အမှန်တကယ်တော့ ပင်းဝမ်သည် အတော်လေး အစွမ်းထက်လှသည်။ ညသန်းခေါင်တွင် ထိုနေရာသို့ ယန်ကျင်းဇီ သွားရောက်ပြီး သူ့ကို ခြောက်လှန့်နိုင်ခဲ့ခြင်းမှာ ပြီးပြည့်စုံသော အချိန်နှင့်နေရာတို့ကြောင့်ဖြစ်သည်။
ဈာပနခန်းမနေရာမှာ အမှန်ပင် ချောက်ချားဖွယ်ကောင်းပြီး ပင်းဝမ်တွင် ညစောင့် ခုနစ်ရက် အတောအတွင်း ကောင်းမွန်သော အနားယူမှု တစ်ခါမှ မရှိခဲ့ပေ – သူသည် မူးဝေနေသယောင် ဟန်ဆောင်ပြီး သွားရောက်အိပ်စက်သော်လည်း ကံမကောင်းစွာဖြင့် သူသည် ယန်ကျင်းဇီထံမှ အမြဲတမ်း အနှိုးခံရလေသည်။
လူတစ်ယောက် အလွန်ပင်ပန်းနေသောအခါ ထိုသူ၏ဉာဏ်မှာ ထုံထိုင်းနေပြီး ပင်းဝမ်လည်း ဤအခြေအနေတွင် ရောက်ရှိနေခြင်းဖြစ်သည်။ ယန်ကျင်းဇီက ပုံမှန်ထက် အလွန်ကွဲပြားစွာ ပြုမူသော အချက်ကိုပါ ထပ်ပေါင်းထည့်လိုက်သောအခါ ပင်းဝမ်သည် လှည့်စားခံရလိုက်ပြီဖြစ်သည်။
ထိုဖြစ်ရပ်ပြီးနောက် ယန်ကျင်းဇီသည် သူ့ကိုယ်သူ ဖုံးကွယ်ထားခြင်းကို ရပ်တန့်လိုက်သည်။
ဘွားတော်ကြီး၏ သင်္ဂြိုဟ်မြှုပ်နှံမှု ပြီးဆုံးပြီးနောက် ပထမဆုံး ညီလာခံဆွေးနွေးပွဲတွင် အမြဲတမ်း ဆိတ်ဆိတ်နေတတ်သော ယန်ကျင်းဇီသည် ရုတ်တရက် စကားထပြောခဲ့ပြီး ဘွားတော်ကြီး၏မိသားစုမှ မှူးမတ်အရာရှိများစွာကို ရာထူးမှ ထုတ်ပယ်ခဲ့သည်။
ဤမှူးမတ်များက သူတို့အလုပ်ကို သေချာမလုပ်ရုံဖြင့် မလုံလောက်သေးဘဲ သူတို့က ချူထင်းရှိူ့ကို နှောင့်ယှက်ကြသေးသည်။ သူ သူတို့ကို မကောင်းမြင်နေသည်မှာ ကြာပြီဖြစ်သည်။
နောက်ပိုင်းတွင်တော့ လူအုပ်ကြီးက သူတို့၏အိမ်သို့ ပြန်ရောက်သွားကြပြီး ဧကရာဇ်နှင့် ချူထင်းရှိူ့တို့ထံမှ မမျှော်လင့်ထားသော ရာထူးဖြုတ်ခံရမှုကြောင့် ဒေါသထွက်သွားကြသည်။ တစ်ချိန်တည်းမှာပင် ဧကရာဇ်မင်းကလည်း အမျိုးမျိုးသော လျှောက်တင်လွှာများကို စတင်၍ ကိုယ်တိုင်ကိုယ်ကျ ဆန်းစစ်သုံးသပ်လာသည်။
ဧကရာဇ်မင်း ဤသို့ပြုမူသောအခါ ညီလာခံမှ မှူးမတ်များသည် သူ နောက်ပြောင်နေသည်ဟုသာ တွေးထင်ခဲ့ကြသည်။ အရှင်မင်းကြီးသည် တစ်နှစ်ခန့်သာ စာလေ့လာရသေးပြီး သူ အလုံးစုံသော စကားလုံးများကို ဖတ်နိုင်၊ မဖတ်နိုင်ပင် မသိရသေးချေ။
ရလဒ်မှာတော့...
ဧကရာဇ်ရဲ့လက်ရေးက ဆယ်စုနှစ်များစွာ လေ့ကျင့်ထားပြီးတဲ့ သူတို့လိုမျိုး ကောင်းမွန်လှတယ်!
နိုင်ငံရေးကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းသောအခါ သူသည် အနည်းငယ် သံချေးတက်နေသော်လည်း သူ့တွင် မှူးမတ် ခုနစ်ယောက် သို့မဟုတ် ရှစ်ယောက် အတူရှိပြီး သူ နားမလည်သည့် တစ်စုံတစ်ရာနှင့် ကြုံတွေ့သည့်အခါတိုင်း သူသည် မေးခွန်းများ မေးမြန်းပြီး ၎င်းကို အသေအချာ ကိုင်တွယ်ဖြေရှင်းနိုင်လေသည်။
အရှင်မင်းကြီးက အရင်တုန်းက အရမ်း ဆိုးဆိုးရွားရွား ပြုမူခဲ့တော့ အခု သူ့ကို ဒီလိုမြင်ရတာ ထိတ်လန့်စရာပဲ!
ဤအချိန်တွင် လူအများအပြားသည် ယန်ကျင်းဇီဘက်မှ စတင်ခေါ်ယူစရာ မလိုဘဲ သူ့ထံသို့ အညံ့ခံခဲ့ကြသည်။
အဆုံး၌ သူက ဧကရာဇ်မင်း ဖြစ်သည်ပင်။
ယန်ကျင်းဇီသည် သူ့အနားမှ လူများ သူ့ကို ကြည်ညိုလေးစားကြသော ဘဝတွင် နေထိုင်နေသော်ငြား သူသည် မပျော်ရွှင်ပေ။
ချူထင်းရှိူ့က နန်းတော်ထဲတွင် နေထိုင်ခြင်းကို လတ်တလော ရပ်နားထားသည်။
ဘွားတော်ကြီးကို သင်္ဂြိုဟ်မြှုပ်နှံပြီးခါစနောက်မှာပဲ ချူထင်းရှိူ့က ထွက်သွားပြီး အဲ့နောက်ပိုင်း သူက တစ်ခါမှ ပြန်မလာတော့ဘူး!
အဲ့ဒါ ပင်းဝမ်ကြောင့်ပဲ!
ပင်းဝမ်က ငြိမ်ငြိမ်နေရန် ငြင်းပယ်ခဲ့သည်။
နှောင်းဧကရာဇ်၏ ဧကရီမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ဆုံးပါးသွားခဲ့ပြီး နောက်ပိုင်း မည်သည့်ဘုရင်မမျှ မရှိတော့သော်လည်း ပင်းဝမ်၏မိခင်သည် မြင့်မြတ်သော ကြင်ရာတော်တစ်ယောက်အနေဖြင့် နန်းတွင်းကိုယ်လုပ်တော်များထဲတွင် ရာထူးအမြင့်ဆုံး ဖြစ်သည်။ သူ(မ)၏မိခင်ဘက်မှ မိသားစုကလည်း ကူညီသဖြင့် ဘွားတော်ကြီးရှိနေစဉ် ထိုအချိန်က သူတို့ မတိုက်ခိုက်နိုင်ခဲ့ကြသော်ငြား ဘွားတော်ကြီးက သူတို့ကို မထိရဲခဲ့ချေ။
ငယ်ရွယ်စဉ် လူငယ်ဘဝ၌ကပင် ပင်းဝမ်သည် သူ့မိခင်၏ ဧကရီနေရာအတွက် ရည်မှန်းချက်မှာ သူ၏ အိမ်ရှေ့စံနေရာအတွက် ရည်မှန်းချက်ကဲ့သို့ သန်မာကြောင်း သိထားခဲ့သည်။
သူ(မ) ဧကရီအဖြစ် ထီးနန်းမဆက်ခံနိုင်ခင် နှောင်းဧကရာဇ်က ထွက်သွားကာ ဘွားတော်ကြီးက သူ၏ အသုံးမကျသော အစ်ကိုတော်ကို ဧကရာဇ်အဖြစ် ရွေးချယ်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မမျှော်လင့်ထားကြဘူး!
ထို့အပြင် ၎င်းမှာ သူက သူ့အစ်ကိုတော်ထက် နိမ့်ကျသောကြောင့်မဟုတ်ဘဲ သူ့အစ်ကိုတော်က သူ့ထက် ထိန်းချုပ်ရလွယ်ကူသောကြောင့်ဖြစ်သည်... ဘယ်လိုလုပ် ဒီအသိက သူ့ကို ဒေါသမထွက်စေဘဲနေမှာလဲ?
ဤဆယ်နှစ်အတွင်း ဘွားတော်ကြီး၏အကြည့်များအောက်တွင် သူသည် သူ့ကိုယ်ပိုင်အင်အားကို တိုးပွားစေခဲ့ပြီး နန်းပုလ္လင်အတွက် အလုပ်ကြိုးစားခဲ့သည်။
ယခု မေးခွန်းမှာမူ လုပ်နိုင်၊မလုပ်နိုင် ဖြစ်ပြီး... သူ စွန့်စားချင်လား?
သူ ဘာမှမလုပ်ဘူးဆိုလျှင် သူ့အစ်ကိုတော်သည် သူ့အား ဘာမှလုပ်နိုင်လိမ့်မည်မဟုတ်ဘဲ သူသည် ဘာကိုမှ ဂရုမစိုက်ခဲ့သော ရည်ရွယ်ချက်မရှိသည့် မင်းသားတစ်ပါး ဆက်လက်၍ဖြစ်နေဦးမည် ဖြစ်သော်ငြား သူသည် အရှုံးပေးရန် မလိုလားဘဲ တိုက်ခိုက်ချင်သည်။
သူ့အစ်ကိုတော်သည် သူ တွေးထင်ထားသည်နှင့် အလွန်ကွာခြားသော်လည်း သူ့တွင် အနိုင်ရရန် အခွင့်အရေး တစ်ခုတစ်လေမျှ မရှိသည်တော့ မဟုတ်ချေ။ ဒါမှမဟုတ် သူ့မှာ အောင်နိုင်ခြင်းအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတောင် ရှိသေးတယ်!
ဘွားတော်ကြီး၏သင်္ဂြိုဟ်မြှုပ်နှံမှုအပြီး လဝက်အကြာ၌ ဘွားတော်ကြီးအား အရှင်မင်းကြီးက အဆိပ်ခတ်ခဲ့သည် ဆိုသော ကောလာဟလတစ်ခု ပျံ့လွင့်လာလေသည်။
ဘွားတော်ကြီးသည် သူ(မ)၏ နှောင်းပိုင်းနှစ်ကာလများတွင် မည်မျှပင် မှေးမှိန်ကာ သူ(မ) ယန်ကျင်းဇီကို မည်မျှပင် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ပါစေ ကိစ္စမရှိလေဘဲ သူ(မ)သည် သူ(မ)၏ အစောပိုင်းနှစ်ကာလများတွင် အမျိုးသမီးသူရဲကောင်းတစ်ဦး ဖြစ်ပြီး အရေအတွက်ကြီးမားသော ထောက်ခံသူ အများအပြား ရှိခဲ့သည်။
ဤနှစ်၌ သူ(မ)သည် ဗုဒ္ဓတရားကျောင်းတွင် အကျဉ်းချခံထားရသော်လည်း သူ(မ)ကို မှတ်မိသူများ ရှိနေဆဲဖြစ်သည်။
သတင်းများ ထွက်လာပြီးနောက် ဤလူများသည် ယန်ကျင်းဇီအား မုန်းတီးခဲ့ကြသည်။
ယန်ကျင်းဇီသည် ကောလာဟလများကို အမှန်တကယ်ပင် ဂရုမစိုက်သော်ငြား စိတ်ဆိုးသယောင် ဟန်ဆောင်နေဆဲဖြစ်ကာ လူအချို့ကို ရှင်းထုတ်ပစ်ခဲ့သည်။
သေချာတာပေါ့၊ ဒါက လူထုကို ငြိမ်သက်သွားစေလိမ့်မည် မဟုတ်ချေ။
ကောလာဟလများသည် မြို့တော်နေရာအနှံ့အပြား ခဏတဖြုတ် ပျံ့နှံ့နေလေသည်။
ယန်ကျင်းဇီသည် ချူထင်းရှိူ့နှင့် တိတ်တဆိတ် တွေ့ဆုံရန် အချိန်ရှာတွေ့ခဲ့သည်။
ချူထင်းရှိူ့ : " ကျင်းဇီ၊ ပင်းဝမ်က ဘွားတော်ကြီးရဲ့လူတွေရော၊ အခြားအင်အားအချို့ကိုပါ ဆက်သွယ်ပြီးသွားပြီ။ ပြီးတော့ ဆယ်ရက်အတွင်း လှုပ်ရှားဖို့ စီစဉ်ထားတယ်။ "
ယန်ကျင်းဇီသည် ချူထင်းရှိူ့ကို ကြည့်ကာ သူ့ခေါင်းကို ညိတ်သည်။
" အချိန်ကျလာရင် ငါ သူနဲ့ ပူးပေါင်းရလိမ့်မယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ အရှင်မင်းကြီး သူ မင်းကို ထိခိုက်အောင် လုပ်မှာကို ငါ ခွင့်မပြုပါဘူး... " ချူထင်းရှိူ့ လေးနက်စွာ ပြောခဲ့သည်။
ယန်ကျင်းဇီသည် သူ့ပုံစံကို သဘောကျကာ ချက်ချင်း သူ့ကို နမ်းလိုက်သည် : " ကိုယ် မင်းကို ယုံတယ်။ ဒါပေမယ့် ဒီည ကိုယ် မင်းရဲ့ကာကွယ်မှုကို လိုအပ်တယ်။ "
" အရှင်မင်းကြီး? " ချူထင်းရှိူ့ ထိတ်လန့်သွားသည်။
ယန်ကျင်းဇီက ဆိုသည် : " ပင်းဝမ်က ဒီည လှုပ်ရှားလိမ့်မယ်လို့ ကိုယ် အခုတင် သတင်းရထားတယ်။ "
ချူထင်းရှိူ့သည် သူတို့နှစ်ယောက် အဆင်မပြေဖြစ်ကာ သူနှင့် ပူးပေါင်းလာသည်ဟု ပင်းဝမ် တွေးထင်အောင် ဆောင်ရွက်ချင်ခဲ့သော်လည်း ပင်းဝမ်သည် သူ ချူထင်းရှိူ့ကို ယုံနိုင်သည်ဟု လွယ်လွယ်ကူကူ အလွန်အမင်း လက်ခံယုံကြည်မှုမရှိချေ။
တကယ်တော့ ပင်းဝမ်သည် အလွန်ရဲဝံ့သတ္တိရှိလှသည်။
နန်းတော်ကိုသိမ်းပိုက်ခြင်း ဟူသော ဤကိစ္စမှာ အချိန်ကြာကြာ ပိုဆွဲလေလေ ကျရှုံးရန် ပိုလွယ်ကူလေလေ ဖြစ်သည်။ ထို့ကြောင့် သူသည် ၎င်းကို အလွန်လျင်မြန်စွာ ဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီသည် သူ ကူးပြောင်းမလာခဲ့ဘဲ ထိုအစား မူလပိုင်ရှင်သာ ဒီမှာ ရှိနေမည်ဆိုလျှင် ပင်းဝမ်က ချူထင်းလန်အား မူလပိုင်ရှင်ကို မသတ်ခိုင်းဘဲ ယခု ပြုမူသကဲ့သို့ နန်းတော်ကို အတင်းသိမ်းယူမည်ဆိုတောင်မှ ပင်းဝမ် အောင်မြင်နိုင်ကြောင်း သိသည်။
ပင်းဝမ်သည် ချူထင်းလန်အား သူ့ကို သတ်ခိုင်းသည်မှာ ပိုမိုကောင်းမွန်သော ဂုဏ်သတင်းတစ်ခု ရရန်လောက်သာ ဖြစ်သည်။
သို့သော် ယခု မတူတော့ချေ။
သူသည် ချူထင်းရှိူ့ကို မသတ်ခဲ့ဘဲ မှူးမတ်များရှေ့တွင်လည်း သူ့ကိုယ်သူ ထုတ်ဖော်သက်သေပြခဲ့ပြီးပြီဖြစ်သည်။
သူသည် အဖတ်ဆယ်၍မရတော့သော ဧကရာဇ်မင်းတစ်ပါး မဟုတ်သည့်အပြင် ဆိုးယုတ်သော မကောင်းမှုတစ်စုံတစ်ရာကိုပင် မပြုလုပ်ဖူးပေ။ ဆိုမှတော့ ဘယ်လိုလုပ် မှူးမတ်အရာရှိတွေက သူ့ကို ဆန့်ကျင်ချင်တာမျိုး ဖြစ်နိုင်ပါ့မလဲ?
ရှည်လျားသော အချိန်အတိုင်းအတာတစ်ခု ကုန်ဆုံးပြီးနောက် ပင်းဝမ် အလုပ်ကြိုးစား၍ စည်းရုံးခဲ့ရသော ထိုလူများစွာသည် သူ့ထံသို့ အညံ့ခံလာကြပေလိမ့်မည်။
အဆုံးမှာတော့ သူကသာ တရားနည်းလမ်းကျသူ ဖြစ်သည်။
ပင်းဝမ်၏ လျင်မြန်စွာ ပြုမူဆောင်ရွက်ရန် ဆုံးဖြတ်ချက်မှာ အလွန်အမင်း ချက်ချာပါးနပ်သော အကြံဉာဏ်တစ်ခု ဖြစ်ပြီး ချူထင်းရှိူ့ကို မယုံကြည်ခြင်း ဟူသော အချက်မှာလည်း ပင်းဝမ်က အသိဉာဏ်ရှိသူ ဖြစ်ကြောင်း ပြသနေသည်။
တကယ်တော့ ယန်ကျင်းဇီ ပင်းဝမ်ကို အလွန်လေးစားမိသည်။
ချူထင်းရှိူ့ ယန်ကျင်းဇီ၏စကားများကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားသည် : " အရှင်မင်းကြီး... "
" အဆင်ပြေပါတယ်။ စိတ်မပူနဲ့။ " တခြားတစ်ဖက်တွင်မူ ယန်ကျင်းဇီ ချူထင်းရှိူ့အား နှစ်သိမ့်လိုက်သည်။
သူ့တွင် အတိတ်ကာလမှ မှတ်ဉာဏ်များ မရှိသော်ငြား သူသည် ကိစ္စတစ်ခုကိုတော့ အလွန်ရှင်းလင်းစွာ သိရှိသည်။ ၎င်းမှာ အကယ်၍ မင်း အာဏာလိုချင်လျှင် မင်းလက်ထဲတွင် လူများ ရှိနေရမည်ပင်။
ချူထင်းရှိူ့က အမှန်တကယ်ဆိုလျှင် အနည်းငယ် ရူးမိုက်တုံးအသည်။
ချူထင်းရှိူ့သည် သူ့မြောက်ပိုင်းတပ်ဖွဲ့ကို အားပြု၍ ကျိုးမျိုးနွယ်ကို အမြစ်လှန်နိုင်ခဲ့သော်လည်း မူလပိုင်ရှင်က သူ့တပ်သားများကို မနာလိုဖြစ်သဖြင့် ထိုလူများစွာကို မြို့တော်က မထောက်ပံ့နိုင်ကြောင်း ပြောဆိုကာ သူ့တပ်သားများကို မြောက်ပိုင်းသို့ ပြန်ခိုင်းခဲ့သည်။ သူက တကယ် သဘောတူခဲ့ပြီး မြို့တော်တွင် ထောင်ဂဏန်းအနည်းငယ် တပ်သားများကိုသာ ချန်ရစ်ထားခဲ့၏။
မဟုတ်ရင် မူလပိုင်ရှင်က ဘယ်လိုလုပ် သူ့ကို တစ်ခုခု လုပ်ရဲမှာတုန်း?
ယန်ကျင်းဇီသည် တပ်အာဏာ၏ အရေးပါပုံကို ကောင်းမွန်စွာ သတိထားမိသဖြင့် သဘာဝကျစွာပင် သူသည် မပြင်ဆင်ထားဘဲ နေလိမ့်မည်မဟုတ်ချေ။
သူတို့ စကားပြောပြီးသည်နှင့် အော်ဟစ်သံနှင့် သတ်ဖြတ်သံများ အပြင်ဘက်မှ ပေါ်ထွက်လာကြသည်။
တစ်ချိန်တည်းမှာပင် ယန်ကျင်းဇီနှင့်ချူထင်းရှိူ့ကို ဝန်းရံလျက်ဖြင့် အစောင့်ရဲမက်များ အုပ်စုကြီးတစ်စု ရုတ်တရက် ပေါ်လာသည်။
ဤလူများမှာ သူ့ကိုယ်ပိုင်လူများ ဖြစ်သည်။
ယန်ကျင်းဇီက ဆိုသည် : " မင်းတို့ နန်းတော်တံခါးကို သေချာစောင့်ကြပ်ထားကြ။ ဒါဆို မင်းတို့ အပြင်က လူတွေကို စိတ်ပူစရာ မလိုတော့သလို သူတို့ကို ဆန့်ကျင်တိုက်ခိုက်စရာလည်း မလိုတော့ဘူး။ "
" မှန်လှပါ အရှင်မင်းကြီး " အစောင့်ရဲမက်များ၏ ခေါင်းဆောင်က ပြန်လည်ဖြေကြားခဲ့သည်။ သူသည် သူ့လူများကို ခေါ်သွားပြီး သူတို့ ရှိနေကြသော နန်းဆောင်၏ ဂိတ်တံခါးများကို စနစ်တကျ ပိတ်ဆို့စောင့်ကြပ်ကြကာ နန်းဆောင်အတွင်းရှိ နေရာများစွာကိုလည်း ပိတ်ဆို့ထားကြသည်။ ထို့နောက် သူသည် သူ့လူများကို ခေါ်သွားပြီး နံရံပေါ် ကိုင်းညွတ်၍ လေးများနှင့် မြားများကို ကိုင်ဆောင်လျက် အပြင်ဘက်ကို နိုးနိုးကြားကြားဖြင့် စောင့်ကြည့်နေကြ၏။
အခြေအနေကို မြင်တွေ့နေရသော ချူထင်းရှိူ့သည် စကားပြောရင်း အလုပ်ရှုပ်နေသည် : " ငါ့ကို လေးတစ်လက် ပေးစမ်း! "
ထိုအချိန်တွင် ချူထင်းရှိူ့သည် အလွန့်အလွန် နောင်တရမိခဲ့သည်။
သူသည် ပင်းဝမ်နှင့် ကိုင်တွယ်ဖြေရှင်းရန် အကြံဉာဏ် ထွက်ပေါ်လာသူ ဖြစ်သော်လည်း ဤအကြံဉာဏ်မှာ ကောင်းမွန်သော အကြံဉာဏ် မဟုတ်ကြောင်း သိသာလှသည်။
ပင်းဝမ်က သူ့ကို လုံးဝ မယုံကြည်ခဲ့ဘူး!
ပြီးလျှင် မူလအစက ပင်းဝမ်သည် သူ့လှုပ်ရှားမှုကို အဆောတလျင် ဆောင်ရွက်လောက်မည်မဟုတ်သော်ငြား ယခုမူ... ပင်းဝမ်က သူ့လှုပ်ရှားမှုကို အစောကြီး ဆောင်ရွက်နေပြီ!
သူ့လက်အောက်မှ တပ်သားများသည် မြို့ပြင်တွင်သာ ရှိနေသေးပြီး အချိန်မီရောက်ရှိနိုင်မည်မဟုတ်ဘဲ သူတို့ အချိန်မီရောက်ခဲ့သည်ဆိုလျှင်တောင်မှ သူတို့သည် အပြင်ဘက်မှ တော်ဝင်တပ်ဖွဲ့ ၂၀,၀၀၀ ကို အနိုင်တိုက်နိုင်လောက်မည်မဟုတ်ချေ – မြို့တော်ကို ကာကွယ်ရမည့် တော်ဝင်တပ်ဖွဲ့က ပင်းဝမ်၏ထိန်းချုပ်မှုအောက်သို့ ကျရောက်နေပြီဖြစ်သည်။
အစောင့်ရဲမက်များ၏ ခေါင်းဆောင်သည် ချူထင်းရှိူ့အား လေးတစ်လက် ပေးခဲ့ပြီး ချူထင်းရှိူ့က ၎င်းကို ယူကာ ယန်ကျင်းဇီအား လေးနက်သော အကြည့်တစ်ချက် ကြည့်သည် : " အရှင်မင်းကြီး ငါ တောင်းပန်ပါတယ်။ "
" မင်း ဘာအတွက် တောင်းပန်နေတာလဲ? ကိုယ် ပြောပြီးပြီ။ အဆင်ပြေသွားလိမ့်မယ်။ " ယန်ကျင်းဇီက သူ့ကို ထိန်းထားခဲ့သည်။
ဤအချိန်တွင် ပင်းဝမ်၏အသံ ထွက်ပေါ်လာသည် : " အစ်ကိုတော်ဧကရာဇ် မင်းရဲ့လက်ထဲမှာ အဲ့လောက်လူလေးပဲ ရှိနေတယ်။ မင်း မင်းကိုယ်မင်း လုံးဝ မကာကွယ်နိုင်ဘူး။ မင်း ထီးနန်းစွန့်မယ် ဆိုတဲ့ အမိန့်ပြန်တမ်းကို ရေးလိုက်ပါ။ ငါ မင်းရဲ့အသက်ကို ချမ်းသာပေးနိုင်တယ်။ "
အစောင့်ရဲမက်များ၏ ခေါင်းဆောင်သည် အပြင်ဘက်ကို တိတ်တဆိတ် ကြည့်ရှုပြီး ယန်ကျင်းဇီဘက်သို့ လှည့်လာသည် : " အရှင်မင်းကြီး ပင်းဝမ်က သူ့ရှေ့မှာ ဒိုင်းကာ ခုနစ်ခု၊ရှစ်ခုလောက် ထောင်ကာထားပါတယ်။ ပြီးတော့ သူတို့က မဖောက်ထွင်းနိုင်လောက်အောင် သူ့ကို ကာကွယ်နေကြတယ်။ "
" ငါ သိနှင့်နေတယ်။ သူက လူယုတ်မာပဲ။ " ယန်ကျင်းဇီက ရယ်မောသည်။
ချူထင်းရှိူ့သည် အလွန်အမင်း စိုးရိမ်ပူပန်နေသော်လည်း ယခုမူ တစ်စုံတစ်ရာက မှားယွင်းနေပြီဟု သူ ရုတ်တရက် ခံစားလိုက်ရသည်။
အရှင်မင်းကြီး... သူ့ကိုကြည့်ရတာ အေးအေးဆေးဆေး ဖြစ်လွန်းနေတယ်။
ပင်းဝမ်၏အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည် : " အစ်ကိုတော်ဧကရာဇ်... "
သို့သော် ယန်ကျင်းဇီသည် ဘာမှပြန်မပြောခဲ့ပေ။ သူသည် တကူးတက သူ့အသံကို မြှင့်ပြီး ပင်းဝမ်ကို ပြန်မအော်ချင်ချေ။
ပင်းဝမ်၏ ရုတ်တရက် လှုပ်ရှားမှုက အမှန်တကယ် သူ့အား သတိလက်လွတ်ဖြစ်စေသော်ငြား သူက ၎င်းအတွက် ကြိုတင်ပြင်ဆင်ပြီးထားပြီ...
ရုတ်တရက် အပြင်ဘက်တွင် ခြေလှမ်းသံများ ထွက်ပေါ်လာပြီး မြင်းခွာသံများပင် ပေါ်ပေါက်လာသည်။
ယန်ကျင်းဇီ၏ အစောင့်တပ်မှူးက အပြင်ဘက်မှ အခြေအနေကို စောင့်ကြည့်နေပြီးနောက် ပြောလာသည် : " အရှင်မင်းကြီး မြောက်ပိုင်းတပ်ဖွဲ့က ဒီကိုရောက်လာပါပြီ။ "
" မြောက်ပိုင်းတပ်ဖွဲ့? " ချူထင်းရှိူ့ အံ့အားသင့်သွားသည်။ ထို့နောက် သူသည် သူ၏ စစ်မက်ရေးရာ အကြံပေးအရာရှိ အော်ဟစ်နေသည်ကို ကြားလိုက်ရသည်။ " အရှင်မင်းကြီး ကျွန်တော်မျိုး အရှင့်ကို ကယ်တင်တာ နောက်ကျသွားပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး! "
ချူထင်းရှိူ့ အံ့အားသင့်သွားသည်။
မြို့တော်တွင် ကျန်ရစ်ခဲ့သော မြောက်ပိုင်းတပ်ဖွဲ့၏ တပ်သားများမှာ အရေအတွက် ထောင်ဂဏန်းအနည်းငယ်သာ ရှိပြီး ယခင်က သူသည် သူတို့ထဲမှအချို့ကို မိသားစုစီ သွားရောက်လည်ပတ်ရန် ပြန်ပို့ပြီးပြီဖြစ်သည်။
သူ့လူတွေက တော်ဝင်တပ်ဖွဲ့ကို ချေမှုန်းနိုင်လို့လား?
သူ ဤအကြောင်း စဉ်းစားနေစဉ် အပြင်ဘက်တွင်တော့ တပ်သားများသည် တစ်ယောက်ကိုတစ်ယောက် ရင်ဆိုင်တိုက်ခိုက်နေကြကာ အော်ဟစ်သံများနှင့် သတ်ဖြတ်သံများက နားမခံသာအောင် ဆူညံလှသည်။
ချူထင်းရှိူ့သည် ချက်ချင်း နံရံသို့ ရောက်ရှိသွားပြီး သူ အပေါ်မတက်နိုင်ခင်မှာတင် သူ့ကို ဒိုင်းကာတစ်လက် ပေးသော အစောင့်ရဲမက်များ၏ ခေါင်းဆောင်ထံမှ တားမြစ်ခံလိုက်ရသည် : " ချူစစ်သူကြီး ဒါကိုယူပြီး ကြည့်ပါ။ "
ဤဒိုင်းကာမှာ အလွန်ထူပြီး မြားများကို အပြည့်အဝ ကာကွယ်နိုင်သည့်အပြင် ၎င်းပေါ်တွင် အပြင်ကို ကြည့်ရန် အပေါက်ငယ်လေးတစ်ပေါက် ပါရှိသည်။
ချူထင်းရှိူ့သည် ဒိုင်းကာကို ကိုင်ထားလျက် အပေါက်ငယ်မှတစ်ဆင့် အပြင်ဘက်ကို ကြည့်လိုက်ရာ သူ့လက်အောက်မှ မြောက်ပိုင်းတပ်ဖွဲ့သည် တောင်ပေါ်မှ ကျားတစ်ကောင်ကဲ့သို့ တောင်ဝင်တပ်ဖွဲ့မှ တပ်သားများကို လျင်လျင်မြန်မြန် ဖမ်းဆီးနေသည်ကို တွေ့လိုက်ရသည်။
မြောက်ပိုင်းတပ်ဖွဲ့၏ အရေအတွက်သည် သေချာပေါက် ထောင်ဂဏန်းအနည်းငယ်ထက် မပိုချေ။
ချူထင်းရှိူ့ စိတ်ရှုပ်သွားသည် : " သူတို့ ဘယ်က... လာတာလဲ? "
ယန်ကျင်းဇီက ဖြေသည် : " သူတို့ကို မြောက်ပိုင်းက ခေါ်လာဖို့ ကိုယ် မင်းရဲ့အကြံပေးကို ခိုင်းလိုက်တာ။ "
ချူထင်းရှိူ့ ပို၍ပင် စိတ်ရှုပ်သွားသည် : " ဘယ်လိုလုပ် သူက သူတို့ကို ခေါ်လာနိုင်တာလဲ? "
ယန်ကျင်းဇီက ဆက်ဖြေသည် : " ကိုယ့်မှာ မင်းရဲ့ကိုယ်ပိုင်တံဆိပ် ရှိနေလို့။ " သူ့ရှေ့တွင် ချူထင်းရှိူ့က လုံးဝ အကာအကွယ်မဲ့ပြီး သူသည် ချူထင်းရှိူ့၏ကိုယ်ပိုင်တံဆိပ်ကို အလွယ်တကူ ရရှိခဲ့သည် – ချူထင်းရှိူ့ ကိုယ်နှင့်မကွာ သယ်ဆောင်လေ့ရှိသော နွားသားရေအိတ်လေးထဲတွင်ပင်။
ထို့နောက် ချူထင်းရှိူ့၏လက်ရေးကို တုပကာ စာတစ်စောင်ကို ရေးသားလိုက်သည်...
သူသည် ချူထင်းရှိူ့အား မြောက်ပိုင်းတပ်ဖွဲ့၏ ကိစ္စအချို့ကို မေးမြန်းခဲ့ပြီး ချူထင်းရှိူ့က သိထားသမျှ အရာအားလုံးကို ပြောပြခဲ့သည်။ ချူထင်းရှိူ့၏ စစ်မက်ရေးရာ အကြံပေးအရာရှိသည် သူက ထိုက်တန်သော အရှင်သခင်တစ်ပါးဟု တွေးထင်ပြီး ချူထင်းရှိူ့၏ဦးဆောင်မှုအောက်တွင် သူ့ကို ယုံကြည်သည်။
သူ ဘွားတော်ကြီးကို သတ်သည့်နေ့တွင် သူသည် ဤလူကို မြောက်ပိုင်းသို့ ပို့ကာ တပ်သားများကို တပ်ဖြန့်ခိုင်းခဲ့သည်။
သူသည် ချူထင်းရှိူ့ကို ဘယ်သူမှ အနိုင်မကျင့်နိုင်အောင် ချူထင်းရှိူ့တွင် နောက်ထပ်လူများ ရှိလာစေရန် ကြိုးစားနေခဲ့ခြင်းဖြစ်သည်... သို့သော် သူသည် ၎င်းကို အသုံးပြုရန် ဖိအားပေးခံရမည်ဟုတော့ မမျှော်လင့်ထားမိပေ။