ်ခမ်းထောင့်မှာ အနည်းငယ် မြင့်တက်နေခဲ့သည်။


ဖယောင်းတိုင်မှ မီးတောက်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပြီး ဖယောင်းတိုင်မီးတောက်၏ အလင်းရောင်အောက်တွင် ယန်ကျင်းဇီ၏မျက်နှာမှာ အနည်းငယ် အံ့ဩထိတ်လန့်ဖွယ်ကောင်းနေသည်။


ပင်းဝမ်သည် သူ့အစ်ကိုတော်ကို ယခင်က တစ်ခါမှ မကြောက်ရွံ့ခဲ့ဖူးသည့်အပြင် အထင်အမြင်သေးခဲ့ဖူးသည်။ သို့သော် ဤအချိန်တွင်မူ အကြောင်းပြချက်တချို့ကြောင့် သူသည် ရုတ်တရက် အနည်းငယ် ကြောက်ရွံ့သွားသည်။ " အစ်ကိုတော်ဧကရာဇ် "


ထို့နောက် ယန်ကျင်းဇီသည် ပင်းဝမ်စီသို့ လျှောက်သွားခဲ့ပြီး ခေါင်းခေါက်လိုက်သည် : " မင်း တကယ်သတ္တိရှိတာပဲ။ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု တည်ထောင်ထားရုံနဲ့ မလုံလောက်သေးဘူး။ မင်းက ချူထင်းရှိူ့ကို ဆက်သွယ်ပြီး သူ့ညီမနဲ့ ရောထွေးနေရဲသေးတယ်။ "


ပင်းဝမ်သည် ထုံကျင်နေသော ခြေထောက်များဖြင့် ဒူးထောက်နေခြင်းဖြစ်ပြီး ဤအချိန်တွင် ပို၍ပင် ထူးထူးခြားခြား အားနည်းနေလေသည်။


ယန်ကျင်းဇီက ဆိုသည် : " မင်း ပိုပြီး ကောင်းကောင်းမွန်မွန် ပြုမူသင့်တယ် အဲ့လိုမှမဟုတ်ရင်... " သူသည် ပင်းဝမ်အား အေးစက်ခက်ထန်သော အကြည့်တစ်ချက် ပေးခဲ့သည်။


နေရာက အရမ်းအေးစက်လွန်းသောကြောင့်လား၊ ယန်ကျင်းဇီ၏ပြောင်းလဲမှုက အရမ်းကြောက်စရာလွန်းသောကြောင့်လား မသိသော်ငြား ပင်းဝမ်သည် ဤအကြည့်မှာ လွန်စွာကြောက်စရာကောင်းလှသည်ဟု ထင်မိကာ တုန်ယင်သွားပြီး သူ့ခန္ဓာကိုယ်ကို တည်ငြိမ်စေရန်အတွက် လက်နှစ်ဖက်စလုံးဖြင့် သူ့ကိုယ်သူ ထိန်းလိုက်ရသည်။


သူသည် တဖိမ့်ဖိမ့် တုန်ယင်နေပြီး သူ့ခန္ဓာကိုယ် တည်ငြိမ်အောင် ထိန်းထားရန် သူ့လက်များဖြင့် သူ့ကိုယ်သူ တောင့်ထားသည်။ ယန်ကျင်းဇီက ပြုံးကာ နေရာမှ ထွက်ခွာသွားသည်။


သူ့အချစ်လေးနဲ့ အတူရှိဖို့ သူ ပြန်ရမယ်!


အစက သူသည် ပင်းဝမ်ကို ဂရုစိုက်နိုင်လောက်အောင် သန်မာချင်ခဲ့သော်လည်း သူ့အချစ်လေးက ကူညီရန် ဆန္ဒရှိသဖြင့် သူ ပင်းဝမ်ကို လျင်မြန်စွာ ဖယ်ရှားသင့်သည်။


ပင်းဝမ်ကို မည်သို့ကိုင်တွယ်ဖြေရှင်းမည်နည်း ဆိုသည့်ကိစ္စမှာတော့ ၎င်းက ပင်းဝမ်၏ရွေးချယ်မှုအပေါ်သာ မူတည်သည်။


သူ့ကို အရမ်းကြောက်ရွံ့‌သွားပြီးနောက် ပင်းဝမ်က ငြိမ်ငြိမ်နေရန် ရွေးချယ်ခဲ့သည်ဆိုလျှင် ၎င်းမှာ သူက(ယန်ကျင်းဇီက) သူ့ကို(ပင်းဝမ်ကို) သည်းမခံနိုင်‌တာမျိုး မဟုတ်ချေ။ အကယ်၍ ပင်းဝမ်က တစ်စုံတစ်ရာ ဆောင်ရွက်ပြုမူချင်သည်ဆိုလျှင်... ဒါဆို သူ စောင့်လိုက်မည်။


ယန်ကျင်းဇီသည် သူ့အိပ်ဆောင်သို့ ပြန်ရောက်ပြီး ချူထင်းရှိူ့ကို ပွေ့ဖက်လိုက်သည် : " ညဘက်အပြင်ထွက်ရတာ ကိုယ် အေးနေပြီ။ မင်း ကိုယ့်ကို အနွေးဓာတ်ပေးရမယ်... "


အရှင်မင်းကြီး အအေးမိရင် ဘယ်လိုလုပ်မလဲ? သေချာတာပေါ့၊ သူ့ကို အနွေးဓာတ်ပေးရတာ ကောင်းမွန်သည်။


အနွေးဓာတ်ပေးခြင်းနှင့် နဂါးခုတင်ပေါ် ရောက်သွားခြင်းတို့အတွက်မူ...


ချူစစ်သူကြီးက ၎င်းကို အရမ်းသဘောကျနေပါသေးသည်။