အပိုင်း ၆၃ ( The Emperor 13 )
Viewers 10k

ချူထင်းရှိူ့ နန်းတော်မှထွက်သွားကြောင်း ယန်ကျင်းဇီ သိရှိလိုက်ရသောအခါ စိတ်ညစ်သွားသည်။


သူ့စစ်သူကြီးက နေ့လယ်မှာ သူ့ဝေစုကို 'စား'ပြီး ညဘက်မှာ ထွက်ပြေးသွားတာတော့ မဟုတ်လောက်ဘူးမလား?


သို့သော် ချူထင်းရှိူ့ခမျာ ညလုံးပေါက် စိုးရိမ်ပူပန်ခဲ့ပြီး နေ့လယ်ခင်း၌ အားအင်ကုန်ဆုံးသွားလေရာ အိမ်ပြန်ပြီး အနားယူချင်သည်မှာ သူ့အတွက်တော့ ပုံမှန်ပင်။


ဆန့်ကျင်ဘက်အားဖြင့် ယန်ကျင်းဇီကမူ တော်တော်ကလေး စိတ်ပျက်စရာကောင်းအောင် အလုပ်များနေလေသည်။


အလုံးစုံသော ဖမ်းဆီးမှုများကို ဆောင်ရွက်ပြီးနောက် မှူးမတ်များစွာက အရိုအသေပေးရန်နှင့် သူတို့၏သစ္စာစောင့်သိမှုကို ဖော်ပြရန် နန်းတော်သို့ ဝင်ရောက်လာကြသည်။


ယန်ကျင်းဇီ ဤမှူးမတ်များကို တွေ့ဆုံချိန်တွင် စိတ်အနှောင့်အယှက်ဖြစ်မိသော်လည်း ပြုလုပ်ဆောင်ရွက်ရမည့်အရာကိုမူ မဖြစ်မနေ ပြုလုပ်ဆောင်ရွက်ရနေဦးမည်ပင်။


မနေ့ည၌ သတ်ဖြတ်မှုများစွာ ရှိခဲ့သည်။ တော်ဝင်တပ်ဖွဲ့မှ တပ်သားအချို့သည် စောစီးစွာ လက်နက်ချခဲ့ကြပြီး မြောက်ပိုင်းတပ်ဖွဲ့က သူတို့အား ဖမ်းဆီးတုပ်နှောင်ထားရုံသာ ဖြစ်သော်ငြား သူတို့ထဲမှ အချို့က ဖမ်းဆီးခံရပြီးနောက် သူတို့ သေတော့မည်ကို သိကာ ရုန်းကန်ခုခံခဲ့ကြသဖြင့် မြောက်ပိုင်းတပ်ဖွဲ့ထံမှ ချက်ချင်း ခုတ်ဖြတ်ခံလိုက်ကြရသည်။


နန်းတော်ထဲတွင် သွေးညှီနံ့ ခပ်ဖျော့ဖျော့ ရှိနေသည်။ နန်းတော်ထဲ အခစားဝင်လာကြသော မှူးမတ်များကြား မုန်တိုင်းများနှင့် လှိုင်းဒဏ်များကို တွေ့ကြုံခံစားခဲ့ဖူးသူများ အနည်းငယ် ရှိသော်လည်း ထိုသူများမှာ အနည်းငယ်မျှသာ ဖြစ်ကြလေသည်။


များပြားလှသော မှူးမတ်အများစုမှာ အသံတိတ်နေခဲ့ကြသည်။


သူတို့သည် စီတန်း၍ ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်လှမ်းလာကြကာ နောက်ဆုံး ယန်ကျင်းဇီ၏ရှေ့ကို သူတို့ ရောက်သွားချိန်တွင်မူ သူတို့က ချက်ချင်း ဦးညွတ်ဒူးထောက်လိုက်ကြပြီး သူတို့ထဲမှ အချို့ဆိုလျှင် တုန်ယင်နေကြဆဲဖြစ်သည်။


" မှူးမတ်အရာရှိတို့ ထကြလော့ " ယန်ကျင်းဇီက ဆိုသည်။


မှူးမတ်အရာရှိများ တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ထရပ်လာကြသော်လည်း အများစုမှာ မော့မကြည့်ရဲကြပေ။


အမတ်ချုပ်ကြီးဆွေ့ ရွှင်အတွက်မူ ဤကဲ့သို့သော ကိစ္စမျိုးကို တွေ့ကြုံရသည်မှာ ပထမဆုံးအကြိမ် မဟုတ်သဖြင့် သူသည် မော့ကြည့်ရဲလေသည်။ သို့သော် ဤမော့ကြည့်ရဲသူမှာ နန်းပလ္လင်ပေါ်တွင် ထိုင်နေသော ဧကရာဇ်မင်းကို တွေ့သောအခါ ထိတ်လန့်သွားရသည်။


အရှင်မင်းကြီးက အမှန်တကယ် အများကြီး ပြောင်းလဲသွားတယ်!


မဟုတ်ဘူး၊ ဒါက သူ အများကြီး ပြောင်းလဲသွားတာမျိုး မဟုတ်ဘဲ သူက အရမ်း‌ကို ကောင်းကောင်းမွန်မွန်နဲ့ ဖုံးကွယ်နေခဲ့တာပဲ။


တစ်နေ့လုံး ဗုဒ္ဓကျမ်းဂန်တွေကို ရွတ်ဆိုဖို့ ဘွားတော်ကြီးစီက ဖိအားပေးခံရတဲ့ ဧကရာဇ်ရဲ့ အားနည်းတဲ့ ပုံပန်းသွင်ပြင်အားလုံးက သရုပ်ဆောင်မှုတစ်ခုသာ ဖြစ်မှန်း ဘယ်သူက တွေးမိခဲ့မှာလဲ?


အရှင်မင်းကြီးက ဟန်ဆောင်တာ အရမ်းတော်လွန်းသဖြင့် သူတောင်မှ အလားတူပင် ခြားနားချက်ကို မမြင်မိခဲ့ပါချေ။


ဆွေ့ ရွှင်က ရှေ့တိုးကာ ယန်ကျင်းဇီနှင့်အတူ အရေးကိစ္စမျိုးစုံကို တင်ပြဆွေးနွေးခဲ့သည်။


ဤအခိုက်အတန့်၌ အခြားသော မှူးမတ်အရာရှိများလည်း စိတ်သက်သာရာရပြီး နဂါးပုလ္လင်ပေါ်မှ လူကို မော့ကြည့်ရဲကြတော့သည်။


နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ယောက်ျားပျို၏ ဩဇာရောင်ဝါလက္ခဏာများမှာ ယခင်နှင့် အလွန်ကွာခြားသွားလေပြီ။ အမှန်ပင်၊ ဘွားတော်ကြီး မရှိတော့သည့်အပြင် ပင်းဝမ်လည်း မရှိတော့ပြီဖြစ်ရာ သူ ဖုံးကွယ်နေစရာ မလိုအပ်တော့ပေ။


နေဦး... နောက်ထပ်လူတစ်ယောက် ကျန်သေးသည်။


အရှင်မင်းကြီးသည် မြောက်ပိုင်းတပ်ဖွဲ့၏အကူအညီဖြင့် ဘွားတော်ကြီး၏ထိန်းချုပ်မှုလက်အောက်မှ လွတ်မြောက်နိုင်ခဲ့ပြီး ဤအချိန်၌ ပင်းဝမ်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းမှာလည်း မြောက်ပိုင်းတပ်ဖွဲ့၏အကူအညီဖြင့်သာ ဖြစ်သည်။


ငှက်က အဝေးသို့ ပျံသန်းသွားတော့ လေးကောင်းကိုလည်း သိုဝှက်လိုက်ပြီ၊ စဥ်းလဲတဲ့ယုန် သေဆုံးသွားတော့ ခွေးကိုလည်း ချက်ပြုတ်လိုက်ပြီ။* အရှင်မင်းကြီးက ချူထင်းရှိူ့ကို သည်းခံနိုင်ပါ့မလား?


ဤအရပ်ဘက်မှူးမတ်အများစုသည် ချူထင်းရှိူ့အား မနှစ်မြို့ကြပေ။


ချူထင်းရှိူ့သည် တပ်ဘက်ဆိုင်ရာ စစ်သူကြီးတစ်ယောက်သာ ဖြစ်သော်ငြား ယခင်က သူသည် အုပ်ချုပ်ရေးကို တာဝန်ယူထားခဲ့ပြီး သူတို့ကို အလေးအနက်မထားခဲ့ချေ။ သူတို့သည် ဤကံဆိုးမှု ချူထင်းရှိူ့အား အငြိုးထားခဲ့ကြသည်။


သို့သော် ဤအခိုက်အတန့်တွင်မူ သူတို့ ချူထင်းရှိူ့အတွက် ရုတ်တရက် အနည်းငယ် စာနာသနားမိသွားကြရသည်။


မဟာဆရာယောင်သည် တော်ဝင်အကြံပေးမှူးမတ်တစ်ဦး ဖြစ်ပြီး နန်းတော်တွင် ဤကိစ္စမျိုး ဖြစ်ပျက်ပြီးနောက် သူလည်း ရောက်လာခဲ့ကာ ဤအချိန်တွင် သူသည် ချူထင်းရှိူ့အတွက် ပို၍ပင် စိတ်မကောင်းဖြစ်မိသည်။


ချူထင်းရှိူ့သည် စစ်သူကြီးတစ်ဦး ဖြစ်သည်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ သူက တော်ဝင်အာဏာလုပွဲမှာ ရောပါနေရတယ်!


သူသည် လုံလုံလောက်လောက် ဗဟုသုတကြွယ်ဝပြည့်စုံလေရာ အရှင်မင်းကြီးကဲ့သို့သော ယခင်က ဆယ်နှစ်ကျော် ဖိနှိပ်ခံခဲ့ရသော လူများသည် ဖိနှိပ်ခံရမှုကို နောက်ထပ် သည်းမခံနိုင်တော့ကြောင်း သိရှိထားသည်။


အရှင်မင်းကြီးက ကိုယ်ပိုင်အရည်အချင်းကို မဖော်ထုတ်မီ အချိန်ကတည်းကပင် သူသည် ချူထင်းရှိူ့အတွက် သက်ပြင်းချနေခဲ့ကာ စိတ်မချမ်းမြေ့စရာ အခြေအနေဖြင့် အဆုံးသတ်ရလိမ့်မည်ဟု တွေးထင်နေခဲ့သည်။


ချူထင်းရှိူ့သည် အရှင်မင်းကြီး ကိုင်တွယ်ဖြေရှင်းမည့် နောက်လူ ဖြစ်ကြောင်း သေချာပေသည်။


ချူထင်းရှိူ့သည် လိမ္မာပါးနပ်သော ကောင်လေးတစ်ယောက် ဖြစ်ပြီး သူ၏တပ်အာဏာကို ဆုံးရှုံးခံလိုက်မည်ဆိုလျှင် အရှင်မင်းကြီးက သူ့ကို လွှတ်ပေးကောင်း လွှတ်ပေးနိုင်သည်...


မဟာဆရာယောင်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။


တော်ဝင်စာမေးပွဲသည် မြင်းပေါင်းထောင်ချီက သစ်သားတံတားတစ်စင်းကို ဖြတ်ကူးနေခြင်း ဖြစ်ပြီး ၎င်းက မလွယ်ကူချေ။ ထို့ကြောင့် လက်ရှိမှူးမတ်အရာရှိများအားလုံးသည် လူတစ်သန်းထဲမှ တစ်ယောက်သာ ဖြစ်ပြီး ဉာဏ်ကောင်းကာ ဖြောင့်မတ်တည်ကြည်ကြသည်။ ဤအချိန်တွင် မဟာဆရာယောင်နှင့် အတွေးတူသော လူအနည်းစုလည်း ရှိသည်။


သူတို့ ထို့သို့တွေးတောနေစဉ် ချူထင်းရှိူ့ ရောက်လာသည်ကို သူတို့ တွေ့လိုက်ရသည်။


မှူးမတ်များသည် အရှင်မင်းကြီးနှင့် တွေ့ဆုံလိုသောအခါ ကြေညာအသိပေးခံရမည်ဖြစ်သည်။ သို့သော် ချူထင်းရှိူ့က ကြေညာအသိပေးခြင်း မရှိဘဲ ဝင်ရောက်လာသည်... သူက ဒီအတိုင်း ဝင်ချလာတာ!


ယန်ကျင်းဇီကို ကာကွယ်ရန် တာဝန်ရှိသော အစောင့်တပ်မှူး : ချူထင်းရှိူ့ကို အရှင်မင်းကြီးလိုမျိုးပဲ တန်းတူသဘောထားဖို့ အရှင်မင်းကြီးက သူ့ကို ထပ်တလဲလဲ ပြောထားတာ၊ ဘယ်လိုလုပ် သူက ချူထင်းရှိူ့ကို တားမြစ်ရဲပါ့မလဲ?


ညီလာခံမှ မှူးမတ်များသည် ချူထင်းရှိူ့အား ပို၍ပင် ဂရုဏာသက်မိကြတော့သည်။ ချူထင်းရှို့ ဤသို့ပြုမူနိုင်သည် ဟူသော အချက်မှာ သူက မိမိကိုယ်မိမိယုံကြည်မှု များပြားလွန်းနေသောကြောင့် ဖြစ်နိုင်သည်။ ဒါက အရှင်မင်းကြီး၏ စိတ်တိုင်းမကျမှုကို မလွဲမသွေ ဖြစ်ပေါ်စေလိမ့်မည်၊ သို့မဟုတ်... အရှင်မင်းကြီးထံမှ ရှင်းလင်းပစ်ခံရပေလိမ့်မည်။


ချူထင်းရှိူ့ကိုယ်တိုင်တောင်မှ ဤအရေးပေးခံမှုနှင့် ကျင့်သားမရသေးပေ။


" ကျွန်တော်မျိုး အရှင်မင်းကြီးကို နှုတ်ခွန်းဆက်သပါတယ်... " ချူထင်းရှိူ့သည် ဒူးထောက်ချ၍ အရိုအသေပြုတော့မည်ဖြစ်သော်ငြား ယန်ကျင်းဇီသည် ထလာကာ သူ့ကို ထိန်းကိုင်လိုက်ပြီးပြီဖြစ်သည်။


သူသည် သူ့စစ်သူကြီး သူ့စီသို့ ဒူးထောက်ချ၍ အရိုအသေပြုခြင်းအား စိတ်မဝင်စားချေ။ သို့သော် သူ့စစ်သူကြီးနှင့်အတူတူ အိပ်ရာထဲတွင် ဒူးထောက်ရသည်ကိုတော့ ပျော်ရွှင်သည်။ အင်း၊ သူ့စစ်သူကြီးက သူ့ရှေ့မှာ ဒူးထောက်နေပြီး သူကတော့ နောက်ဘက်ကနေ ဒူးထောက်နေတာမျိုးပေါ့။


ယန်ကျင်းဇီသည် ဖော်မပြနိုင်သော အကြောင်းအရာများကို စဥ်းစားနေခဲ့ပြီး ထို့နောက် ထိုင်ခုံတစ်လုံးကို ယူလာစေခဲ့သည်။


ချူထင်းရှိူ့သည် တစ်ညလုံး မအိပ်ရသေးဘဲ နေ့လယ်တွင်လည်း အလုပ်လုပ်ထားသေးသဖြင့် အနားယူသင့်ပေသည်။


အရမ်း-ငယ်ရွယ်-မနေတော့သော အမတ်ချုပ်ကြီး ဆွေ့ ရွှင်မှာ မတ်တပ်ရပ်နေပြီး အရှင်မင်းကြီးသည် တစ်စုံတစ်ယောက်အား အမှန်တကယ်ပင် ချူထင်းရှိူ့အတွက် ထိုင်ခုံတစ်လုံး ရွှေ့စေခဲ့သည်။ ချူထင်းရှိူ့တွင် ကြီးမားသော မိမိကိုယ်မိမိယုံကြည်မှုများ ရှိနေခြင်း ဖြစ်နိုင်လောက်သည်ဟု ယခင်က တွေးနေခဲ့သူများမှာ ယခုဆိုလျှင် ရှင်းလင်းသွားပြီ - အရှင်မင်းကြီးက လူသတ်ဖို့ လုပ်နေတာပဲ!


ချူထင်းရှိူ့မှာ အသိတရားရှိသေးရင် သူ ဒီအချိန်မှာ ယဥ်ယဥ်ကျေးကျေးနဲ့ ငြင်းကိုငြင်းပယ်ရမယ်။


လူတိုင်းက ဤသို့တွေးရင်း ချူထင်းရှိူ့ကို ကြည့်ကြသည်။


ရလဒ်မှာတော့ ချူထင်းရှိူ့က သက်တောင့်သက်သာဖြင့် ထိုင်ချလိုက်လေသည်။


မှူးမတ်များ : " ... " ချူထင်းရှိူ့ အရင်က သမိုင်းစာအုပ်တစ်အုပ်ကိုတောင် တစ်ခါမှ မဖတ်ဖူးတာ ဖြစ်နိုင်တယ်၊ မဟုတ်ရင် သူ ဒီလိုလုပ်မှာ မဟုတ်ဘူး... သူ ဧကရာဇ်ကို ပလ္လင်ပေါ်က ဆွဲချနိုင်တာမျိုး မဟုတ်သေးသရွေ့ပေါ့။


မှူးမတ်များသည် စိတ်ထဲတွင် သက်ပြင်းချနေကြသော်လည်း ယန်ကျင်းဇီသည် သူတို့အား အလျင်အမြန် မောင်းထုတ်ပစ်ချင်နေသည်။


ယခင်က အလျင်မလို‌ခဲ့သော သူသည် စတင်၍ အရေးကိစ္စများကို အာရုံ‌စူးစိုက်မှုကောင်းကောင်းဖြင့် ကိုင်တွယ်ဖြေရှင်းတော့သည်။ ထို့ပြင် အမတ်ချုပ်ကြီး၏ နှေးကွေးသော ဇာတ်ကြောင်းပြန်ဆိုမှုကို နားထောင်မည့်အစား သူသည် သူ၏ လျင်မြန်သော ကိုယ်ပိုင်ဆုံးဖြတ်ချက်များကို ချမှတ်လိုက်သည်။


လက်ငင်း ဖြေရှင်းရန် လိုအပ်သော ကိစ္စများအားလုံးကို ဖြေရှင်းပြီးသောအခါ ယန်ကျင်းဇီသည် ချက်ချင်းပင် ထိုအမတ်များကို ထွက်သွားခိုင်းလိုက်တော့သည်။


ဆွေ့ ရွှင်နှင့် သူ့အဖွဲ့တို့က ဖြေးညှင်းစွာ နောက်ဆုတ်လာပြီး တံခါးခုံကို ဖြတ်ကျော်ပြီးနောက် သူသည် နောက်သို့လှည့်ကြည့်လိုက်ရာ အရှင်မင်းကြီးက ချူထင်းရှိူ့စီ ဦးတည်လျှောက်လှမ်းနေသည်ကို တွေ့လိုက်ရသည်။


ယန်ကျင်းဇီသည် ချူထင်းရှိူ့စီသို့ ရောက်သွားသောအခါ သူက မေးသည် : " ထင်းရှိူ့ အဆင်ပြေရဲ့လား? " သူနှင့်ချူထင်းရှိူ့တို့သည် ၎င်းကို တစ်လတိတိ မလုပ်ဖြစ်ခဲ့ဘဲ သူသည် ယနေ့ နေ့လယ်၌ ထပ်မံလုပ်ဖြစ်ခဲ့သည်... ချူထင်းရှိူ့၏ပုံစံမှာ စစချင်း အနည်းငယ် အဆင်မပြေဖြစ်ပုံ ပေါ်ခဲ့သည်။


" ငါ အဆင်ပြေတယ်။ " ချူထင်းရှိူ့ ယန်ကျင်းဇီအား ကြည့်လိုက်သည်။ " အရှင်မင်းကြီးမှာ တခြားလုပ်စရာ ရှိသေးလား? "


" အားလုံး ပြီးသွားပြီ။ " ယန်ကျင်းဇီက ဖြေသည်။


ချူထင်းရှိူ့က ‌ပြုံးကာ ယန်ကျင်းဇီအား မျှော်ကြည့်သည် : " မနေ့ညက အရှင်မင်းကြီး မအိပ်ခဲ့ရတော့ သေချာအနားယူသင့်တယ်။ "


ယန်ကျင်းဇီကလည်း ပြုံးပြလာသည် : " မင်း ကိုယ်နဲ့ အတူတူ အနားယူမှာလား? "


ချူထင်းရှိူ့ : " ကောင်းပြီ။ "


ယန်ကျင်းဇီသည် ချူထင်းရှိူ့အား ခေါ်ဆောင်သွားပြီး တစ်စုံတစ်ဦးအား ညစာ ပြင်ဆင်ခိုင်းခဲ့သည်။


သူတို့သည် ညစာစားပြီးနောက် စောစီးစွာ အိပ်ရာဝင်ခဲ့ကြသည်။


ယန်ကျင်းဇီသည် 'အနားယူရန်' ပြောခဲ့ပြီး သူ အမှန်တကယ် ဆိုလိုသည်မှာ အနားယူရန် ဖြစ်ပြီး အလွန်ဆုံး အနည်းငယ် နွေးထွေး‌စေရန် သူ့ချစ်သူကို ထွေးပွေ့ရုံလောက်သာ ဖြစ်သည်။ ရလဒ်မှာတော့ ချူထင်းရှိူ့က သူ့ထံ မှီလာပြီး သူ့ကို လာနမ်းကာ လက်များကလည်း အငြိမ်မနေခဲ့ချေ...


ချူထင်းရှိူ့က သာယာမှုကို ပြောင်ပြောင်တင်းတင်း တောင်းဆိုနေတာပဲ!


ယန်ကျင်းဇီ တံတွေးမြိုချကာ ချူထင်းရှိူ့၏လက်ကို ဖမ်းဆွဲလိုက်သည် : " မင်း ဒဏ်ရာရမှာ မကြောက်ဘူးလား? " သူသည် ဤကိစ္စနှင့်ပတ်သက်၍ တော်ဝင်သမားတော်ဟူအား အထူးတလည် မေးမြန်းခဲ့ပြီး အလွန်အကျွံ ဆက်ဆံမှုသည် အောက်တွင် နေသူ၏ ကိုယ်ခန္ဓာကို ထိခိုက်နိုင်စေမှန်း သိထားသည်။


ချူထင်းရှိူ့ : " ကျင်းဇီ... "


" ဒီနေ့တော့ မဖြစ်ဘူး။ မင်း ကောင်းကောင်းအနားယူလိုက်ဦး။ " ယန်ကျင်းဇီသည် ရွေးချယ်စရာ မရှိတော့ဘဲ ယခင်နည်းလမ်းဟောင်းကိုသာ အသုံးပြုရတော့သည် – ချူထင်းရှိူ့အား စောင်တစ်ထည်ဖြင့် ထုပ်ပိုးလိုက်ပြီးမှ ပွေ့ဖက်ကာ အိပ်စက်လိုက်ရသည်။


မဟုတ်လျှင် သူသည် ဖြားယောင်းသွေးဆောင်မှုကို တောင့်ခံနိုင်တော့မည် မဟုတ်ချေ။


သူသည် လျိုရှဟွေ့* မဟုတ်။


ချူထင်းရှိူ့သည် အနည်းငယ် ကြောင်အသွားသော်လည်း သူသည် ယန်ကျင်းဇီ၏ရင်ခွင်ထဲတွင် သူ အိပ်ပျော်သွားပုံကို အလွန့်အလွန် စိတ်ကျေနပ်မိသည်။


ဤသို့သောဘဝမျိုး ရက်ပေါင်းမည်မျှကြာရှည်ခံနိုင်မလဲ သူ မသိပါချေ။


ချူထင်းရှိူ့ ပြုံးလိုက်ပြီး ယန်ကျင်းဇီကို နမ်းကာ သူ့မျက်လုံးများကို မှိတ်လိုက်သည်။


သူသည် စိတ်ဆုံးဖြတ်ထားပြီးပြီဖြစ်ပြီး သူ၏နောက်ဆုံးအမှတ်တရများကို တန်ဖိုးထားချစ်ခင်ချင်ရုံသာ ဖြစ်သော်ငြား သူသည် အရမ်းဝမ်းနည်းမနေမိသဖြင့် သူ လုပ်ချင်သည့်အရာများအားလုံးကို ပြုလုပ်မည်ဟု ဆုံးဖြတ်ထားခဲ့သည်။


ချူထင်းရှိူ့ အနားတိုးကပ်လာသောအခါ ယန်ကျင်းဇီသည် နိုးနေဆဲဖြစ်ပြီး ရှေ့တိုးကာ ချူထင်းရှိူ့၏မျက်နှာအနှံ့နှင့်ဆံနွယ်များအားလုံးကို နမ်းမိတော့မတတ်ပင်။


သို့သော် ချူထင်းရှိူ့၏ရှေ့တွင် သူ၏ ညံ့ဖျင်းသော စိတ်ထိန်းနိုင်မှုကို စဉ်းစားမိသောအခါ... သူ ချုပ်တည်းထားလိုက်တော့သည်။


သူတို့နှစ်ယောက်စလုံး မနေ့ညက အိပ်မပျော်ခဲ့ကြသဖြင့် မကြာမီမှာပင် သူတို့သည် အတူတကွ အိပ်ပျော်သွားခဲ့ကြသည်။


နောက်‌တစ်နေ့ သူတို့ နိုးလာသောအခါ နန်းညီလာခံ ကျင်းပရန် ရှိနေလေသည်။


ညနေစောင်းလာသည်နှင့်အမျှ မှူးမတ်များသည် ဖြစ်ပျက်ခဲ့သမျှကို လိုက်လျောညီထွေဖြစ်လာကြပြီး တစ်ဦးပြီးတစ်ဦး သူတို့၏ တွေးခေါ်မှုအလေ့အထကို ညှိယူပြောင်းလဲ၍ သူတို့သည် ယခင်ကကဲ့သို့ စကားမပြောရဲကြတော့ဘဲ ညီလာခံတွင် ပင်းဝမ်၏အုပ်စုကိုသာ ဆူပူကြိမ်းမောင်းကြတော့သည်။


သိပ်မကြာခင်ကပဲ ဤလူများသည် ပင်းဝမ်ကို ချီးကျူးနေကြခဲ့သည်။


ထို့ထက် ဘာဆိုဘာမှမပို။


တစ်ချိန်တည်းမှာပင် ငိုကြွေးနေသူများ၊ အသနားခံနေကြသူများ သို့မဟုတ် သက်ညှာပေးရန် တောင်းပန်နေကြသူများလည်း ရှိနေကြသည်။


သားဖြစ်သူများက ပင်းဝမ်နှင့် ရင်းနှီးကြသော မဟာဆရာ‌ကျန်းသည် ညီလာခံသို့ တုန်ယင်လျက် ရောက်ရှိလာပြီး သူ့သားကို အသက်ချမ်းသာပေးရန် ယန်ကျင်းဇီအား အနူးအညွတ် တောင်းပန်ခဲ့သည်။


ယန်ကျင်းဇီသည် လူသတ်သမားတစ်ဦး မဟုတ်သော်လည်း ဤအခြေအနေတွင် လူအချို့ကို သူ မဖယ်ရှားပစ်ပါလျှင် လူများသည် သူက အနိုင်ကျင့်ရလွယ်သည်ဟု တွေးထင်သွားကြလိမ့်မည်။


ထိုနေ့တွင် ပင်းဝမ်သည် မှူးမတ်အရာရှိများနှင့်အတူ နန်းတော်သို့ ဆင့်ခေါ်ခံခဲ့ရပြီး ယန်ကျင်းဇီသည် သူတို့ထဲမှ တစ်ဦးတစ်ယောက်ကိုပင် မသက်ညှာခဲ့ချေ။ သို့သော် မဟာဆရာကျန်း၏သားများသည် ပင်းဝမ်နှင့် သိကျွမ်းရုံမျှသာ ဖြစ်သည်။ ပင်းဝမ်ကို ထောက်ခံသော်ငြား ပုန်ကန်မှုတွင် မပါဝင်ခဲ့သူများအားလုံးသည် အသတ်မခံကြရသော်လည်း သူတို့၏ပိုင်ဆိုင်မှုများသည် သိမ်းဆည်းခံရပြီး သူတို့ ပြည်နှင်ဒဏ်ပေးခံခဲ့ကြရသည်။


လူများထံမှ သူတို့၏ဓနဥစ္စာများအားလုံးကို သိမ်းယူပြီး သူတို့အား ခါးခါးသီးသီး ချမ်းအေးလှသော နေရာများတွင် မှူးမတ်များအဖြစ် အလုပ်လုပ်ရန် စေလွှတ်လိုက်ခြင်းမှာ လုံးဝ မနှစ်မြို့စရာဖြစ်သော်လည်း ဤအချိန်တွင်မူ အရှင်မင်းကြီးဟာ အမှန်စင်စစ် ကြင်နာသနားတတ်သူဟု လူတိုင်း ခံစားခဲ့ကြရသည်။


တကယ်ဆိုလျှင် ဤလူများ၏ ပြစ်မှုများနှင့်... သူတို့၏မိသားစုတစ်စုလုံး အသတ်ခံရမည်ဆိုလျှင်တောင် တရားလွန်မည်မဟုတ်။


ယခုလေးတင် သူတို့သည် သူတို့၏ပိုင်ဆိုင်မှုများကို ဆုံးရှုံးလိုက်ရသော်လည်း သူတို့၏ဇနီးများနှင့်ကလေးများသည် အသက်ရှင်နေဆဲဖြစ်ပြီး ခါးခါးသီးသီး ချမ်းအေးလှသော ထိုနေရာတွင် သူတို့ အလုပ်လုပ်ရမည်ဆိုလျှင်တောင် သူတို့သည် အသက်မွေးဝမ်းကြောင်း ပြုလုပ်နိုင်မည့် နည်းလမ်းတစ်လမ်း ဖြစ်သော ကိုယ့်ခြေထောက်ပေါ် ပြန်လည်ရပ်တည်နိုင်လောက်ဦးမည်ဖြစ်သည်။


မဟာဆရာကျန်းသည် ဒူးထောက်ကာ ငိုကြွေးလျက် ကျေးဇူးတင်ခဲ့သည်။


သို့သော် ယန်ကျင်းဇီသည် သူ့အား ကူညီပေးခဲ့ပြီး စတင်၍ အခြားသူများနှင့် ဆက်လက်ဖြေရှင်းသည်။


အမိန့်များကို လိုက်နာကြရုံသာ ဖြစ်သော မသိနားမလည်သော ထိုတပ်သားများကိုမူ သူသည် သူတို့အား မြောက်ပိုင်းကို ကာကွယ်စောင့်ကြပ်ရန် မြောက်ပိုင်းဒေသသို့ ပို့ဆောင်လိုက်သည်။ သို့သော် သူသည် မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများကိုမူ နေစေခဲ့သည်။


မြောက်ပိုင်းတပ်ဖွဲ့မှ မူလတပ်မှူးများသည် တော်ဝင်တပ်ဖွဲ့၏ တပ်မှူးများအဖြစ် ရာထူးအဆင့်ချီးမြှင့်ခံရပြီး နေထိုင်စရာ နေရာများကိုပါ ပေးအပ်ခံခဲ့ကြရသည်။ မြောက်ပိုင်းတပ်ဖွဲ့မှ သာမန်တပ်သားများပင် ယန်ကျင်းဇီထံမှ များစွာသော ငွေကြေးဆုလာဘ်များကို ရရှိခဲ့ကြလေရာ သူတို့ သူတို့၏မိသားစုများကိုပါ မြို့တော်သို့ ခေါ်ယူနိုင်သည့်အထိပင်။


မူလအစက မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများ မြို့တော်တွင် မနေချင်ရခြင်းမှာ သူတို့၏မိသားစုများ မြို့တော်တွင် မရှိသောကြောင့်သာ ဖြစ်သည်။ သို့သော် ယခု သူတို့ သူတို့၏မိသားစုများကို ဤနေရာသို့ ခေါ်ယူနိုင်သည်... ဒါပေါ့၊ သူတို့ ပျားပန်းခပ်သလို သက်ဝင်လှုပ်ရှားနေတဲ့ မြို့တော်မှာ နေဖို့ဆန္ဒရှိတယ်!


ထို့အပြင် သူတို့၏သားဖြစ်သူက မြို့တော်တွင် နေထိုင်လျှင် သူက စာသင်ကြားနိုင်မည်ဖြစ်ပြီး တော်ဝင်စာမေးပွဲဖြင့် သက်မွေးဝမ်းကြောင်းကိုပင် ပြောင်းလဲရန် ဖြစ်နိုင်သေးသည်။ အခြားတစ်ဖက်၌မူ သူတို့၏သမီးဖြစ်သူအတွက် နေနှင့်လေတို့ ထိတွေ့ခံရမည့် မြောက်ပိုင်းအရပ်တွင် လက်ထပ်ခြင်းထက် စားဝတ်နေရေးအတွက် စိတ်မပူရဘဲ မြို့တော်တွင် လက်ထပ်ခြင်းက ပို၍သာလွန်သည်။


မြောက်ပိုင်းတပ်ဖွဲ့မှ တပ်သားများသည် အမိန့်တော်ကို လက်ခံရရှိခဲ့ကြပြီး ဧကရာဇ်အား ကျေးဇူးတင်ခဲ့ကြသည်။


ညီလာခံရှိ မှူးမတ်အရာရှိများ ဤဖြစ်ရပ်ကို တွေ့မြင်ကြရသောအခါ သူတို့က ချူထင်းရှိူ့အား ပိုမိုဂရုဏာသက်လာကြတော့သည်။


သူ့လူတွေက ဒီလိုတော်ဝင်ချီးမြှင့်မှုမျိုးကို ရပြီးသွားမှတော့ ဘယ်လိုလုပ် သူတို့က သူ့ဦးဆောင်မှုနောက်ကို ဆက်လိုက်နိုင်ကြတော့မလဲ?


သူတို့ ဤအကြောင်း စဉ်းစားနေကြစဉ် သူတို့ ယန်ကျင်းဇီ ဆက်လက်မိန့်ကြားသော ချူထင်းရှိူ့အတွက် ဆုလာဘ်ကို ကြားလိုက်ရသည်။ ယန်ကျင်းဇီ မိန့်ကြားသည်မှာ ချူထင်းရှိူ့သည် ပုန်ကန်မှုကို ဖြိုခွင်းရာတွင် အောင်မြင်ခဲ့ပြီး ချူဝမ်အဖြစ် ဘွဲ့ထူးချီးမြှင့်ခံရကာ ချူထင်းရှိူ့အား ဧကရာဇ်ကို ဒူးမထောက်ဘဲ အခစားဝင်နိုင်ခွင့် စသော ဦးစားပေးဆက်ဆံမှုမျိုးစုံကို ပေးသနားခဲ့သည်။


ချူထင်းရှိူ့သည် ယခင်က မှူးမတ်တစ်ဦး ဖြစ်ပြီး တပ်ဘက်ဆိုင်ရာ အရာရှိများ၏ ‌ခေါင်းဆောင် ဖြစ်ကာ ကြီးမားသော အကျိုးအမြတ်များထဲ ရောက်ရှိနေပြီဖြစ်သည်။ အရှင်မင်းကြီးက သူ့ကို မြို့စားအဖြစ် ရာထူးချီးမြှင့်လိုက်လိမ့်မယ်လို့ သူတို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး!


ယခုအချိန်အထိ ချီမင်းဆက်တွင် မတူညီသော မျိုးရိုးနာမည်ဖြင့် မြို့စားတစ်ဦး တစ်ခါမှ မရှိခဲ့ဖူးဘဲ ချူထင်းရှိူ့က အာဏာမြင့်သော ရာထူးနေရာကို ရရှိထားပြီး ရှေ့ဆက်မတိုးနိုင်တော့ဘူးဆိုလျှင်တောင်ပင် သူက မြို့စား မဖြစ်သင့်ဘူး!


ဒါက လုံးဝ ကြီးမြတ်တဲ့ ဘွဲ့ဂုဏ်ထူးပဲ! စည်းမျဉ်းတွေနဲ့ မကိုက်ညီဘူး!


ချက်ချင်း မှူးမတ်တစ်ယောက်က ဒူးထောက်ချကာ ပြောလာသည် : " အရှင်မင်းကြီး ဒါ မဖြစ်သင့်ပါဘူး! "


" ကိုယ်တော် ဆုံးဖြတ်ပြီးပြီ။ " ယန်ကျင်းဇီ ပြန်ပြောခဲ့သည်။ အမှန်ဆိုလျှင် သူသည် ဧကရီဘွဲ့ဂုဏ်ပုဒ်ကိုပင် တကယ် ချီးမြှင့်ချင်ခဲ့သည်... သို့သော် စောင့်ဆိုင်းနေရဦးမည်ဖြစ်သည်။


အမတ်များက ယန်ကျင်းဇီကို မဖျောင်းဖျနိုင်သောအခါ သူတို့အားလုံး ချူထင်းရှိူ့ကို လှမ်းကြည့်ကြသည်။


ချူထင်းရှိူ့က မမိုက်မဲသရွေ့ သူ မတုံ့ပြန်သင့်ဘူး။


သို့သော် ချူထင်းရှိူ့က ဒူးပင်မထောက်တော့ဘဲ အမိန့်တော်ကို လက်ခံလိုက်သည် : " ကျွန်တော်မျိုး အမိန့်တော်ကို လက်ခံရရှိပါတယ်။ အရှင်မင်းကြီးရဲ့မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းပါ။ "


အကယ်၍ အရှင်မင်းကြီးက သူ့အား နောက်ထပ်ပြစ်မှုများ ပေးသနားချင်လျှင် သူ ထိုသို့ပြုမူရန် အဆင်ပြေသည်။


မတ်တပ်‌ရပ်နေစဉ် အရှင်မင်းကြီးကို တွေ့မြင်နိုင်သည်မှာလည်း ကောင်းမွန်သည်ပင်။


____


*ငှက်က အဝေးသို့ ပျံသန်းသွားတော့ လေးကောင်းကိုလည်း သိုဝှက်လိုက်ပြီ၊ စဥ်းလဲတဲ့ယုန် သေဆုံးသွားတော့ ခွေးကိုလည်း ချက်ပြုတ်လိုက်ပြီ - ငှက်က ပြုတ်ကျသွားသောအခါ လေးကောင်းက အသုံးမဝင်တော့။ ယုန်သေသွားလျှင် ခွေးလည်း အသုံးမဝင်တော့။ ချက်ပြီး စားလိုက်တာက ပိုကောင်းသည်။ အဓိပ္ပာယ်မှာ လူတစ်ဦးတစ်ယောက်က အသုံးဝင်မှုတန်ဖိုးကို ဆုံးရှုံးသွားလျှင် သူက အသတ်ခံရမည် သို့မဟုတ် အခြားသူများထက် ပိုမိုဆိုးရွားသော အဆုံးသတ်နှင့် တွေ့ကြုံရမည်။


*လျိုရှဟွေ့ - အကျင့်စာရိတ္တ ကောင်းမွန်သူ ဖြစ်ပြီး တရုတ်ရိုးရာ အကျင့်စာရိတ္တကို လိုက်နာသော စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည်။

____