Ch-47
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၄၇)


"မင်း ဘာလုပ်နေတာလဲ?" 


သူ့ကိုယ်တိုင်အတွေးစိတ်ကူးထဲမှာ နစ်မျောနေသော လော့ကျောင်းက ရုတ်တရက် မေးခွန်းထုတ်လာသံကြောင့် လန့်သွားပေသည်။ သူ ခိုးနားထောင်နေခဲ့သည်ကို မေ့သွားပြီး လှည့်ကြည့်ကာ သူ့တင်ပါးပေါ်မှာ လက်တင်၍ အော်ဟစ်ရန် ပြင်ထားလိုက်၏။ 


သို့သော်လည်း စကားပြောလာတဲ့သူကို သူတွေ့လိုက်ရသည့်အခါ သူ့လက်တွေကို ချက်ချင်းပြန်ရုတ်လိုက်ပြီး နူးညံ့သိမ်မွေ့သလို ဟန်ဆောင်လိုက်လေသည်။ 


လင်းဖန်းလျန်ရဲ့ မျက်နှာအရောင်မှာ ကောင်းမနေခဲ့။ သူတို့အဝတ်ကို ချွတ်ချင်နေပုံရတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်ခံရပါလျှင် ဘယ်သူမဆို စိတ်မသက်မသာ ခံစားရမှာပဲလေ၊ တစ်မူထူးခြားတဲ့ကိစ္စတွေကို နှစ်သက်တဲ့လူအနည်းငယ်ကလွဲပြီးတော့ပေါ့။ 


"မင်း ဒီမိသားစုနဲ့ ကိစ္စတစ်ခုခုရှိလို့လား?" ဘာမှလုပ်စရာမရှိရင်လည်း ငါ့ကိုစိုက်ကြည့်နေတာရပ်ပြီး မြန်မြန်ထွက်သွားတော့လေ! 


ဤနေရာမှာ ရွှီမိသားစုခြံဝင်းတံခါးဖြစ်သည်ကြောင့် လော့ကျောင်းက ရွှီချင်းရဲ့ ဧည့်သည်လားဆိုတာကို သူမသေချာ၍ လင်းဖန်းလျန်က စိတ်အခြေအနေမကောင်းတာကို အောင့်အည်းထားလိုက်ရသည်။ 


လော့ကျောင်းက လင်းဖန်းလျန်ရဲ့ အမူအရာကို ဂရုမစိုက်ဘဲ သူ့ခန္ဓာကိုယ်ကို တမင်တကာရွှေ့၍ လင်းဖန်းလျန်ရဲ့ မျက်စိရှေ့၌ သူ့ကိုယ်သူအလှဆုံးထင်တဲ့ အကောင်းဆုံးဘက်ခြမ်းကို ပြသရင်း "ကျွန်တော်က ရွှီမိသားစုမှာ အော်ဒါတစ်ခုတင်ထားလို့လေ၊ အဲ့ဒါ အိမ်မှာလူရှိရင် တစ်ချက်လောက် ကြည့်ချင်လို့" 


ဒီလူဟာ ရွာသားမဟုတ်မှန်း သိသာလေသည်။ သူက နွေဦးကောက်စိုက်ရာသီ၌ ရှဲ့မိသားစုနှင့် ရွှီမိသားစုကို လာကူညီပေးခဲ့တဲ့ သမားတော်လေးလင်းဖြစ်မယ်လို့ သူခန့်မှန်းမိသည်။ ဒါဟာ အကြီးကြီးဖမ်းမိတာပဲ! ဒီနေ့ သူနဲ့ ဆုံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူးဟ။ 


လင်းဖန်းလျန်က မြို့ထဲတွင် ကြီးပြင်းလာခဲ့၍ သဘာဝအတိုင်းပင် အမြင်ကျယ်လေ၏။ သူက လော့ကျောင်းရဲ့ အပြုအမူကို တွေ့လိုက်ရ၍ သူ့မျက်လုံးထဲက စက်ဆုပ်ရွံ့ရှာမှုမှာ ပို၍ ပြင်းထန်လာလျက်။ သူသာ အမှတ်မမှားခဲ့ရင် ဒီလူဟာ အိမ်ထောင်ပြုပြီးသင်္ကေတဖြစ်တဲ့ နားဖောက်ပြီးသားပင်။ သူက အရှက်မရှိဘဲ ဒီလိုမျိုးပရောပရည်ပုံစံ လာလုပ်နေသေးတယ်။ တကယ့်ကို အရှက်မဲ့တာပဲ! 


လင်းဖန်းလျန်က လော့ကျောင်းကို တုံ့ပြန်မနေတော့ဘဲ သူ့ကိုဖြတ်လျှောက်ကာ တံခါးခေါက်ရန် ပြင်လိုက်၏။ သို့သော်လည်း သူလက်မြှောက်လိုက်ရုံရှိသေး၊ ခြံတံခါးမှာ ဖွင့်လာလေသည်။ "ဘယ်သူလဲ?" 


တံခါးဖွင့်လိုက်သူမှာ ၁၅နှစ်၊ ၁၆နှစ်အရွယ်သာရှိသေးတဲ့ ခပ်ချောချောကောင်လေးတစ်ယောက်ပင်။ သူ့ရဲ့မျက်ခုံးကြား၌ အနီရောင်တောက်တောက်မှည့်လေးက သူ့ကို ပို၍ ဆွဲဆောင်မှုရှိစေ၏။ 


လင်းဖန်းလျန် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ကာ အိမ်ရဲ့ပုံစံကို ဂရုတစိုက် ပြန်ကြည့်လိုက်သည်။ ဟုတ်ပါတယ်ဟ! ဒါက ရွှီမိသားစုအိမ်ပါပဲ၊ ငါမမှားပါဘူးကွာ။  


သူ မကြာသေးမီက ဤနေရာသို့ ရက်အနည်းငယ် လာခဲ့ဖူးသော်လည်း တံခါးလာဖွင့်သည့် ကောလေးကို လုံးဝရင်းနှီးမနေတာ ဘာကြောင့်များပါလိမ့်? 


"ဒုတိယယောက်ဖရေ! မင်းကိုလာရှာနေတာ!" 


လီရှောင်းအာက တံခါးအပြင်ဘက်မှ အသံတွေကို ကြား၍ တံခါးကို အမြန်ပြေးဖွင့်လိုက်တာဖြစ်သည်။ သူ့ရဲ့ဒုတိယ​အစ်ကို ပြန်လာပြီလို့ သူထင်ခဲ့ပေမယ့် သူမသိတဲ့လူနှစ်ယောက်ဖြစ်နေခဲ့တာပဲ။ 


လီရှောင်းအာက ရွှီချင်းကို "ဒုတိယယောက်ဖ" လို့ ခေါ်​သည်ကို ကြားလိုက်ရသဖြင့် လင်းဖန်းလျန်သည် သူ့အရှေ့မှလူရဲ့ အထောက်အထားကို သိသွားခဲ့ပြီ။ "မင်းက ချန်ဖုန်းရဲ့ ညီလေးပဲ ဖြစ်ရမယ်။ ငါ့နာမည်က လင်းဖန်းလျန်ပါ၊ သူ့ရဲ့သူငယ်ချင်းကောင်းတစ်ယောက်ပဲ" 


လီရှောင်းအာမှာ ဒုတိယအစ်ကိုရဲ့ သူငယ်ချင်းကောင်းဆိုတာက ရွာထဲရှိ ချန်ချီကိုသာ သိလေ၏။ "ဒုတိယအစ်ကို" 

လီရှောင်းအာက ဘေးဖယ်ကာ ရွှီချင်းကို ထွက်လာစေခဲ့သည်။ 


ရွှီချင်းက မျက်နှာထားတောင့်တင်းနေပြီဖြစ်သော လော့ကျောင်းကို လုံးဝလျစ်လျူရှုထားကာ လင်းဖန်းလျန်အား ဖျော့ဖျော့လေးပြုံးပြ၍ အိမ်ထဲသို့ဝင်ရန် ဖိတ်လိုက်၏။ "သူပြောတာမှန်တယ်။ ဒီတော့ မင်းက သူ့ကို အစ်ကိုလင်းလို့ခေါ်သင့်တယ်နော်" 


လီရှောင်းအာက လျင်သဖြင့် ရွှီချင်းက သူ့ကို ပွင့်ပွင့်လင်းလင်း သတိပေးစရာမလိုခဲ့ပေ။ ရွှီချင်းရဲ့ စကားအရ တံခါးအပြင်ဘက်ရှိ လူနှစ်ဦးတွင် မည်သူကို အမှန်တကယ်ကြိုဆိုရမလဲ၊ မည်သူကို မကြိုဆိုရဘူးလဲဆိုတာကို ချက်ချင်း နားလည်ခဲ့သည်။ 


"အစ်ကိုလင်း၊ ကျေးဇူးပြု၍ ဝင်ပါဦး။ ကျွန်တော် ခင်ဗျားအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးမယ်နော်" 


"ကျေးဇူးပါပဲကွာ" လီရှောင်းအာနှင့် လင်းဖန်းလျန်တို့ ခြံဝင်းထဲသို့ ဝင်သွားပြီးနောက် ရွှီချင်းက လော့ကျောင်းကို ကြည့်လာပြီး ပြောလိုက်၏။ 


"ဒီတော့ မင်းလည်း ဒီမှာရောက်နေတာကိုး" 


"စောစောက မင်းကို သတိမထားမိလိုက်လို့ တောင်းပန်ပါတယ်နော်။ ငါ့မျက်လုံးတွေက သိပ်မကောင်းတော့လို့ ဒီမှာ နောက်တစ်ယောက်ရှိနေတာ မတွေ့လိုက်ဘူး!" 


လော့ကျောင်းမှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလိုပင်! သူတို့က သူ့ကို လေလိုဆက်ဆံနေကြတာလားဟ?! ပြီးတော့ ရွှီချင်းနဲ့ အတူရှိနေတာက ကောတစ်ယောက်မှန်း သူတကယ်မထင်ထားမိခဲ့ဘူး! 


"ကိစ္စမရှိပါဘူး!" ရွှီချင်းက လော့ကျောင်းရဲ့ အံကြိတ်သံကြားလိုက်၍ ကျေနပ်သွားရလျက်။ "ချန်ဖုန်းက အိမ်မှာမရှိလို့လေ၊ ဒါပေမယ့် ငါတို့ပြီးသွားတာနဲ့ မင်းမှာထားတာတွေကို လာပို့ပေးမှာပါ။ တကယ်လို့ မင်းမကြိုက်တဲ့နေရာရှိရင် ငါတို့ပြန်ပြင်လုပ်ပေးနိုင်ပါတယ်" 


လော့ကျောင်းက စကားပြောဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့သော်လည်း ရွှီချင်းရဲ့စကားတွေဖြင့် ထပ်ခါတလဲလဲ နှောက်ယှက်ခံခဲ့ရသည်။ ဤသည်မှာ ဒေါသထွက်နေပြီဖြစ်တဲ့ သူ့ကို လောင်စာမီးထပ်ထည့်လိုက်သည့်အလား။


"အခုတော့ ငါ့အိမ်မှာ ဧည့်သည်တွေရောက်နေတော့ မင်းကို ဧည့်မခံတော့ဘူးနော်။ ငါတောင်းပန်ပါတယ်။ ဒါပေမယ့် မင်းလိုမျိုး ထောက်ထားစာနာတတ်တဲ့သူက ငါ့အခက်အခဲတွေကို နားလည်မယ်ဆိုတာ သေချာပါတယ်လေ! နောက်တစ်ခေါက်ကျမှ မင်းကို သေချာဧည့်ခံပါ့မယ်ကွာ! နောက်မှတွေ့မယ်!" ရွှီချင်း ပြောပြီးသည်နှင့် တံခါးကို ယဥ်ယဥ်ကျေးကျေး ပိတ်ချလိုက်ကာ ဒေါသထွက်လွန်းလို့ သူ့မျက်လုံးတွေကို လှိမ့်လုနီးပါးဖြစ်နေတဲ့ လော့ကျောင်းကို ချန်ထားလိုက်တော့သည်။ 


"ရွှီချင်း! ငါ လော့ကျောင်းက ဒီအကြွေးကို မှတ်ထားလိုက်မယ်!" 


လော့ကျောင်းက ရွှီမိသားစုရဲ့ ခြံတံခါးဝ၌ တံတွေးထွေးကာ ဒေါသတကြီးဖြင့် လှည့်ထွက်သွားတော့သည်။ 


ရွှီချင်း ခြံတံခါးကိုမှီ၍ လော့ကျောင်းရဲ့ ထွက်သွားတဲ့ခြေသံတွေကို နားထောင်ရင်း သူ့ရဲ့နှုတ်ခမ်းမှာ ကျေနပ်တဲ့အပြုံးဖြစ်တည်လာလျက်။  ငါ မင်းကို ဒေါသထွက်အောင်လို့ ဘယ်လိုလုပ်မလဲဆိုတာ ကြည့်နေလိုက် ဟမ့်! 


*** 


ရှဲ့ကောအာရဲ့ ကျန်းမာရေးမှာ လုံးဝပြန်ကောင်းသွားခဲ့ပြီ။ ယခုဆို အရမ်းအားသုံးရတဲ့အလုပ်မဟုတ်လျှင် သူကူညီပေးနိုင်လေသည်။ လက်ရှိအချိန်မှာတော့ အိမ်၌ ဟင်းရွက်တွေကုန်နေပြီဖြစ်သောကြောင့် နေ့လည်စာပြင်ရန်အတွက် လယ်ကွင်းမှ ဟင်းရွက်တစ်ချို့ကို ခူးလာခဲ့သည်ပင်။ 


လော့ကျောင်းမှာ ဒေါသထွက်၍ ရွာထဲပြန်လာခဲ့ရ၏။ တိုက်ဆိုင်စွာပင် သူက ဟင်းရွက်ခူးပြီး ပြန်လာသော ရှဲ့ယွီနဲ့ ဆုံလိုက်ရသည်။ ရွာရှိနာမည်အကြီးဆုံးကောမှာ ကွာရှင်းပြီး အိမ်သို့ပြန်လာသည်ကိုမြင်လိုက်ရသောအခါ လော့ကျောင်းကတော့ သနားတာတွေ ဘာတွေမခံစားရပါဘူး။ သူကတော့ သူ့အတွက် သူ့ပျော်ရွှင်မှုကသာ အရေးကြီးဆုံးပဲလေ။ 


"ဘာဖြစ်လို့လဲ? ဘယ်သူက မင်းကို ဒေါသထွက်အောင်လုပ်လိုက်တာလဲ?" 


သူတို့အားလုံးက တစ်ရွာတည်းသားတွေဖြစ်ကြပြီး ရှဲ့ယွီလိုမျိုး ယဥ်ကျေးခင်မင်တတ်သူနှင့် ဆုံပါက သူ့ကိုသဘောမကျဖို့ဆိုတာ ခက်ပေ၏။ ဒေါသထွက်နေသော လော့ကျောင်းတောင်မှ ရှဲ့ယွီရဲ့ အသံညင်ညင်သာသာလေးကို ကြားပြီး မျက်နှာချောချောလေးကို မြင်လိုက်ရသည့်အခါ မသိလိုက်မသိဘာသာဖြင့် သူ့ဒေါသတစ်ဝက်လောက် လျော့သွားသည်ဟု ခံစားရသည်။ 


"ဘယ်သူဖြစ်နိုင်မှာလဲကွာ? ငါ့မိသားစုက အသုံးမကျတဲ့ခင်ပွန်းကလွဲရင် ငါ့ကို စိတ်တိုအောင်လုပ်နိုင်တာ ဘယ်သူရှိနိုင်မှာလဲ?" သူက ရွှီချင်းကို စိတ်ဆိုးနေရင်တောင်မှ လွယ်လွယ်ထုတ်ပြောလို့မရဘူးလေ! ရွှီမိသားစုနှင့် ရှဲ့မိသားစုတို့က ရင်းနှီး​ကြတယ်ဆိုတာ တစ်ရွာလုံးသိကြပြီးသားပင်။ ထို့ကြောင့် လော့ကျောင်းက ရွှီချင်းနှင့် ပြဿနာဖြစ်တာကို ရှဲ့ယွီဆီ မိုက်မိုက်မဲမဲ ပြောလိုက်မှာမဟုတ်ပါဘူး။ သူသာလုပ်ခဲ့ရင် ရွှီချင်းကို တိုက်ရိုက်ပြောလိုက်တာနဲ့ အတူတူပဲပေါ့! 


"မိသားစုဝင်အချင်းချင်း ငြင်းခုံရန်ဖြစ်ကြတာ ထုံးစံပါပဲကွာ။ အထဲဝင်ပြီး ခဏလောက်ထိုင်ဦးလေ" ရှဲ့ယွီက ခြံတံခါးကိုဖွင့်ကာ လော့ကျောင်းကို ဖိတ်ခေါ်လိုက်ပေမယ့် လော့ကျောင်းက ခေါင်းယမ်းလာလေသည်။ "နောက်တစ်ခေါက်မှပဲကွာ။ ဒီနေ့ ငါလုပ်စရာလေးရှိလို့လေ။ သွားပြီနော်" 


ရှဲ့ယွီက လော့ကျောင်းပြန်သွားတာကို ဂရုမစိုက်စွာ ကြည့်နေလိုက်၏။ သူက ခြံတံခါးကိုပိတ်လိုက်သည်နှင့် အစမှအဆုံး သူ့ကို စိုက်ကြည့်နေတဲ့ လောဘကြီးကြီး တပ်မက်နေတဲ့ မျက်လုံးနီနီတစ်စုံကို လွတ်သွားခဲ့လေသည်။ 


(👀)


*** 


ရာသီဥတုက တဖြည်းဖြည်း ပိုပူလာပြီး ဘာမှသိပ်လုပ်စရာမရှိတဲ့ ရွာသားတွေက ကောက်ရိုးဖိနပ်လုပ်ရင်လုပ်၊ ဒါမှမဟုတ် နွေရာသီအဝတ်အစားတွေ စတင်ချုပ်လာကြ၏။ ကိုယ်တိုင်လုပ်ရတာ နည်းနည်းအခက်အခဲရှိပေမယ့် ဒီလိုမျိုး အချိန်ကုန်ဆုံးရတာ ကောင်းနေဆဲပင်။ 


လင်းဖန်းလျန်က ရွှီမိသားစုအိမ်တွင် ခဏတဖြုတ်သာနေခဲ့ပြီး တောင်အနောက်သို့သွားခဲ့သည်။ လီချန်ဖုန်းက အိမ်မှာမရှိသည့်အပြင် အိမ်၌ ကောနှစ်ယောက်သာရှိ၍ သူရှိနေလျှင် အတင်းအဖျင်းတွေ ဖိတ်ခေါ်သလိုဖြစ်မှာစိုးသောကြောင့် တောင်အနောက်ဆီသို့ သွားရန် ဆုံးဖြတ်လိုက်လေ၏။ 


သို့သော်လည်း ရွှီချင်းက တစ်ခုခုဖြစ်မှာစိုးရိမ်၍ ဝေးဝေးမသွားရန် သတိပေးခဲ့သည်။တစ်ခုခုသာဖြစ်သွားခဲ့ရင် မတန်ဘူးလေနော်။ လင်းဖန်းလျန်သည် ဤအခွင့်အရေးကိုယူကာ သေချာစူးစမ်းရှာဖွေမည်ဖြစ်သည်။ 


နောက်ဆုံးအကြိမ်တုန်းက သူအလျင်လိုနေပြီး တောင်ပေါ်သွားရန် အချိန်ပင်မရခဲ့သဖြင့် သူအိမ်ပြန်ရောက်သောအခါ သူ့အဖေဆီမှ အဆူခံလိုက်ရပေသည်။ 


ထိုအချိန်မှာတော့ လီချန်ဖုန်းက အဖေလီ အမေလီတို့နှင့် ပင်မခန်းတွင်ထိုင်ကာ စကားပြောနေခဲ့သည်။ 


အမေလီလည်း နောင်တတွေနှင့် မျက်မှောင်ကြုတ်နေခဲ့ပြီး "မာမိသားစုက တကယ်ပဲ ဒီလိုမျိုးသာဆိုရင်တော့ ဒီအိမ်ထောင်ရေးဟာ မဖြစ်နိုင်ဘူး။ ထားလိုက်ပါတော့လေ။ ငါတို့သားငယ်လေးရဲ့ ကံကြမ္မာက မရောက်သေးဘူးထင်ပါတယ်။ မင်းအိမ်ပြန်ရောက်ရင် သူ့ကိုပြန်လာဖို့ ပြောလိုက်ဦး။ ငါတို့တောင် ဘာမှမဆုံးဖြတ်ရသေးဘဲ သူက အပြင်ကို လျှောက်ပြေးသွားသေးတယ်!" 


"ကျွန်တော်သိပါပြီဗျာ။ ဒါဆို အမေနဲ့ အဖေ၊ ကျွန်တော်အရင်ပြန်တော့မယ်" လီချန်ဖုန်းလည်း သူ့မိဘတွေက သူ့စကားကို နားထောင်တာကို မြင်လိုက်သောအခါ အရမ်းကြီး စိတ်မပူတော့ပေ။  


လီမိသားစုရဲ့ အိမ်ထောင်ရေးနှင့်ပတ်သက်၍ သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ အမေလီပြောနေသမျှကာလပတ်လုံး၊ သူ့သဘောထားကို ထုတ်ပြောနေသရွေ့ အရာအားလုံး ပြေလည်သွားပေလိမ့်မည်။ 


အဖေလီက သူ့ဆေးတံကို ခါလိုက်ပြီး လီချန်ဖုန်း ပြန်တော့မယ့်အကြောင်း ကြားသောအခါ အနည်းငယ် မပျော်မရွှင် ဖြစ်သွားလျက် "ဘာတွေအလျင်လိုနေတာလဲကွာ? မသွားခင် နေ့လယ်စာစားသွားဦး!" 


အမေလီကလည်း လီချန်ဖုန်းကို ဖျောင်းဖျ၍ "အမှန်ပဲ၊ မတွေ့ရတာတော်တော်ကြာပြီကို။ မင်းက နေ့လည်စာတောင် မစားတော့ဘဲ၊ ငါတို့နဲ့ စကားစမြည်တောင် မပြောတော့ဘဲ အမြန်ပြန်ချင်နေပြီပေါ့လေ" 


လီချန်ဖုန်း ကူကယ်ရာမဲ့စွာဖြင့် အိမ်မပြန်ခင်မှာ လီမိသားစုနှင့်အတူတူ နေ့လည်စာစားခဲ့ရလေသည်။ 


လီလောင်စန်းက နေ့လည်စာစားဖို့ အိမ်မပြန်ခဲ့ပေ။ သူ လွန်ခဲ့သောရက်အနည်းငယ်က ရွာရှိ မိသားစုများစွာထံ သွားရောက်လည်ပတ်နေခဲ့ရသည်။ 


အင်ပါယာစာမေးပွဲက နောက်လတွင် ကျင်းပတော့မည်ဖြစ်ရာ ထုံရှန်းအဖြစ် အသိအမှတ်ပြုခံထားရသော မိသားစုအချို့၏ မျိုးဆက်သစ်လူငယ်များဟာ ညွှန်ပြချက်အချို့ရရန်အတွက် ရှို့ချိုက်အဖြစ် အသိအမှတ်ပြုခံထားရသူကို ရှာဖွေနေကြလေ၏။ 


(T/N- w i k i p e d i a  

အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ ပညာတော်သင်အဆင့်များ ~ 


ထုံရှန်း – လူငယ်ကျောင်းသား; ခရိုင်/စီရင်စု စာမေးပွဲများကို အောင်မြင်ပြီးသော ဝင်ခွင့်အဆင့်စာဖြေသူ။ 


ရှန်းယွမ် / ရှို့ချိုက် - ကျောင်းသားအဖွဲ့ဝင်; ပို၍မြင့်မားသောအဆင့် (ကောလိပ်ကဲ့သို့) စာမေးပွဲကို အောင်မြင်ပြီးသော ဝင်ခွင့်အဆင့် အရည်အချင်းပြည့်လက်မှတ်ရရှိထားသူ။ 


ကျွီရန် – အကြံပြုထောက်ခံပေးခံရသောအမျိုးသား; သုံးနှစ်တစ်ကြိမ် ကျင်းပသော ပြည်နယ်စာမေးပွဲကို အောင်မြင်ခဲ့သော အရည်အချင်းပြည့်မီသည့် ဘွဲ့ရသူ။ 


ကုန့်ရှစ် – ဂုဏ်ပြုခံပညာရှင်; သုံးနှစ်​တစ်ကြိမ် ကျင်းပသော နိုင်ငံလုံးဆိုင်ရာစာမေးပွဲကို အောင်မြင်ခဲ့သော အသိအမှတ်ပြုခံပညာရှင်။


ကျင့်ရှစ် - အဆင့်မြင့်ပညာရှင်; သုံးနှစ်တစ်ကြိမ်ကျင်းပသော တရားရုံးစာမေးပွဲကို အောင်မြင်ခဲ့သော အသိအမှတ်ပြုခံပညာရှင်။


မှားနေတာရှိရင်ထောက်ပြပေးလို့ရပါတယ် ✌️)


အလားတူစွာပင် ကျိုးမိသားစု၌ ကျိုးမိဘနှစ်ပါးဟာ သူတို့ရဲ့သားကို လမ်းညွှန်ပေးရန်အတွက် တစ်ယောက်ယောက်ကို ခေါ်ချင်နေကြတဲ့ ရည်ရွယ်ချက်ရှိနေသည့်အတွက် ကျိုးဝမ်မှာ တွန့်ဆုတ်နေခဲ့ရ၏။ 


"ဆရာကြီးက စာမေးပွဲအတွက် လိုက်နာရမယ့် စည်းကမ်းတွေကို ပြောထားပြီးသားဆိုတော့ တခြားသူတွေကို ဖိတ်ခေါ်ပြီး လာလမ်းညွှန်ပေးဖို့ ဒုက္ခပေးစရာမလိုပါဘူး၊ သူတို့ရဲ့အချိန်တွေလည်း နှောင့်နှေးစရာမလိုပါဘူးဗျာ" 


လူတွေကို ဖိတ်ခေါ်ရန် ဆက်လက်တောင်းဆိုနေသော အမေကျိုးက အနည်းငယ် စိတ်လှုပ်ရှားသွားကာ ပြောလာခဲ့သည်။ "ဒါဆို ငါတို့ မင်းစကားနားထောင်လိုက်မယ်နော်၊ မင်းကိုယ်တိုင် လေ့လာနိုင်မယ်လို့ အမေယုံပါတယ်" 


ကျိုးဝမ်လည်း ခပ်မြန်မြန် ခေါင်းညိတ်လိုက်၏။ ဒါဟာ အကောင်းဆုံးနည်းလမ်းပင်။ ဘာပဲဖြစ်ဖြစ် သူသိထားသင့်တဲ့အရာအားလုံးကို သိပြီးသားပဲလေ။ ဒီဟာတွေကိုပဲ ထပ်ခါထပ်ခါ ပြန်ပြောခိုင်းနေတာက သူများတွေကိုလည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေပြီး အနှောင့်အယှက်ဖြစ်စေမှာလေ။ 


*** 


လီရှောင်းအာကို ရွာအစွန်မှာ မြည်းလှည်းငှား၍ လိုက်ပို့ပြီးနောက် လီချန်ဖုန်း အိမ်ပြန်ရောက်သည့်အချိန်တွင် ညနေစောင်းလုနီးပါးပင်။ တိမ်းစောင်းလာသော နေရောင်က ရွာတစ်ရွာလုံးကို ဖြန့်ကျက်ထားသည်မှာ ထူးထူးခြာခြားလှပပြီး သာယာလှတဲ့ လေထုကို ပေးစွမ်းနေလျက်။ 


"အဲဒါဆို အမေက ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့သဘောထားကို ထုတ်ပြောနေသရွေ့ အဲ့ဒီကိစ္စကို ထပ်ပြောမှာမဟုတ်တော့ဘူးပေါ့ ဟုတ်လား?" ရွှီချင်းနှင့် လီချန်ဖုန်းတို့က ခြင်းတောင်းကိုယ်စီသယ်၍ အိမ်နားရောက်လာလေပြီ။ လီချန်ဖုန်းက ဝက်စာမြက်စုဆောင်းနေစဥ် ရွှီချင်းမှာ ဟင်းရွက်ခူးနေခဲ့၏။ 


လီချန်ဖုန်းက ခေါင်းညိတ်ခဲ့ပြီး "ဟုတ်တယ်၊ ဒီကိစ္စက ပြီးသွားပါပြီ" သို့သော်လည်း မာမိသားစုက သင့်တော်တဲ့လက်တွဲဖော်ရှာမတွေ့သည်ကြောင့် လီချန်ဖုန်းမှာ စိတ်မသက်မသာဖြစ်နေဆဲပင်။ ရွာထဲက လက်မထပ်ရသေးတဲ့ အပြစ်မဲ့တဲ့ ကောလေးတွေကို အထိအခိုက်မရှိစေရအောင် မာဖူကွေ့ဆီမှ ကာကွယ်ရန်အတွက် နည်းလမ်းတစ်ခုစဥ်းစားဖို့လိုနေပြီ။ 


လီချန်ဖုန်း ဝက်စာမြက်ဖြတ်ရာတွင် ကျွမ်းကျင်နေပြီဖြစ်၍ အချိန်တိုအတွင်း ပြီးသွားခဲ့ပြီ။ ပျိုးပင်ပေါက်လေးတွေရဲ့ ကြီးထွားနှုန်းကိုပါ သူစစ်ဆေးခဲ့သေးသည်။ 


ရွှီချင်းလည်း ဟင်းသီးဟင်းရွက်များကို ခူးယူပြီး၍ ရေနွေးကျိုရန် အိမ်ပြန်သွားခဲ့၏။ လီချန်ဖုန်းသည် ယနေ့၌ ဟိုဟိုဒီဒီပြေးလွှားခဲ့ပြီးနောက် ရေပူပူလေးနဲ့ ရေချိုးပြီး အနားယူရန် အချိန်ကျပြီလို့ ခံစားလိုက်ရပေသည်။ 


လင်းဖန်းလျန်မှာ ရွှီချင်းကို ဒုက္ခမများစေရန်အတွက် ဝေ့လောင်အာ့အိမ်သို့ တည်းခိုရန် ထပ်သွားခဲ့သည်။ သူတို့လည်း ဟင်းပွဲအများကြီးပြင်ဆင်ဖို့ မလိုတော့သောကြောင့် ရိုးရိုးရှင်းရှင်းသာ ညစာစားလိုက်ကာ အိပ်ရာဝင်လိုက်ကြတော့သည်။ 


xxx