ပင်းဝမ်၏ပုန်ကန်မှုကို ယန်ကျင်းဇီက မျှော်လင့်ထားခဲ့ပြီးသားဖြစ်သည်။
အဆုံးမှာတော့ သူက ဧကရာဇ်မင်း ဖြစ်ပြီး သူ အလိုရှိလျှင် သူသည် သတင်းအချက်အလက်များစွာကို အချိန်မရွေး ရရှိနိုင်သည်။
ချူထင်းရှိူ့အတွက်ကတော့ တပ်အရာရှိများသည် သူ့စကားကို နားထောင်လိုက်နာရသည်ကို ပျော်ရွှင်သော်ငြား မြို့တော်မှ အရပ်ဘက်မှူးမတ်များက သူ့ကို အမှန်တကယ် မနှစ်သက်ကြပေ။
သို့သော်ငြား တော်ဝင်တပ်ဖွဲ့ကို ပင်းဝမ်က ချုပ်ကိုင်ထားပြီး နန်းတော်ထဲသို့ ပင်းဝမ်နောက်မှ လိုက်ပါဝင်ရောက်ခဲ့သော အချက်ကမူ ယန်ကျင်းဇီ မမျှော်လင့်ထားသော တစ်စုံတစ်ရာ ဖြစ်သည်။
ပုန်ကန်မှုကို သေဒဏ်ဖြင့်သာ အပြစ်ပေးနိုင်သည်။ တော်ဝင်တပ်ဖွဲ့၏ ရဲစွမ်းသတ္တိက ချီးကျူးစရာပင်။
အပြင်ဘက်မှ တိုက်ပွဲသံများ တဖြည်းဖြည်း တိတ်သွားကာ မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများသည် တော်ဝင်တပ်ဖွဲ့ကို ဖမ်းဆီးပြီးသွားပြီဖြစ်သည်။
တော်ဝင်တပ်ဖွဲ့၏ တပ်သားများသည် မြို့တော်၏ ဒေသခံအများစု ဖြစ်ပြီး တပ်သားများစွာမှာ စစ်မြေပြင်သို့ တစ်ခါမှ မရောက်ဖူးသော အစိုးရမိသားစုများမှ ဖြစ်ကြသည်။ သူတို့သည် စစ်မြေပြင်သို့ တစ်ခါမှ မရောက်ဖူးဘဲ ယခု ကောင်းမွန်စွာ လက်နက်တပ်ဆင်ထားသော်ငြား သူတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ မြောက်ပိုင်းတပ်ဖွဲ့အောက် များစွာ ညံ့ဖျင်းသည်။
မြောက်ပိုင်းတပ်ဖွဲ့တွင် တပ်သားနည်းနည်းသာ ရှိလျှင် သူတို့က အသက်အသေခံပြီးတောင် တိုက်ခိုက်နိုင်ကြလေရာ ယခုမူ မြောက်ပိုင်းတပ်ဖွဲ့တွင် တပ်သားပိုများသည်။
သူတို့ မအောင်နိုင်တော့ကြောင်း သဘောပေါက်သွားကြသောအခါ တော်ဝင်တပ်ဖွဲ့မှ တပ်သားများစွာမှာ ပြိုလဲသွားကြပြီး သူတို့၏ တိုက်ခိုက်ရေးစွမ်းအားများ အားလုံးကို ဆုံးရှုံးသွားကြကာ အသနားခံကြတော့သည်။
သို့သော် မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများကတော့ စိတ်ဓာတ်ခွန်အားတက်ကြွနေကြသည်။
ပင်းဝမ်ရဲ့ပုန်ကန်မှုကို ဖြိုခွင်းနိုင်တဲ့အတွက် သူတို့ကို ဝေစုပမာဏ ဘယ်လောက် ထည့်တွက်ပေးမှာလဲ?
သူတို့ ဘွားတော်ကြီးရဲ့လွှမ်းမိုးမှုကို အမြစ်ဖြတ်သုတ်သင်နိုင်ခဲ့တုန်းက သူတို့အားလုံး ရာထူးတိုးပြီး ပစ္စည်းဥစ္စာတွေ ရှာနိုင်ခဲ့တာဆိုတော့ အခု သူတို့ ပိုမဆိုးနိုင်တာကတော့ သေချာတယ်!
ချူထင်းရှိူ့၏ စစ်မက်ရေးရာ အကြံပေးအရာရှိ ဦးဆောင်လာသော ဤလူများသည် နန်းတော်ဂိတ်တံခါးသို့ ပျော်ရွှင်စွာ လာရောက်၍ ဒူးထောက်ကြသည် : " အရှင်မင်းကြီး ပင်းဝမ်ရဲ့အုပ်စုက လူတွေအကုန်လုံးကို ဖမ်းဆီးပြီးသွားပါပြီ! "
ယန်ကျင်းဇီသည် ပိတ်ဆို့ထားသော ဂိတ်တံခါးကို ဖွင့်စေပြီး ချူထင်းရှိူ့နှင့်အတူ အပြင်ထွက်လာသည်။
" မင်းတို့ ကောင်းကောင်းလုပ်ခဲ့ကြတယ်။ မနက်ဖြန်အထိ စောင့်ကြ၊ အားလုံး ဆုချီးမြှင့်ခံရမယ်! " ယန်ကျင်းဇီ ကတိပေးလိုက်သည်။
မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများသည် ပို၍ပင် ပျော်ရွှင်သွားကြကာ သူတို့၏ဆုလာဘ်များကို လက်ခံရယူရန် ဒူးထောက်စောင့်ဆိုင်းနေကြတော့သည်။
ဤအချိန်တွင် မြို့တော်ရှိ မှူးမတ်အများစုမှာ အိမ်၌ ကြောက်ရွံ့တုန်လှုပ်နေကြဆဲ ဖြစ်သည်။
တကယ်ကြီး ပင်းဝမ်က ဧကရာဇ်ကို သွားတိုက်နေတယ်!
ညဉ့်နက်သန်းခေါင်၌ ထွက်ပေါ်လာသော ဆူညံသံများစွာကြောင့် လူအများအပြားသည် သတင်းများ ကြားသိခဲ့ကြရပြီး ထို့နောက် ကြက်သေသေသွားကြတော့သည်။
ပင်းဝမ်၏အုပ်စုသည် ပုန်ကန်မှု ကျရှုံးလျှင် ပင်းဝမ်၏အသက် ကာကွယ်မခံရတော့မည်ကို စိုးရိမ်ပူပန်နေကြစဉ် မတတ်နိုင်ဘဲ စိတ်လှုပ်ရှားနေကြသည် – ပင်းဝမ်သာ နန်းတက်မယ်ဆိုရင် သူတို့အားလုံး သေချာပေါက် ဟိုးအမြင့်ကြီးအထိ တက်ရောက်သွားနိုင်လိမ့်မယ်!
ယခင်က ယန်ကျင်းဇီအား သစ္စာစောင့်သိခဲ့ကြသော လူများအပြင် ဤရက်များအတွင်း ယန်ကျင်းဇီဘက်သို့ ပူးပေါင်းခဲ့ကြသော လူများသည် ပင်းဝမ်အား သူ၏ဝံပုလွေရည်မှန်းချက်အတွက် ဆူပူကြိမ်းမောင်းကြရင်း ထုတ်ပယ်သုတ်သင်ခံရမည့်အရေးကို စိုးရိမ်ပူပန်နေကြသည်။
မည်သည့်ဘက်ကိုမှ မမှီခိုထားသော ထိုလူများပင် ဤအခိုက်အတန့်၌ ညဘက် အိပ်မပျော်နိုင်ကြပေ။
အချိန်များ ကုန်လွန်လာပြီး မိုးလင်းလာသောအခါ မြို့တော်၏ လမ်းမများထက် မြင်းခွာသံများ အသံထွက်ပေါ်လာကာ လူများက အော်ဟစ်ပြောဆိုသွားကြသည်။
" နေ့လယ်မတိုင်ခင်အထိ ဘယ်သူမှ အပြင်မထွက်ရဘူး! "
မြို့တော်တွင် နေထိုင်ကြသူများ ဖြစ်သော သာမန်ပြည်သူများနှင့် မှူးမတ်များသည် ဤစကားများကို မကြားရခင်အထိ အပြင်မထွက်ရဲခဲ့ကြဘဲ သူတို့သည် ဤစကားများကို ကြားလိုက်ရသောအခါ ယနေ့တစ်နေ့လုံး လုံးဝ အပြင်မထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
လွန်ခဲ့သော တစ်နှစ်က မြို့တော်တွင် ဤကဲ့သို့သော နေ့ရက်တစ်ရက် ရှိခဲ့ပြီး ထိုနေ့တွင် ဘွားတော်ကြီး၏ မိသားစုမျိုးနွယ် ဖြစ်သော ကျိုးမျိုးနွယ်သည် တစ်မျိုးနွယ်လုံး ချေမှုန်းခံခဲ့ရသည်။ ဤတစ်ခါတွင် ဘယ်သူ ဖယ်ရှားခံလိုက်ရမှန်း သူတို့ မသိချေ။
အရုဏ်တက်တွင် မြောက်ပိုင်းတပ်ဖွဲ့သည် လမ်းမများတွင်းသို့ စီးနင်းလာကြပြီး ပင်းဝမ်အုပ်စုမှ အရာရှိတချို့၏ နေအိမ်များကို ဝန်းရံထားခဲ့ကြသည်။
အံ့ဩစရာကောင်းလိုက်တာ အနိုင်ရတဲ့သူက အရှင်မင်းကြီးပဲ!
မြို့တော်မှ အရာရှိများ ထိတ်လန့်သွားကြပြီး အရှင်မင်းကြီးအား ပြန်လည်ချင့်တွက်စဉ်းစားကြတော့သည်။
ပင်းဝမ်၏ပုန်ကန်မှု ပြီးဆုံးပြီးနောက် ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စများစွာ ရှိလာလေသည်။
စည်းမျဉ်းအရ ပုန်ကန်မှုတွင် ပါဝင်ခဲ့သူများသည် တွေ့သည်နှင့်တပြိုင်နက် အသတ်ခံရမည်ဖြစ်သည်။
သို့သော် ယန်ကျင်းဇီသည် လူသတ်သော တစ်စုံတစ်ယောက် မဟုတ်ပေ။ ယန်ကျင်းဇီသည် ပင်းဝမ် ပုန်ကန်တော့မည်ကို သိရှိပြီး နန်းတော်ထဲသို့ ပင်းဝမ်နောက်မှ လိုက်ပါခဲ့သော တပ်သားများအားလုံးကို ကောင်းကင်ဘုံအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ပြီး သာမန်တပ်သားများကိုတော့ စောင့်ကြည့်မှုအောက်တွင်သာ ထားရှိပြီး သူတို့ကို သတ်ရန် လုံးဝ မရည်ရွယ်ထားချေ။
ဤသာမန်တပ်သားများသည် နန်းတော်ထဲသို့ မရောက်ရှိခင်အထိ သူတို့ ဘာလုပ်ရတော့မည်ကို မသိရှိခဲ့သဖြင့် ပြစ်ဒဏ်မှာ သေချာပေါက် သေဒဏ်နှင့် မထိုက်တန်ပေ။
ပင်းဝမ်အုပ်စုမှ အရာရှိများအတွက်မူ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခံရပြီး ထို့နောက် တစ်ယောက်ပြီးတစ်ယောက် စစ်ဆေးမေးမြန်းခံရသည်။
ဘွားတော်ကြီး၏သင်္ဂြိုဟ်မြှုပ်နှံမှု ပြီးဆုံးသွားသည်မှာ တစ်လကျော်ကြာသွားပြီဖြစ်ပြီး ယန်ကျင်းဇီသည် ညီလာခံ၏ အရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် ပိုမိုအသားကျလာကာ သေဝပ်သော နည်းဟန်ပန်ပုံစံဖြင့် စီစဉ်ဖြေရှင်းနိုင်လာသည်။
ပြီးနောက် သူ ဤအခြင်းအရာများကို ဆောင်ရွက်ဖြေရှင်းနေစဉ် ကာလအတောအတွင်း ချူထင်းရှိူ့က သူ့အနားတွင် အမြဲတမ်း ရှိနေခဲ့သည်။
ချူထင်းရှိူ့သည် စစ်တိုက်ရာတွင် တော်သော်လည်း နိုင်ငံရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရေးတွင်မူ မကျွမ်းကျင်သဖြင့် ယန်ကျင်းဇီက အခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ရုံထက် ပိုနေပုံရသည်ကို တွေ့သောအခါ သူသည် ပျော်ရွှင်မိပြီး စိတ်မကြည်မသာဖြစ်မိသည်။
" စစ်သူကြီး စစ်သူကြီးရဲ့ လက်အောက်ငယ်သားတွေက စစ်သူကြီးရဲ့ယုံကြည်မှုကို မဆုံးရှုံးစေရပါဘူး။ " မြောက်ပိုင်းတပ်ဖွဲ့၏ အရာရှိအချို့သည် ချူထင်းရှိူ့၏အနားသို့ ရောက်ရှိလာပြီး အားတက်သရော ပြောဆိုကြသည်။
" အင်း " ချူထင်းရှိူ့ ခေါင်းညိတ်လိုက်သည်။ " မင်းတို့ ပြီးခဲ့တဲ့ဒီရက်အနည်းငယ်တွေမှာ ဘာလုပ်နေခဲ့ကြလဲ? " သူသည် ဤလူများ မြို့တော်သို့ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို ဘာမှမသိထားသဖြင့် သူ သေချာပေါက် မေးမြန်းရပေမည်။
ပထမဆုံး စကားပြောဆိုသူမှာ စစ်မက်ရေးရာ အကြံပေးအရာရှိလီ ဖြစ်သည်။
သူသည် သူ့စစ်သူကြီး၏အမိန့်ကို လက်ခံရရှိပြီးနောက် မြောက်ပိုင်းသို့ အမြန်ပြန်ကာ မြို့တော်တွင်းသို့ လူများနှင့် မြင်းများ ၂၀,၀၀၀ ကို ခေါ်ယူခဲ့ပြီး သူ့စစ်သူကြီး အမိန့်ပေးသည့်အတိုင်း မြို့တော်အပြင်ဘက်မှ ရွာတစ်ရွာတွင် စခန်းချခဲ့သည်။
" စစ်သူကြီး၊ ဒါဆို ပုန်ကန်ချင်တဲ့သူက ပင်းဝမ်ပေါ့။ စစ်သူကြီး ကျွန်တော့်ကို ပြန်ပြီး တပ်သားတွေကို တပ်ဖြန့်ခိုင်းတာ အံ့ဩစရာမကောင်းတော့ပါဘူး! " စစ်မက်ရေးရာ အကြံပေးအရာရှိလီသည် အရှင်မင်းကြီးက သူ့အား တပ်ဖွဲ့များ၏ နေရာပြောင်းရွှေ့မှု ကိစ္စအကြောင်း ပြောပြသူ ဖြစ်သော်ငြား စစ်သူကြီးက သူ့အား အရှင်မင်းကြီးကို သစ္စာစောင့်သိရန် မှာကြားထားပုံနှင့် အရှင်မင်းကြီးနှင့် သူ့စစ်သူကြီးတို့ မည်မျှ ကောင်းမွန်စွာ ပလဲနံပသင့်နေကြပုံကို မြင်တွေ့ထားရသောအခါ သူ ၎င်းကို သံသယမဝင်ခဲ့ပေ။
" မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ " ချူထင်းရှိူ့က ဆိုသည် : " အရှင်မင်းကြီးက သေချာပေါက် မင်းကို ဆုချီးမြှင့်လိမ့်မယ်! "
စစ်မက်ရေးရာ အကြံပေးအရာရှိလီသည် ပို၍ပင် ပျော်ရွှင်သွားလေသည်။
သို့သော် ချူထင်းရှိူ့၏စိတ်အခြေအနေမှာတော့ အနည်းငယ် ရှုပ်ထွေးနေသည်။
အရှင်မင်းကြီးသည် သူ၏ တပ်သားများနှင့် မြင်းများကို အလွယ်တကူ စစ်စည်းရုံးနိုင်ပြီး သူ့လက်အောက်မှ အရာရှိများသည် အရှင်မင်းကြီးအား ကျေးဇူးတင်နေကြသေးသည်။ အရှင်မင်းကြီး၏နည်းလမ်းများနှင့်ဆိုလျှင် မြောက်ပိုင်းတပ်ဖွဲ့ကို စည်းရုံးနိုင်မည်မှာ အချိန်အတိုင်းအတာတစ်ခုသာ လိုအပ်သည်။
နောက်ပိုင်းတွင် သူသည် အသုံးမဝင်ဖြစ်လာလိမ့်မည်။
ထို့အပြင်... အမှန်တကယ်တော့ မိမိသဘောဆန္ဒအလျောက် တပ်သားများနှင့် မြင်းများကို စစ်စည်းရုံးခြင်းမှာ ကြီးလေးသော ပြစ်မှုကြီး ဖြစ်သည်။
ဤအခြင်းအရာကို တွေးမိသော် ချူထင်းရှိူ့ အနည်းငယ် မသက်မသာခံစားရသော်လည်း မကြာမီမှာပင် ဤအတွေးကို လွှတ်ချလိုက်သည်။
သူသည် အရှင်မင်းကြီးနှင့် ပတ်သက်ဆက်နွယ်ပြီးသွားပြီဖြစ်သဖြင့် သူ့တွင် ရွေးချယ်စရာ မရှိလေဘဲ သူ့အချိန်ကိုသာ ခံစားမွေ့လျော်ရမည်ဖြစ်ကာ ထို့အပြင် သူသည် အရှင်မင်းကြီးကိုလည်း မထိခိုက်စေချင်ပေ။
ချူထင်းရှိူ့သည် မြောက်ပိုင်းတပ်ဖွဲ့၏ တပ်အရာရှိများနှင့် စကားစမြည်မပြောခဲ့ဘဲ အရှင်မင်းကြီး၏ အမိန့်များကို နာခံရန်သာ သူတို့ကို မှာကြားခဲ့သည်။
မြောက်ပိုင်းတပ်ဖွဲ့၏အရာရှိများသည် သူ့အား သံသယမဝင်ခဲ့ကြဘဲ သူတို့အားလုံးက အမိန့်ကို လိုက်နာခဲ့ကြသည်။
ယန်ကျင်းဇီသည် သန်းခေါင်ယံအချိန်မှစ၍ နောက်တစ်နေ့ နေ့လယ်ခင်းအထိ အလုပ်များနေခဲ့သည်။ နောက်ဆုံး၌ သူ့တွင် အားလပ်ချိန် ရရှိလာသောအခါ သူသည် ချူထင်းရှိူ့နှင့် အတူစားရန် ဝမ်ကျုံးအား စားစရာများကို ပြင်ဆင်ခိုင်းလေသည်။
ပင်းဝမ်ကို ဖမ်းမိသွားပြီဖြစ်သဖြင့် ဝမ်မိန်းမစိုးချုပ်ကြီးသည် အလွန်စိတ်လှုပ်ရှားနေခဲ့ရာ သူ့မျက်ဝန်းများပင် အနီရောင်သန်းလာခဲ့သည်။ နေ့လယ်စာမှာလည်း အတိုင်းထက် အလွန် အထူးကောင်းမွန်စွာ ပြင်ဆင်ခင်းကျင်းထားခံရကာ စားဖွယ်ရာများ ရောက်ရှိလာပြီးနောက် သူသည် အရှင်မင်းကြီးအား ဘေးဘက်မှ ကြည့်ရှုနေခဲ့သည်။
သူသည် အရှင်မင်းကြီးအား သူ့ကိုယ်ပိုင်လက်များနှင့် ပြုစုပျိုးထောင်လာခဲ့ပြီး အရှင်မင်းကြီး ခံစားခဲ့ရသော အခက်အခဲများစွာကိုလည်း မြင်တွေ့ခဲ့ရကာ အရှင်မင်းကြီးအား သူ၏ကိုယ်ပိုင်ကလေးငယ်သဖွယ် မှတ်ယူထား၍ ပင်းဝမ်အား သူ့နှလုံးသားအောက်ခြေထဲကပင် သဘောမကျပေ – ပင်းဝမ်က လုံးဝ ဒုက္ခမရောက်ခဲ့သော်ငြား အရှင်မင်းကြီးကို ပြဿနာရှာသော လူတစ်ယောက် ဖြစ်သည်။
ယခုမူ ပင်းဝမ်က ကျရှုံးသွားပြီဖြစ်လေရာ သူ အလွန်ပျော်ရွှင်မိသည်။
အရှင်မင်းကြီးကို ကြည့်နေစဉ် ဝမ်ကျုံး၏မျက်ဝန်းများသည် ပျော့ပျောင်းနူးညံ့လာသည်။
ထို့နောက် ထွက်သွားရန် သူ အပြောခံလိုက်ရသည်။
ယန်ကျင်းဇီသည် စောင့်ကြည့်ခံရလျက် စားသောက်ရသည်ကို မကြိုက်ပေ – သူ သူ့ရဲ့စစ်သူကြီးကိုတောင် မကျီစယ်နိုင်တော့ဘူး!
" ထင်းရှိူ့၊ ဒီနေ့ မင်းကိုကြည့်ရတာ အရမ်းပျော်တဲ့ပုံ မပေါ်ပါလား? " ယန်ကျင်းဇီ သတိထားမိသော ပထမဆုံးကိစ္စမှာ ချူထင်းရှိူ့၏စိတ်အခြေအနေ အနည်းငယ်နိမ့်ကျနေကြောင်းဖြစ်ပြီး သူက ရှင်းပြခဲ့သည် : " ကိုယ် မြောက်ပိုင်းတပ်ဖွဲ့ကို ဒီကိုလာဖို့ ဆင့်ခေါ်ခဲ့တာ တမင်သက်သက် မင်းကို ဖုံးကွယ်ထားဖို့ မဟုတ်ဘဲ မင်းကို အံ့ဩစေချင်လို့ပါ... မင်းရဲ့မွေးနေ့ရောက်ဖို့ ရက်အနည်းငယ်ပဲလိုတော့တယ်။ "
ထိုအချိန်က သူ လိုချင်ခဲ့သော အဓိကအကြောင်းရင်းမှာ ချူထင်းရှိူ့၏အနားတွင် အချို့သော တပ်သားများနှင့် မြင်းများ ရှိရန် ဖြစ်ပြီး ထိုအခါ ချူထင်းရှိူ့သည် ပင်းဝမ်ထံမှ ကြံစည်ခံရတော့မည်မဟုတ်ချေ။ ထို့အပြင် သူသည် ချူထင်းရှိူ့၏ လုံးဝ အကာအကွယ်မဲ့သော အကြည့်မှာ တကယ့်ကို ချစ်စရာကောင်းလွန်းလှသည်ဟုလည်း တွေးမိသဖြင့် သူသည် ၎င်းကို သူကိုယ်တိုင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင်တော့ သူသည် မူလက ချူထင်းရှိူ့အား ဤအကြောင်းကို ပြောပြချင်ခဲ့သော်ငြား ဘွားတော်ကြီး ကွယ်လွန်သွားပြီးခါစ နေ့ရက်များတွင် ချူထင်းရှိူ့က အထူးတလည် စိတ်အားထက်သန်ပြင်းပြနေခဲ့သည်။ သူတို့နှစ်ယောက်တည်း အတူရှိနေစဉ်၌ သူ့တွင် အခြားကိစ္စတစ်ခုခုအကြောင်းကို စဉ်းစားရန် အချိန်မရှိတော့ပေ။
ဘွားတော်ကြီးကို သင်္ဂြိုဟ်မြှုပ်နှံချိန်တွင်မူ... ပင်းဝမ်၏ယုံကြည်မှုကို ရရှိရေးအတွက် ချူထင်းရှိူ့သည် နန်းတော်တွင် ညအိပ်နေထိုင်ခြင်း မရှိတော့သည့်အပြင် တသီးတသန့်လည်း သူနှင့် အတူတူ အချိန်မကုန်ဆုံးတော့ချေ... သူသည် ၎င်းကိစ္စကို ပြောပြရန် အခွင့်အရေးတစ်ခုကိုပင် မရရှိခဲ့။
" ငါ မပျော်မရွှင်မဖြစ်ပါဘူး။ " ချူထင်းရှိူ့ ယန်ကျင်းဇီကို အရင်စတင်၍ လှမ်းဖက်လိုက်သည် : " မင်း ငါ့ကို ကြိုပြောခဲ့ရင် ငါတို့ တစ်လလုံး တစ်ယောက်နဲ့တစ်ယောက် မတွေ့ဘဲ နေရမှာ မဟုတ်ဘူး။ "
ချူထင်းရှိူ့သည် စကားပြောပြီးနောက် သူကပင် ယန်ကျင်းဇီကို တစ်ကြိမ်နမ်းလိုက်သည်။
ချူထင်းရှိူ့ကို ကြည့်ရတာ ဒေါသထွက်ပုံမပေါ်သည့်အပြင် အလွန်ဆွဲဆောင်မှုရှိနေလေသည်။
" မင်း ကိုယ့်ကို ပြောပြဖို့ အခွင့်အရေးတစ်ခုလေးကိုတောင် မပေးခဲ့ဘူးလေ။ " ယန်ကျင်းဇီ သူ့ကို ပြန်နမ်းလိုက်သည်။
သူတို့နှစ်ယောက် အတန်ကြာအောင် နမ်းပြီးနောက် ချူထင်းရှိူ့က မေးခဲ့သည်။ " အရှင်မင်းကြီးက အဲ့ဒါကို ပြုလုပ်ချင်လို့လား? "
သေချာတာပေါ့၊ ငါ လုပ်ချင်တယ်!
ဒါပေမယ့် ဒီနေရာက... သူ တွန့်ဆုတ်နေခဲ့ပြီး ထို့နောက် သူ အနမ်းခံလိုက်ရပြန်သည်။
တကယ်တော့ ဒီလိုနေရာမျိုးကလည်း တော်တော်လေး စိတ်လှုပ်ရှားစရာကောင်းသလိုပါပဲလား?
သူ့ချစ်သူ၏အရသာကို သုံးဆောင်မြည်းစမ်းပြီးနောက် သူသည် တက်ကြွလန်းဆန်းသော စိတ်အခြေအနေဖြင့် သူ့အလုပ်တာဝန်များကို ဆက်လက်ဆေင်ရွက်ခဲ့သော်လည်း ချူထင်းရှိူ့ကတော့ မသွားနိုင်ခဲ့ချေ။ သူသည် အနားယူရန် လိုနေသည်။
သို့သော် သူက အချိန်ကြာကြာ အနားမယူဘဲ မကြာခင်မှာတင် သူသည် နန်းတော်မှ ထွက်လာပြီး အိမ်ပြန်ခဲ့သည်။
အရှင်မင်းကြီးသည် အင်မတန် အရည်အချင်းရှိပြီး ကြီးမားသော ဖြစ်ရပ်တစ်ခုအတွက်နှင့် နှစ်ပေါင်းများစွာ သည်းခံနေထိုင်ခဲ့သည်။ ထို့ကြောင့် သူက (ယန်ကျင်းဇီက) သူနှင့် နေနေသည်မှာလည်း အဓိကအားဖြင့် မြောက်ပိုင်းတပ်ဖွဲ့ကို စည်းရုံးသိမ်းသွင်းရန်အတွက်ကြောင့်သာ ဖြစ်နိုင်သည်။
မြောက်ပိုင်းတပ်ဖွဲ့မှ သူ၏တပ်သားများ အရှင်မင်းကြီးနှင့် ဖြည်းညှင်းစွာ ဆက်သွယ်မိပြီးနေပြီမှာ ကောင်းမွန်သည်။ ထိုသို့ဆိုလျှင် သူ သူတို့၏လုံခြုံရေးနှင့်ပတ်သက်၍ စိုးရိမ်စရာမလိုတော့ချေ။ ယခုမူ သူ့ညီမသာလျှင်... သူနှင့် အတူရှိနေတော့သည်။
လွန်ခဲ့သောလအတွင်း ချူထင်းရှိူ့ ချူထင်းလန်နှင့် ပင်းဝမ်တို့ကို စုံစမ်းစစ်ဆေးခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က သူ၏ညီမဖြစ်သူသည် ပင်းဝမ်နှင့် တွေ့ဆုံခဲ့ပြီး သူ(မ)သည် အသက်ဆယ့်သုံးနှစ်သာ ရှိသေးကာ ရိုးစင်းနုံအ၍ ချော့မြှူသွေးဆောင်ရန် အလွယ်ဆုံးအရွယ် ဖြစ်သည်။ ပင်းဝမ်သည် 'သူရဲကောင်းက အလှလေးကို ကယ်တင်ခြင်း' ကစားပွဲကို ကစားခဲ့ပြီး သူ(မ)အား သူ့ကို ချစ်ခင်နှစ်သက်သွားစေရန် ပြုလုပ်ခဲ့သည်။
နောက်ပိုင်း သူ၏မိထွေးဖြစ်သူ ဆုံးပါးသွားသောအခါ သူ၏ညီမငယ်သည် ဝမ်းနည်းပက်လက်ဖြစ်ကာ ပင်းဝမ်သည် အခွင့်အရေးကို အသုံးချ၍ နေ့စဥ်နေ့တိုင်း သူ(မ)၏နားထဲ တီးတိုးလေသွေးရန်အတွက် သူ(မ)ထံသို့ အရည်အချင်းရှိသော အမျိုးသမီးအခိုင်းအစေအချို့ကို ပို့ဆောင်ခဲ့လေရာ သူ(မ)၏အတွေးများမှာ ပို၍ပင် ပင်းဝမ်အပေါ်သို့ ချစ်ခင်နှစ်သက်လာခဲ့သည်။
ချူထင်းရှိူ့ အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်မိသော်ငြား သူ့ညီမက အသက်ငယ်ရွယ်လွန်းနေသေးသဖြင့် သူ အရမ်းစိတ်မဆိုးမိပေ။
ပင်းဝမ် အဆောတလျင် လှုပ်ရှားစေရန်အတွက် သူ အရှင်မင်းကြီးနှင့် ညှိနှိုင်းဆွေးနွေးခဲ့သော အကြောင်းအရင်းမှာ သူ၏ညီမဖြစ်သူ ပြဿနာများစွာထဲ နက်နက်နဲနဲ ပါဝင်ပတ်သက်မိခြင်းကို ရှောင်ရှားရန်ဖြစ်သည်။
ချူထင်းရှိူ့ အိမ်ပြန်ရောက်ရောက်ချင်း သူ ချူထင်းလန်ကို တွေ့လိုက်ရ၏။
ချူမိသားစုစံအိမ်တော်တွင် သူ ချန်ရစ်ထားခဲ့သော ကိုယ်ပိုင်တပ်သားများ ရှိပြီး မနေ့ညက ထိုကိုယ်ပိုင်တပ်သားများသည် ချူမိသားစုစံအိမ်တော်ကို တင်းကြပ်စွာ ကာကွယ်စောင့်ကြပ်ထားခဲ့ကြသည်။ ချူမိသားစုစံအိမ်တော်တွင် ဘာမှမဖြစ်ခဲ့သော်ငြား အပြင်ဘက်မှ ဆူညံသံများကိုတော့ အမြဲတစေ ကြားနေရသည်။
ချူထင်းလန်သည် တစ်ညလုံး ကြောက်ရွံ့တုန်လှုပ်နေခဲ့ပြီး သူ(မ)သည် ချူထင်းရှိူ့ကို တွေ့လျှင်တွေ့ချင်း မေးမြန်းသည် : " အစ်ကိုတော် ဘာဖြစ်ခဲ့တာလဲ? "
" ပင်းဝမ်က ပုန်ကန်လို့ ကောင်းကင်ဘုံအကျဉ်းထောင်ထဲ အထည့်ခံလိုက်ရပြီ။ " ချူထင်းရှိူ့ ပြန်ဖြေလိုက်သည်။
" ဒါဆို ဘာလို့ အစ်ကိုတော်က အဆင်ပြေနေတာလဲ? " ချူထင်းလန် ထပ်မေးလိုက်၏။ ဤရက်များတွင် သူ(မ)၏အစ်ကိုနှင့် ပင်းဝမ်တို့က အလွန့်အလွန် ရင်းနှီးနေခဲ့ကြသည်။ သူ(မ)သည် ပင်းဝမ်ကို ကူညီရန် ဆန္ဒရှိပြီး သူ(မ)တွင် ပင်းဝမ်၏မင်းသမီးဖြစ်ရန် အခွင့်အရေးလည်း ရှိနေခဲ့သည်။ သူ(မ) ပျော်ရွှင်နေခဲ့၏။ တစ်ညကုန်ဆုံးသွားပြီးနောက် ဘယ်လိုလုပ် ပင်းဝမ်က အကျဉ်းချခံလိုက်ရတာလဲ?
" ငါက အရှင်မင်းကြီးရဲ့လူ။ " ချူထင်းရှိူ့ ဖြေလိုက်သည်။
" နင် ငါတို့ကို လိမ်ခဲ့တာပေါ့! " ရုတ်တရက် ချူထင်းလန် ဒေါသထွက်သွားခဲ့သည်။
" ထင်းလန်၊ မင်း ပင်းဝမ်စီကို ပေးစာတွေ အများကြီး ပို့ခဲ့တယ်။ ငါ အရှင်မင်းကြီးရဲ့ရှေ့မှောက်မှာ မင်းကို အာမခံပြီး ဖယ်ထုတ်ပေးခဲ့ရတယ်။ မင်း နိုးထဖို့ အချိန်တန်ပြီ။ " ချူထင်းရှိူ့ ပြောလိုက်ပြီး သူ၏ကိုယ်ပိုင်တပ်သားများကို ချူထင်းလန်ဘေးမှ ပင်းဝမ်၏လူများအား ဖမ်းဆီးစေကာ ထိုသူများကို အကျဉ်းထောင်သို့ ပို့စေခဲ့သည်။
" အစ်ကိုတော်၊ နင် အရမ်းရက်စက်တယ်! နင် ပင်းဝမ်ကို သစ္စာဖောက်ခဲ့တယ်။ " ချူထင်းလန်သည် သူ(မ)၏အစေခံများကို အဝေးသို့ ခေါ်သွားမည်အား မလိုလားပေ။ သူ(မ)က အော်ဟစ်ငိုကြွေးနေခဲ့သည်။
" ငါ့မှာ ပင်းဝမ်နဲ့ ဘာကိစ္စမှမရှိဘူး။ "
" ဘယ်လိုလုပ် ပင်းဝမ်က အရှင်မင်းကြီးအောက် နိမ့်ကျကျမှာလဲ? အရှင်မင်းကြီး ဧကရာဇ်မင်း ဖြစ်လာခဲ့တာက သူက အားနည်းပြီး အရည်အချင်းမပြည့်မီလို့ပဲ! " ချူထင်းလန် ရှိုက်ငိုလိုက်သည် : " နင် ဘာလို့ ပင်းဝမ်ကို မကူညီခဲ့တာလဲ? "
ချူထင်းရှိူ့ သည် သူ၏ညီမဖြစ်သူကို မျက်မှောင်ကြုံ့၍ ကြည့်ခဲ့သည် : " အကယ်၍ အရှင်မင်းကြီးကသာ အမှန်တကယ် အားနည်းပြီး အရည်အချင်းမပြည့်မီဘူးဆိုရင် ဘယ်လိုလုပ် သူက ပင်းဝမ်ကို အလွယ်တကူ ချေမှုန်းနိုင်ပါ့မလဲ? လာကြစမ်း သခင်မလေးကို အခန်းထဲခေါ်သွားကြ၊ လီအကြံပေးကို လာခိုင်းပြီး သူ(မ)နဲ့ စကားပြောခိုင်းရမယ်။ "
ယခု သူ အနည်းငယ် ပင်ပန်းနေပြီး သူ၏ညီမဖြစ်သူကို စကားပြောချင်စိတ်ပင် မရှိပေ။
သူ့ညီမကို ဖြေရှင်းပြီးနောက် ချူထင်းရှိူ့ တွေးလိုက်ကာ နန်းတော်သို့ ပြန်သွားခဲ့သည်။
ဘွားတော်ကြီး မရှိတော့သည့်အပြင် ပင်းဝမ်လည်း ထို့အတူပင်။ အခြားမည်သည့်တစ်ခုခု မဖြစ်ပျက်သရွေ့ နောက်တစ်ယောက်မှာ သူ ဖြစ်ပေလိမ့်မည်။
မသေဆုံးမီ သူသည် သူ့ကိုယ်သူ ကောင်းမွန်စွာ ကြည်နူးခံစားသင့်သည်ပင်။