Ch-45
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၄၅)


မနက်ခင်းလေမှာ အလန်းဆန်းဆုံးဖြစ်ကာ နေရာတိုင်းမှာ နွေဦးအလှအပတွေပြည့်နှက်နေတဲ့ နေ့တစ်နေ့ပင်။ 


နေ့သစ်တစ်ဖန်စတင်လာကာ တဖြည်းဖြည်းနှင့် ကျေးလက်အိမ်တွေလည်း သက်ဝင်လှုပ်ရှားလာကြပြန်သည်။ 


"ဖြန်း!" 


ချန်ဟုန်က မြေပြင်ပေါ်သို့ လဲကျသွားကာ အရိုက်ခံလိုက်ရတဲ့မျက်နှာကို အုပ်ထားပြီး အမေချန်ကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့သည်။ 


"အမေ..." 


အမေချန်ရဲ့ ရင်ဘတ်မှာ ဒေါသကြောင့် တုန်ယင်နေပြီး "ငါ့ကို အမေလို့ မခေါ်နဲ့၊ ငါ့မှာ မင်းလို အရှက်မဲ့တဲ့သားမရှိဘူး!" 


မနက်အစောကြီး၌ အမေချန်က ချန်ဟုန့်ကို မနက်စာစားဖို့အတွက် ထွက်လာရန် ခေါ်လိုက်ပေမယ့် ချန်ဟုန်က ပြောလာသည့်အခါ "ကျွန်တော့်တောင်းဆိုချက်ကို သဘောမတူတဲ့အထိ ကျွန်တော်မစားဘူး" ထိုစကား​မှာ အမေချန်ကို ဒေါသထွက်စေခဲ့၏။ 


သူ ချက်ချင်းပင် ချန်ဟုန်အနားကပ်သွားကာ ပါးရိုက်ပစ်လိုက်လေသည်။ ချန်ဟုန်ရဲ့မျက်နှာမှာ စိတ်ရှုပ်ထွေးခြင်းနဲ့ မယုံကြည်နိုင်ခြင်းတို့ ရောပြွန်းနေလျက်၊ သူမှတ်မိစအရွယ်ကတည်းက သူ့မိသားစုဝင်တစ်ယောက်ကမှ သူ့အပေါ်လက်မတင်ခဲ့ချေ။  


"ဘာလို့လဲ?" 


ချန်ဟုန်က ပူလောင်နေတဲ့ပါးပြင်ကို ကိုင်ထားရင်း မတ်တပ်ရပ်ကာ အမေချန်ကိုကြည့်လိုက်၏။ 


"ဘာလို့လဲ? မင်းက ငါ့ကို ဘာလို့လဲလို့ မေးနေတယ်ပေါ့?!" အမေချန်သည် ဒေါသအရမ်းထွက်နေသလို အရိုက်ခံရသည့်သူက သူအရိုက်ခံရတဲ့အကြောင်းရင်းကိုတောင် နားမလည်သေးသည့် အချက်ကြောင့် ပို၍ပင်ဒေါသထွက်​​လာခဲ့ရ၏။ 


"မင်းငယ်ငယ်ကတည်းက အခုချိန်ထိ မင်းအဖေရော၊ မင်းအစ်ကိုရော ပြီးတော့ ငါရော မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့ဖူးလား? မင်းမှာ အစားအသောက် ဒါမှမဟုတ် အဝတ်အစားတွေချို့တဲ့ခဲ့သလား? အဲ့ဒီလို နိမ့်ကျတဲ့ ယောက်ျားတစ်ယောက်အတွက်ကြောင့် ဒီလိုစက်ဆုပ်ဖွယ်ကောင်းတဲ့အပြုအမူမျိုးနဲ့ မင်းရဲ့မိဘတွေရဲ့ ခံစားချက်တွေကို လျစ်လျူရှုတယ်ပေါ့လေ။ ခေါင်းမာမာနဲ့ ကိုယ့်လမ်းကိုယ် ဆက်လျှောက်မယ်ပေါ့လေ။ မင်းက မင်းအတွက်မင်းပဲ တွေးထားတယ်ပေါ့။ မင်း! မင်း! မင်းကိုယ်မင်း ပြန်သုံးသပ်ကြည့်စမ်းပါဦး!" ယင်းမှာ လက်ခံနိုင်ဖွယ်မရှိသဖြင့် အမေချန်သည် ချန်ဟုန်၏အခန်းကို သော့ခတ်ပစ်လိုက်သည်။ 


"မင်းဘာလုပ်နေတာလဲ?! မင်း သူ့ကို ရိုက်လည်းရိုက်ပြီးသလို ဆူလည်းဆူပြီးပြီလေကွာ၊ အခု ကိုယ့်ကလေးကို သော့ပိတ်ထားတာပဲ!" ချန်ဟုန်ရဲ့ အခန်းထဲမှာ လှုပ်ရှားမှုတွေကို နားထောင်နေတဲ့ အဖေချန်က အမေချန်တံခါးသော့ခတ်လိုက်တာကို ကြည့်ပြီး သူ့ကို တားရန် အလျင်စလို ကြားဝင်လာခဲ့သည်။ 


အမေချန်သည် သူ့ကို တားချင်နေတဲ့ အဖေချန်လက်ကို တွန်းဖယ်ရင်း အော်ပြောလိုက်၏။ "ဒီနှစ်တွေအတွင်းမှာ ကျုပ်တို့ သူ့ကို အရမ်းအလိုလိုက်ထားမိလို့ဖြစ်ရတာပဲ! သူ့ကို ဒီလိုပဲဆက်လွှတ်ထားလိုက်ရင် သူပိုဆိုးလာလိမ့်မယ်! ကျုပ်ကိုမတားနဲ့။ ခင်ဗျားမှာလုပ်စရာမရှိရင် အန်းလဲ့ရွာကိုသွားပြီး ချန်ချီနဲ့ သူ့ဇနီးကို သွားပြန်ခေါ်လာခဲ့လေ။ သူတို့သွားတာ ဒီလောက်ကြာနေပြီကို၊ ဘာလို့အခုထိပြန်မလာကြသေးတာလဲ?" 


အဖေချန်လည်း အမေချန်က တံခါးကိုသော့ပိတ်ပြီး ထွက်သွားတာကို စောင့်ကြည့်နေရုံမှတပါး ရွေးချယ်စရာမရှိတော့။ ချန်ချီနှင့် သူ့ဇနီးတို့မှာ အထင်လွဲစရာတစ်ခုခုရှိနေ၍ ဒီလောက်ရက်ကြာတာတောင် ပြန်မလာကြသေးတာများလား? "ရှောင်ဟုန်ရေ၊ အဆင်ပြေသွားမှာပါ။ မင်းရဲ့အမေက စိတ်တိုလွယ်ပေမယ့် သူစိတ်ငြိမ်သွားတာနဲ့ အားလုံးအဆင်ပြေသွားပါလိမ့်မယ်ကွာ။" 


"ကျွန်တော်သိပါတယ် အဖေ၊ အဖေကိစ္စတွေ သွားလုပ်လို့ရပါတယ်နော်" ချန်ဟုန်မှာ သူ့ရဲ့ပုံမှန်တည်ငြိမ်တဲ့လေသံဖြင့် ပြန်ပြောလာတာကို ကြားတော့ အဖေချန်လည်း စိတ်သက်သာရာရသွားပြီး ထွက်သွားတော့သည်။ အခန်းထဲ၌ ချန်ဟုန်က မျက်ရည်လည်ရွှဲနှင့် ဖြစ်နေခဲ့တာကိုတော့ သူမသိလိုက်ပေ။ 


သူမှားသွားပြီ၊ ဆိုးဆိုးရွားရွားကြီးကို မှားသွားခဲ့ပြီ။ လီချန်ဖုန်းက သူ့အပေါ်မှာ ခံစားချက်ရှိနေသေးတယ်လို့ တွေးကာ ထင်ယောင်ထင်မှားဖြစ်ခဲ့တာပဲ။ သူအရမ်းမှားသွားခဲ့ပြီ၊ သူက သူ့မိသားစုရဲ့ ခံစားချက်ကို မျက်ကွယ်ပြုကာ သူတို့ကို စိတ်ပူစေပြီး ဝမ်းနည်းအောင်လုပ်ခဲ့တာပဲ။ 


*** 


လွန်ခဲ့သည့်ရက်အနည်းငယ်တွင် လီချန်ဖုန်းသည် ဝေ့လောင်အာ့အတွက် ဗီရိုလုပ်ပေးနေရင်း အလုပ်များနေသည်မှာ ညဘက်၌ပင် လုပ်နေရ၍ ရွှီချင်းမှာ သူ့ကို စိုးရိမ်နေရ၏။ သူ့မျက်လုံးအောက်တွင် အမဲကွင်းဝိုင်းဝိုင်းတွေတောင် မြင်နေရလေပြီ။ 


ဝေ့လောင်အာ့သည် သူ့၏မင်္ဂလာပွဲရက်မှာ ဤလ၏ ၁၅ရက်နေ့ဖြစ်ကြောင်း ရုတ်တရက်ဆန်စွာ သူတို့ကို အသိပေးလာသောကြောင့် သူတို့မှာ အချိန်အများကြီးမရှိတော့ချေ။ သူတို့လည်း ရွေးချယ်စရာမရှိတော့ဘဲ သူတို့ရဲ့အလုပ်ကြိုးစားမှုအတွက် သူတို့ကိုယ်သူတို့ ဆုချရန်အတွက် အရသာရှိတဲ့စားစရာတွေသာ ပြင်ဆင်နိုင်တော့သည်။ 


နွေဦးမိုးရွာပြီး သိပ်မကြာခင်မှာပဲ မျှစ်စို့တွေ တစ်ခုပြီးတစ်ခုပေါက်လာကြရာ ရွှီချင်းရဲ့ အာရုံကိုဆွဲဆောင်နိုင်လိုက်၏။ နွေဦးမှာပေါ်တဲ့ မျှစ်ဟာ တစ်နှစ်တာလုံးရဲ့ အရသာအရှိဆုံးနှင့် အနူးညံ့ဆုံးမျှစ်ဖြစ်လေသည်။ 


၄င်းတို့မှာ ကြွပ်ရွပြီး ချိုမြိန်ကာ နူးညံ့လျက်၊ အသုပ်တွင်ဖြစ်စေ၊ ကြော်ချက်သည်ဖြစ်စေ၊ သို့မဟုတ် စွပ်ပြုတ်ချက်ရာတွင်ဖြစ်စေ၊ မျိုးစုံစားသောက်နိုင်ပေသည်။ ထို့ကြောင့် မျှစ်စို့တွေကို စောစောရလျှင် စောစောစီးစီးစားလိုက်မယ်၊ အကယ်၍ လျစ်လျုရှုထားခဲ့မိပါက ၄င်းတို့ကြာလာသည့်အခါ အရသာမှာ လုံးဝတူတော့မှာ မဟုတ်ဘူး။ 


ရွှီချင်းလည်း မနက်စောစော မျှစ်သွားတူးလေ၏။ မျှစ်နဲ့ ဝက်သားကြော်က အရမ်းကောင်းတဲ့ဟင်းပဲ! အနှီဟင်းပွဲအတွက် မနေ့ကတည်းက သူစျေးသွားပြီး အသားကို အထူးသွားဝယ်ထားတာလေ။ 


"ချန်ဖုန်းရေ မြန်မြန်လာ၊ နေ့လည်စာစားချိန်ရောက်ပြီ။ စားပြီးမှ ဆက်လုပ်တော့နော်!" ရွှီချင်းက ရှောင်ပေါင်အတွက် ပန်းကန်လုံးသေးသေးလေးထဲမှာ အထူးဟင်းလျာကို ဂရုတစိုက်ထည့်ပေးလိုက်ပြီးနောက် ပါပီလေးပျော်ပျော်ရွှင်ရွှင်စားသောက်နေတာကို ကြည့်နေရင်း နောက်ဆုံးတော့ သူလည်း စိတ်သက်သာရာရသွားကာ လီချန်ဖုန်းနှင့်အတူတူ နေ့လည်စာစားရန် စားပွဲဆီပြန်လာခဲ့သည်။ 


"များများစားနော်။ ဒီရက်တွေထဲမှာ ခင်ဗျား ဘယ်လိုတောင်အလုပ်တွေရှုပ်နေသလဲ ကြည့်ဦး၊ မုတ်ဆိတ်မွှေးတွေတောင် ထွက်လာနေပြီ!" ရွှီချင်းသည် လီချန်ဖုန်းပန်းကန်ထဲသို့ ဟင်းတွေ ဆက်တိုက်ထည့်ပေးနေခဲ့သည်။ "ဒါတွေက ကျွန်တော်အထူးတူးလာခဲ့တဲ့ မျှစ်စို့တွေလေ၊ သူတို့က နူးညံ့နေရောပဲ၊ ခင်ဗျားကြိုက်ရဲ့လား?" 


"အရသာရှိတာပေါ့။ ကိုယ့်ကိုပဲကျွေးမနေနဲ့တော့၊ မင်းလည်းစားဦးလေ။ ဗီရိုလုပ်ပြီးသွားတာနဲ့ နေ့လည်ကျရင် ကိုယ်သွားတူးပေးဦးမယ်နော်" 


ရွှီချင်းက ဗီရိုလုပ်ပြီးတော့မည်လို့ကြားတော့ စိတ်သက်သာရာရသွား၏။ နောက်ဆုံးတော့ ဒါက သူတို့ရဲ့ ပထမဆုံးပရောဂျက်ကြီးလေနော်၊ ပြီးခါနီးပြီဆိုတော့ ကောင်းတာပေါ့။ "ဟုတ်ပါပြီ။ ဒါဆို ကျွန်တော် မျှစ်ချဥ်တွေလည်းလုပ်ထားလိုက်မယ်။ အဲ့ဒါနဲ့ဆိုရင် အရသာရှိတဲ့ဟင်းပွဲတွေကို ပိုတောင်ချက်လို့ရမှာ။ ငါး ဒါမှမဟုတ် မျှစ်ကြော်လုပ်လို့လည်းရတယ် - ကျွန်တော်တို့ ဘယ်လိုပဲချက်ချက်ကွာ သူတို့က အရသာရှိတယ်!" 


လီချန်ဖုန်းက ရွှီချင်းလုပ်ထားတဲ့ အရသာရှိတဲ့ဟင်းလျာတွေကို စားခဲ့ပြီး ရွှီချင်းပြောသမျှကို သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ သူ့ဇနီးလေးက အရသာရှိတယ်ပြောရင် အဲ့ဒါက အရသာရှိရမှာပဲ! 


နေ့လည်စာစားပြီးသည့်နောက် သူတို့မျှစ်သွားတူးရန် အပြင်မထွက်ခင်မှာ တစ်ယောက်ယောက်က သူတို့အိမ်တံခါးဆီရောက်လာလေသည်။ ထိုလူကို ရွှီချင်းမသိပေမယ့် အရင်က မြင်ဖူးသလို ခံစားနေရ၏။ 


လော့ကျောင်းက ပြုံးကာ အလုပ်လုပ်နေကြတဲ့ ရွှီချင်းနှင့် လီချန်ဖုန်းတို့ကို ကြည့်လိုက်ပြီး "ငါ့နာမည်က လော့ကျောင်းပါ။ ငါ့မိသားစုက အန်းလဲ့ရွာကလေ၊ ငါ့ခင်ပွန်းရဲ့မိသားစုနာမည်ကတော့ ကျန်းပါ။ အင်းလေ၊ မင်းတို့မိသားစုကလည်း သစ်သားနဲ့ပတ်သက်တဲ့ အလုပ်တွေ လက်ခံတယ်လို့ အဒေါ်ဝေ့ပြောတာကြားလိုက်လို့၊ ဒါကြောင့် ငါ မင်းတို့ကိုလာနှောင့်ယှက်ရတာပဲ။ ငါ မှန်တင်ခုံတစ်လုံးလိုချင်လို့၊ ဒါပေမယ့် မင်းတို့မှာ အချိန်ရှိပါ့မလားဆိုတာ ငါမသေချာဘူး" 


ရွှီချင်းမှာ လော့ကျောင်းရဲ့ စကားကို နားထောင်လေလေ၊ ပိုရင်းနှီးလာတာကို ခံစားရလေလေဖြစ်၏။ သို့ပေသိ အရင်က ထိုလူကို ဘယ်မှာမြင်ဖူးမှန်း မမှတ်မိချေ။ "ငါတို့မှာ အချိန်ရှိတာပေါ့၊ အချိန်ရှိတာပေါ့။ ဘယ်လိုပုံစံမျိုး မင်းလိုချင်လဲ ဒါမှမဟုတ် သတ်မှတ်ထားတဲ့လိုအပ်ချက်တွေဘာတွေရှိလား? ပြီးတော့ ဘယ်အချိန်လိုချင်တာလဲ?" နောက်ဆုံးတော့ သူက အလုပ်အပ်သူဖြစ်လို့ လစ်လျူရှုလို့ ဘယ်ဖြစ်ပါ့မလဲ?


လော့ကျောင်းက သူ့လက်ကို ပျင်းရိစွာ ဝှေ့ယမ်းလိုက်ပြီး "ငါ့မှာ သတ်မှတ်ထားတဲ့ လိုအပ်ချက်တွေဘာတွေ မရှိပါဘူး။ အဲ့ဒါအပေါ်မှာ ပုံစံအချို့ထွင်းထုပေးရုံပါပဲ။ ပြီးတော့ ငါအလျင်မလိုပါဘူး၊ မင်းတို့ပြီးတဲ့အချိန်ကျမှ ငါ့ကိုပြောပေးလေ။" 


သူစကားပြောနေသည့်အခါ ချစ်ခြင်းမေတ္တာပြည့်နှက်နေတဲ့ သူ့ရဲ့မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးများက လီချန်ဖုန်းကို မစိုက်ကြည့်ဘဲ မနေနိုင်ချေ။ အရပ်ရှည်ရှည် သန်မာလှသည့်လူမျိုးနှင့် လုပ်ရတာက သူ့အဖို့ ပျော်မြူးစရာကောင်းနေမှာပဲ။ အနှီအတွေးမျိုးနှင့် လီချန်ဖုန်းကိုကြည့်သည့် လော့ကျောင်းရဲ့အကြည့်မှာ ရွှီချင်းအရှေ့မှာတင် ပို၍ရဲတင်းလာကာ ပို၍မြှူဆွယ်လာသည့်နှယ်။ 


"အဟမ်း! ရပါတယ်၊ ဒါဆို ကျေးဇူးပြုပြီး စရန်ငွေ အရင်ပေးထားပါ။ ဒါက စည်းမျဥ်းတွေအတိုင်းဘဲ၊ ငါတို့က ဖောက်ဖျက်လို့မရဘူး" ဒီကောင်က ဘယ်ကိုလာကြည့်နေတာလဲကွ?! မင်း​မှာ ခင်ပွန်းရှိတယ်လို့ ပြောထားတာမဟုတ်ဘူးလား?! 


လော့ကျောင်းက ငွေကြေးကိစ္စ၌ တွယ်ကပ်မနေခဲ့။ သူထွက်သွားပြီးနောက် ရွှီချင်းသည် သု့လက်ထဲက ပိုက်ဆံတွေကို ကြည့်ပြီး သူတို့ရဲ့ ပထမဆုံးစီးပွားရေးက ဒီလောက်မြန်မြန်ရောက်လာလိမ့်မယ်လို့ ယုံတောင်မယုံနိုင်ခဲ့! 


"ဒါပေမယ့် ကျွန်တော် အဲ့ဒီလူက အရင်ကမြင်ဖူးနေတယ်လို့ ခံစားနေရတုန်းပဲ။ ဘယ်သူများဖြစ်နိုင်မလဲ?" ရွှီချင်းမှာ မမှတ်မိနိုင်သေး၍ စိတ်မသက်မသာဖြစ်နေခဲ့သည်။ 


"လွန်ခဲ့တဲ့ရက်အနည်းငယ်က တောင်ပေါ်မှာ ငါတို့တွေ့ခဲ့ရတဲ့ အိမ်ထောင်ရေးဖောက်ပြန်သူနှစ်ယောက်ထဲက တစ်ယောက်ပဲ!" လီချန်ဖုန်းက ရွှီချင်းမျက်မှောင်ကြုတ်နေတာကို မမြင်ချင်သောကြောင့် သူ့ကို ကြင်နာစွာ သတိပေးလိုက်တော့သည်။ 


ရွှီချင်းမှာ အံ့အားသင့်သွားရ၏။ အဲ့ဒီအသံပဲဟ! အဲ့ဒါကြောင့် ရင်းနှီးသလို ခံစားနေရတာကို အံ့သြစရာမရှိတော့ပါဘူး။ 


"ဝေ့လောင်အာ့နဲ့ အဒေါ်ရှဲ့တို့ကပဲ ကျွန်တော်တို့ သစ်သားနဲ့ပတ်သက်တဲ့စီးပွားရေးကို သိတာလေ။ လော့ကျောင်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ရှာတွေ့သွားရတာပါလိမ့်?" သူတို့မိသားစုက ပရိဘောဂပြုလုပ်တယ်ဆိုတာကို သူတို့သိရင်တောင်မှ တိုက်ရိုက်ကြီး အော်ဒါလာတင်တာက သိပ်မဟုတ်သေးပါဘူးနော်။ 


အဆုံးမှာတော့ နှစ်ပေါင်းများစွာ သစ်သားလုပ်ငန်းလုပ်ခဲ့တဲ့ ကျန်းမိသားစုလည်း ရှိနေတယ်လေ။ ပုံမှန်ဆို လူတွေက ဆုံးဖြတ်ချက်မချခင်မှာ အသစ်တွေရဲ့အလုပ်ကို စူးစမ်းကြပြီး စောင့်ကြည့်နေကြဦးမှာလေ။ ချက်ချင်းကြီး စရန်ငွေပေးပြီး အလုပ်အပ်လေ့မရှိကြဘူး။ 


"ဖြစ်နိုင်တာက အဲဒီ့အချိန်တုန်းက ကျွန်တော်တို့ရှိနေမှန်း သူသိသွားတာများလား?" ရွှီချင်းသည် လော့ကျောင်းရောက်လာခြင်းမှာ ပရိဘောဂအော်ဒါအတွက်ပဲ မဟုတ်လောက်ဘူးလို့ အာရုံရနေ၏။ ထိုအချိန်တုန်းက သူတို့ရှိနေခဲ့မှန်း တစ်ဖက်လူကသိနေခဲ့ရင် စမ်းသပ်ကြည့်ဖို့ ရောက်လာတာဖြစ်လိမ့်မယ်။ 


လီချန်ဖုန်း သူ့လက်ထဲတွင် နောက်ဆုံးအလုပ် ပြီးသွားသောအခါ သူသည် ရှုပ်ပွနေတာတွေကို ရှင်းထုတ်လိုက်ပြီး "သူတို့သိရင်လည်း သိတယ်ပေါ့။ အဲ့ဒါက သူတို့ခေါင်းကိုက်ရမယ့်ကိစ္စပဲလေ။ ဒီတော့ ကိုယ်တို့ အချင်းချင်းဆုံကြတော့လည်း ဘာဖြစ်လဲ? ကိုယ်တို့ ပါးစပ်လုံမလုံကို သူတို့လာစမ်းသပ်ချင်ရုံပါပဲ။" အကယ်၍ တစ်ဖက်လူမှာ ကောင်းကောင်းပြုမူတတ်ရင်တော့ အကောင်းဆုံးပေါ့၊ မဟုတ်ရင်တော့ သူတို့ကို လွယ်လွယ်လေးလွှတ်ပေးမှာ မဟုတ်ဘူး! 


"သွားရအောင်၊ မျှစ်သွားတူးကြမယ်ဆို?" လီချန်ဖုန်းသည် သူ့နောက်ကျောပေါ်မှာ ကြိမ်ခြင်းတောင်းကို တင်လိုက်ပြီး အတွေးထဲလမ်းပျောက်နေသေးတဲ့ ရွှီချင်းကို ဆွဲလိုက်တော့သည်။ 


ရွှီချင်းလည်း အတွေးထဲမှ ပြန်ထွက်လာကာ ပိုသန်မာပြီး ပိုချောလာတဲ့ လီချန်ဖုန်းကိုကြည့်လိုက်မိ၍ "ဒီရက်ပိုင်းတွေမှာ ခင်ဗျားကောင်းကောင်းပြုမူနေထိုင်နော်!" လီချန်ဖုန်းကိုကြည့်တဲ့ လော့ကျောင်းရဲ့အကြည့်ကို ပြန်တွေးမိလိုက်တော့ သူ့ကိုဒေါသထွက်စေသည်။ 


လီချန်ဖုန်းသည် ရွှီချင်းစကားနောက်ကွယ်က ဆိုလိုရင်းကို နားမလည်ပေမယ့် သူက ခေါင်းညိတ်ပြနေတုန်းပင်။ "ဒါပေါ့၊ ကိုယ်ရိုးသားပါ့မယ်။ အမြဲရိုးသားနေမှာပါ။" 


"ဟုတ်တာပေါ့၊ ခင်ဗျားဆက်ပြီး ရိုးသားနေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်!" ကျားကိုစားဖို့ ဆက်ပြီး သိုးယောင်ဆောင်နေပေါ့! 


*** 


လီရှောင်းအာက အိမ်၌ လီလောင်စန်းရဲ့ သားလေးကို ထိန်းပေးနေစဥ် တစ်ယောက်ယောက်က ခြံတံခါးကို လာခေါက်လေ၏။ "ရှောင်ယို့ ဒီမှာပဲနေနော်။ ငါတံခါးသွားဖွင့်လိုက်ဦးမယ်" 


ရှောင်ယို့က သူ့နှာခေါင်းလေးကို ရှုံလိုက်ကာ လီရှောင်းအာကို နာနာခံခံလေး ခေါင်းညိတ်ပြလိုက်သည်မှာ ချစ်စဖွယ်ကောင်းလှပေသည်။ 


"အာ အဒေါ်ရှပါလား? ဘယ်လိုရောက်လာတာလဲ?" 


လီရှောင်းအာ တံခါးကိုဖွင့်လိုက်သည်နှင့် အဒေါ်ရှရဲ့ ပြုံးရွှင်နေတဲ့မျက်နှာကို တွေ့လိုက်ရ၏။ အဒေါ်ရှသည် တံခါးလာဖွင့်တဲ့ လီရှောင်းအာကို တွေ့တော့ မဆိုးဘူးလို့ သူ့ဘာသူတွေးလိုက်၏။ 


သူက ရုပ်ရည်အရ ချန်မိသားစုမှ တစ်ယောက်နဲ့တော့ မယှဥ်နိုင်သော်လည်း သူ့ပုံစံလေးက အတော်လေးကောင်းပေသည်။ ကလေးကောင်းကောင်းမွေးနိုင်မယ့်ပုံလေးပဲ! 


အဒေါ်ရှ၏ ပြောင်ပြောင်တင်းတင်းအကြည့်အောက်တွင် လီရှောင်းအာက စိတ်မသက်သာသလို ခံစားရသည်။ "အဒေါ်ရှ တစ်ခုခုကိုလိုလို့လား?" 


အဒေါ်ရှက ကမန်းကတန်း ပြုံးပြလိုက်ပြီး "ကြည့်စမ်းပါဦး ရှောင်းအာရယ်၊ မင်းက ပိုချောလာတာပဲကွယ်။ မင်းအမေအိမ်မှာရှိလား? ဒီတစ်ခါလာတာ သတင်းကောင်းလာပို့ပေးတာပါ!" 


လီရှောင်းအာသည် အဒေါ်ရှပြောဆိုပုံကိုတကယ်မကြိုက်ပေ။ ဘယ်လိုလုပ်ပြီး အဒေါ်ရှက ယခင်ကနှင့် ဒီလောက်​မတူတော့တာလဲ? "သူအိမ်မှာမရှိပါဘူး။ အဒေါ်မှာပြောစရာရှိရင် နောက်မှပြန်လာခဲ့ပါ။ အခု ကျွန်တော်အလုပ်ရှုပ်နေလို့ အချိန်မဖြုန်းနိုင်တော့ဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်ပြုပါဦး!" ထိုသို့ပြောဆိုကာ အဒေါ်ရှအရှေ့မှာပဲ ခြံတံခါးပိတ်လိုက်လေသည်။ 


အဒေါ်ရှမှာ သူ့အပြုံးတွေ တောင့်တင်းသွားရသော်လည်း သူမချင့်မရဲဖြစ်နေတာကို မပြသချင်ခဲ့ပေ။ ဤကိစ္စသာ အဆင်ပြေသွားသည်နှင့် အောင်သွယ်ခအများကြီးရမှာလေ။ ချန်မိသားစုနဲ့ အောင်သွယ်ဖို့ မအောင်မြင်ခဲ့တော့ မာမိသားစုအတွက် အိမ်ထောင်မပြုရသေးတဲ့ကောတစ်ယောက်ရှာပေးမယ်လို့ ကတိပေးထားခဲ့တာဖြစ်သည်။ 


အနှီလီရှောင်းအာမှာ စမတ်ကျပြီး ရှင်းလင်းစွာပြောဆိုတတ်လေသည်။ သည့်အပြင် သူ့ရဲ့တတိယအစ်ကိုကလည်း ပညာတတ်တစ်ယောက်လေ၊ မာမိသားစုရဲ့ ဝမ်းကွဲက အစိုးရရုံး၌ နေရာတစ်ခုရထားတာဆိုတော့ ဒါဟာ ကောင်းကင်က ပို့လွှတ်လိုက်တဲ့ အခွင့်ကောင်းတစ်ခုပဲပေါ့! 


XXX