ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၄)
"ကောင်းလိုက်တာ၊ အရမ်းကောင်းတာပဲ! လာခဲ့ ထပ်လုပ်ရအောင်!"
ထိုအသံတွေကြောင့် ရွှီချင်းမှာ ရှက်သွေးဖြာကာ နီရဲသွားရ၏။ "ဘာဖြစ်လို့လဲ?" လီချန်ဖုန်းသည် ရွှီချင်းကို ညင်ညင်သာသာလေး ပွေ့ဖက်ထားကာ သူ့ပါးစပ်ကို အုပ်ထားတဲ့လက်ကို ဖယ်လိုက်သည်။
ရွှီချင်း လီချန်ဖုန်းဆီ ခေါင်းလှည့်ကြည့်လိုက်ပြီး တိတ်တိတ်လေးပြောလိုက်၏။ "ပြန်ကြရအောင်လေ"
လီချန်ဖုန်း တစ်ဖက်သို့လှမ်းကြည့်လိုက်ပြီး ရွှီချင်းကို ခေါင်းယမ်းပြလျက် "မရဘူး၊ ကိုယ်တို့ အခုထွက်သွားလိုက်ရင် သူတို့ သတိထားမိသွားလိမ့်မယ်။ ကိုယ်မင်းနားရွက်ကို ဖုံးထားပေးမယ်နော်၊ နားမထောင်နဲ့"
ကူကယ်ရာမဲ့စွာဖြင့် ရွှီချင်းလည်း သူ့ခေါင်းကို လီချန်ဖုန်းရဲ့ရင်ဘတ်တွင် မြှုပ်ထားလျက်၊ သူ့နားထဲသို့ လေနှင့်အတူပါလာတဲ့အသံတွေကို ရှောင်ရှားဖို့ ကြိုးစားလျက်။ သို့ပေတည့် ထိုအသံတွေကို သူပိုပြီးရှောင်ဖယ်ချင်လေလေ၊ အသံတွေက ပိုကျယ်လာပုံရလေသည်!
လီချန်ဖုန်း သူ့ရင်ခွင်ထဲတွင် ငှက်ကုလားအုတ်ကဲ့သို့ မြှုပ်ထားတဲ့ ရွှီချင်းခေါင်းလေးကိုကြည့်ရင်း သူ့မျက်လုံးထဲမှာ အန္တရာယ်ရှိတဲ့အလင်းတန်းဖြတ်သွားကာ သူတို့အရှေ့မှ ထိုစုံတွဲကို ကြည့်လိုက်လေသည်။
ထိုနေရာမှ အသံများရပ်တန့်ရန် အချိန်သိပ်မကြာလိုက်ချေ။ ရွှီချင်းလည်း သူ့နှလုံးသားထဲမှာ သက်ပြင်းဖျော့ဖျော့လေးချလိုက်ကာ 'တော်သေးတာပေါ့ သိပ်မကြာလိုက်လို့'ဟု တွေးမိလိုက်သည်။ သို့ပေမယ့် လီချန်ဖုန်းရဲ့ အချိန်တစ်ဝက်လောက်တောင် မကြာလိုက်ဘူးပဲနော်။
"ပြီးခါနီးပြီပဲ"
ရွှီချင်းလည်း အင်္ကျီဝတ်ဆင်သံတွေကို နားထောင်နေရင်း မကြာခင်မှာ သူတို့နှစ်ယောက်ထွက်သွားတဲ့ခြေသံကို ကြားလိုက်ရ၏။ "နောက်ဆုံးတော့ သူတို့သွားကြပြီပဲ!"
ရွှီချင်းက မတ်တပ်ထရပ်ကာ သူ့ကြွက်သားတွေကို ဆန့်နေစဥ် လီချန်ဖုန်းကတော့ ရွှီချင်းရဲ့ကိုယ်ပေါ်က ဖုန်မှုန့်တွေကို ဂရုတစိုက် ခါပေးနေကာ "အဆင်မပြေဖြစ်စေလို့ တောင်းပန်ပါတယ်ကွာ"
ရွှီချင်းလည်း မျက်လုံးတွေကိုလှိမ့်လျက် သူ့အတွက် အမှိုက်တွေခါထုတ်ပေးနေသေးဆဲ လီချန်ဖုန်းကို လှည့်ကြည့်လိုက်၏။
"ရိုးရိုးသားသားပြောရရင် ဒီလိုမျိုးမြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပဲ"
"မင်းစိတ်ပျက်သွားတာလား?" လီချန်ဖုန်းမျက်နှာပေါ်က အန္တရာယ်ရှိတဲ့အကြည့်တွေကြောင့် ရွှီချင်းမှာ ဘာမှထပ်မပြောနိုင်တော့ဘဲ ကသိကအောင့်ပြုံးကာ "ကျွန်တော်တို့ သစ်နှင်းဆီကိုရှာဖို့လိုသေးတယ်လေ၊ မြန်မြန်လုပ်ကြတာပေါ့!"
လီချန်ဖုန်းနှင့် ရွှီချင်းတို့က ပုန်းအောင်းနေသည့်နေရာမှ ထွက်ခွာသွားသောအခါ ရင်းနှီးနေတဲ့ပုံရိပ်တစ်ခုက သူတို့အနောက်မှာ ပေါ်လာခဲ့သည်။
ထိုလူမှာ ခုနလေးကမှ "ပါဝင်သူ"တစ်ယောက်ဖြစ်တဲ့ လော့ကျောင်းပင်။ သူက ဂရုမစိုက်ဘဲ သဲလွန်စတစ်ခုခုကျန်ခဲ့မည်စိုး၍ ပြန်လာကြည့်တာဖြစ်လေသည်။ မထင်မှတ်စွာပဲ သူမတွေ့သင့်တဲ့သူတွေကို တွေ့လိုက်ရလေ၏။
"အိုး သူတို့က တောင်အနောက်ဘက်က နှစ်ယောက်ပဲ။ အဲ့ဒီအမျိုးသားကလည်း သန်မာပုံပဲကွာ" သို့ပေတည့် အခုတော့ သူမြင်လိုက်ပြီဖြစ်၍ ဒီကိစ္စကို လွယ်လွယ်လေးလွှတ်မထားနိုင်တော့ပေ။
နောက်ဆုံးတွင် ရွှီချင်းနှင့် လီချန်ဖုန်းတို့က အလယ်အလတ်အရွယ် ထင်းရှူးပင်တစ်ပင်ကို ဆွဲကာ သူတို့အိမ်သို့ပြန်လာခဲ့သည်။ ရွှီချင်းက သူတို့အဝတ်အစားတွေကို ဘေစင်မှာလျှော်ဖွပ်နေစဥ် လီချန်ဖုန်းကို အရင်ရေချိုးသန့်စင်ခိုင်းလိုက်၏။
"အိမ်မှာ တစ်ယောက်ယောက်ရှိလား? ရှဲ့ယွီပါ။"
"အစ်ကိုရှောင်ယွီ!" ရွှီချင်းက ခြံတံခါးကိုဖွင့်လိုက်ပြီး တစ်ခုခုကိုင်ထားပြီး သူ့ကိုပြုံးပြနေတဲ့ ရှဲ့ယွီကို တွေ့လိုက်ရ၏။
"လာကြည့်ကြည့်၊ မင်းကြိုက်လား?" ရှဲ့ကောအာက ကိုင်ထားသည့်အရာကို ရွှီချင်းအနား ပြလိုက်ရင်း "ပါပီလေး!!"
ရွှီချင်းမှာ ဝမ်းသာအားရ ခုန်ပေါက်လုနီးပါးပင်။ ဒါက အနက်ရောင်ခွေးကလေးတစ်ကောင်ပဲ! "ကျွန်တော်ကြိုက်တယ်! အရမ်းကြိုက်တာပဲ! ကျေးဇူးတင်ပါတယ် အစ်ကိုရှောင်ယွီရေ!"
ရွှီချင်းက ရှဲ့ကောအာရဲ့ လက်ထဲမှ ပါပီလေးကို ဂရုတစိုက်ယူလိုက်၏။ ပါပီလေးမှာ မကြာသေးမီကမှ မျက်လုံးပွင့်လာတာဖြစ်ပြီး ရွှီချင်းရဲ့မျက်လုံးထဲမှာ ချစ်ခင်မှုတွေပြည့်နေလျက်။ သူက တိရိစ္ဆာန်တွေအားလုံးထဲမှာ ကြောင်လေးတွေ၊ ခွေးလေးတွေကို အချစ်ဆုံးပဲလေ။
ရွှီချင်း အမှန်တကယ်ကြိုက်နှစ်သက်သည်ကိုတွေ့လိုက်ရ၍ ရှဲ့ယွီလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းတစ်ချက်ချလိုက်တော့သည်။ ရွှီချင်းမကြိုက်မှာကို စိုးရိမ်နေခဲ့သည်ပင်။
"အိမ်နီးချင်းတစ်ယောက်ရဲ့ခွေးက သားပေါက်ထားတာမကြာသေးဘူးလေ။ ငါတို့အိမ်ကိုလည်း တစ်ကောင်ပို့လိုက်လို့။ မင်းတို့အိမ်က တောင်အနောက်ဘက်မှာဖြစ်ပြီး အိမ်မှာ လူမရှိတတ်ဘူးဆိုတော့ ဒီခွေးလေးကြီးလာတဲ့အခါ သူလည်း အိမ်ကူစောင့်ပေးနိုင်တာပေါ့"
ရွှီချင်း ဝမ်းသာအားရနဲ့ ခေါင်းညိတ်ပြရင်း "အစ်ကိုရှောင်ယွီက အရမ်းစဉ်းစားပေးတတ်တာပဲ! မြန်မြန်ဝင်လာ။ ကျွန်တော်အရမ်းပျော်သွားလို့ မင်းကိုအိမ်ထဲဝင်ခွင့်ပေးဖို့ မေ့နေလိုက်တာ"
ရှဲ့ကောအာလည်း ခေါင်းခါလျက် "မလိုပါဘူးကွာ။ ငါပြန်သွားပြီး ချက်ပြုတ်ရဦးမယ်။ အမေတို့က ဒီနေ့ လယ်ကွင်းထဲသွားကြတဲ့အခါ ငါလည်းအများကြီး မကူညီနိုင်တော့ နေ့လည်စာကောင်းကောင်းလေး အဆင်သင့်ပြင်ထားပေးမလို့။ ငါသွားပြီနော်၊ မင်းအားရင် လာလည်ဦးနော်။"
"ကောင်းပါပြီဗျာ၊ နှုတ်ဆက်ပါတယ် အစ်ကိုရှောင်ယွီ!" ရွှီချင်းက ပါပီလေးကို ပွေ့ဖက်ထားလျက် ခြံတံခါးကို ပိတ်လိုက်ပြီး လီချန်ဖုန်းဆီပြဖို့ အပြေးသွားတော့သည်။ "ချန်ဖုန်းရေ! ကြည့်ဦး! ကြည့်ဦး! ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲလို့!"
လီချန်ဖုန်းက ရွှီချင်းရဲ့ ပျော်မြူးနေတဲ့ အပြုံးလေးကို ကြည့်ပြီးမှ ရွှီချင်းလက်မောင်းတွင်းမှ ပါပီလေးကို တစ်ချက်ကြည့်လိုက်ကာ သူမကျေနပ်သလို ခံစားလိုက်ရသည်။ "ကိုယ်ချီထားလိုက်မယ်။ မင်းက သူ့အတွက် အိပ်ရာနွေးနွေးလေးတစ်ခု ပြင်ပေးလိုက်လေ"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်! ခင်ဗျားချီထားတဲ့အခါ ဂရုစိုက်နော်။ သူ့အတွက် နွေးထွေးတဲ့အိပ်ရာလေးလုပ်ပေးဖို့ တစ်ခုခုကိုကျွန်တော်သွားရှာလိုက်ဦးမယ်!" ထို့နောက် ရွှီချင်းက စိတ်လှုပ်ရှားစွာနဲ့ ထွက်သွားလေသည်။
လီချန်ဖုန်းက သူ့ရင်ခွင်ထဲရှိ ပါပီလေးကို ကြည့်ကာ သူ့ရဲ့လက်ချောင်းသွယ်သွယ်လေးနှင့် ခွေးလေးရဲ့နှာခေါင်းစိုစိုလေးကို ညင်ညင်သာသာလေးပုတ်ကာ "မင်း အရှုပ်ထုတ်ကလေးကတော့၊ ငါ့ဇနီးလေးကို အခွင့်ကောင်းယူရဲတယ်ပေါ့လေ!"
"ဝု ဝု ... ဝု ဝု!" မွေးလာတာမကြာသေးတဲ့ အနက်ရောင်ပါပီလေးမှာ သူ့ပိုင်ရှင်ရဲ့ လက်ကြမ်းကြမ်းကြီးကို ရှောင်ဖယ်ဖို့ အသည်းအသန်ကြိုစားခဲ့၏။ ပါပီအသံလေးမှာ ချစ်စဖွယ်ဖြစ်နေသောကြောင့် လီချန်ဖုန်းလည်း ပို၍ပင် ရွှင်မြူးသွားလျက် သူ့ရဲ့လက်လှုပ်ရှားမှုတွေက ပို၍မြန်ဆန်ကာ အားကောင်းလာလေသည်။
ရွှီချင်းမှာ အိပ်ရာလေးကိုပြင်ပေးပြီးနောက် ပါပီလေးကို လာခေါ်တဲ့အခါ လီချန်ဖုန်း၏ လက်ကြီးကြီးတစ်ဖက်က အကြင်နာမဲ့စွာ ကျီစယ်စနောက်နေသည်ကို မြင်လိုက်ရ၏။ "ခင်ဗျားဘာလုပ်နေတာလဲ? သူက သေးသေးလေးရှိသေးတာ!!" ရွှီချင်းမှာ လီချန်ဖုန်းရဲ့လက်ထဲမှ တအီအီငိုညည်းနေတဲ့ခွေးလေးကို အလျင်အမြန် ဆွဲယူလိုက်ကာ သူ့အား စူးစိုက်ကြည့်လိုက်သည်။
လီချန်ဖုန်းလည်း သူ့လက်တွေကို ဖြန့်လျက် ပခုံးတွန့်ပြလိုက်ကာ "သူဟောင်မလားလို့ ကိုယ်ကြည့်ချင်လို့ပါ"
ရွှီချင်းက အသက်ပြင်းပြင်းရှူလိုက်ရင်း "သူက သေးသေးလေးရှိသေးတာ၊ ဘယ်လိုလုပ် သေချာဟောင်နိုင်ဦးမှာလဲ?"
လီချန်ဖုန်းက နာနာခံခံ ခေါင်းညိတ်ပြလိုက်ကာ "ကိုယ်နားလည်ပါပြီ။ နောက်တစ်ခါမလုပ်တော့ပါဘူး"
"အင်းပါ၊ ကောင်းတာပေါ့! ရှောင်ပေါင်ရေ မင်းရဲ့အိမ်အသစ်ကို သွားကြည့်ကြစို့!"
"ရှောင်ပေါင်?"
ရွှီချင်း သူ့ရင်ခွင်ထဲက ပါပီလေးကို လက်ညှိုးထိုးပြလျက် "သူ့နာမည်ကို ရှောင်ပေါင်လို့ ပေးလိုက်တာလေ၊ နာမည်ကောင်းလေးမဟုတ်လား?"
လီချန်ဖုန်း: "... ကောင်းပါတယ်၊ မင်းကြိုက်သရွေ့ပေါ့"
ဤသို့ဖြင့် "ရှောင်ပေါင်"လို့ အမည်ရတဲ့ အနှီအနက်ရောင်ပါပီလေးမှာ သူတို့မိသားစုရဲ့ ပထမဆုံးမိသားစုဝင်ဖြစ်လာခဲ့လေသည်။
***
ကျိရှန်းရွာရှိ အနည်းငယ် ဟောင်းနွမ်းနေတဲ့သက်ကယ်အိမ်လေးတွင် လူလတ်ပိုင်းအရွယ်ကောတစ်ယောက်က ကွေးညွတ်လျက် ခြံဝင်းကို တံမြက်စည်းလှည်းနေခဲ့၏။ "အမေ ကျွန်တော်လုပ်ပါ့မယ်ဗျာ။ အနားယူလိုက်ပါဦး" သိမ်မွေ့သောရုပ်ရည်ရှိတဲ့ အမျိုးသားတစ်ယောက်မှာ လူလတ်ပိုင်းအရွယ်လူရဲ့ လက်ထဲမှ တံမြက်စည်းကို ယူလိုက်ပြီး ကျွမ်းကျွမ်းကျင်ကျင် စတင်လှည်းကျင်းတော့သည်။
အဒေါ်ကျိုးက သားဖြစ်သူမှာ အလုပ်ကို စေ့စေ့စပ်စပ် လုပ်နေသည်ကို ကြည့်နေရင်း သူ့နှလုံးသားထဲမှာ ကျေနပ်မှုနှင့် သောကတို့ရောပြွန်းနေလျက်။
သူ့သားဖြစ်သူ ကျိုးဝမ်ဟာ ပါရမီရှိတဲ့ကျောင်းသားကောင်းတစ်ယောက်ဖြစ်သလို သူတို့အပေါ်လည်း သားသမီးကျင့်ဝတ်သိတတ်ပြီး သူ့ရဲ့စာလေ့လာမှုကြောင့် အိမ်ရှိအလုပ်တာဝန်တွေကိုလည်း မလစ်ဟင်းစေတတ်သဖြင့် သူကျေနပ်မိပေသည်။
ပူပန်သောကဖြစ်နေရသည့်အကြောင်းမှာ သူ့ကလေးက အသက်၂၀ပြည့်ပြီးသော်လည်း အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးလို့ပင်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ရွာမှအဒေါ်ရှက လာရောက်မေးမြန်းခဲ့ရာ အဒေါ်ကျိုးမှာ အလွန်ပျော်ရွှင်နေခဲ့သော်လည်း ကျိုးဝမ်က ငြင်းဆန်ပြီး သူ့စိတ်ထဲတွင် တခြားတစ်ခုရှိနေကြောင်း အခိုင်အမာပြောကြားခဲ့ကာ ယခုနှစ် စီရင်စုစာမေးပွဲကို အာရုံစိုက်ရန် စီစဥ်ထားလေသည်။
အဒေါ်ကျိုးရဲ့ ခင်ပွန်းဖြစ်သူ ဦးလေးကျိုးမှာ အနားရောက်လာတော့ သူ့သားဖြစ်သူက အနီးမှာ တံမြက်စည်းလှည်းကျင်းနေစဥ် သူ့ဇနီးကတော့ ဝိရောဓိအမူအရာဖြစ်နေသည်ကို တွေ့လိုက်ရ၍ "ဘာဖြစ်လို့လဲ? ဘာလို့ဒီလိုအမူအရာဖြစ်နေရတာလဲ?"
ဒါကိုကြားတော့ ကျိုးဝမ်လည်း အဒေါ်ကျိုးကို ကြည့်လာကာ အကူအညီမဲ့စွာဖြင့် မေးလိုက်၏။ "အမေ အခု ဘာတွေစဥ်းစားနေပြန်တာလဲဗျာ?"
အဒေါ်ကျိုးက ကျိုးဝမ်ကို ဒေါသတကြီးစိုက်ကြည့်ရင်း "မြေးစောစောလိုချင်တဲ့အကြောင်းမဟုတ်ရင် ငါ့မှာ တခြားဘာတွေးစရာရှိလို့တုန်း?"
ကျိုးဝမ်က ပို၍ပင် အကူအညီမဲ့သလို ခံစားခဲ့ရ၏။ သူက နောက်လ စီရင်စုစာမေးပွဲအတွက် ပြင်ဆင်နေရကာ ထိုအကြောင်းတွေကို စဥ်းစားဖို့ရာ သူ့မှာ အချိန်ရော အားအင်ရောမရှိချေ။ သူလုပ်ချင်ရင်တောင် တစ်ဖက်လူက ဆန္ဒမရှိပေ။
ရွာမှာပျံ့နှံ့နေတဲ့ ချန်ဟုန်နှင့် ပတ်သက်သည့် ကောလာဟလတွေ၊ အတင်းအဖျင်းတွေကို သူကြားသည့်အချိန်တိုင်း စိတ်မသက်သာသလို ခံစားရ၏။
ကျိုးဝမ်က ငယ်ငယ်လေးကတည်းက ချန်ဟုန်ကို ကြိုက်ခဲ့ပေမယ့် သူကြီးလာတဲ့အခါ ချန်ဟုန်က လီချန်ဖုန်းကို သဘောကျနေမှန်း သတိထားမိလေသည်။ ကျိုးဝမ်က လီချန်ဖုန်းကို လေးစားပြီး သူတို့ပျော်ရွှင်စေရန်အတွက် အမှန်တကယ်ဆုတောင်းပေးခဲ့၏။
သို့သော်လည်း လီချန်ဖုန်းရဲ့ စေ့စပ်ပွဲ၊ စစ်မှုထမ်းခြင်း စသဖြင့် နောက်ဆက်တွဲအခြေအနေတွေကြောင့် ကျိုးဝမ်မှာ နောက်ဆုံးတွင် သူ့အတွက် အခွင့်အရေးတစ်ခုရလာပြီလို့ ထင်ခဲ့လေသည်။ သို့ပေတည့် မထင်မှတ်စွာဖြင့် မြို့ထဲက မာမိသားစု ပေါ်လာခဲ့ပြန်သည်။
ကျိုးဝမ်ရဲ့ ပညာရေးကို ထောက်ပံ့ရန်အတွက် သူ့မိသားစုက ပိုက်ဆံအများကြီးကုန်ကျခဲ့ရ၏။ သူတို့က လယ်ယာလုပ်ငန်းကိုသာ လုပ်ကိုင်ကြ၍ မိသားစုတစ်စုလုံး စားသောက်ရန် လုံလောက်ရုံမျှသာ။
ကံကောင်းစွာဖြင့် ကျိုးဝမ်က စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ရတဲ့ *ထုံရှန်းစာမေးပွဲကို အောင်မြင်ခဲ့လေသည်။ မဟုတ်ပါက မိသားစုအပေါ် ဝန်ထုပ်ဝန်ပိုးမှာ ပို၍လေးလံပေလိမ့်မည်ဖြစ်၏။
(*ထုံရှန်း = တရုတ်အင်ပါယာတွင် ပါရမီရှင်ကလေးတစ်ယောက်ကို ပေးအပ်ထားတဲ့ ဘွဲ့အမည်ကို ဆိုလိုတာပါ။ ထူးချွန်တဲ့ ပါရမီရှင်လူငယ်စာသင်သားတွေကို ပေးအပ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ဘွဲ့နာမည်ပါ။)
"မင်းဘာတွေပြောနေတာလဲကွာ? ရှောင်ဝမ်က နောက်လမှာပဲ စီရင်စုစာမေးပွဲကို ဖြေရတော့မယ်။ အခုချိန်မှာ ဒီကိစ္စတွေကို ဘာလို့ပြောနေရတာတုန်းကွာ" ဦးလေးကျိုးသည် ဥာဏ်နည်းသူမဟုတ်ချေ။ သူ့သားက အင်ပါယာစာမေးပွဲကိုအောင်မြင်သွားခဲ့ပါက အောင်သွယ်တော်တွေက လက်ထပ်ပွဲအတွက် သူတို့အိမ်တံခါးကို လာခေါက်ကြမယ်ဆိုတာ သူယုံကြည်မှုရှိပေသည်။
သို့မှသာ အဒေါ်ကျိုးလည်း ပါးစပ်ပိတ်သွားလေ၏။ အကယ်၍ ဤကိစ္စက ရှောင်ဝမ်ရဲ့ စာမေးပွဲကိုသာ တကယ်ထိခိုက်စေခဲ့ရင် သူအရမ်းနောင်တရမိလိမ့်မည်ဖြစ်သည်။
"အဆင်ပြေပါတယ် အမေ။ အမေလုပ်ထားတဲ့ဟင်းတွေကို ကျွန်တော် စားရတာ ကြိုက်တယ်နော်" သူ့အမေရဲ့မျက်နှာမှာ ကိုယ့်ကိုယ်ကို အပြစ်တင်နေတဲ့အမူအရာကို တွေ့လိုက်ရတော့ ကျိုးဝမ်မှာ အလျင်စလို ခေါင်းစဥ်ပြောင်းလိုက်၏။
ထင်သည့်အတိုင်းပင် အဒေါ်ကျိုးသည် သူ့သားက သူချက်တဲ့ဟင်းတွေကို စားချင်ကြောင်း ကြားသည့်အခါ ချက်ချင်းဆိုသလို စွမ်းအင်တွေပြန်ပြည့်သွားကာ ချက်ပြုတ်ဖို့ မီးဖိုချောင်ကို တက်တက်ကြွကြွ ဝင်သွားလေသည်။
ဦးလေးကျိုးက ဆေးပြင်းလိပ်သောက်နေပြီး ကျိုးဝမ်အား အပြုံးလေးနှင့် ကြည့်လိုက်၏။ "မင်းရဲ့အမေကတော့ အမြဲဒီလိုပဲကွာ၊ အရာရာတိုင်းကို မေ့တာမြန်တယ်။ အရမ်းကြီးစိတ်မပူပါနဲ့။ ကောင်းကောင်းပြင်ဆင်ထားဦး။ မင်းက ရာထူးမြင့်တဲ့အရာရှိမဖြစ်ခဲ့ရင်တောင် မင်းအဖေနဲ့ အမေတို့အတွက် ဂုဏ်ထူးဆောင်ပညာတတ်ဘွဲ့နာမည်ယူလာနိုင်ခဲ့ရင် ငါတို့ တကယ်ပဲစိတ်အေးရမှာပါ။"
ကျိုးဝမ်က တံမြက်စည်းကို ဖယ်လိုက်ပြီး သူ့လက်ကို ရေဆေးနေရင်း ပြောလာခဲ့၏။ "ကျွန်တော်သိပါတယ် အဖေ၊ စိတ်မပူပါနဲ့။"
ဦးလေးကျိုးလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သူ့မှာ ဒီလိုသားမျိုးရှိနေခဲ့တာကို အတော်လေးကျေနပ်အားရမိပေသည်။ ယင်းသည်ကား ဘိုးဘေးဘီဘင်တို့ရဲ့ ကောင်းချီးပေးမှုကြောင့်ပါပဲ။
***
ညနေပိုင်းတွင် လီချန်ဖုန်းက အခန်းထဲမှာ အချိန်ခဏလောက်စောင့်နေပေမယ့် ရွှီချင်းဝင်လာသည်ကို မတွေ့သဖြင့် ကူကယ်ရာမဲ့စွာပင် သူအပြင်ထွက်ကာ ရွှီချင်းကို ထပ်ခေါ်လိုက်ပြန်၏။ "ညဘက်ဆို အပြင်မှာ အေးနေပြီလေ။ အခန်းထဲ မြန်မြန်လာခဲ့။ အအေးမမိအောင်ဂရုစိုက်ဦး"
ရွှီချင်း ပင်မခန်းထဲ၌ ရှောင်ပေါင်လေးနဲ့အတူ ကစားနေပြီး ပါပီလေးက သူ့လက်ချောင်းလေးတွေကို အဆက်မပြတ်လျှက်နေခဲ့သည်။ ရွှီချင်းလည်း သူ့လက်ထဲမှာ ဝိဥာဥ်စမ်းရေရှိနေတာကြောင့် ရှောင်ပေါင်က သဘောကျနေသည်ပင်။ သောက်ပြီးသည်နှင့် သူက ဆက်ပြီးအနံ့ခံနေဆဲဖြစ်၍ အနှီခွေးပေါက်လေးမှာ အတော်လေးချစ်စရာကောင်းလှပေသည်။
"ပင်မခန်းထဲမှာ နွေးနေရောပဲ။ ကြည့်ပါဦး သူက ဘယ်လိုတောင် ချစ်စရာကောင်းလိုက်သလဲ?"
လီချန်ဖုန်းက အနားကပ်ကာ ရွှီချင်းရဲ့လက်ဖြူဖြူလေးကို ရှောင်ပေါင်လျှက်နေတာကိုကြည့်ရင်း သူ့နှလုံးသားထဲမှာ မသက်မသာခံစားလိုက်ရ၏။ သူ့လက်ကို ဆန့်ထုတ်ကာ ရွှီချင်းလက်ကို လှမ်းဆွဲလိုက်သည်။ အနံ့မွှေးမွှေးလေးပျောက်သွားသည်မို့ ရှောင်ပေါင်မှာ ညည်းတွားအော်ဟစ်လျက်။ လီချန်ဖုန်းက စိတ်အနှောင့်အယှက်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ရှောင်ပေါင်က အခုထိ အနံ့ခံနေတုန်းပဲ!
"အကျင့်ဆိုးတွေ လုပ်ခွင့်မပေးနဲ့။ ခွေးတွေက ခွေးလိုပဲနေရမှာပေါ့! လာ ကိုယ်တို့ လက်သွားဆေးကြမယ်"
သနားစရာရှောင်ပေါင်လေးမှာ သူ့အိပ်ရာထဲတွင် ရှိနေဆဲဖြစ်ပြီး ရွှီချင်းပေါ်ကို ခုန်တက်ပြီး ရွှီချင်းရဲ့အနံ့နောက်ကို လိုက်ချင်နေခဲ့သည်။ သို့သော်လည်း သူ့ရဲ့ခြေတံတိုတိုလေးတွေက အရမ်းတိုနေပြီး သူ့အိပ်ရာထဲမှ ထွက်တောင်ထွက်မလာနိုင်ခဲ့ချေ။ သူက သူ့နေရာလေးမှာပဲ တဝုဝုသာ လုပ်နိုင်တော့သည်။
ရေတွင်းမှာရပ်နေရင်း သူတို့ရဲ့လက်တွေကို ဆေးပြီးနောက် မနီးမဝေးရွာမှ အသံမျိုးစုံကို ကြားနေရသည်မှာ အတော်လေး အသက်ဝင်လှပေသည်။ လီချန်ဖုန်းက ပြောလာ၏။ "ရွာက သက်ဝင်လှုပ်ရှားတယ်လို့ မင်းထင်ရင် ကိုယ်တို့အိမ်ပြန်ဆောက်တဲ့အခါ ရွာထဲရွှေ့လို့ရတယ်နော်။ ရှဲ့မိသားစုအနားမှာနေလိုက်ရင် အကောင်းဆုံးပဲ။ ဒါဆို မင်းလည်းမပျင်းရတော့ဘူးပေါ့"
ရွှီချင်းက လီချန်ဖုန်းဆီမှ လက်ကိုင်ပုဝါကိုယူကာ သူ့လက်ပေါ်ရှိ ရေစက်တွေကို သုတ်ပစ်လိုက်ပြီး ခေါင်းယမ်းလျက် "ထားလိုက်ပါတော့။ ကျွန်တော်ကတော့ ဒီနေရာလေးကို ပိုကြိုက်နေတုန်းပဲ။ ဒီမှာက ပိုပြီးတိတ်ဆိတ်တယ်ဆိုပေမယ့် ပိုသက်တောင့်သက်သာရှိပါတယ်။ ကျွန်တော်တို့ကို အကြည့်ခံနေရမလား၊ နားထောင်နေမလားဆိုတာတွေ ပူစရာမလိုဘဲ ဘာမဆိုလုပ်နိုင်တယ်လေ။"
"တကယ်လား? ကိုယ်လည်း အဲ့လိုတွေးထားတာပဲ၊ အထူးသဖြင့် ညဘက်တွေပေါ့။ ကိုယ်တို့ကြိုက်တာလုပ်လို့ရတယ်လေ" လီချန်ဖုန်းသည် ပြောရင်းနဲ့ ရွှီချင်းကို အခန်းတွင်းဆွဲသွားတော့သည်။
"ခင်ဗျားက စိတ်ကူးနဲ့ရူးနေတာပဲ!" လီချန်ဖုန်းဘာတွေတွေးနေသလဲဆိုတာ ရွှီချင်းသိလေသည်။ ဒီလူက အရမ်းကျီစားသန်တာပဲကွာ!
"ကောင်းပါပြီ ကောင်းပါပြီကွာ၊ ဒီညတော့ မင်းကို မနှောင့်ယှက်ပါဘူး။ အိပ်ကြစို့လေ" လီချန်ဖုန်းက ရွှီချင်းကို စောင်ထဲထိုးထည့်လိုက်ပြီး သူ့လက်ကြီးတွေနှင့် ဖက်ထားကာ ရွှီချင်းရဲ့ ထူးခြားလှတဲ့အနံ့လေးကို ရှူရှိုက်ရင်း ကျေနပ်အားရစွာ ပွတ်သပ်နေလိုက်၏။ ဒီလိုသာယာလှတဲ့ရက်တွေကို သူအရမ်းသဘောကျတာပဲကွာ။
"ခင်ဗျားက ဘာလို့ ရှောင်ပေါင်လိုလုပ်နေရတာတုန်း၊ အမြဲလိုက်ပွတ်သပ်နေတာပဲ" ရွှီချင်းမှာ လီချန်ဖုန်းရဲ့ ဆံပင်ဖွာဖွာကြောင့် ယားယံနေရကာ လီချန်ဖုန်းကို ဆက်လက်စနောက်နေရင်း သူ့ရဲ့ဦးခေါင်းကို လက်တစ်ဖက်ဖြင့်ပွတ်နေလိုက်သည်။
"ကိုယ်က မင်းကို ပွတ်သပ်နေရုံတင်မကပါဘူး။ ကိုယ်လည်း..." လီချန်ဖုန်းက ရွှီချင်းရဲ့နားရွက်အနားတိုးကာ တိုးတိုးလေးပြောလိုက်ရာ ရွှီချင်းမှာ သူ့စကားတွေကို ရပ်တန့်အောင်လို့ လီချန်ဖုန်းအား အဆက်မပြတ်ဆွဲဆိတ်မိသွားရလေသည်။ အခန်းထဲတွင် ရယ်မောသံတို့ဖြင့် ပြည့်နှက်သွားလျက်။
xxx