အပိုင်း ၄၃
Viewers 14k

Chapter 43

 - ဧည့်ခန်းက ကြည့်မ‌ကောင်းလောက်အောင် စိမ်းစိုနေသည်  



ထုံရွှယ်လူသည် စုရှူယင်၏အိမ်နီးချင်းများအား စည်းရုံးနိုင်စေရန် စွမ်းအားရှိသမျှ အရာအားလုံးကို လုပ်ဆောင်ခဲ့သည်။


အမှန်တကယ်တွင် ထုံရွှယ်လူ၏သက်သေထွက်ဆိုချက်နှင့် စုရှူယင်၏ကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များဖြင့်ပင်လျှင် ဟဲပေါင်ကန်းတို့သားအမိ ထောင်နန်းစံသွားရနိုင်သည်။


သို့သော်လည်း စီရင်ချက်မှာ သိပ်၍မလေးနက်နိုင်ဘဲ အိမ်နီးချင်းများက သက်သေထွက်ဆိုပေးပါက အကောင်းဆုံးဖြစ်လေမည်။


ရေတိုအိမ်တွင်းအကြမ်းဖက်မှုနှင့် ရေရှည်အိမ်တွင်းအကြမ်းဖက်မှုတို့မှာ အလွန်ကွာခြားပေ၏။

ဟဲပေါင်ကန်းနှင့် သူ့အမေတို့အား ထုံရွှယ်လူ အတော်လေးစက်ဆုပ်မိသည်။


ခြံဝင်းထဲသို့ပြေးဝင်သွားချိန်တွင် မျက်နှာတစ်ခုလုံး သွေးအလိမ်းလိမ်းဖြင့် မြေပြင်ပေါ်တွင် လဲကျနေသောစုရှူယင်အား တွေ့ခဲ့ရသည်။ထုံရွှယ်လူမှာ အံ့ဩစိတ်နှင့်အတူ ဒေါသထောင်းထောင်းထွက်သွားခဲ့လေ၏။


ဟဲပေါင်ကန်းမှာ မည်မျှပင်ဆိုးသွမ်းသူဖြစ်ပါစေ ဇနီးသည်အပေါ်တော့ စောင့်ထိန်းလိမ့်မည်ဟု ထုံရွှယ်လူ ထင်မှတ်ထားခဲ့သည်။သို့သော်လည်း ဤလူမှာ တိရစ္ဆာန်လောက်ပင် အသိစိတ်ဓာတ်မရှိပေ။


ထို့ကြောင့်ပင် ထုံရွှယ်လူက အခြားသူများအား စည်းရုံးလိုခဲ့ခြင်းဖြစ်သည်။ဤသို့သောရမ်းကားသူများအားတစ်နည်းမဟုတ် တစ်နည်းဖြင့် ထောင်နန်းစံရစေချင်သည်။


ထုံရွှယ်လူသည် ဝမ်ရူကွေ့နှင့်ဖူကျန့်ယိတို့၏အမည်များကို ငှားရမ်းနိုင်ပြီး သူမ၏ရည်ရွယ်ချက်မှာ ဖြူစင်သည်။ထိုသူများသိရှိသွားလျှင်လည်း အထူးတလည်စိတ်အနှောက်အယှက်ဖြစ်ကြမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေကာမူ ယခင်က ရှက်စရာကောင်းသော အဖြစ်အပျက်အား ပြန်ပြောင်းသတိရမိသွားချိန်တွင် ထုံရွှယ်လူမှာ အခြားနှစ်ယောက်ကို ဆွဲထည့်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့သည်။


ထုံရွှယ်လူနှင့် အိမ်နီးချင်းများ၏ထွက်ဆိုချက်များအရ အဖွားကြီးဟဲက စုရှူယင်အားရိုက်နှက်ခဲ့ကြောင်း ခြွင်းချက်မရှိထင်ရှားနေသည့်အတွက် ရဲများက ဟဲပေါင်ကန်းတို့သားအမိအား ချက်ချင်းပင် ချုပ်နှောင်လိုက်ကြတော့သည်။

၎င်းတို့အား ခေါ်ဆောင်သွားချိန်တွင် အဖွားကြီးဟဲက စုရှူယင်အား လက်ညိုးငေါက်ငေါက်ထိုးကာ ဆဲရေးတိုင်းထွာနေခဲ့ပြီး အသေဆိုးနှင့်သေပါစေဟူ၍ ကျိန်စာတိုက်နေခဲ့သည်။


အခြားတစ်ဖက်တွင်မူ ဟဲပေါင်ကန်းက အော်ကြီးဟစ်ကျယ်မပြုခဲ့ပေ။ထို့အစား သူက စုရှူယင်၏ရှေ့၌ ဒူးထောက်ချလိုက်ပြီး အသနားခံလာသည်။


" ရှူယင် ...  ငါမှားမှန်း သိပါပြီ ... ဒီတစ်ကြိမ်တော့ ခွင့်လွှတ်‌ပေးပါ ... မင်းကို အနိုင်မကျင့်သင့်မှန်းသိပါတယ် ... ငါဘာလို့ ဒီလိုတွေလုပ်မိလဲ မသိတော့ဘူး ... "


စုရှူယင်မှာ ဟဲပေါင်ကန်းက သူမရှေ့တွင် ဒူးထောက်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။သူမက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

စုရှူယင်ထံမှ အသံထွက်မလာသောအခါ ဟဲပေါင်ကန်းက အကြံတစ်ခုရသွားပြီး သူ့ကိုယ်သူ အကြိမ်အနည်းငယ်ခန့် ပြင်းပြင်းထန်ထန်  ရိုက်နှက်တော့သည်။


" ရှူယင် ...  ငါတကယ်တောင်းပန်ပါတယ် ...  ရှောင်ချိုး လေးက  အခုမှသုံးနှစ်ပဲ ရှိသေးတယ် ... သူ့မှာအဖေတစ်ယောက်လိုတယ် ... ငါရော ငါ့အမေရော ထောင်ထဲရောက်သွားရင် တခြားသူတွေက သူ့ကို ထောင်သားသမီးလို့ လက်ညိုးထိုးကြမှာပေါ့ ... ပြီးတော့ အဲလိုဖြစ်အောင်လုပ်ခဲ့တာက သူ့အမေကိုယ်တိုင်ဖြစ်နေတယ် ... လူတွေက သူ့ကို ဘယ်လိုမြင်ကြမယ်ထင်လဲ”


စုရှူယင်မှာ သူမ၏နှုတ်ခမ်းများကို တင်းတင်းစေ့ထား‌သော်လည်း မျက်ဝန်းများမှတစ်ဆင့် ရုန်းကန်နေရမှုများအား မြင်တွေ့နေရသည်။


ဟဲပေါင်ကန်း ဒူးထောက်လာခဲ့ချိန်တွင် တုံ့ပြန်ချက်ထွေထွေထူးထူးမရှိခဲ့သော်လည်း သမီးဖြစ်သူ၏အကြောင်းကို ကြားလိုက်ရချိန်တွင်မူ စုရှူယင်တစ်‌ယောက် မျက်ခွံများတုန်လှုပ်လာတော့သည်။

စုရှူယင် စတင်ယိမ်းယိုင်လာသည်ကို သတိထားမိသွားသည့် ဟဲပေါင်ကန်းက အလျင်အမြန်ပင် ဆက်လက်လှုပ်ရှားခဲ့လေ၏။


" ရှူယင် ...သမီးလေးရဲ့မျက်နှာကို ထောက်ထားပြီးတော့ပဲဖြစ်ဖြစ် အမေနဲ့ငါ့ကို ခွင့်လွှတ်ပေးပါ ... မင်းရော သမီးလေးကိုရော ဘယ်တော့မှ လက်ညိုးနဲ့တောင်မထိုးဘူးလို့ ကတိပေးပါတယ် ... အခုချိန်ကစပြီး အိမ်ရဲ့အရေးက မင်းလက်ထဲမှာပါပဲ ... ရှောင်ချိုးကို အဝတ်အစားအသစ် ဝယ်ပေးချင်တယ်လို့ မပြောခဲ့ဘူးလား ... အခုချက်ချင်းသွားဝယ်လို့ရတယ် ... ဘယ်လိုလဲ ... "


ဝမ်းကွဲညီအစ်မဖြစ်သူ ယိမ်းယိုင်လာသည်ကိုမြင်သောအခါ ဟွမ်ရှန်းလန်က ကြောက်ရွံ့သွားခဲ့ပြီး ထုံရွှယ်လူအား အားကိုးတကြီးဖြင့် ကြည့်လာခဲ့သည်။

သို့သော်လည်း ထုံရွှယ်လူက ယင်းအကြည့်အား မမြင်ချင်ယောင်ဆောာင်ခဲ့လေ၏။


ဤကိစ္စမှာ စုရှူယင်ကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်ရမည့် အရာဖြစ်ပြီး မည်သူကမှ ဝင်ရောက်ကယ်တင်မပေးနိုင်ပေ။စုရှူယင်က ဟဲပေါင်ကန်းအား ခွင့်လွှတ်ရန်ရွေးချယ်ခဲ့ပါက နောက်နောင်တွင် ဟဲပေါင်ကန်းထံမှ သေအောင်အရိုက်ခံနေရသည်ဆိုလျှင်ပင် ထုံရွှယ်လူမှာ တစ်စုံတစ်ရာဝင်ရောက်စွက်ဖက်တော့မည်မဟုတ်ပါ။


ရဲစခန်းအတွင်းရှိ ဧည့်ခန်းမှာ တိတ်ဆိတ်နေပြီး

အားလုံးက စုရှူယင်အား အသက်ရှုကြပ်စွာဖြင့် ကြည့်ရှုနေခဲ့ကြသည်။


ဟဲပေါင်ကန်းမှာ ရုတ်တရက် အလင်းတန်းတစ်ခုအား မြင်လိုက်ရလေ၏။စုရှူယင်က သူ့အားပြုံးပြလာခဲ့ခြင်းပင်။


" ဟဲပေါင်ကန်း ... စကားလေးတစ်ခွန်းနှစ်ခွန်းနဲ့ ငါက နင့်ကိုခွင့်လွှတ်ပေးမယ် ထင်နေတာလား ... အိပ်မက်ပဲသွားမက်နေလိုက် ... "


စုရှူယင်က အပြုံးမျက်နှာထားဖြင့် အံကြိတ်၍ပြောကြားခဲ့ပြီး ထို့နောက်တွင် အခင်းနေရာမှ  လှည့်ထွက်သွားခဲ့သည်။ဟွမ်ရှန်းလန်သည်လည်း အနောက်မှ အမြန်ပြေးလိုက်သွားခဲ့လေ၏။


" စုရှူယင် ... သောက်ကောင်မ ... နင်အဆင်သင့်ပြင်ထား ... "


သူ့ကိုယ်သူပါးရိုက်ပြပြီးသည့်တိုင် စုရှူယင်က ခွင့်မလွှတ်နိုင်ဖြစ်နေဦးမည်ဟု ဟဲပေါင်ကန်း ထင်မထားခဲ့ပေ။လောလောဆယ်၌ သူ၏မျက်နှာက ပြုတ်ထားသောဝက်ခေါင်းသဖွယ် နီရဲနေသည်။


ထိုအချိန်တွင် ရဲသားတစ်ယောက် ထွက်လာခဲ့ပြီး ကြမ်းပြင်ပေါ်မှ ဟဲပေါင်ကန်းအား ဆွဲခေါ်သွားကာ ခက်ထန်စွာကြိမ်းမောင်းတော့လေသည်။


" တိတ်တိတ်နေစမ်း ...  ရဲစခန်းထဲမှာ ဆဲဆို‌နေရအောင်ကိုယ့်ကိုကိုယ် ဘာကောင်ထင်နေလဲ  ..."


ဟဲပေါင်ကန်းတို့သားအမိမှာ အချိန်တိုအတွင်းမှာပင် ဆွဲခေါ်သွားခြင်းခံခဲ့ရပေ၏။


ဖူကျန့်ယိက သူ၏ရုံးခန်းထဲမှ စာရွက်စာတမ်းများကိုပိုက်ထားရင်းအပြင်သို့ထွက်လာခဲ့သည်။အရှေ့သို့မော်ကြည့်လိုက်သောအခါတွင် စင်္ကြံဘက်မှ မိန်းကလေးတစ်ယောက် လျှောက်လှမ်းလာနေသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။


သွယ်လျသော ခန္ဓာကိုယ် နှင့် ဦးခေါင်းဝိုင်းဝိုင်းအရ ...


ဖူကျန့်ယိတစ်ယောက် ခေတ္တတွေးတောလိုက်သည်။ထိုသူမှာ ရဲဘော် ထုံရွှယ်လူမဟုတ်ပါလော။

ဤတစ်ကြိမ်၌ မည်သည့်အရေးကိစ္စဖြင့် ရောက်လာပြန်သနည်း။


ဖူကျန့်ယိမှာ ထုံရွှယ်လူ့ထံသို့ သွားရောက်ရန်တွေးတောလိုက်သော်လည်း ချက်ချင်းဆိုသလိုပင် လူတစ်စုက ထုံရွှယ်လူ၏ပတ်ပတ်လည်၍ ဝန်းရံလာကြသည်။

ထိုကြောင့်ပင် ဖူကျန့်ယိတစ်‌ယောက် ၎င်းအကြံကို စွန့်လွှတ်လိုက်ရန်မှတစ်ပါး  ရွေးချယ်စရာမရှိခဲ့ပေ။


စုရှူယင်၏အိမ်နီးချင်းများက ထုံရွှယ်လူအား ဝိုင်းရံထားကြကာ သူတို့၏သားများနှင့်ဆွေမျိုးများအား အကြံပြုလာကြလေသည်။


" ရဲဘော်ထုံ .... ရဲဘော်ရဲ့ကောင်လေးရဲ့သူငယ်ချင်းက ဒီစခန်းမှာ ဗိုလ်ကြီးလို့ ပြောခဲ့တယ်မလား ... ကျွန်မမှာ တပ်ထဲဝင်ချင်နေတဲ့  တူတစ်ယောက်ရှိတယ် .... သူ့ကို ညွှန်းပေးပါ့လား ... "


" ရဲဘော်ထုံ ... ကျွန်တော့်သားက စစ်မှုထမ်းခဲ့တာလေ ... ရာထူးက ထွက်လိုက်ပြီးကတည်းက အလုပ်ရဖို့ အခက်တွေ့နေရှာတာ ... သူက သန်သန်မြန်မြန်လည်းရှိတယ် ... တစ်ယောက်ယောက်ကို ညွှန်းပေးချင်ရင် သူ့ကို ရွေးသင့်တယ် ... "


" ရဲဘော်ထုံ ... ကျွန်မ ... "


ထုံရွှယ်လူ့ခမျာ သူမ၏အနီးအနား၌ ယင်ကောင်များ တဝီဝီမြည်နေသလို ခံစားလိုက်ရပြီး နောက်ဆုံး၌ ပေါ်ပေါ်တင်တင်ငြင်းဆိုလိုက်တော့လေ၏။

" ဘယ်ရမှာလဲ ... သူ့ဟာသူတောင် ရာဇ၀တ်ကောင်တွေလိုက်ဖမ်းနေရတာကို   ဒီလိုကိစ္စတွေအတွက် ဘယ်လိုလုပ်ပြီး အချိန်ရှိမှာလဲ "


ထိုထဲမှ တစ်စုံတစ်ယောက်မှာ ထုံရွှယ်လူ၏စကားများက အဆီအငေါ်မတည့်သလိုခံစားလိုက်ရသည်။

" ဟိုတစ်ခါတုန်းကကျတော့ ကူညီဖို့ဘယ်လိုအချိန်ရတာလဲ ... "


ထိုအခါ ထုံရွှယ်လူက မျက်ခုံးကိုပင့်တင်လိုက်သည်။  

" ဘယ်လိုလုပ် တူမှာလဲ ... ကျွန်မက သူ့သူငယ်ချင်းရဲ့ကောင်မလေးလေ ... ပြီးတော့ ကျွန်မက လှတယ် ...

ဗိုလ်ကြီးက ရုပ်ဆိုးတဲ့လူတွေကို မကြိုက်ဘူး ... ကျွန်မထက် ပိုလှတယ်လို့ ထင်နေရင်လည်း သူ့ဆီ ကိုယ်တိုင်သွားမိတ်ဆက်လိုက်ကြလေ ... "


စကားဆုံးသောအခါ ထုံရွှယ်လူက သူတို့အားလုံးကို လျစ်လျူရှုပြီး ထိုနေရာမှ ဦးစွာထွက်ခွာသွားခဲ့သည်။


 ကျန်ခဲ့သောသူများ :: .......


စုရှူယင်မှာ ခပ်ဝေးဝေးသို့‌မသွားရောက်ခဲ့ပေ။

ရဲစခန်းအပြင်သို့ရောက်လာသောအခါ သူမက ခြေလှမ်းများကို ရပ်တန့်လိုက်သည်။


ဟွမ်ရှန်းလန်သည်လည်း သူမ၏ဝမ်းကွဲညီအစ်မဆီသို့ ချဉ်းကပ်သွားခဲ့ပြီး  မျက်ရည်စများစွန်းနေသော စုရှူယင်၏မျက်နှာကို မြင်လိုက်ရသောအခါတွင် အလွန်ပင်ထိတ်လန့်သွားလေသည်။


" ဘာဖြစ်လို့လဲ ...နောင်တရလို့လား ... "


ထိုအခါ စုရှူယင်က မျက်ရည်များကို သုတ်လိုက်ပြီး ခေါင်းယမ်းပြသည်။

" ဟင့်အင်း ... ငါနောင်တမရဘူး ... ဘာလို့ဝမ်းနည်းနေတာလဲ ငါလည်းမပြောတတ်ဘူး ... "


ဟဲပေါင်ကန်းမှာ ခွင့်လွှတ်မှုအတွက် ဒူးထောက်တောင်းပန်ပြီး သူမနှင့်သမီးဖြစ်သူတို့အား နောက်နောင်ကြင်နာပါ့မည်ဟု ကတိပေးနေချိန်တွင် စုရှူယင်ခမျာ အရာအားလုံးကို ရပ်တန့်လုနီးနီးဖြစ်ခဲ့ရသည်။


အိမ်ထောင်မပြုမီအချိန်၌ ကောင်းမွန်သောအချိန်များကို နှစ်ဦးသား မျှဝေခံစားခဲ့ကြသော်လည်း အခြေအနေများက မည်သို့ဖြစ်လာပြီး ယခု၌ မည်သို့အဆုံးသတ်သွားသည်ကို ကောင်းကောင်းနားမလည်နိုင်တော့ပေ။


ဟွမ်ရှန်းလန်မှာ တစ်ကိုယ်တည်းသမားဖြစ်ပြီး သမီးရည်းစားဆက်ဆံရေးအား ကြုံဆုံခဲ့ဖူးခြင်းမရှိသည့်အတွက် စုရှူယင်အား မည်သို့နှစ်သိမ့်ရမည်ကို မသိရှာပေ။


နှစ်ဦးသား လမ်းဘေး၌ ခေတ္တရပ်နေကြချိန်တွင် ထုံရွှယ်လူက စခန်းဝန်းထဲမှ ထွက်လာခဲ့သည်။


စုရှူယင်၏နီရဲ‌နေသောမျက်လုံးများအရ ငိုထားမှန်း သိသာသော်လည်း ထုံရွှယ်လူက မည်သည်ကိုမှ မမေးခဲ့ပေ။


ထုံရွှယ်လူအား မြင်သောအခါ စုရှူယင်က " အရာရာအတွက် ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော် ထုံ " ဟုပြောကြားလိုက်သည်။


ထိုအခါ ထုံရွှယ်လူက လက်ယမ်းပြလာလေ၏။

" လုပ်ဖော်ကိုင်ဖက် ညီအစ်မတွေပဲ ... ကူညီရမှာပေါ့ ... ကျေးဇူးတင်စရာ မလိုပါဘူး ... ဒါပေမဲ့ ဟဲပေါင်ကန်းရဲ့ ရာထူးကို အမြန်ရောင်းထုတ်ပြီး စီရင်ချက်မချခင် သူ့ကို အမြန်ကွာရှင်းလိုက်တာ ပိုကောင်းမယ် "


ဟဲပေါင်ကန်းက နှစ်အနည်းငယ်ကြာတွင် ပြန်လည်လွတ်မြောက်လာပြီး စုရှူယင်တို့သားအမိအား အနှောင့်အယှက်ပေးမည်ကို ထုံရွှယ်လူ စိတ်မပူမိချေ။

တရုတ်နိုင်ငံ၏ပြုပြင်ပြောင်းလဲရေးနှင့် ပွင့်လင်းမြင်သာမှုများသည် နှစ်အနည်းငယ်အတွင်း ဖြစ်ပေါ်လာမည်ဖြစ်သည်။


စုရှူယင်သာ ဟဲပေါင်ကန်းက သူမတို့အား နှောင့်ယှက်လာမည်ကို အမှန်တကယ်စိုးရိမ်ပါက သားအမိနှစ်ဦး အခြားတစ်နေရာသို့ ပြောင်းရွှေ့သွားနိုင်ပေသည်။


စုရှူယင်က ဆက်လက်ပြောကြားလာလေ၏။

" သတိပေးလို့ ကျေးဇူးတင်ပါတယ် ရဲဘော်ထုံ ...

 မဟုတ်ရင် ဘာဆက်ဖြစ်မယ်မှန်း သိနိုင်မှာမဟုတ်ဘူး ... ဟုတ်သားပဲ ... ရဲဘော်ထုံရဲ့ ရာထူးနေရာကို အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ကြားတယ် ... အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်ရင်ရော ဘယ်လိုသဘောရလဲ ... "


ထုံရွှယ်လူ၏နှလုံးခုန်နှုန်းများမြင့်တက်သွားခဲ့သည်။သို့သော်လည်း သူမက ထိုအရာကို ဖော်ထုတ်ပြသခြင်းမရှိခဲ့ပေ။

" ဘာဖြစ်လို့လဲ ... ပြောင်းဖို့စဥ်းစားနေတာလား ... "

 

" ယောက္ခမနဲ့ခင်ပွန်းကို အမှုဖွင့်ပြီးသွားပြီမလို့ အခုတော့ အလုပ်တစ်နေရာတည်းမှာ ဆက်မနေနိုင်တော့ဘူး ...   နေစရာ နေရာအသစ်လည်းရှာဖို့ လိုတယ် ... ကျွန်မအကြောင်းပြောနေကြတာတွေကို သမီးလေးကို မကြားစေချင်ဘူး ... "


အဓိကရည်ရွယ်ချက် တစ်မျိုးတည်းသာရှိသည်။

စုရှူယင်မှာ သူမ၏သမီးလေးအား စိုးရိမ်နေခဲ့ခြင်းပင်။


ရွှေ့ပြောင်းနေထိုင်ခြင်းက ထိုအရာများကို ရှောင်ရှားနိုင်စေမည်မဟုတ်သော်လည်း အနည်းဆုံးတော့ မဆိုစ‌လောက်လေး အထောက်အကူပေးနိုင်ပေသည်။