Ch-48
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၄၈)


"မနက်ဖြန် ကိုယ် လင်းဖန်းလျန်နဲ့ မြို့ကို သွားမလို့။ မင်းစားချင်တာရှိရင် ကိုယ်ဝယ်လာခဲ့ပေးမယ်" လီချန်ဖုန်းက ရွှီချင်းအား ပွေ့ဖက်ထားလျက် မနက်ဖြန်အတွက် သူ့ရဲ့ အစီအစဥ်ကို ရှင်းပြနေခဲ့သည်။ 


ယနေ့၌ သူ မာမိသားစုကို တတ်နိုင်သမျှမြန်မြန်ဖြေရှင်းရန်အတွက် လင်းဖန်းလျန်နှင့် ဆွေးနွေးပြီးသွားပြီဖြစ်၏။ လင်းဖန်းလျန်မှာ အထူးသဖြင့် ရှဲ့ယွီကိုယ်စား မာဖူကွေ့ကို ကိုင်တွယ်ဖြေရှင်းချင်နေသည်မှာ အတော်ကြာလှချေပြီ။ ဤနှစ်ရက်အတွင်း၌ မာဖူကွေ့ရဲ့ နေ့စဥ်အချိန်ဇယားကို သူစုံစမ်းနေခဲ့၏။ သူ့ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် နည်းလမ်းအများကြီးရှိပါတယ်! 


ရွှီချင်း ခေါင်းခါလိုက်ပြီး "မလိုပါဘူးနော်။ ဒါပေမယ့် ခင်ဗျားက ဘာလို့ မြို့ကိုသွားချင်ရတာလဲ?" 


လီချန်ဖုန်းက ရွှီချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး သူ့လက်တွေခြေတွေကို ကျီစယ်ဟန်ဖြင့် စတင်လှုပ်ရှားနေကာ "သူ့အတွက် အနှောင့်အယှက်သေးသေးလေးတစ်ခု ကူရှင်းပေးမလို့ပါ ဇနီးလေးရယ်..." 


"မတွေးနဲ့တော့နော်။ အိပ်တော့!" 


ရွှီချင်းလည်း အနားယူဖို့ရက်လိုတယ်လေ။ နေ့တိုင်း သူ့ကို အခွင့်အရေးယူပြီး ပင်ပန်းအောင်လုပ်နေမိရင် မတရားဘူးပေါ့။ ခုတလော သူအိပ်ရေးမဝသည်မို့ သူ့ရဲ့နေ့ခင်းတစ်ရေးအိပ်ချိန်ဟာလည်း အချိန်ပိုကြာလာခဲ့သည်။ 


လီချန်ဖုန်းက သူ့လက်တွေကို အင်တင်တင်ဖြင့် ရပ်လိုက်ပြီး ရွှီချင်းရဲ့ ခါးလေးကို ဖြည်းညှင်းစွာ နှိပ်ပေးနေလိုက်၏။ အံ့သြစရာကောင်းတာက ဤလှုပ်ရှားမှုကို ရွှီချင်းက ငြင်းဆိုခြင်းမရှိဘဲ၊ ထိုအစား လီချန်ဖုန်းကို ဆက်လုပ်ရလွယ်အောင်လို့ နေရာရွှေ့ပေးလိုက်ပါသေးသည်။ 


*** 


မနက်စာစားပြီးနောက် မာဖူကွေ့သည် ဆူညံနေတဲ့ စားသောက်ဆိုင်တစ်ခုဆီသို့ လျှောက်သွားခဲ့သည်။ ယနေ့မှာ ဈေးနေ့ဖြစ်၍ ကုန်စုံဆိုင်ကို တိုက်ရိုက်သွားရန် စဥ်းစားထားပေမယ့် မနက်စာစားနေချိန်၌ သူ့ညီအစ်ကိုကောင်းတစ်ယောက်က သူ့ကိုလာရှာပြီး ဆွေးနွေးစရာရှိ၍ သူတို့တွေ့နေကြဆိုင်မှာ တွေ့ကြမယ်လို့ ဆိုလာခဲ့သည်။ 


မာဖူကွေ့က ခပ်ဝဝလူတစ်ယောက်ထိုင်နေသော စားပွဲတစ်လုံးဆီ လျှောက်သွားကာ "ဝမ်ဝု၊ ဘာကိစ္စရှိလို့လဲ? ဒီအချိန်ကြီးမှာ ဘာပြောစရာရှိလို့လဲ? မင်း မြန်မြန်ပြောကွာ။ ခဏနေကျရင် ငါ ဆိုင်သွားရဦးမှာ၊ ငါ့အဖေတစ်ယောက်တည်း နိုင်မှာမဟုတ်ဘူးဟ" 


ကောလဟာလတွေကြောင့် သူတို့ဆိုင်ကို ဘာမှမဝယ်ဘဲ အပျော်လာကြည့်ကြတဲ့လူတွေ များသထက်များလာခဲ့သည်။ ကောအုပ်စုကို ကြည့်ရတာကလည်း ပျော်စရာကောင်းတာပဲလေ။ 


ဝမ်ဝုက ပြုံးလိုက်၍ သူ့မျက်နှာဝိုင်းဝိုင်းက ပိုလို့တောင်ဝိုင်းလာကာ "ငါတို့ ဒီလိုမဆုံဖြစ်တာကြာပြီလေကွာ။ ပြီးတော့ ဒီရက်ပိုင်းမှာ မင်းနဲ့ပတ်သက်တဲ့ ကောလဟာလတွေ ပျံ့နေတာပဲ။ ​လုပ်စမ်းပါ၊ ငါ့ကိုပြောပြလေ၊ ဘာတွေဖြစ်သွားတာလဲ?" ထိုသို့ပြောပြီးနောက် သူက စားပွဲပေါ်ရှိ ခွက်တွေကို အရက်တွေဖြည့်ကာ မာဖူကွေ့ရှေ့သို့ တွန်းပေးလိုက်၏။ 


မာဖူကွေ့သည် သူ့ရှေ့က အရက်ခွက်ကို ကြည့်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားလျက်။ သူ အရက်ကောင်းကောင်းမသောက်ရတာ ရက်တော်တော်ကြာသွားခဲ့ပြီ။ ဆိုင်မှာ အဖေမာရှိနေတာပဲလို့ စဥ်းစားလိုက်ကာ သူနည်းနည်းသောက်လည်း ဘာမှပြဿနာမဖြစ်လောက်ပါဘူးလို့ တွေးမိသွား၏။ ဘယ်လိုဖြစ်ဖြစ် အရက်ကလည်း သိပ်မပြင်းဘူးလေ။ 

"မင်းက ကောလဟာလတွေဖြန့်ရတာ ကြိုက်ကြတဲ့ အဲ့ဒီကောတွေလိုမျိုး ဘယ်တုန်းက ဒီလိုအတင်းအဖျင်းကြိုက်တဲ့သူ ဖြစ်သွားရတာလဲကွာ!" 


မာဖူကွေ့လည်း အရက်ခွက်ကို တစ်ကျိုက်တည်း သောက်ချလိုက်ပြီး "ဝေါင်း ငါဒီလိုမသောက်ရတာ ဘယ်လောက်တောင်ကြာသွားပြီလဲကွာ! နောက်တစ်ခွက်!" 


ဝမ်ဝုရဲ့ ဝဖိုင့်ဖိုင့်အသားထဲမြုပ်နေတဲ့ မျက်လုံးသေးသေးလေးတွေက ခွက်ထဲရှိ အရက်တစ်စက်မှ မကျန်အောင် သောက်လိုက်သော မာဖူကွေ့ကိုကြည့်ကာ သူ့မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုဖြင့် တောက်ပသွားလျက်။ 


"ငါက ငါ့ညီအစ်ကိုအတွက်ပဲ စိတ်ပူရုံပါကွာ! လာ လာ! ဆက်သောက်ကြမယ်!" ဝမ်ဝုသည် မာဖူကွေ့ရဲ့ ခွက်ကို ထပ်ဖြည့်ပေးလိုက်ကာ သူ့ကို ကမ်းပေးလိုက်၏။ မာဖူကွေ့လည်း တက်ကြွနေလျက် အစမှအဆုံး ဝမ်ဝုက အရက်တစ်စက်ကလေးမှ မထိရသေးတာကို သတိမပြုမိဘဲ ခွက်ကိုယူလိုက်ပြီး သောက်ချလိုက်ပြန်သည်။ 


ခွက်အနည်းငယ် ဆက်တိုက်သောက်ပြီးနောက် မာဖူကွေ့မှာ မူးဝေလာပြီဖြစ်သည်။ "ထူးဆန်းလိုက်တာကွာ။ ပုံမှန်ဆို ပြဿနာမရှိဘဲ ငါအိုးတွေအများကြီးသောက်နိုင်တာကို။ ဒါပေမဲ့ ဘာလို့ ဒီနေ့ကျ၊ အေ့~ ငါထပ်မသောက်နိုင်တော့..." 


ဝမ်ဝုသည် မတ်တပ်ထရပ်ကာ စားပွဲပေါ် မှောက်နေပြီဖြစ်သော မာဖူကွေ့ကို တွန်းလိုက်ပြီး "လောင်မာ! လောင်မာ!"  


မတုံ့ပြန်နိုင်တော့တဲ့ မာဖူကွေ့ကို ကြည့်လိုက်ပြီး ဝမ်ဝုက ရယ်မောကာ အေးအေးဆေးဆေးပြန်ထိုင်လိုက်၏။ သူ့အိတ်ကပ်ထဲမှ ပိုက်ဆံအိတ်ဖောင်းဖောင်းလေးကို ထုတ်ယူကာ နမ်းလိုက်လေသည်။ ဒီတစ်ကြိမ်တော့ သူကံကောင်းသွားတာပဲဟေ့! 


*** 


နေ့ခင်း၌ လီချန်ဖုန်း အိမ်ပြန်ရောက်လာသည့်အခါ ရွှီချင်းကြိုက်တဲ့ မုန့်ပဲသရေစာတချို့နှင့် ဝက်ဗိုက်သားတစ်ပိုင်း၊ ဝက်သားပြားအချပ် ဝယ်လာခဲ့လေသည်။ အိမ်မှာ ဆီလည်း ကုန်ခါနီးပြီဖြစ်၍ ဝက်ဆီလုပ်ဖို့ လိုသေးတယ်လေ။ 


ရွှီချင်းက သရေစာစားကာ လီချန်ဖုန်း ဝက်ဆီလုပ်နေတာကိုကြည့်နေရင်း "ပြောပါဦး၊ ခင်ဗျား ဒီလိုစိတ်အခြေအနေကောင်းနေရအောင် မြို့ထဲ ဘာသွားလုပ်ခဲ့တာလဲလို့?" 


လီချန်ဖုန်းက မေးခွန်းကြောင့် ပြုံးလိုက်ကာ "ကိုယ်က မာဖူကွေ့ကို ဇနီးတစ်ယောက်ရှာပေးလိုက်တာပါကွာ။ သူ့ကို စီမံနိုင်ပြီး ဆုံးမနိုင်တဲ့ တစ်ယောက်ယောက်နဲ့ပေါ့ကွာ" 


"ဇနီးတစ်ယောက်လား? ခင်ဗျားသိတဲ့သူလား?" 


လီချန်ဖုန်းလည်း ခေါင်းခါလိုက်ပြီး "ကိုယ်တော့ သူ့ကိုမသိပါဘူး။ အဲ့ဒါက လင်းဖန်းလျန် စီစဥ်လိုက်တာ။ သူက မြို့မှာနေတော့ မြို့ထဲက မိသားစုတွေအကြောင်းပိုသိတယ်လေ။ မာမိသားစုက စီးပွားရေးလုပ်တာမို့လို့ ခြိုးခြံချွေတာပြီး စေ့စပ်သေချာတဲ့သူကို သူတို့လိုမယ်လို့ ထင်တာပဲကွာ" 


ရွှီချင်း မျက်ခုံးပင့်လိုက်ပြီး လီချန်ဖုန်းရဲ့ လေသံထဲမှ ကျေနပ်နေတဲ့ အရိပ်အယောင်ကို သူနားမလည်နိုင်ဘူးလို့ မထင်လိုက်နဲ့နော်။ ခြိုးခြံချွေတာပြီး စေ့စပ်သေချာတဲ့သူ? တခြားအဓိပ္ပါယ်ကတော့ ကပ်စီးကုတ်ပေါ့လေ ဟုတ်တယ်မလားဟ? 


လီချန်ဖုန်းနှင့် ရွှီချင်းတို့နှစ်ယောက် ညစာစားပြီးသည့်နောက် အနားယူချိန်၌ မြို့ထဲရှိ မာမိသားစုကတော့ အိပ်မပျော်တဲ့ညတစ်ညပင်။ 


"ကြည့်စမ်း! သေချာကြည့်စမ်း! ဒါ မင်းမိသားစုက စက်ဆုပ်စရာကောင်းတဲ့ ဖူကွေ့ မဟုတ်ဘူးလား?" မျက်ခုံးထူထူနှင့် တင်းမာခက်ထန်တဲ့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အရက်နံ့တထောင်းထောင်းဖြင့် ဖရိုဖရဲဖြစ်နေတဲ့လူကို ဆွဲကာ မာစုံတွဲကို အော်ဟစ်လိုက်လေသည်။ 


အမေမာသည် ထိုလူရဲ့လက်ထဲမှာရှိနေတဲ့ မာဖူကွေ့ကို ကြည့်ရင်း သူ့အမြင်အာရုံမှာ မည်းမှောင်သွားတော့မလိုပင်။ အရမ်းရှက်ဖို့ကောင်းတာပဲ! သူ့ရဲ့သားလိမ္မာလေးက ဒီလိုမျိုးအဆင့်မရှိတဲ့ကောင်နဲ့ ဘယ်လိုလုပ်ပတ်သက်နေရတာတုန်း! အဖေမာကတော့ စကားမပြောနိုင်သည့်အတွက် သူက ထိုလူဆီကို လက်ဟန်အမူအရာသာ လုပ်ပြနိုင်ခဲ့လေသည်။ 


"ဘာလဲ? သူ့ကိုလွှတ်ပေးစေချင်တာလား? ရတာပေါ့! မင်းရဲ့သားက ငါတို့သားကို လက်ထပ်မယ်ဆိုရင်တော့ ဒါဆို ငါတို့လဲ ခမည်းခမက်တွေဖြစ်လာမှာပေါ့! ဒီကိစ္စက အားလုံးအတွက် ပျော်စရာကောင်းသွားမှာပဲ!" ထိုလူကြီးက ​ထုတ်ပြောလိုက်လေသည်။ 


"ခင်ဗျားမိသားစုက စွန့်ပစ်ခံကောကို လက်ထပ်ရမယ်?" အမေမာက ထိုလူရဲ့ ပိုလို့တောင် မယုံကြည်နိုင်ဖွယ်ရာ စကားတွေကြောင့် သူ့အမြင်အာရုံမှောင်မည်းသွားတာကိုတောင် နည်းနည်းလေးမှ ဂရုမစိုက်နိုင်တော့ပေ။ 


ယန်တနျိုရဲ့ သားဟာ ထွားကျိုင်းသန်မာတဲ့ ကောတစ်ယောက်ဖြစ်သလို ဒေါသ​ကြီးတဲ့သူဖြစ်ကြောင်းကို ဤမြို့၌ ဘယ်သူမသိပဲနေမှာလဲ! သူက နေ့ခင်းလင်းလင်းချင်းချင်းကြီးမှာတောင် သူ့ခင်ပွန်းဟောင်းကို မကြာခဏ ရိုက်နှက်တတ်လို့ အဲ့ဒီလူဆို အညိုအမဲတွေစွဲပြီး ယောင်ကိုင်းနေရောပဲလေ! ပြီးတော့ သူက ကပ်စေးလဲနည်းသေးတာကို! သူ့ရဲ့ ထက်မြက်တဲ့ ဖူကွေ့နှင့် အဲ့လိုမျိုးကောက ဘယ်လိုလုပ် ထိုက်တန်မှာတုန်း? 


ယန်တနျိုမှာ အမေမာရဲ့စကားတွေကိုကြားတော့ မကျေမနပ်ဖြစ်လာခဲ့သည်။ သူက အခုထိ ဟောက်နေသေးတဲ့ မာဖူကွေ့ကို အတင်းဆွဲကာ "ဘာစွန့်ပစ်ခံလဲကွ? အဲ့ဒီကောင်ကို မကြိုက်တော့တာက ငါ့သားပဲ! ငါ့သားက သူ့ကို စွန့်ပစ်လိုက်တာ! ဟမ့် မင်းက ငါတို့ကို အရူးလုပ်လုနီးပါးပဲကွာ။ မြန်မြန်လုပ်! မင်းတို့သားက ငါ့သားကို လာနှောင့်ယှက်တာဆိုတော့ ကျေနပ်စရာကောင်းတဲ့ ဖြေရှင်းချက်တစ်ခု ငါ့ကိုပေးစမ်းကွာ!" 


အမေမာသည် ကတုန်ကယင်ဖြင့် ယန်တနျိုအား လက်ညိုးထိုး၍ "ခင်ဗျားရဲ့သားကို နှောင့်ယှက်တယ်ဆိုတာ ဘာ​ကိုဆိုလိုတာတုန်း? ငါ့သား ဖူကွေ့က လေးစားစရာကောင်းတဲ့ စာတတ်ပေတတ်လူဟဲ့! ဒီလိုမျိုးညစ်ညစ်ပတ်ပတ်ကိစ္စတွေကို သူလုပ်မှာမဟုတ်ဘူး!" 


ယန်တနျိုသည်လည်း စိတ်တိုလွယ်သူပင်။ ထိုစကားကိုကြားပြီးနောက် သူက သူ့လက်ထဲမှ မာဖူကွေ့ကို တိုက်ရိုက်လွှင့်ပစ်လိုက်ရာ မာဖူကွေ့ မြေကြီးနဲ့ ထိရိုက်သွားသောအသံမှာ ကျယ်လောင်လွန်းလှသဖြင့် မာစုံတွဲရဲ့ မျက်နှာပေါ်မှ နာကျင်တဲ့ အမူအရာတွေကို ကြည့်စရာပင်မလိုတော့။ ကြားလိုက်ရုံနဲ့တင် နာကျင်မှုကို ခံစားရမည်မှန်း ရှင်းလင်းနေလျက်။ သို့ပေသိ ထူးဆန်းစွာပင် ဒီလိုမျိုးလွှတ်ပစ်လိုက်တာတောင်မှ မာဖူကွေ့မှာ နိုးလာမည့်အရိပ်အယောင်မရှိသေး။ 


"ခင်ဗျား ကပ်ဆိုးကောင်ကြီး! ငါတို့သားကို ဒီလိုမျိုး ဘယ်လိုတောင် ဆက်ဆံရဲရတာလဲ! ခင်ဗျားသေဖို့တောင်းဆိုနေတာလား? ဝူစန်းအာကို သွားရှာလိုက်! သူ့ဝမ်းကွဲက ဒီလိုအခြေအနေရောက်တဲ့အထိ အနိုင်ကျင့်ခံနေရတာကို! မြန်မြန်သွား!" အမေမာက မာဖူကွေ့ရဲ့ အခြေအနေကို အပြေးသွားကြည့်ရင်း သူ့နောက်လိုက်လာသည့် အဖေမာအား ရာမန်၌ အလုပ်လုပ်နေသော ဝူစန်းအာကိုသွားရှာရန် အော်ပြောလိုက်၏။ 


ယန်တနျိုမှာ စိတ်ပူပန်ခြင်းမရှိဘဲ အဖေမာကို သွားခွင့်ပေးလိုက်ပြီး သူကတော့ အေးအေးဆေးဆေးပင် ထိုင်ခုံမှာ ထိုင်လျက် မြေကြီးပေါ်မှာထိုင်၍ မာဖူကွေ့ကို ပွေ့ပိုက်ထားတဲ့ အမေမာကို ကြည့်နေခဲ့သည်။ "ဘာလဲ? မင်းရဲ့သားက ငါ့သားရဲ့အိပ်ရာမှာ လာအိပ်နေခဲ့တာ၊ အခုတော့ လုပ်တုန်းက လုပ်ထားပြီး မင်းတို့က ခေါင်းမာမာနဲ့ ငြင်းနေပြီးတော့ ဒီတိုင်းပဲ ထားလိုက်ချင်တယ်ပေါ့လေ? ဒီလိုသောက်ကျင့်မကောင်းတဲ့ကိစ္စတွေကို မင်းမိသားစုကပဲ လုပ်နိုင်တယ်လို့ ထင်နေတာလား?" 


အမေမာက နှလုံးတစ်ချက် ဆောင့်ခုန်သွားလေပြီ။ သူတို့မိသားစုက နှစ်တွေအကြာကြီး မြို့မှာ ဒီလိုအလေးစားခံပုံရိပ်ကို ထိန်းသိမ်းထားနိုင်သည်မှာ ရာမန်၌ အလုပ်လုပ်နေသည့် ဝူစန်းအာရဲ့ ကျေးဇူးကြောင့်ပင်။ 


အိမ်နီးချင်းအားလုံးက သူတို့ကို မျက်နှာသာပေးကြ၏။ သို့သော်လည်း ယန်တနျိုက ဘာကြောင့်များ အထိတ်တလန့်မဖြစ်ရတာပါလိမ့်? အမေမာလည်း ယန်မိသားစုမှာ တခြားအဆက်အသွယ်တွေရှိတယ်လို့လည်း မကြားဖူးပါဘူး။ တစ်ခုခုတော့ မှားနေပြီပဲ! 


"ထွီ ထွီ ထွီ! ခင်ဗျား ဘာတွေပြောနေတာလဲ? ငါတို့ဖူကွေ့က အပြစ်မရှိဘူး! ဘယ်သူသိမှာလဲ ခင်ဗျားသားက အထီးကျန်တာ မခံနိုင်တော့လို့ ငါတို့ဖူကွေ့ကို အတင်းအကြပ်လုပ်ခိုင်းတာလဲ ဖြစ်နိုင်တာပဲ!" ဘယ်သူက အရှက်မရှိတာတုန်း? အဲ့ဒီမာမိသားစုဟာ အရှက်မဲ့တဲ့နေရာမှာတော့ စံနမူနာပဲဟေ့! 


*** 


လင်းဖန်းလျန်သည် ပင်မခန်းထဲတွင် ယဥ်ကျေးသိမ်မွေ့ပုံရသော အမျိုးသားတစ်ဦးနှင့် စကားစမြည်ပြောနေခဲ့သည်။ "ဒီကိစ္စအတွက် မင်းကို ယုံကြည်ထားလိုက်ပြီကွာ ညီအစ်ကိုရေ! ငါ လင်းဖန်းလျန်က မင်းအပေါ် ကျေးဇူးကြွေးတစ်ခုတင်သွားပြီ!" 


ယဥ်ကျေးသိမ်မွေ့တဲ့လူက ရယ်ကာမောကာဖြင့် "မင်းဘာတွေပြောနေတာလဲကွာ? မင်းအဖေက ငါ့အဖေရဲ့အသက်ကိုသာ မကယ်ခဲ့ရင် အကူအညီတောင်းဖို့အတွက် ငါဟိုပြေးဒီပြေးလုပ်နေရဦးမှာ။ ဒီကိစ္စကို ငါ့တာဝန်ထားလိုက်တော့! နောက်ကျနေပြီဆိုတော့ ငါမင်းကို ထပ်နှောင့်မယှက်တော့ဘူးကွာ၊ သွားပြီဟေ့!" 


"ဖြည်းဖြည်းသွား ညီအစ်ကိုရေ! နောက်အချိန်ရတဲ့အခါ သွားသောက်ကြတာပေါ့!" လင်းဖန်းလျန်သည် ထိုလူကို တံခါးပေါက်ဝထိ လိုက်ပို့ပေးလိုက်ကာ တစ်ဖက်လူ ထွက်သွားသည်ကို ကြည့်ပြီးမှ အပြုံးဖျော့ဖျော့နှင့် ခြံတံခါးကိုပိတ်၍ သူ့အခန်းထဲသို့ ပြန်ဝင်လာခဲ့လေသည်။ 


"ဖန်းလျန်" 


လင်းဖန်းလျန်က ခေါ်သံကို လှမ်းကြည့်လိုက်တဲ့အခါ ဆေးဆိုင်မှပြန်လာတဲ့ သူ့အဖေကို တွေ့လိုက်ရ၏။ "ပုံပြင်ပြောတဲ့ကလေးကို အခုလေးတင် ငါတွေ့လိုက်တယ်၊ သူက ငါတို့အိမ်မှာ ဘာလာလုပ်တာလဲ?" 


လင်းဖန်းလျန်မှာ သူ့အဖေဆီ လျှောက်လာကာ ပုခုံးပေါ်မှာ လွယ်ထားတဲ့ ဆေးသေတ္တာကိုယူ၍ သူ့ကို ထိန်းကိုင်ပေးလျက် ပင်မခန်းထဲသို့ လျှောက်သွားခဲ့ပေသည်။ "ဘာမှမဟုတ်ပါဘူးဗျာ၊ သူ့အဖေရဲ့အခြေအနေအကြောင်းရယ်၊ ဘာတွေသတိထားဖို့ လိုသေးလဲဆိုတာ မေးဖို့ လာတာပါ။ သူတို့နှစ်ယောက်က ဒီလောက်နှစ်တွေအကြာကြီး အချင်းချင်း ဘယ်လိုမှီခိုခဲ့ကြလဲဆိုတာ အဖေလဲ သိတာပဲလေ။ သူ့အဖေ ရုတ်တရက်နေမကောင်းဖြစ်သွားတော့ စိတ်ပူတာက ထုံးစံပါပဲဗျာ" 


သမားတော်ကြီးလင်းမှာ ထိုင်ခုံပေါ်တွင် ထိုင်ကာ လင်းဖန်းလျန် ငှဲ့ပေးလိုက်တဲ့ လက်ဖက်ရည်ပူပူကို သောက်လိုက်၏။ ထိုသားအဖအတွဲကို စဥ်းစားမိလိုက်တော့ သူသက်ပြင်းမချပဲ မနေနိုင်တော့။ "အဲ့ဒီလူက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေ တဖြည်းဖြည်းနီးကပ်လာပြီကွာ။ ငါညွှန်းပေးထားတဲ့ ဆေးကလည်း သူ့ကို ခဏပဲ ထိန်းထားပေးနိုင်မှာ" 


"အာ စကားမစပ် မင်းကိုမေးရဦးမယ်၊ ညာဘက်ဗီရိုရဲ့ တတိယအကန့်မှာ ထည့်ထားတဲ့ မုန်ဟန့်ဆေးကို မင်းတွေ့မိသေးလား? အဲ့ဒီဆေးက ဟာသမဟုတ်ဘူးနော်။ ဘာလို့များ တစ်ဝက်ကျော်ကျော်လောက် ပျောက်သွားရတာလဲကွာ? ပြောစမ်း! မင်း အဲ့ဒါနဲ့ ဘာလုပ်ထားတာလဲ?" 


လင်းဖန်းလျန် သူ့နှာခေါင်းသူ ထိကာ "ကျွန်တော် တစ်ယောက်ယောက်ကို ပေးလိုက်တာပါ" မာဖူကွေ့သောက်မဲ့ အရက်ခွက်ထဲ ထည့်လိုက်တာဆိုတော့ အဲ့လိုပြောလို့ရတာပေါ့ ဟုတ်တယ်မဟုတ်လား? 


"တစ်ယောက်ယောက်ကို ပေးလိုက်တယ်? ဘယ်သူ့ကိုပေးလိုက်တာတုန်းကွ? အဲ့ဒီဆေးက သုံးလို့ သင့်တော်တဲ့အရာ မဟုတ်ဘူးနော်!" သမားတော်ကြီးလင်းက ဆေးကို ပေးပစ်လိုက်ပြီဖြစ်ကြောင်း ကြားသည့်အခါ သူက လက်ဖက်ရည်ခွက်ကို အောက်ချကာ လင်းဖန်းလျန်အား မကျေမနပ်ဖြင့် ကြည့်လိုက်ပေသည်။ 


လင်းဖန်းလျန်က သူ့အဖေအား အလျင်စလို ကြိုးစားဖြေရှင်းကာ "ကျွန်တော် လီချန်ဖုန်းကို ပေးလိုက်တာပါ။ သူက အဲ့ဒါကို ကောင်းတဲ့ရည်ရွယ်ချက်နဲ့ပဲ သုံးမှာမို့လို့ စိတ်မပူပါနဲ့။ ကျွန်တော် သူ့ကို နည်းနည်းလေးပဲ ပေးလိုက်တာ၊ ကျန်တာက ကျွန်တော့်မှာ ရှိသေးတယ်။ မနက်ဖြန် ပြန်ထည့်ထားလိုက်ပါ့မယ်ဗျာ။ အခုတော့ နောက်ကျနေပြီဆိုတော့ အဖေ့အတွက် ခြေထောက်ရေဆေးဖို့ ကျွန်တော် ရေသွားယူလိုက်ဦးမယ်နော်!" 


"ဒီကလေးကတော့!" 


လင်းဖန်းလျန် အလျင်အမြန် ရှောင်ထွက်သွား၍ သမားတော်ကြီးလင်းမှာ သူ့နောက်ကျောကို ကြည့်ကာ ခေါင်းယမ်းလျက်။ 


အလိုလေး အဲ့ဒီပုံပြင်ပြောတဲ့ကောင်လေးရဲ့ အဖေက နောက်ဆုံးရက်တောင် နီးကပ်လာခဲ့ပြီ၊ ပြီးတော့ သူလည်းပဲ သိပ်မဝေးတော့ဘူးလေ! ဒီကလေးဖန်းလျန်က လူတွေကို ဘယ်လိုလိုက်ရမလဲဆိုတာ မသိဘူး။ အကယ်၍ ဖန်းလျန်ကို တစ်ယောက်ယောက်အဖော်ပြုပေးနေလို့ရှိရင် သူလည်း စိတ်အေးနိုင်ပါပြီ။ သူမြေအောက်ကမ္ဘာသွားတဲ့အခါ သူ့ဇနီးကိုလည်း ဖြေရှင်းချက်ပေးလို့ရပြီပေါ့။ 


*** 


ညသန်းခေါင်၌ ရွှီချင်းမှာ အိပ်ပျော်ရာမှ နိုးလာကာ သူလှုပ်လာသဖြင့် လီချန်ဖုန်းလည်း နိုးလာခဲ့သည်။ "ဘာဖြစ်လို့လဲ၊ မင်း ချွေးတွေရွှဲနေတာပဲ! အိပ်မက်ဆိုးမက်လို့လား? ကိုယ် မင်းကို သုတ်ပေးဖို့ ရေသွားယူလိုက်ဦးမယ်နော်" 


ရွှီချင်း ခေါင်းညိတ်လျက်၊ သူ ကမ္ဘာပျက်ကပ်အကြောင်းကို အိပ်မက်မမက်တော့တာ တော်တော်ကြာခဲ့ပြီကို၊ သူအသတ်ခံလိုက်ရတဲ့ မြင်ကွင်းကို ဘယ်လိုဖြစ်ပြီး ရုတ်တရက် အိပ်မက်မက်ရတာလဲ! 


"မင်းအဆင်ပြေရဲ့လား?" လီချန်ဖုန်းက ရွှီချင်းကို ချွေးတွေသုတ်ပေးပြီးနောက် စောင်ထဲဝင်လိုက်ကာ သူ့ဇနီးလေးကို ပွေ့ဖက်ထားလိုက်၏။ ရွှီချင်းမှာ လီချန်ဖုန်းရဲ့ ပွေ့ဖက်မှုကို နာနာခံခံလေး ငြိမ်နေကာ "ချန်ဖုန်း ကျွန်တော်လိုချင်တယ်" 


လီချန်ဖုန်းရဲ့ မျက်လုံးတွေက တောက်ပလာသော်လည်း အခုလေးတင် ရွှီချင်းက အိပ်မက်ဆိုးမက်ထားတာကို သူတွေးကြည့်လိုက်မိပြီး အနည်းငယ် တုံ့ဆိုင်းသွားရ၏။ 


သို့ရာတွင် ရွှီချင်းအစပျိုးလိုက်ရုံသာရှိသေး၊ သူ့ရဲ့ညီငယ်လေးကတော့ ခေါင်းထောင်လာပြီးဖြစ်လျက်! 


"မရဘူးလား? ခင်ဗျားမလုပ်ချင်ရင်လည်း အိပ်ကြတာပေါ့ဗျာ!" 


ရွှီချင်းသည် လီချန်ဖုန်းက မလှုပ်ရှားတာကို မြင်လိုက်ရ၍ တမင်တကာ လှုံ့ဆော်ပေးလိုက်၏။ လီချန်ဖုန်းက ရွှီချင်းကို သူ့လက်မောင်းတွေထဲ ပွေ့ဖက်လျက် သူ့ကို ပြင်းပြင်းဖိထား၍ "မင်း တောင်းဆိုတာနော်!"


xxx 


ဟီး ဟီး ဟီး ဟား ဟား ဟား 😆