Chapter 42
-သူ့မျက်နှာက တည်ငြိမ်အေးချမ်းနေဆဲဖြစ်သော်ငြား သူ့နားရွက်များကမူ ထိန်းချုပ်မရနိုင်စွာ နီရဲလာ၏။
ထုံရွှယ်လူက လှည့်ပြေးသွားရင်း အော်လိုက်သည်။
“ကယ်ကြပါဦး ဒီမှာလူသတ်ဖို့ကြိုးစားနေပါတယ်၊ ကျေးဇူးပြုပြီး ကယ်ကြပါဦး”
သူမနောက်တွင် အိမ်တွင်းအကြမ်းဖက်တတ်သည့် အရူးလိုက်နေသဖြင့် ထုံရွှယ်လူ၏နှလုံးသားက တဒိတ်ဒိတ်ခုန်နေ၏။ ကံကောင်းစွာဖြင့် သူမကရဲအရာရှိနှစ်ယောက်ကို မြင်သောအခါ ထောင့်ချိုးမှကွေ့လာပြီးနောက်တွင် ရဲများဆီသို့တည့်တည့်ပြေးသွားသည်။
သူမက အလျင်အမြန်ပင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။
“ကယ်ကြပါဦး ရဲအရာရှိကြီးတို့ အနောက်ကလူက ကျွန်မကိုသတ်ချင်နေတယ်”
ရဲအရာရှိနှစ်ယောက်က သူမအော်သံကိုကြားသောအခါ ပို၍မြန်မြန်ပြေးလာကြ၏။
ဟဲပေါင်ကန်းကဒေါသထွက်နေသဖြင့် ထုံရွှယ်လူပြောလိုက်သည်ကို မကြားပေ။ သူမကိုမှီသောအခါမှသာ သူမနားတွင်ရပ်နေသည့် ရဲများကိုတွေ့သွားသည်။ သူ့မျက်နှာ၏အရောင်အသွေးက ချက်ချင်းပင်ပြောင်းလဲသွားသည်။
ထုံရွှယ်လူက ဟဲပေါင်ကန်းကိုညွှန်ပြကာ ပြောလိုက်သည်။
“ရဲအရာရှိကြီးတို့ သူပါ ကျွန်မကိုသတ်ဖို့လုပ်နေတာ သူပါဘဲ”
ဟဲပေါင်ကန်းက ချက်ချင်းပင်နောက်ဆုတ်သွားသည်။
“ရဲအရာရှိကြီးတို့ လူမှားနေပါပြီ၊ ကျွန်တော့်အမေ့ကိုရိုက်ခဲ့လို့သာ သူမနောက်ကိုလိုက်နေတာပါ”
ထုံရွှယ်လူ၏မျက်လုံးများက နီရဲလာသည်။
“ရဲအရာရှိကြီး သူလိမ်ပြောနေတာပါ၊ ကျွန်မဒီနားကနေဖြတ်သွားတော့ တစ်ယောက်ယောက်က ကယ်ကြပါဦးလို့အော်နေတာကို ကြားလိုက်ရပါတယ်၊ ကျွန်မသွားကြည့်လိုက်တော့ ဒီယောက်ျားကနဲ့ သူ့အမေတို့က မိန်းမတစ်ယောက်ကို အတူတူရိုက်နေကြတာပါ”
”အဲ့ဒီမိန်းမမျက်နှာက သွေးတွေနဲ့ပေလူးနေတာဘဲ၊ ကျွန်မကအထဲဝင်သွားပြီး သူတို့ကိုတားဖို့ကြိုးစားတော့ ကိုယ့်ကိစ္စကိုယ်လုပ်ဖို့အော်ဟစ်လာပါတယ်၊ သူ့အမေက ကျွန်မကိုလည်းရိုက်ချင်နေတာ ကျွန်မက မတော်တဆသူ့အမေကို နည်းနည်းထိခိုက်သွားစေတော့ ဒီယောက်ျားက ကျွန်မကိုသတ်မယ်ဆိုပြီး အနောက်ကလိုက်နေတာဘဲ၊ ရဲအရာရှိကြီးတို့လည်း ကြားလိုက်မယ်လို့ ကျွန်မယုံပါတယ်၊ ကျွန်မဖြင့် အရမ်းကြောက်တာဘဲ”
သူမက စကားပြောရင်း မျက်ရည်များကို သုတ်လာ၏။
ရဲအရာရှိနှစ်ယောက်က ထုံရွှယ်လူတစ်ယောက် ဘယ်လိုတောင်နူးညံ့အားနည်းသောမိန်းကလေးဖြစ်ပြီး ငိုနေရင်း ကြောက်ရွံ့သဖြင့်တုန်ယင်နေသည်ကိုလည်း မြင်လိုက်ရ၏။ တစ်ဖက်တွင် ဟဲပေါင်ကန်းကမူ ရက်စက်ကြမ်းကြုတ်ကာ ခက်ထန်နေ၏။ သူတို့ကအနားရောက်လာသောအခါ သူ၏အော်ဟစ်သံများကိုလည်း ကြားလိုက်ရ၏။
ယှဉ်ကြည့်လိုက်သောအခါ သူတို့က ထုံရွှယ်လူဘက်ပိုပါသွားကြသည်။
ရဲနှစ်ယောက်က ဟဲပေါင်ကန်း၏လက်မောင်းကိုလိမ်ကာ ခြံထဲသို့ပြန်ဆွဲခေါ်သွားလိုက်သည်။
သူမသားထွက်သွားပြီးနောက်တွင် အဖွားကြီးဟဲက ပိုပြီးဒေါသထွက်လာသည်။ သူမက စုရှူယင်ပေါ်တက်ကာ အော်ရင်း ရိုက်နှက်နေ၏။
“ဥမဥနိုင်တဲ့ ဂြိုဟ်ဆိုးလို့ကြက်မ၊ နင်ကများကွာရှင်းဖို့ပြောရဲတာလား၊ အိုး ဟုတ်လား ငါနင့်ကိုသေအောင်ရိုက်သတ်မယ်”
ဖြန်း ဖြန်းးဖြန်း။
သူမက စုရှူယင်၏ပါးကို ထပ်ခါတလဲလဲရိုက်နေလိုက်သည်။ စုရှူယင်က ရှောင်လည်းမရှောင်သလို ရုန်းကန်တာမျိုးလည်းမရှိပေ။
သူမက ရဲများရောက်လာတော့မည်ကို သိနေ၏။ သူမပိုပြီးအရိုက်ခံရလေလေ ထိုလူယုတ်မာနှစ်ယောက်အတွက် အပြစ်ဒဏ်က ပိုပြီးပြင်းထန်လေလေဖြစ်သည်
သူမက အကြိမ်ပေါင်းစွာ အရိုက်ခံရပြီးပြီဖြစ်သည်။
နောက်ဆုံးတစ်ကြိမ်ဘဲ ဒါပြီးရင် သူမနဲ့ သူမသမီးကလွတ်လပ်သွားလိမ့်မယ်။
ထို့ကြောင့် ထုံရွှယ်လူနှင့်ရဲများရောက်လာသောအခါ ဤမြင်ကွင်းကိုမြင်လိုက်ရ၏။
ထုံရွှယ်လူက ဖိနပ်ကိုချွတ်ကာ အဖွားကြီးဟဲ၏မျက်နှာကိုချိန်လိုက်သည်။
“အခုဆို ရဲအရာရှိကြီးတို့ ကိုယ်တိုင်မြင်လိုက်မှာပါ ကျွန်မတို့က လူမှုအသိုင်းအဝိုင်းအသစ်မှာနေထိုင်နေကြတာ၊ ဒီအဖွားကြီးကတော့ ကွယ်ရာမှာ အကြမ်းဖက်နေတုန်းဘဲ၊ သူမက ဥပဒေအပေါ်လေးစားမှု လုံးဝမရှိပါဘူး”
သူမ၏ဖိနပ်က အဖွားကြီးဟဲ၏မျက်နှာတည့်တည့်ကို ထိသွားသည်။
အဖွားကြီးဟဲက စီခနဲအော်ကာ နှာခေါင်းနာသွား၏။
သူမက ထုံရွှယ်လူတစ်ယောက် ရဲအရာရှိကြီးဆိုသည်ကို လျှောက်ပြောနေသည်ဟုသာထင်နေ၏။ သူမမော့ကြည့်လာသောအခါ သူမသားက ရဲအရာရှိများ၏လက်လိမ်ဖမ်းခြင်းကို ခံထားရသည်ကို တွေ့လိုက်ရသည်။
သူမတုန်ယင်သွားကာ ဆီးထွက်ကျတော့မလိုဖြစ်သွားသည်။
ရဲအရာရှိတစ်ယောက်က သူတို့ဆီလျှောက်လာ၏။
“ထပြီး ကျွန်တော်တို့နဲ့အတူ စခန်းကိုလိုက်ခဲ့ပါ”
အဖွားကြီးဟဲ၏မျက်နှာက ဖြူဖျော့သွားကာ သူမ၏လက်များက ပါကင်ဆန်ရောဂါခံစားနေရသူလို့ ရမ်းခါနေ၏။
“ရဲအရာရှိကြီး ကျွန်မအကြမ်းမဖက်ပါဘူး သူကကျွန်မရဲ့ချွေးမပါ၊ ဒါကနေ့စဉ်ဖြစ်နေကျ မိသားစုကိစ္စလေးပါဘဲ မယုံရင်မေးကြည့်လိုက်ပါ”
သူမပြောပြီးပြီးချင်းပင် စုရှူယင်ကသွေးဗရပွမျက်နှာဖြင့် ထထိုင်ပြီးပြောလာသည်။
“ရဲအရာရှိကြီး ကျွန်မ ဟဲပေါင်ကန်းကို အိမ်တွင်းအကြမ်းဖက်မှု၊ ဝမ်ကျီဟွားကို ခေတ်ဟောင်းဓလေ့ထုံးစံတွေကို ပြန်ဆွဲယူပြီး ချွေးမဖြစ်သူကို အကြမ်းဖက်တဲ့အတွက် အမှုဖွင့်ချင်ပါတယ်၊ ကျွန်မမျက်နှာနဲ့ တစ်ကိုယ်လုံးပေါ်က ဒဏ်ရာတွေကိုတွေ့ကြမှာပါ၊ အကုန်သူတို့လုပ်ခဲ့တာပါ”
“အဲ့ဒါကို ကျွန်မသက်သေခံပေးနိုင်ပါတယ်၊ အဲ့အမျိုးသမီးက မြေကြီးပေါ်လဲနေတာတောင် ဒီယောက်ျားကမရပ်သေးပါဘူး၊ အခုဆို ကျွန်မတို့က လူမှုအသိုင်းအဝိုင်းသစ်မှာနေထိုင်နေကြတာ၊ ကျွန်မတို့တ
ရဲ့သမ္မတကတောင် အမျိုးသမီးတွေဟာ ကောင်းကင်တစ်ဝက်ကိုကြီးစိုးနိုင်တယ်လို့ပြောခဲ့တယ်၊ ဥပဒေကိုကျော်လွန်ပြီး အမျိုးသမီးကိုအကြမ်းဖက်အနိုင်ကျင့်တာမျိုးရှိနေဦးမယ်လို့ မထင်ထားဘူး၊ သူတို့တွေက သေဒဏ်ပေးခံရသင့်တယ်”
ဟဲပေါင်ကန်းနှင့် အဖွားကြီးဟဲတို့က သေဒဏ်ဟူသောစကားလုံးကို ကြားလိုက်ရသောအခါ မျက်လုံးများက နွားထီးတစ်ကောင်၏မျက်လုံးများလောက် ပြူးကျယ်သွားသည်။
အဖွားကြီးဟဲက အံကြိတ်ကာပြောလာသည်။
“ရှူယင် နင်ကနေမကောင်းတာကြာပြီး ဦးနှောက်မရှိတော့ဘူးလား၊ ငါတို့ကနင့်ရဲ့အရင်းနှီးဆုံးမိသားစုတွေလေ၊ ပေါင်ကန်းကရှောင်ချိုးရဲ့အဖေဘဲ နင်က ရဲတွေရှေ့မှာ အဓိပ္ပါယ်မရှိတာတွေကို ပြောချင်တိုင်းပြောလိုက်လို့မရဘူး”
အခုမှလာပြီးကောင်းချင်နေတာလား၊ ခုနတုန်းက ဘယ်ရောက်နေတာလဲ။
စုရှူယင်က အဖွားကြီးဟဲကိုကြည့်ကာ နှာခေါင်းရှူံ့လိုက်သည်။
“ရဲအရာရှိကြီးရှင် ကျွန်မကမဟုတ်တာတွေပြောနေတာမဟုတ်ပါဘူး၊ သူတို့ကသာ ကျွန်မကိုရိုက်တဲ့သူတွေပါ တစ်ကြိမ်မကပါဘူး၊ ကျွန်မကိုယ်ပေါ်က ဒဏ်ရာအားလုံးက သူတို့ကြောင့်ပါဘဲ ကျွန်မအမှုဖွင့်ပြီးတိုင်ချင်ပါတယ်၊ ကျေးဇူးပြုပြီး သူတို့ကိုဖမ်းပေးပါ”
အဖွားကြီးဟဲက ဒေါသထွက်သလို ကြောက်လည်းကြောက်လာ၏။ သူမကဝူးခနဲအော်ငိုလာသည်။
“အမလေး ဘုရားရေ၊ ကျွန်မကဘာကြောင့် ဒီလိုမျိုးခံစားနေရတာလဲ ဘာလို့ ဒီလိုအသိစိတ်မရှိတဲ့ချွေးမမျိုးကို ကျွန်မတို့မိသားစုထဲ လွှတ်ပေးလိုက်ရတာလဲ၊ လူတိုင်းလာပြီးကြည့်ကြပါဦး သူက သူ့ယောက်ျားနဲ့ ယောက္ခမကို ထောင်ထဲထည့်ချင်နေပြီ၊ သူက ငါ့မိသားစုကို လွှမ်းမိုးချင်နေတာဘဲ”
ရပ်ကွက်ထဲမှသူများသည် ဒီလိုဖြစ်ပျက်လာမည်ဟု မထင်ထားခဲ့ပေ။ သူတို့က ကိစ္စများကို ချောချောမွေ့မွေ့ပြီးရန်သာ လိုလားကြသည်။
“ရှူယင်ရယ် ကိစ္စတိုင်းကိုစကားနဲ့ဖြေရှင်းလို့ရပါတယ်၊ ရဲတွေထိပါအောင်လုပ်ဖို့ မလိုပါဘူး”
“အမှန်ဘဲ နင်တို့ကမိသားစုတွေလေ ဘယ်ကိစ္စမဆိုအချင်းချင်းဖြေရှင်းလိုက်လို့ရတယ်၊ မြန်မြန် ရဲအရာရှိကြီးတွေကို ရှင်းပြလိုက်လေ”
အဖွားကြီးဟဲက ရူးမိုက်ကာ အဆင့်မရှိပေ။ သူမက စုရှူယင်ကို အခြားသူများ၏ဖိအားကြောင့် နောက်ဆုတ်သွားအောင်လုပ်နိုင်မည်ဟု ထင်နေဆဲဖြစ်သည်။
သို့သော်ငြား စိတ်ပိုင်းဖြတ်ထားသော စုရှူယင်သည် အခုချိန်တွင် ဘယ်သူကမှသူမကို စိတ်မပြောင်းစေနိုင်တော့ပေ။
အဖွားကြီးဟဲကထပ်အော်ငိုချင်သော်လည်း ရဲအရာရှိတားသည်ကို ခံလိုက်ရ၏။
“ပါးစပ်ပိတ်ထားလိုက်တော့၊ ပြောချင်တာရှိရင် စခန်းရောက်မှပြော”
အဖွားကြီးဟဲက လည်လိမ်ခံရသည့် ကြက်လိုဖြစ်သွားကာ ဘာတစ်လုံးမှမပြောနိုင်တော့ဘဲ လည်ပင်းထဲတွင်တစ်နေ၏။ ၎င်းက အလွန်စက်ဆုပ်စရာကောင်းသော ခံစားချက်မျိုးဖြစ်သည်။
ဟဲပေါင်ကန်းတို့သားအမိကို ရဲစခန်းသို့ခေါ်သွားကြသည်။
သူတို့နှင့်အတူ ထုံရွှယ်လူ၊ စုရှူယင်နှင့် ရပ်ကွက်ထဲမှသူများလိုက်လာကြသည်။
***
ရဲစခန်းတွင်။
ဖူကျန့်ယိက ဝမ်ရူကွေ့အား သူ့ရုံးခန်းအပေါက်ဝတွင်မြင်လိုက်ရသောအခါ အံ့ဩသွားသည်။
“ရူကွေ့ မင်းဒီမှာဘာလာလုပ်တာလဲ”
ဝမ်ရူကွေ့၏အသံက တည်ငြိမ်နေ၏။
“မနက်ဖြန်အဖိုးမွေးနေ့မလို့ အိမ်ပြန်ဖို့လိုတယ်လေ၊ ဒါလမ်းကြုံလို့ဝင်လာတာ၊ မင်းငါ့ကိုဖုန်းဆက်တာ ဘာပြောမလို့လဲ”
ဖူကျန့်ယိက ချဲ့ကားသောအမူအရာဖြင့်ပြောလာ၏။
“မင်းတစ်ခါ စကား26လုံးတောင်ပြောလိုက်တာလား၊ ဒါကရှားတယ်နော်”
ဝမ်ရူကွေ့က သူ၏ချဲ့ကားပြောဆိုမှုကို လျစ်လျူရှုလိုက်သည်။ သူကရုံးခန်းထဲဝင်လာကာ ထိုင်လိုက်သည်။
“ပြောလေ ဘာလဲ”
ဖူကျန့်ယိက ခေါင်းကုတ်လိုက်သည်။
“ငါမင်းကိုဖုန်းခေါ်လိုက်တာက မင်းရဲ့ရဲဘော်ထုံအကြောင်းပြောပြချင်လို့”
နောက်ဆုံးတွင် ခံစားချက်အရိပ်အယောင်တစ်ခုက ဝမ်ရူကွေ့ဆီတွင်ပေါ်လာ၏။ သူ၏ထက်ရှသောမျက်ခုံးများက အနည်းငယ်ပြေလျော့သွားသည်။
“ပိုပြီး အသေးစိတ်ပြော”
ဖူကျန့်ယိက ချောင်းဟန့်လိုက်သည်။
“ပြောရရင်အရှည်ကြီးဘဲ၊ ငါက သူမကိုမင်းရည်းစားလို့ထင်နေတာကို မင်းသိတယ်မလား၊ အဲ့နေ့တုန်း ရထားဘူတာရုံမှာ သူမနဲ့ဆုံတော့ မင်းရည်းစားဟုတ်၊မဟုတ်ငါမေးလိုက်တယ် သူမကဘယ်လိုပြန်ဖြေတယ်လို့ထင်လဲ”
ဝမ်ရူကွေ့၏ မျက်တောင်နက်များက နိမ့်ကျသွားသည်။ သူကဘာမှမပြောလာပေ။
ဖူကျန့်ယိက ထုံရွှယ်လူပုံစံကိုတုကာပြောလာ၏။
“ဟုတ်တယ်၊ ကျွန်မတို့ကရည်းစားဖြစ်နေတာ တစ်နှစ်ကျော်ပါပြီတဲ့ မင်းသူ့မျက်နှာကိုမြင်လိုက်သင့်တာနော်၊ သူမက အရမ်းကိုရှက်နေတာ အဲ့ဒါကလိမ်နေတာလို့ ဘယ်သူကထင်မှာတဲ့လဲ၊ အဲ့ဒါက ကလိမ်ကကျစ်လုပ်နေတာ ဟုတ်တယ်မလား”
“သူမက ကလိမ်ကျတာမဟုတ်ဘူး၊ မင်းကသာတုံးနေတာ”
“……?”
ဖူကျန့်ယိက သူ့ကိုယ်သူပိုကြည့်ကောင်းအောင် လုပ်ချင်၏။
“ငါတုံးတာမဟုတ်ပါဘူး၊ သူမက စာအုပ်ကြီးအတိုင်းမလုပ်တာလေ မင်းသိရဲ့လား၊ ဘယ်လိုမိန်းကလေးမျိုးက သူတို့ရဲ့ကိုယ်ပိုင်ဂုဏ်သတင်းကို အထိခိုက်ခံပြီး စနောက်မှာလဲ”
ဝမ်ရူကွေ့၏လေသံက အတော်အသင့်ပေ။
“အဲ့ဒီနောက် ဘာဖြစ်သွားလဲ”
ဖူကျန့်ယိက ဖြစ်ခဲ့သည်များကိုပြန်စဉ်းစားကာ သူ့ပါးများကပူလောင်လာသလို ခံစားလာရသည်။
“နောက်တော့ သူမက ငါကဘယ်လိုသူမအကြောင်း ဘယ်လိုသိတာလဲမေးလာတယ်၊ သူမကြောက်သလိုလိုတောင် ကြည့်လာသေးတာနော်၊ ငါလည်းသူမအော်ပြီး အကူအညီတောင်းလိုက်မှာ စိုးရိမ်ပြီး.....မင်းလုပ်ခိုင်းထားသမျှအားလုံးကို သူမကိုပြောပြလိုက်တယ်”
ဝမ်ရူကွေ့က မျက်ခုံးပင့်လိုက်သည်။
“အဲ့ဒါကို မင်းကိုယ်မင်းမတုံးပါဘူးဆိုပြီး ပြောချင်နေသေးတာလား”
“…………”
ဖူကျန့်ယိစအပြုံးက ပြိုကွဲသွားသည်။
“ငါသတိလွတ်သွားလို့ပါကွာ၊ သူမက ဒီလောက်တောင် နူးညံ့ပြီးကြည့်ကောင်းတဲ့မိန်းကလေးလေ၊ ငါ့ကိုအဲ့လို ကြံစည်မယ်လို့ မထင်ထားဘူး၊ တစ်ခုတော့သေချာတယ် သူမကမင်းကိုစိတ်ဝင်စားနေတယ်လို့ ငါထင်တယ်”
ဝမ်ရူကွေ့က မျက်မှောင်ကြုတ်လိုက်သည်။
“အဲ့ဒါက ရယ်စရာမဟုတ်ဘူး”
ဖူကျန့်ယိက လက်သင့်မခံပေ။
“ငါတကယ်ပြောနေတာကွ၊ တကယ်လို့သူမသာ မင်းအပေါ်စိတ်မဝင်စားရင် မင်းတို့နှစ်ယောက်ကြိုက်နေတာ တစ်နှစ်ကျော်ပြီဆိုပြီး ဘယ်လိုလုပ်ပြောရဲမှာလဲ၊ တကယ်လို့စကားသာထွက်သွားရင် မင်းတို့နှစ်ယောက်လုံးက ဘယ်လိုများကြင်ဖက်ရှာနိုင်ကြမှာလဲ၊ အိုး။ဟုတ်သား၊ သူမက မင်းမိသားစုနောက်ခံကိုသိလို့ စိတ်ဝင်စားတာများလား”
ဝမ်ရူကွေ့က သူ့ကိုအေးစက်စွာကြည့်လိုက်သည်။
“ရဲဘော်ထုံက အဲ့လိုလူမျိုးမဟုတ်ဘူး၊ သူမက မင်းပြောသလို ကြံစည်တတ်တဲ့သူမျိုးလဲမဟုတ်ဘူး”
ဖူကျန့်ယိ: “……”
ကောင်းပါပြီ၊အကုန်လုံးက သူ့အမှားပါဘဲ။
သူတို့နှစ်ယောက်က မချစ်ကြိုက်ရသေးသော်လည်း သူကသူမကိုကာကွယ်ပေးတတ်နေပြီဖြစ်သည်။ ကြိုက်သာကြိုက်သွားလို့ကတော့ ဘယ်လိုတောင်ဖြစ်လာမလဲ။
ဝမ်ရူကွေ့က ထရပ်ကာပြောလိုက်သည်။
“ကောင်းပြီလေ မင်းပြောစရာမရှိရင် ငါသွားတော့မယ်၊ ရှေ့လျောက် အရမ်းကြီးမတုံးနဲ့”
ဖူကျန့်ယိ: QAQ
သူ့ကိုလျစ်လျူရှူပြီးနောက် ဝမ်ရူကွေ့က ခြေတံရှည်များဖြင့် ရုံးခန်းထဲမှထွက်လာခဲ့သည်။
အမှုစစ်ခန်းကိုဖြတ်လာသောအခါ စူးရှသောအသံတစ်ခုကို ကြားလိုက်ရ၏။
“ရှင်တို့က ရဲဘော်စုအတွက် သက်သေမခံပေးရင် ဟဲမိသားစုကိုထိပါးမိမှာမဟုတ်ဘူးလို့ထင်နေတာလား၊ ကျွန်မပြောပြမယ်၊ တကယ်လို့ရှင်တို့က အမှန်တိုင်းမပြောရင် မုသားသက်သေဆိုလိုက်တာဘဲ၊ မုသားသက်သေဆိုတာက တရားဥပဒေကိုဆန့်ကျင်နေတယ်”
ဒီအသံက ဘာလို့အရမ်းရင်းနှီးနေတာလဲ။
ဝမ်ရူကွေ့က ပြတင်းပေါက်မှ တစ်ချက်ကြည့်လိုက်သည်။
သူက ပြတင်းပေါက်မှနေ၍ သွယ်လျသောပုံရိပ်တစ်ခုကို မြင်လိုက်ရ၏။ သူမ၏အနက်ရောင်ဆံပင်ကို ကျစ်ဆံမြှီးကျစ်ကာ အရှေ့ဘက်သို့ချထား၏။ သူမ၏ဖြူဖွေးသောအသားအရည်က ဆံပင်အနက်ရောင်ဖြင့်ယှဉ်တွဲကြည့်လိုက်သောအခါ တောက်ပနေ၏။
ထို့နောက် ဝမ်ရူကွေ့က မျက်ထုံးထောင့်မှ မှဲ့နီလေးကို သတိထားမိသွားသည်။
သူမ၏မျက်တောင်များက ရှည်လျားကာ ထူထဲ၏။ မျက်လုံးမှိတ်လိုက်သောအခါ ထိုမျက်တောင်များက မှဲ့ကိုဖုံးသွားပြီး မျက်လုံးဖွင့်လိုက်ပါက တစ်ဖန်ပြန်ပေါ်လာ၏။ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေရာ ၎င်းက သူ့ကို နှင်းတောင်ပေါ်မှ အနီရောင်ပန်းများကို သတိရသွားစေသည်။
သူမစကားကိုကြားသောအခါ အထဲမှသူများက စိုးရိမ်တကြီးဖြစ်လာကြသည်။
“ရဲဘော် တကယ်လို့ ဘာမှမပြောရင်တောင် မုသားသက်သေဆိုတာဘဲလား”
“ဟုတ်တာပေါ့ ၊ ရှင်တို့အားလုံးက ရဲဘော်စုရှူယင်အရိုက်ခံရတာကို မြင်ခဲ့ကြတယ်လေ၊ အဲ့ဒါကို ဘာမှမသိပါဘူးပြောလိုက်ရင် မုသားသက်သေဆိုတာမဟုတ်လို့ ဘာလဲ။ လူ့အသိုင်းအဝိုင်းထဲမှာ ဥပဒေဆိုတာရှိတယ်၊ တရားဥပဒေကိုချိုးဖောက်ရဲရင် ပြန်လည်ပြုပြင်ဖို့အတွက် လယ်တောထဲအပို့ခံရမှာကို မျှော်လင့်ထားသင့်တယ်”
“ရဲဘော် ငါတို့က စုရှူယင်ကိုမကူညီချင်လို့မဟုတ်ပါဘူး၊ သူမကသနားစရာကောင်းတယ်ဆိုပေမယ့် ငါတို့လည်းကြောက်ကြတယ်လေ”
“အမှန်ပါဘဲ ရဲဘော်ရယ်၊ မင်းအဲ့ဒါကိုမသိလောက်ဘူး၊ ဟဲမိသားစုမှာ ရဲအရာရှိဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ရှိတယ်၊သူပြန်လွတ်လာတဲ့အခါ ငါတို့ကို လက်စားချေမလားဆိုတာ မသိနိုင်ဘူးလေ”
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
“ရဲအရာရှိက ဘယ်ရာထူးလဲ”
“ငါမသိဘူး၊ ငါထင်တာတော့ စီမံခန့်ခွဲရေးဌာနကဘဲ”
ထုံရွှယ်လူက နှာခေါင်းရှူံ့လိုက်သည်။
“ရှင်တို့ကစီမံခန့်ခွဲရေးဝန်ထမ်းကို ကြောက်နေတာလား၊ ကျွန်မချစ်သူရဲ့ သူငယ်ချင်းက မှုခင်းစုံစမ်းရေးဌာနက ခေါင်းဆောင်ဘဲ”
“ကျွန်မပြောပြမယ်၊ ရှင်တို့သာ အမှန်တိုင်းပြောလိုက်သရွေ့ ဘယ်သူမှလက်တုံ့မပြန်စေရဘူးလို့ ကျွန်မအာမခံတယ်”
“မင်းပြောတာသေချာလို့လား ရဲဘော်”
“သေချာတာပေါ့၊ ကျွန်မချစ်သူရဲ့မျိုးရိုးအမည်က ဝမ်ပါ၊ ခေါင်းဆောင်က သူ့နဲ့အတူကြီးပြင်းလာတဲ့သူငယ်ချင်း ကျွန်မသာအနိုင်ကျင့်ခံရရင် သူက ဘယ်ဘက်မှာရပ်တည်မယ်လို့ ရှင်တို့ထင်လဲ”
ထိုသို့ပြောပြီးနောက် ထုံရွှယ်လူက သူ့ကိုတစ်ယောက်ယောက်ကြည့်နေသလို ခံစားလိုက်ရသည်။
သူမက ပြတင်းပေါက်ကိုလှည့်ကြည့်လိုက်သည်။ အပြင်ဘက်တွင် ရာသီဥတုကောင်းပြီး နေသာနေကာ ဘယ်သူမှမရှိချေ။
သူမကခေါင်းရမ်းကာ သူမကိုယ်သူမအလွန်ဆတ်ဆတ်ထိမခံ၊သတိကြီးနေပြီဟု ခံစားလိုက်မိသည်။
ရဲစခန်းမှထွက်လာပြီးနောက်တွင် ဝမ်ရူကွေ့က ဖူကျန့်ယိ၏စကားများသည် အသံသွင်းထားပြီးဖွင့်ထားသလိုပင် သူ့နားထဲတွင် တဝဲလည်လည်ဖြစ်နေသည်ဟု ခံစားလိုက်မိသည်။
“သူမက မင်းကိုစိတ်ဝင်စားနေတယ်လို့ ငါထင်တယ်၊ မဟုတ်ရင် မင်းတို့နှစ်ယောက်ကကြိုက်နေတာ တစ်နှစ်ကျော်ပြီဆိုပြီး ဘယ်လိုလုပ်ပြောရဲမှာလဲ”
နေရောင်က သူ့အပေါ်တွင်တောက်ပနေကာ သူ၏မျက်တောင်နက်များကို တုန်ယင်သွားစေသည်။
သူမကတကယ်ဘဲ သူ့ကိုစိတ်ဝင်စားနေတာလား။
တစ်စုံတစ်ခုက သူ့ဆီတွင်ဖြစ်ပေါ်လာကာ မျက်တောင်များက နောက်တစ်ကြိမ်တုန်ယင်သွားသည်။
သူ့မျက်နှာက တည်ငြိမ်အေးချမ်းနေဆဲဖြစ်သော်ငြား သူ့နားရွက်များကမူ ထိန်းချုပ်မရနိုင်စွာ နီရဲလာ၏။