ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၄၆)
ခြံဝင်းတံခါးဝ၌ လီရှောင်းအာနှင့် တခြားတစ်ယောက်ရဲ့အသံတွေကို ရှောင်ယို့ကြားနေချိန်စဥ် သူလေးကတော့ တုတ်ချောင်းတစ်ချောင်းနှင့် မြေကြီးပေါ်မှ ပုရွက်ဆိတ်တွေကို လိုက်ထိုးနေခဲ့သည်။ သိပ်မကြာခင်မှာပဲ လီရှောင်းအာက မျက်နှာအမူအရာ မသာမယာဖြင့် ခြံတံခါးကို ပိတ်လိုက်တော့ ရှောင်ယို့က မေးလာခဲ့သည်။ "ဦးလေး ဘာဖြစ်လို့လဲဟင်?"
လီရှောင်းအာက ရှောင်ယို့ထံ ခပ်တောင့်တောင့်အပြုံးကို ဖျစ်ညှစ်ပြုံးပြလျက် "ဘာမှမဖြစ်ပါဘူး၊ လာခဲ့ ရှောင်ယို့လေး။ အထဲဝင်ကြစို့။"
ထိုသို့ပြောကာ သူက စိတ်ရှုပ်ထွေးနေသော ရှောင်ယို့ကို အိမ်ထဲပြန်ခေါ်သွားလိုက်၏။ ရှောင်ယို့လေးက လက်မထပ်ရသေးတဲ့ ကောလေးဖြစ်သော်လည်း အဒေါ်ရှက သူတို့အိမ်တံခါးကို ဘာလို့လာခေါက်ရသလဲဆိုတာကို သူသိလေသည်။
အဒေါ်ရှနှင့် ချန်ဟုန်တို့ကြားက အဖြစ်အပျက်တွေကို သူ့သူငယ်ချင်းကောင်းတွေဆီမှ ကြားထားခဲ့ပြီးဖြစ်သည်။
အကယ်၍ ရွာထဲရှိ အထူးချွန်ဆုံး ကောငယ်လေးများထဲမှ တစ်ယောက်ဖြစ်သော ချန်ဟုန်တောင် အဒေါ်ရှ အောင်သွယ်ပေးခြင်းခံလိုက်ရသောကြောင့် ဒီလိုအခြေအနေမျိုး ကြုံလိုက်ရတယ်လေ၊ ဒီတော့ ဘာဖြစ်နိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ? သူ အဒေါ်ရှနှင့် ဝေးဝေးနေဖို့ လိုတယ်!
သို့သော်လည်း ညနေရောက်တော့ ရှောင်ယို့က အဒေါ်ရှလာလည်တဲ့သတင်းကို မတော်တဆပြောထွက်မိသွား၏။ "အဖွားရေ ဒီနေ့လေ ဦးလေးရှောင်းအာနဲ့ အဒေါ်ရှတို့ ရန်ဖြစ်ကြတယ်ဗျ!"
(Me: အခေါ်အဝေါ်ပိုင်းကို အဆင်ပြေသလိုပဲ ကြည့်သုံးထားလိုက်ပါတယ်နော်၊ ဒါက မိန်းမတွေမရှိတဲ့ကမ္ဘာဆိုတော့ ကောတွေကို အမျိုးသမီးလိုသုံးနှုန်းထားတတ်တော့လေ)
လီရှောင်းအာက ဤစကားကိုကြားသည်နှင့် ရှောင်ယို့၏ပါးစပ်ကို အလျင်အမြန် ဖုံးကာရန် ကြိုးစားချင်သော်လည်း မျက်စိတစ်မှိတ်အတွင်း အနှီဥာဏ်များတဲ့ကလေးငယ်လေးက ထွက်ပြေးသွားကာ ပြေးနေရင်းတောင် ပြောင်ပြသွားသေး၏။
အမေလီမှာ အဒေါ်ရှရောက်လာပြီး သူ့သားအငယ်ဆုံးနှင့် စကားများကြတယ်ဆိုတာ ကြားလိုက်သည်နှင့် ဤကိစ္စကို ချက်ချင်းပင် အလေးအနက် အာရုံစိုက်လိုက်၏။ လီရှောင်းအာက သေချာမရှင်းပြနိုင်ရင်တောင် အောင်သွယ်ကို ဒီလိုမျိုးစော်ကားလိုက်ရင် ဘာမှကောင်းမလာနိုင်ဘူးလေ။
"ပြောလေ၊ ဘာဖြစ်သွားတာလဲလို့?" အမေလီရဲ့လေသံကြောင့် လီရှောင်းအာမှာ အတော်လေး စိတ်မသက်မသာဖြစ်သွားရ၏။ နေ့လည်ကအဖြစ်အပျက်ကို သူ ခရေစေ့တွင်းကျ တိုးတိုးလေးပြန်ပြောပြလိုက်ရသည်။ မထင်မှတ်စွာပင် အမေလီက နားထောင်ရင်းနဲ့ ပို၍ ပျော်ရွှင်လာခဲ့သည်။
"အာ ဒီကောင်စုတ်လေးကတော့၊ လူကြီးတွေကို ဘယ်လိုလုပ် ဒီလိုမျိုးဆက်ဆံလိုက်ရတာတုန်း!" လီရှောင်းအာကို ဆူလိုက်ပြီးနောက် အမေလီသည် အခုမှပြန်ရောက်လာကြတဲ့ သူ့ချွေးမ(သားမက်)နှစ်ယောက်ဆီ လှည့်ကာ ညွှန်ကြားလိုက်လေသည်။ "အကြီးဆုံးသားရဲ့ဇနီးက ညစာအတွက် ဟင်းပွဲတစ်ချို့ ပိုပြင်ထားလိုက်! တတိယသားရဲ့ဇနီးက ရှမိသားစုအိမ်ကိုသွားပြီး အဒေါ်ရှကို ညစာစားဖို့ ဖိတ်ခဲ့။ အငယ်ဆုံးသားအတွက် ငါတို့မိသားစုရဲ့ တောင်းပန်တဲ့ အပြုအမူသေးသေးလေးပါပဲလို့ ပြောလိုက်!"
အမေလီက အရာအားလုံး နားလည်လေသည်။ ဒါဟာ တောင်းပန်တာလို့ သူပြောခဲ့ပေမယ့် တကယ်တော့ အဒေါ်ရှက ကောလဟာလတွေထဲကအတိုင်း တကယ်ပဲ မြို့မှ အမျိုးသားအတွက် လက်ထပ်မည့်သူ ရှာဖွေနေသလားဆိုတာကို သူသိချင်နေခဲ့တာဖြစ်သည်။
"အမေ!" ဘယ်လို အရှုပ်အထွေးတွေလဲ! နောက်ဆို လူတွေကို သူဘယ်လိုမျက်နှာချင်းဆိုင်ရပါတော့မလဲ၊ လီရှောင်းအာ တွေးမိလျက်။
"မင်းကိစ္စမဟုတ်ဘူး၊ မီးဖိုချောင်မှာသွားကူလိုက်" အမေလီ ပြောလိုက်ပေမယ့် လီရှောင်းအာမှာ နေရာမှာတင်ရပ်နေဆဲဖြစ်၍ "ဘာလဲ ငါ မင်းကိုပါ ခေါ်ထားဖို့လိုလို့လား?"
လီရှောင်းအာလည်း သူ့ခံပြင်းမှုကို ဖိနှိပ်ရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ မီးဖိုချောင်ထဲသို့ အမြန်ပြေးသွားခဲ့သည်။
***
ညက မိုးရွာပြန်၏။ သို့ရာတွင် ရွှီချင်းနှင့် လီချန်ဖုန်းတို့မှာ "လူသားတာဝါ"ကို ဆော့ကစားနေခဲ့ကြရာ အပြင်ဘက်ရှိ မိုးစက်မိုးပေါက်သံတွေကို ဂရုပင်မပြုမိချေ။ အိမ်အတွင်း၌ ဖျော့တော့တော့အသံတို့မှာ တီးလုံးသဖွယ် စည်းချက်ကျကျ မိုးစက်ကျသံနှင့် လိုက်ဖက်စွာ ရောယှက်နေလျက်။
"နိုးပြီလား?"
ရွှီချင်းက ပြတင်းပေါက်မှ ဝင်လာတဲ့ အလင်းရောင်ကို ခံစားမိလိုက်၍ သူ့မျက်လုံးများကို တဖျတ်ဖျတ်ခတ်လိုက်ကာ နောက်တစ်နေ့စတင်ပြီမှန်း သိသွားခဲ့ပြီ။ "မထချင်သေးဘူးဗျာ!" သူက ပျင်းရိစွာ သမ်းဝေလိုက်ပြီး သူ့ကို တင်းတင်းပွေ့ဖက်ထားတဲ့ လီချန်ဖုန်းရင်ခွင်ထဲ တိုးဝင်လိုက်ပေ၏။
"ဒါဆို နည်းနည်းပိုအိပ်လိုက်ဦး" ဘာပဲဖြစ်ဖြစ် မနေ့ညက မိုးရွာထားတော့ ဒီနေ့ ဘာမှလည်း သိပ်လုပ်စရာမရှိပါဘူးလေ။ မနေ့က ဗီရိုကိုလည်း ဝေ့လောင်အာ့ဆီကို ပို့ပြီးပြီဖြစ်၍ သူတို့ ကောင်းကောင်းအနားယူရန် ဒီအခွင့်အရေးကို ယူလို့ရပြီ။
"ဒေါက်၊ ဒေါက်၊ ဒေါက်!"
"တစ်ယောက်ယောက် တံခါးလာခေါက်နေတာလား?" ရွှီချင်းက သူ့ခေါင်းလေးကို ထုတ်လျက် သေချာနားထောင်လိုက်သည်။ "တစ်ကယ်ကြီး တစ်ယောက်ယောက်က တံခါးလာခေါက်နေတာပဲ!"
လီချန်ဖုန်းက ရွှီချင်းရဲ့ခေါင်းလေးကို ခေါင်းအုံးပေါ် အသာလေးပြန်ဖိကာ သေချာနားထောင်လိုက်ပြီးမှ သူ့အဝတ်အစားတွေကို အမြန်ဝတ်လိုက်သည်။ "မင်းပြန်အိပ်ဦး၊ ကိုယ်သွားကြည့်လိုက်မယ်" ကြည့်ရတာ သူ့ဇနီးလေးနှင့် ဖက်အိပ်ဖို့ဆိုတာ အခုတော့ မဖြစ်နိုင်တော့ဘူးပဲကွာ။
လီချန်ဖုန်းထွက်သွားသည်ကိုကြည့်၍ ရွှီချင်းလည်း အိပ်ငိုက်ခြင်း အလျဥ်းမရှိတော့။ သူ ဖြေးဖြေးချင်း ထထိုင်ကာ အဝတ်အစားတွေ ဝတ်လိုက်ရင်း အပြင်ဘက်မှာ ဘာကြောင့်များ လှုပ်ရှားမှုမရှိတာလဲလို့ တွေးနေမိသည်။
ပင်မခန်းသို့ ရွှီချင်းဝင်သွားသည့်အခါ လီချန်ဖုန်းက အခြားရွာမှ ဒီအထိ အလျင်စလိုလာခဲ့ရ၍ မိုးရေစိုရွှဲနေသော၊ ရွှံ့တွေပေကျံနေသော လီရှောင်းအာကို ကြည့်နေသည်ကို တွေ့လိုက်ရ၏။
"ဒုတိယယောက်ဖ မင်္ဂလာနံနက်ခင်းပါ"
လီရှောင်းအာ အခုလေးတင် အိပ်ယာမှ နိုးလာ၍ မျက်နှာအနည်းငယ်နီနေသေးသော ရွှီချင်းကို ကြည့်ကာ မဝံ့မရဲနှုတ်ဆက်လိုက်၏။ ဟုတ်တယ်လေ၊ သူက မဖိတ်ထားဘဲ စောစောစီးစီး ရောက်လာတာကိုး။
ရွှီချင်းက ယုန်နှင့်တူတဲ့ အသံလေးကိုကြားလိုက်ရစဥ် သူ့ရဲ့ အိပ်ငိုက်နေတဲ့မျက်လုံးများကို ပွတ်သပ်နေဆဲ။ သူ့အကြည့်တွေကို အာရုံစိုက်လိုက်ပြီးမှ ပြောလာခဲ့သည်။ "ရှောင်းအာရောက်လာတယ်! အိုး မင်းတစ်ကိုယ်လုံး ဘာလို့စိုရွှဲနေတာတုန်း? မြန်မြန်လာ အခန်းထဲသွားပြီး အင်္ကျီလာလဲလိုက်! နောက်ကျ အအေးမမိအောင်လို့ ဂရုစိုက်!"
လီရှောင်းအာက နံနက်အစောကြီး ခိုးထွက်လာခဲ့တာဖြစ်၏။ ကောင်းကင်ကြီးတောင် မလင်းသေးခင် သူက သတ္တိမွေးပြီး တစ်ယောက်တည်းလာခဲ့တာဖြစ်သည်။ မနေ့ညက မိုးရွာထားသောကြောင့် လမ်းတွေက ရွှံ့ထူနေခဲ့၍ သူ့အင်္ကျီညစ်ပတ်သွားသည်မှာ သဘာဝပင်။
ရွှီချင်းရဲ့စကားတွေကို သူကြားသောအခါ လီရှောင်းအာမှာ လန့်သွားသော်လည်း မလှုပ်ရဲချေ။ ထိုအစား မှုန်မှိုင်းနေတဲ့မျက်နှာထားရှိတဲ့ လီချန်ဖုန်းကို သတိထား၍ တစ်ချက်လှမ်းကြည့်လိုက်၏။
လီချန်ဖုန်းက လီရှောင်းအာရဲ့ အကြည့်ကို သတိထားမိလိုက်ကာ အသာလေး ခေါင်းညိတ်ပြ၍ ပြောလိုက်၏။ "သွားလေ"
လီရှောင်းအာမှာ ထိုစကားကိုကြားတော့မှ ပြုံးလိုက်ကာ အခန်းထဲသို့ ပဟေဠိဖြစ်နေသော ရွှီချင်းနောက်က လိုက်သွားတော့သည်။
ဤအချိန်တွင် လီချန်ဖုန်းရဲ့ နှလုံးသားမှာ ဒေါသဖြင့် ပြည့်နေခဲ့သည်။ မာမိသားစုက ချန်မိသားစုနဲ့ လက်ထပ်တဲ့ကိစ္စ အဆင်မပြေတော့ သူ့ရဲ့ရှောင်းအာဆီကိုတောင် ခြေလှမ်းပြင်ရဲသေးတယ်ပေါ့လေ။ တကယ့်ကို စိတ်တိုစရာပဲ!
လီရှောင်းအာက ကုတင်ပေါ်တွင်ထိုင်နေပြီး ရွှီချင်းက သူ့အတွက် အဝတ်အစားရှာရန် ဗီရိုကို မွှေနှောက်နေသည်ကို ကြည့်နေခဲ့ကာ သူ့နှလုံးသားထဲမှာ နွေးထွေးသွားရ၏။ သူဒီကိုလာရတဲ့ အကြောင်းရင်းမှာ မိသားစုထဲတွင် သူ့ရဲ့ဒုတိယအစ်ကိုကသာ သူ့ကိုအချစ်ဆုံးဖြစ်လို့ပဲ။
"ဒုတိယယောက်ဖရေ ကျွန်တော် လက်ဗလာနဲ့ရောက်လာခဲ့လို့ အစ်ကိုစိတ်ဆိုးလားဟင်?" လီရှောင်းအာက သူ့စိတ်ထဲမှာ အနည်းငယ်မသက်သာသလို ခံစားရပေမယ့် သူ့မျက်နှာမှာတော့ ထုတ်ပြမထားဘဲ ရွှီချင်းအား အပြုံးလေးနှင့် မေးလိုက်၏။
ရွှီချင်းက ရှာတွေ့တဲ့ အဝတ်အစားတွေကို လီရှောင်းအာထံ ကမ်းပေးလိုက်ရင်း တစ်ဖက်လူရဲ့မျက်လုံးထဲမှာ သတိထားတဲ့အကြည့်တွေရှိနေတာကို သတိပြုမိလိုက်၍ အပျင်းပြေသွားသလိုခံစားလိုက်ရကာ "မင်းဘာတွေပြောနေတာလဲ? ငါတို့တစ်ခုခုဝယ်ချင်တာရှိရင် အဲ့ဒါက ငါနဲ့ မင်းရဲ့အစ်ကိုက မင်းအတွက် ဝယ်ပေးရမှာပေါ့။ မြန်မြန်လေး အင်္ကျီလဲလိုက်ဦး၊ မနက်စာသွားပြင်လိုက်ဦးမယ်"
လီရှောင်းအာက အဝတ်အစားတွေကို ယူ၍ ရွှီချင်းအား အပြုံးချိုချိုလေး ပြုံးပြလိုက်သည်။ ရွှီချင်းထွက်သွားသည့်အခါ နောက်ဆုံးတော့ သူလည်း စိတ်သက်သာရာရသွားသလို သက်ပြင်းချလိုက်တော့သည်။ သူ အဝတ်အစားတွေ လဲဝတ်ခါနီးမှ ဒီဟာတွေက အသစ်တွေဖြစ်မှန်း သဘောပေါက်သွားရ၏! ဥာဏ်ကောင်းလှတဲ့ လီရှောင်းအာဟာ အရာအားလုံးကို နားလည်သွားကာ ရင်ထဲထိသွားသလို ခံစားလိုက်ရပြီး ရွှီချင်းပေးထားတဲ့ အဝတ်အစားတွေကို လဲဝတ်လိုက်တော့သည်။
"ဘာဖြစ်လို့လဲ? မနက်အစောကြီးမှာ ခင်ဗျားက ဘာလို့ ဒီလောက်တောင်မျက်မှောင်ကြုတ်နေရတာလဲ?" ရွှီချင်းက သူ့လက်ကိုဆေးကြောပြီးနောက် မနက်စာပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားသည့်အခါ မီးဖိုရှေ့မှာ လေးနက်တဲ့အမူအရာနှင့် ထိုင်နေသော လီချန်ဖုန်းကို တွေ့လိုက်ရ၏။
လီချန်ဖုန်းက ရွှီချင်းကို မြင်လိုက်တော့မှ အနည်းငယ် စိတ်တည်ငြိမ်သွားရ၏။ ထို့နောက်မှ သူက အဖြစ်အပျက်တစ်ခုလုံးကို ပြန်ပြောပြလိုက်သည်။
"ကြည့်ရတာ မာမိသားစုက တကယ့်ကို တစ်ခုခုပဲနော်။ ဒီကောလဟာလတွေ၊ အတင်းအဖျင်းတွေ အားလုံးကြောင့် ပြဿနာတက်မှာ သူတို့မကြောက်ဘူးလား?" ရွှီချင်းလည်း သူတို့က ဘာကြောင့်များ အလျင်စလိုလက်ထပ်ချင်နေကြလဲဆိုတာကို နားမလည်နိုင်သေးပေ။
လီချန်ဖုန်းက လှောင်ပြုံးပြုံး၍ "ဒီကောလာဟလတွေကိုကြားတော့ လူတော်တော်များများက ဟာသကြည့်ဖို့ မာမိသားစုရဲ့ ကုန်စုံဆိုင်ဆီကို သွားနေကြတယ်တဲ့။ အရင်ကထက်တောင် သူတို့ပိုရောင်းရလာကြတယ်ဆိုပဲ"
ဤသည်မှာ ရွှီချင်းကို စကားမပြောနိုင်အောင်ဖြစ်သွားရစေသည်။ ဒီတော့ စီးပွားရေးကို ဒီလိုမျိုးလုပ်လို့ရတယ်ပေါ့လေ!
လီချန်ဖုန်းက သူ့လက်ကိုဆန့်ကာ ရွှီချင်းရဲ့ မျက်နှာလေးကို ပွတ်လိုက်ပြီး အနိမ့်သံလေးဖြင့် ပြောလိုက်၏။ "သူတို့ကို သေချာပြောပြဖို့ ကိုယ်ပြန်သွားဖို့လိုတယ်။ မင်းက အိမ်မှာ ရှောင်းအာနဲ့အတူတူနေနော်။ ဒီကိစ္စက မင်းဝင်ပါလို့ သိပ်မသင့်တော်ဘူးလေ။"
ရွှီချင်းက ခေါင်းညိတ်ပြီး "မနက်စာစားပြီးမှ သွားလေ။ အရမ်းအလျင်လိုမနေပါနဲ့။ ကျွန်တော် အိမ်မှာညစာချက်ပြီး ခင်ဗျားပြန်လာတာကို စောင့်နေမယ်နော်"
လီချန်ဖုန်းက ရွှီချင်းရဲ့နဖူးလေးကို နမ်းကာ ခေါင်းညိတ်၍ ဘာမှမပြောသော်လည်း လေထုမှာ နွေးထွေးမှုအပြည့်ရှိနေလျက်။
မီးဖိုချောင်အပြင်ဘက်တွင် ရပ်နေသော လီရှောင်းအာတောင်မှ အိမ်တွင်းရှိ သူတို့နှစ်ဦးကြားမှ နွေးထွေးတဲ့လေထုကို ခံစားနိုင်ပေသည်။ နောက်ဆုံးတော့ ဒုတိယအစ်ကိုက သူ့ကိုနားလည်ပေးနိုင်တဲ့ လူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီပဲ။
လီချန်ဖုန်း မနက်စာစားပြီးသည်နှင့် သူ့နောက်ကျောမှာ ဝက်စာမြက်တစ်စည်းကို သယ်ကာ ကျိရှန်းရွာဆီသို့ အပြေးသွားလိုက်သည်။ ရွှီချင်းက လီရှောင်းအာနှင့်အတူ အိမ်မှာနေပြီး အဝတ်ဖိနပ်ချုပ်နေကြ၏။ သို့သော်လည်း လီရှောင်းအာက သင်ပေးနေသူဖြစ်ကာ ရွှီချင်းက လေ့လာသင်ယူနေရတဲ့သူပင်။
"မင်းက တအားအံ့သြဖို့ကောင်းတာပဲကွာ။ ဒီလောက်ငယ်ငယ်လေးနဲ့ အရာရာတိုင်းမှာ တော်နေလိုက်တာ!" ရွှီချင်းမှာ လီရှောင်းအာရဲ့ အချုပ်အလုပ် ကျွမ်းကျင်မှုကို လေးစားအားကျမိလျက်။ လီရှောင်းအာရဲ့လက်ထဲတွင် အပ်မှာ လျို့ဝှက်လက်နက်ကဲ့သို့ သွက်လက်စွာ လှုပ်ရှားနေပေမယ့် သူ့လက်ထဲရောက်တော့ ၄င်းမှာ သံတူကဲ့သို့ အသုံးမဝင်ချေ။
"ဒါက ဘာမှမဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ရွာမှာဆို ချန်ဟုန်ချုပ်တာကို အစ်ကိုမမြင်ဖူးသေးလို့။ သူက အရမ်းတော်တာလေ။ သူဆို တခြားသူတွေရဲ့ ပန်းထိုးဒီဇိုင်းပုံစံတွေကို ပုံတူလုပ်နိုင်ရုံသာမက၊ သူ့ကိုယ်ပိုင်ဒီဇိုင်းကိုလည်းလုပ်ပြီး ရောင်းနိုင်တယ်!"
လီရှောင်းအာက ရွှီချင်းနှင့် စကားပြောရတာ ပျော်စရာကောင်းတယ်လို့ ခံစားရ၏။ စကားဝိုင်းကို ဘယ်လိုဆက်ပြောရမလဲဆိုတာတွေကို သူစိတ်ပူနေစရာမလိုဘူးလေ။ အဲ့ဒါကြောင့် အရမ်းသက်တောင့်သက်သာရှိလေရဲ့။
လီချန်ဖုန်းနှင့် ချန်ချီဆီမှလွဲ၍ ချန်ဟုန့်နာမည်ကို ရွှီချင်းကြားဖူးတာ ဒါပထမဆုံးအကြိမ်ပင်။ ရွှီချင်းလည်း ချန်ဟုန်က ဘယ်လိုလူမျိုးလဲဆိုတာကို သိချင်နေခဲ့ပြီး မိမိရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုကိုတောင် လောင်းကြေးထပ်ချင်တဲ့ဆန္ဒရှိတဲ့တခြားသူရဲ့ စရိုက်ကိုလည်း စိတ်ဝင်စားမိလေသည်။
လီရှောင်းအာရဲ့ လေးစားအားကျနေတဲ့ လေသံကို ကြားလိုက်ရ၍ ရွှီချင်းမှာ ပိုလို့တောင် သိချင်လာခဲ့၏။ "သူက ဘယ်လိုလူမျိုးလဲဟင်?"
လီရှောင်းအာက သူလုပ်လက်စကို ရပ်ကာ ခဏတွေးကြည့်ပြီးမှ "အင်း၊ သူက ကြည့်ကောင်းတယ်၊ ဒါက အားလုံးမဟုတ်သေးဘူးနော်။ သူက ပန်းထိုးတာလည်း အရမ်းတော်တာ၊ ကျွန်တော့်အမေရော အဖွားရော သဘောကျတယ်လေ! ကျွန်တော် သူ့ကို တကယ်လေးစားမိတယ်။ ကျွန်တော်တို့က အသက်တူတူပဲ၊ ကျွန်တော့်အစ်ကိုနဲ့ သူ့အစ်ကိုက သူငယ်ချင်းကောင်းတွေဆိုတော့ ကျွန်တော်တို့ကလည်း အတူတူကြီးပျင်းလာကြတာပေါ့"
လီရှောင်းအာမှာ ထိုသို့ပြောပြီးနောက် ရွှီချင်းကို အားတုံ့အားနာအပြုံးလေးနှင့် "ဒီတော့ ကျွန်တော့်အမေနဲ့ အဖွားက ကျွန်တော်တို့နှစ်ယောက်ကို မကြာခဏ နှိုင်းယှဥ်တတ်တယ်လေ" ဟုတ်တာပေါ့၊ သူက အပြောခံရတဲ့သူပဲပေါ့။ ဒါပေမယ့် ချန်ဟုန်နဲ့ သူက မယှဥ်နိုင်မှန်း လီရှောင်းအာက သိလေသည်။
ဤနှိုင်းယှဥ်မှုကြောင့် ရွှီချင်းက သူဆုံခဲ့ရသည့် ကျုံးဟွားကို သတိရမိသွား၏။
"နှိုင်းယှဥ်စရာမလိုပါဘူးကွာ။ သူ့မှာ သူ့ကိုယ်ပိုင်အားသာချက်တွေရှိပြီးတော့ မင်းမှာလည်း မင်းကိုယ်ပိုင်အားသာချက်ရှိတာပဲလေ။ သူ့စိတ်ထဲမှာလည်း သူမယှဥ်နိုင်တဲ့အရာကိုတွေးမိပြီးတော့ မင်းတော်နေတာကို တိတ်တိတ်ကလေး လေးစားနေတာလည်း ဖြစ်နိုင်တာပဲလေ!" ရွှီချင်းရဲ့စကားတွေဟာ လီရှောင်းအာကို ပျော်ရွှင်စွာရယ်မောစေခဲ့၏။ အရင်က သူ့ကို ဒီလိုမျိုး ဘယ်သူမှမပြောခဲ့ဖူးဘူးလေ။ တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။
ခြံဝန်းထဲမှ လူနှစ်ယောက်က လွတ်လွတ်လပ်လပ် ရယ်မောနေကြပေမယ့် အခြေအနေကို မေးမြန်းဖို့ ရောက်လာတဲ့လူတစ်ယောက်ကတော့ ပိုလို့တောင် အတွေးများသွားတော့သည်။
လော့ကျောင်းက ရွှီချင်းရဲ့ ခြံတံခါးဝမှာ သူ့နားကို ဖိကပ်၍ အတွင်းထဲမှ အသံတွေကို သေချာနားထောင်လိုခဲ့သည်။ သူဘာကြားလိုက်ရတာပါလိမ့်? အဲ့ဒါက ရွှီချင်းနှင့် တခြားယောကျ်ားတစ်ယောက်တို့က စနောက်ရယ်မောနေကြတဲ့ အသံပဲဟ!
လော့ကျောင်းက လီချန်ဖုန်း ရွာမှထွက်သွားတာကို တွေ့လိုက်တာဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို မတ်လိုက်ကာ သူ့အိတ်ကပ်ထဲမှ ပန်းရောင်လက်ကိုင်ပုဝါကို ထုတ်၍ သူ့မျက်နှာပေါ်မှာ သူ့ကိုယ်သူကျေနပ်နေတဲ့ပုံစံ ရှိနေခဲ့၏။
ကြည့်ရတာ အနှီ"ရုပ်ဆိုးဆိုးကော"ဟာလည်း လေးနက်တဲ့လူဖြစ်ပုံမရပေ။ သူ့လူက အဝေးကြီးတောင်မရောက်သေးဘူး၊ သူက တခြားတစ်ယောက်နဲ့ တွေ့နေပြီပေါ့။
xxx