အပိုင်း ၄၄
Viewers 14k

Chapter 44

- ဧည့်ခန်းက ကြည့်မ‌ကောင်းလောက်အောင် စိမ်းစိုနေသည်  



ထုံရွှယ်လူမှာ‌ တွေဝေပြီးအချိန်ဆွဲတတ်သူမျိုးမဟုတ်ချေ။


" ကျွန်မက ဟင်းချက်ရတာ ဝါသနာပါပေမယ့် ကျွန်မအလုပ်လုပ်တာက အထည်စက်ရုံမှာလေ ... ဒီလိုအလဲအထပ်က မျှတတာတော့မဟုတ်ဘူး ... ဘာလို့ ငွေသားနဲ့ ဝယ်ဖို့မပြောတာလဲ"


ထိုအခါစုရှူယင်က အလျင်အမြန်ပင်လက်ခါပြပြီး

" ဟင့်အင်း ... မဟုတ်ဘူး ... မဟုတ်တာပဲ ...  ရဲဘော်ထုံ့ဆီက ပိုက်ဆံမယူနိုင်ပါဘူး...."


ထုံရွှယ်လူက နှစ်ကြိမ်နှစ်ခါပြန်ပြောခဲ့သော်လည်း စုရှူယင်က ပိုက်ဆံကို လက်မခံနိုင်ပါကြောင်း အခိုင်အမာငြင်းဆိုခဲ့လေသည်။ထို့ကြောင့်ပင် ထုံရွှယ်လူ့ခမျာ ၎င်းအကြံအစည်အား လက်လွှတ်လိုက်ရသည်။

နောက်ဆုံး၌ စုရှူယင် အဆင်သင့်ဖြစ်သည်နှင့် ရာထူးနေရာအား အလဲအထပ်လုပ်ကြရန် သဘောတူညီခဲ့ကြလေ၏။


စုရှူယင်က ထုံရွှယ်လူ့အား နေ့လည်စာအတူစားရန် ဖိတ်ကြားခဲ့သည်။သို့သော်လည်း  စုရှူယင်တစ်ယောက် လက်ရှိစိတ်အခြေအနေဖြင့် စားချင်သောက်ချင်စိတ် ကင်းမဲ့နေမည်ကို သိသောထုံရွှယ်လူက ထိုကမ်းလှမ်းမှုကို ငြင်းဆိုခဲ့လေ၏။


ဟွမ်ရှန်းလန်မှာ စုရှူယင်အား အဖော်ပြုလိုသေးသည့်အတွက် ထုံရွှယ်လူတစ်ကိုယ်တည်း ရန်ချင်းနယ်သို့  ပြန်သွားရန်ဖြစ်လာတော့သည်။


ရုတ်တရက်ဆိုသလိုပင် ဝမ်ရူကွေ့က သူမအား မည်သို့ကူညီပေးခဲ့သည်ကို ထုံရွှယ်လူ အမှတ်ရမိသွားလေ၏။

သူမက ပြန်လှည့်ပြီး ရဲစခန်းထဲသို့ နောက်တစ်ခေါက်ထပ်ဝင်သွားခဲ့သည်။ထုံရွှယ်လူမှာ စခန်းဝန်းထဲမှ တစ်စုံတစ်ယောက်အား ဖူကျန့်ယိ၏တည်နေရာကို မေးမြန်းပြီး ၎င်းနေရာသို့ ဦးတည်သွားတော့သည်။


ထုံရွှယ်လူပြန်ရောက်လာသည်ကို တွေ့လိုက်ရသောအခါ ဖူကျန့်ယိတစ်ယောက် အံ့အားသင့်သွားတော့လေ၏။


" မင်းဘယ်လိုပြန်ရောက်လာတာလဲ ... "


ထိုစကားကိုကြားသောအခါ ထုံရွှယ်လူက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး " ရဲဘော်ဖူက ကျွန်မ ဒီရောက်နေတာကို သိနေတာလား ... " ဟု ပြန်လည် မေးမြန်းလိုက်သည်။


" စောနကတွေ့လိုက်တာလေ ... ဘူတာရုံမှာ ရူကွေ့နဲ့ မတွေ့ခဲ့ဘူးလား ... "

ဖူကျန့်ယိက မျက်ခုံးပင့်တင်လျက်ပြောကြားလိုက်သည်။


ဝမ်ရူကွေ့မှာ ဘူတာရုံ၌ရှိနေခဲ့ခြင်းလော။


ထုံရွှယ်လူတစ်ယောက်  အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး မနေ့ညက အိပ်မက်အား ပြန်တွေးမိသောအခါ သူမ၏ပါးပြင်များက အလွန်အမင်းပူလောင်လာတော့သည်။


ထိုမှတစ်‌ဆင့် ထုံရွှယ်လူမှာ မျက်မှောင်ကြုတ်သွားပြန်လေ၏။


ဝမ်ရူကွေ့မှာ သူမ ပြောခဲ့သည်ကို မကြားခဲ့ခြင်းလော။


 "ရဲဘော်ထုံ ... ပြောတာကြားလား"


ဖူကျန့်ယိ‌ပြောလာသောအခါတွင် ထုံရွှယ်လူက အသိစိတ်ပြန်သွင်းလိုက်ပြီး အေးဆေးတည်ငြိမ်သောအကြည့်ဖြင့် " ကြားပါတယ် ... ရဲဘော်ဝမ့်ဆီကို မသွားခဲ့ဘူး ... သူဘယ်ချိန်က ထွက်သွားတာလဲ ... " ဟု မေးမြန်းလိုက်သည်။


" သိပ်မကြာသေးဘူး .... "


ဖူကျန့်ယိက ပြောပြောဆိုဆိုဖြင့် ထုံရွှယ်လူအား စူးစူးစိုက်စိုက်ကြည့်လာခဲ့သည်။

" ပြောပါ ရဲဘော်ထုံ ... ရူကွေ့ကို ဘယ်လိုသဘောရလဲ ... "


ထိုအခါ ထုံရွှယ်လူက ခဏတာတွေးတောလိုက်ဟန်ဖြင့် " ရဲဘော်ဝမ်က လူကောင်းတစ်ယောက်ပါ ... " ဟု ပြန်ဖြေလေ၏။


 ဖူကျန့်ယိ "……"


ဝမ်ရူကွေ့အား လူကောင်းအရာသွင်းပြီးနောက်တွင် ထုံရွှယ်လူမှာ လာရင်းအကြောင်းအား မေးမြန်းလိုက်တော့သည်။

" ရဲဘော် ဝမ်ထူးထူးခြားခြားကြိုက်တဲ့ ဟင်းတွေ ရှိမရှိ  မေးဖို့ လာရှာတာပါ ... သူက ကျွန်မကို အများကြီး ကူညီပေးခဲ့တော့ ကျေးဇူးတင်တဲ့အနေနဲ့ စားစရာတစ်ခုခု လုပ်ပေးချင်လို့ ... "


ထိုအခါ ဖူကျန့်ယိက ဝမ်ရူကွေ့ကို သဘောတွေ့နေ‌တာသိသားပဲဟူသောအကြည့်မျိုးဖြင့် ဆက်လက်‌မေးမြန်းလိုက်လေ၏။

" ရဲဘော်ထုံက ရူကွေ့ကို တစ်ခုခု ချက်ကျွေးတော့မှာလား" 


" ကျေးဇူးတင်တဲ့အနေနဲ့ပါ ... "


" ရူကွေ့က ငါးကြိုက်တယ် ... ဘယ်ငါးမဆိုပဲ ... "


ထုံရွှယ်လူက ခေတ္တတွေးတောပြီး " သူက အစပ်စားနိုင်လား ..." ဟု မေးမြန်း‌လိုက်လေ၏။


" စားနိုင်တယ် ...ဒါပေမဲ့ အရမ်းစပ်တာမျိုးတော့ မဟုတ်ဘူးပေါ့ ... " 


အစပ်စားနိုင်ကြောင်း သိလိုက်ရသည့်အတွက် အနည်းငယ် ပိုလွယ်ကူသွားသလိုပင်။

ထုံရွှယ်လူ၏နှုတ်ခမ်းများက ကွေးညွှတ်သွားခဲ့သည်။

" ကျေးဇူးတင်ပါတယ် ရဲဘော်ဖူ ...  ဒါဆို ပြန်ပါတော့မယ် ... "


ဖူကျန့်ယိ :: ............


ဤတွင်အဆုံးသတ်သွားပြီလော။ဤအထိသာလော။

အမှန်တကယ် ကူညီခဲ့သူမှာ သူကိုယ်တိုင်ဖြစ်သည်။

သူ့ကိုလည်း တစ်ခုခုပြန်ပေးသင့်သည်မဟုတ်ပါလော။


ဤမိန်းမက မည်မျှပင်ကြောက်စရာကောင်းလိုက်သနည်း။


ဖူကျန့်ယိတစ်‌ယောက် ဒေါကန်နေတော့လေသည်။



 ***


ဝမ်ရူကွေ့မှာ စစ်တပ်အိမ်ရာသို့ ပြန်လာခဲ့၏။အိမ်တွင်းသို့ ခြေလှမ်းလိုက်ချိန်တွင် ညစာ စားပွဲပေါ်မှ မြက်ပင်စိမ်းအိုးအားလှမ်းမြင်လိုက်ရသည်။တီဗွီဘေးရှိ ဗီရိုပေါ်တွင်လည်း အလားတူနောက်တစ်အိုးထပ်ရှိနေသည်။


ဝမ်ရူကွေ့တစ်ယောက် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့ပြီး ဦးလေးဇုန်းအား လှမ်းမေးလိုက်တော့လေ၏။


" ဦးလေးဇုန်း ... အရင်က ပန်းတွေပဲရှိတယ်လို့ ထင်ခဲ့တာ ... ဒီမြက်အိုးနှစ်အိုးက ဘယ်လိုဖြစ်ပြီး ရုတ်တရတ် ရောက်လာတာလဲ”


 ဦးလေးဇုန်းက အပြင်သို့ လှမ်းကြည့်လိုက်ပြီး အဖိုးဝမ်မရှိကြောင်း သေချာသည့်အခါမှ ပြန်လည်ဖြေကြားလာခဲ့သည်။


" မင်းကို သတိပေးတဲ့အနေနဲ့ မြက်စိမ်းပင်နှစ်အိုးထားခိုင်းထားတာ ... "


" ကျွန်တော့်ကို သတိပေးဖို့လား ... "


ထိုအခါ ဦးလေးဇုန်းက ခေါင်းညိတ်သည်။


" တစ်ချိန်ချိန်မှာ မြက်နုစိမ်းလေးတွေကို အိမ်ခေါ်လာဖို့ သတိပေးထားတာလေ ..."


ဝမ်ရူကွေ့ : .........


ဤသည်မှာ အဖိုးဖြစ်သူပြောလေ့ရှိသောစကားသဖွယ်ပင်။


ဦးလေးဇုန်းက သက်ပြင်းချလိုက်သည်။ 

" မင်းအဖိုးက ငယ်တော့တာမဟုတ်ဘူး ... သူ့မြစ်တွေကို မတွေ့နိုင်တော့မှာ စိုးရိမ်တယ်လို့ အမြဲပြောတယ် ... သူ့ဆီကနေ အဲစကားကြားလိုက်ရတိုင်း ငါစိတ်မကောင်းဖြစ်တယ် ... မင်းကို ဒီလိုမျိုးနားပူနေကြတာကို မကြိုက်မှန်းသိပါတယ် ... ဒါပေမဲ့ မင်းလည်း အသက်မငယ်တော့ဘူး ... တစ်ချိန်ချိန်မှာ မင်းကို ဂရုစိုက်ပေးမဲ့သူတစ်ယောက်ကို ရှာရမယ်လေ ... ငါပြောတာမှန်တယ်မလား ... "


ဝမ်ရူကွေ့က ငြိမ်သက်နေခဲ့ကာ ခေတ္တတွေးတောပြီးနောက်တွင် " ကျွန်တော် နားလည်ပါတယ် ဦးလေးဇုန်း " ဟု ပြောလာခဲ့သည်။

ယင်းနောက်တွင် သူက အပေါ်ထပ်သို့ တက်သွားတော့လေ၏။


ဦးလေးဇုန်းတစ်ယောက် အံ့ဩတကြီးဖြစ်သွားခဲ့သည်။

ဝမ်ရူကွေ့မှာ အိမ်ထောင်ပြုခြင်းကိစ္စအား အမြဲခါးသီးနေတတ်သော်လည်း ယခုအချိန်၌ မည်သို့ပြန်ပြောလိုက်ပါသနည်း။


" ကျွန်တော် နားလည်ပါတယ် " ဟု ဆိုလိုက်သည်မဟုတ်ပါလော။


တပ်မှူးထံသို့ အလျင်အမြန် သတင်းကောင်း သွားပေးရတော့ပေမည်။

ဦးလေးဇုန်း အိမ်မှထွက်ခါနီးတွင် အဖိုးဝမ်က ပြန်ရောက်လာခဲ့သည်။


" ဗိုလ်မှူး ... ဒီနေ့စိတ်ကောင်းဝင်နေတဲ့ပုံပဲ ... "


ထိုအခါ အဖိုးဝမ်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်နေရင်း " လောင်ကျန်းက ဒီနေ့ငါ့ဆီမှာ စစ်တုရင် ငါးခါတောင်ရှုံးတယ်လေ ... အသုံးမကျလိုက်တဲ့ကောင် ... " ဟု ဂုဏ်ယူဝံ့ကြွားစွာပြောကြားလာသည်။


ထိုအချိန်တွင် ဦးလေးဇုန်းက သတင်းကောင်းအား အလျင်အမြန်ပင်မျှဝေခဲ့သည်။

အဖိုးဝမ်မှာ ထိုသတင်းကိုကြားသောအခါ မျက်လုံးများပြူးကျယ်ကုန်တော့သည်။


" သူက တကယ်အဲလိုပြောခဲ့တာလား ... "


ထိုအခါ ဦးလေးဇုန်းက ခေါင်းတဆတ်ဆတ်ညိတ်လေ၏။

" ဟုတ်တယ် ... ရူကွေ့က ဟိုမြက်အိုးတွေကိုကြည့်ရင်း ဒီမှာရပ်နေခဲ့တာ ... ကျွန်တော်ကလည်းပြောလိုက်ရော ... သူက ' ကျွန်တော် နားလည်ပါတယ် .... ' လို့ပြန်ဖြေတာ ... "


အဖိုးဝမ်က  မြက်ပင်စိမ်းအိုးကို လှမ်းကြည့်ရင်း ရုတ်တရက် ရယ်မောလိုက်တော့သည်။

" အဟား ... ငါသိနေတယ် ... အနီးအနားမှာ မြက်နုလေးတွေရှိတာကို သိနေတယ်ကွ ... "


"  ရှောင်ဇုန်း ... မြန်မြန်သွားပြီး မြက်ပင်တွေထပ်ယူချေ ... လတ်ဆတ်နေတာလေးတွေနော် ...  ပြီးတော့ မြက်ပင်အိုးနှစ်လုံးလောက် ရူကွေ့ရဲ့အခန်းထဲကိုသွားထားလိုက် ... နေ့တိုင်းကြည့်နိုင်အောင်လို့ ... "


ဦးလေးဇုန်းကလည်း အလျင်အမြန်ပင် သဘောတူရှာသည်။

" ဟုတ်ကဲ့ပါ ... မြက်စိမ်းတွေထပ်ယူလာခဲ့ပါ့မယ် ... "


" စိမ်းရုံနဲ့တင်မပြီးဘူး ... လန်းတာလေးတွေကွ ... "


" ဟုတ်ကဲ့ပါ ... အခုပဲသွားခူးလိုက်ပါ့မယ် "


ညစာစားရန် ဝမ်ရူကွေ့ အောက်ထပ်သို့ ဆင်းလာသောအခါ အိမ်ထဲ၌ မြက်ပင်စိမ်းအိုးများပိုများလာသည်ကိုတွေ့လိုက်ရသည်။


ဧည့်ခန်းတစ်ခုလုံး ကြည့်မကောင်းလောက်အောင်စိမ်းစိုနေပြီး နေရာတကာ၌ အစိမ်းရောင်များ ဖုံးလွှမ်းနေသည်။


 ***


အချိန်စောသေးသည့်အတွက် ထုံရွှယ်လူမှာ အိမ်မပြန်သေးဘဲ မြို့ထဲတွင် နေစရာရှာဖွေရန် သွားရောက်ခဲ့သည်။


စုရှူယင်နှင့် ရာထူးနေရာအလဲအထပ်လုပ်ပြီးနောက်တွင် သူမတို့မိသားစုလေးယောက်မှာ မြို့သို့ပြောင်းလာရမည်ဖြစ်သည်။အစိုးရပိုင်စားသောက်ဆိုင်က ဝန်ထမ်းအိမ်ရာမပေးချေ။


 စုရှူယင်၏အိမ်သည်လည်း ဟဲပေါင်ကန်း၏ပိုင်နက်ထဲတွင်ရှိနေပြီး နောက်နောင်တွင် ရောင်းချလိုက်နိုင်ချေပိုများသည်။


စုရှူယင်က သူမအား အိမ်ရောင်းခဲ့လျှင်ပင် ထုံရွှယ်လူမှာ ထိုနေရာ၌ နေလိုစိတ်မရှိပေ။၄င်းအိမ်က ပို၍ပင် ဟောင်းနွမ်းပြီး လက်ရှိသူမနေထိုင်သော ခြံဝင်းထက်ပင် ပို၍ ရှုပ်ပွနေသေးသည်။ခြံဝင်းထဲ၌ ပစ္စည်းမျိုးစုံစုပုံနေပြီး ညစ်ပတ် ရှုပ်ထွေးနေလေ၏။


ထုံရွှယ်လူမှာ သီးသန့်ဆန်သောနေရာတစ်နေရာသို့ပြောင်းရွှေ့ချင်သည်။ထို့မှသာ သူမ အစားအသောက်ပြင်ဆင်သည့်အချိန်တိုင်း အခြားသူများလာရောက်စပ်စုမည်ကို မစိုးရိမ်ရတော့မည်ဖြစ်သည်။

ထို့အပြင် သူမသည် အေးစက်စက်နှင့် လူမှုရေးခေါင်းပါးသော အိမ်နီးချင်းများကိုလည်း သဘောမကျပေ။ရွေးချယ်ခွင့်သာရှိလျှင် စုရှူယင်ထံမှ ထိုနေရာကို မငှားချင်ပါ။


အကယ်၍ သူမသည် အစိုးရပိုင်စားသောက်ဆိုင်တွင် အလုပ်လုပ်မည်ဆိုပါက စားသောက်ဆိုင်အနီးတွင် နေထိုင်ခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။

စိတ်ပိုင်းဖြတ်လိုက်ပြီးနောက်တွင် ထုံရွှယ်လူမှာ မြို့တောင်ဘက်ခြမ်းဆီသို့ စတင်လမ်းလျှောက်လာခဲ့လေ၏။

အနာဂါတ်ကာလနှင့်ယှဉ်လျှင် လက်ရှိ မြို့တော်တွင်ရှိသောအိမ်များက နိမ့်ပါးထူထပ်နေသည်။မြို့တော်နှင့်ကိုက်ညီသော စီရီမှုအစဉ်မျိုးလည်းမရှိချေ။


ထုံရွှယ်လူသည် အနီးအနားမှ လူနေရပ်ကွက်များအားလုံးကို လှည့်ပတ်ကြည့်ရှုကာ မေးမြန်းခဲ့သော်လည်း ငှားရမ်းမည့်နေရာများကို ယခုထိ ရှာမတွေ့သေးပါ။အနာဂတ်ကမ္ဘာရှိ အိမ်ခြံမြေကြော်ငြာများနှင့် အငှားအေဂျင်စီများအားလုံးကိုပင် သတိရလွမ်းဆွတ်သွားမိသည်။


နောက်ဆုံးတွင် လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးက အိမ်ရာစီမံခန့်ခွဲရေးရုံးသို့ သွားရောက်မေးမြန်းရန် ပြောကြားခဲ့သည်။ထိုမှတစ်ဆင့် ငှားရန် သို့မဟုတ် ရောင်းရန်အိမ်များကို ရှာတွေ့လာနိုင်သည်ဟု သူမက ဆိုလေ၏။မွန်းတည့်ခါနီးပြီဖြစ်သောကြောင့် အိမ်ရာစီမံခန့်ခွဲရေးရုံးမှ ဝန်ထမ်းများ နေ့လယ်စာသွားစားကြတော့မည်ကို စိုးရိမ်သဖြင့် ထုံရွှယ်လူမှာ ဒုန်းစိုင်း၍ အမြန်ပြေးသွားခဲ့သည်။

သို့သော်လည်း ရုံးပေါက်ဝသို့အရောက်မှပင် ဝင်းထဲမှထွက်လာသော အမျိုးသားတစ်ဦးအား ဝင်တိုက်သွားမိခဲ့သည်။


ထိုလူသည် အရပ်ရှည်ပြီးတောင့်တောင့်ဖြောင့်ဖြောင့်ရှိပေ၏။တိုက်မိပြီးနောက်တွင် ထုံရွှယ်လူမှာ ကြယ်လများကို မမြင်ရသော်လည်း သူမ၏နဖူးကတော့ စပ်ဖျင်းဖျင်းဖြစ်သွားခဲ့သည်။


 မည်သို့ပင်ဆိုစေကာမူ သူမဘက်မှ ဝင်တိုးမိသည်ဖြစ်သောကြောင့် ထုံရွှယ်လူက ဦးစွာ တောင်းပန်စကားဆိုလိုက်တော့သည်။


" တောင်းပန်ပါတယ် ... မရည်ရွယ်ပါဘူး ... အဆင်ပြေရဲ့လား ... "


ရှောင်ချန်ဖျင်သည် အဆင်ပြေကြောင်းပြန်ဖြေရန်ပြင်လိုက်သော်လည်း ထုံရွှယ်လူ၏မျက်နှာကိုမြင်သောအခါ ရုတ်တရက် အာမေဋိတ်သံထွက်သွားတော့လေ၏။

သူက အောက်သို့ငုံ့ကာ ထုံရွှယ်လူ၏မျက်နှာကို အနီးကပ်ကြည့်နေသည်။


ထုံရွှယ်လူမှာမူ မာတောင့်တောင့်ဖြစ်နေပြီး စိတ်မသက်မသာမှုကို ခံစားနေရလေ၏။သူမ စကားမဟရသေးမီမှာပင် ထိုလူက သူမအား လက်ညိုးထိုးကာ " မင်းပဲကိုး ... အငိုသန်တဲ့ကလေးမ ... " ဟု ပြောလာတော့သည်။