အပိုင်း ၄၅
Viewers 21k

Chapter 45

 - ‌ အရင်နေရာက ငါ့အိမ်မဟုတ်ဘူး ... ငါ့အိမ်က ဒီမှာ ! 



ထုံရွှယ်လူက မျက်မှောင်ကြုတ်ပြီး သူမ၏ရှေ့မှလူကို မော့ကြည့်လိုက်သည်။ကတုံး‌ပြောင်ဖြင့်ထိုတစ်ယောက်က တောင့်တောင့်ဖြောင့်ဖြောင့်ရှိပြီး အရပ်လည်းရှည်သည်။ထိုသူမှာ မျက်လုံးမှေးမှေးဖြင့် နှာခေါင်းကြီးပြီး ကြည့်ပျော်ရှုပျော်မဖြစ်ပေ။


သို့သော်လည်း ထိုအရာက အဓိကမကျချေ။အရေးကြီးသောအချက်မှာ ထိုသူ့အား အနည်းငယ်ရင်းနှီးနေပုံရသော်လည်း မည်သူမှန်းအသေအချာ မတွေးနိုင်ခြင်းဖြစ်သည်။


"တောင်းပန်ပါတယ် ... လူမှားနေပြီ"

ထိုသို့ ပြောပြီးနောက် ထုံရွှယ်လူမှာ ယင်းလူ၏အနားမှ ထွက်ခွာလာခဲ့သော်လည်း ရှောင်ချန်ဖျင်က အရှေ့မှ ပိတ်ရပ်လာပြန်လေသည်။


" ဘယ်လိုလုပ်ပြီး လူမှားမှာလဲ ... မင်းပဲ သေချာတယ် ... ထုံရွှယ်လူ "


နောက်ဆုံး၌ ထုံရွှယ်လူက ထိုသူအား သေသေချာချာကြည့်လိုက်ပြီး မည်သူမှန်း ပြန်လည်သတိရလာသည်။

ထိုတစ်ယောက်မှာ အထွေထွေထောက်ပံ့ပို့ဆောင်ရေးဌာန အကြီးအကဲ၏သားဖြစ်သည်။သူသည် မူလပိုင်ရှင်ထက် ၄ နှစ်ပိုကြီးပြီး အိမ်ရာထဲတွင် သူမနှင့်ကြီးပြင်းခဲ့သည်။


ရှောင်ချန်ဖျင်သည် ငယ်စဉ်ကတည်းက အရပ်ရှည်ပြီး အနိုင်ကျင့်တတ်သူဖြစ်သည်။သူသည် အိမ်ရာထဲမှ အခြားကလေးများအား အနိုင်ကျင့်ရခြင်းကို နှစ်သက်လေ၏။မူလပိုင်ရှင်သည် ၎င်း၏အဆိုးရွားဆုံး သားကောင်များထဲမှ တစ်ဦးဖြစ်ခဲ့သည်။သူ့အား မြင်လျှင်ပင် ငိုသည်အထိဖြစ်သောကြောင့် " အငိုသန်လေး " ဟူသော အမည်ပြောင်ကို ရရှိခဲ့ခြင်းပင်။


ရှောင်ချန်ဖျင်သည် လွန်ခဲ့သော နှစ်အနည်းငယ်က တပ်ထဲဝင်သွားခဲ့ပြီး ဤနှစ်များအတွင်း ပြန်မလာခဲ့ချေ။

ယခု၌ သူက ပို၍ပင် လူကောင်ထွားလာပုံရသည်။

မူလပိုင်ရှင်က ဖန်ဝမ်ယွမ်ကိုသာ မျက်စိကျနေခဲ့သောကြောင့် ထုံရွှယ်လူမှာ ရှောင်ချန်ဖျင်အား ချက်ချင်းမမှတ်မိခဲ့ခြင်းဖြစ်သည်။


ထုံရွှယ်လူ နှုတ်ဆိတ်နေသောအခါ ရှောင်ချန်ဖျင်က မျက်လုံးမှေးမှေးများဖြင့် စူးစူးရဲရဲစိုက်ကြည့်ရင်း  " မင်းဘာလို့ဘာမှပြန်မပြောတာလဲ ... ငါ့ကိုမေ့နေပြီလို့တော့မပြောနဲ့နော် ... " ဟု ဆိုလာခဲ့သည်။


" မမှတ်မိပါဘူး ... လုံးဝပဲ ...ပြီးတော့ ခွေးလိမ္မာတွေက လမ်းမပိတ်တတ်ဘူး ... လစ်တော့ ... ဟိုဘက်တိုး ... မဟုတ်ရင် ရမ်းကားနေပါတယ်လို့ တပ်စုကို လှမ်းတိုင်မယ် ... "


ထိုစကားကို ပြောပြီးနောက် ထုံရွှယ်လူမှာ ရှောင်ချန်ဖျင်အား လျစ်လျူရှုကျော်ဖြတ်သွားခဲ့သည်။


ရှောင်ချန်ဖျင်မှာ အခဲမကျေဖြစ်သွားပုံရပြီး ထုံရွှယ်လူအား လှမ်းအော်ပြော‌လိုက်လေ၏။


" အငိုသန်လေး ... ငါ့ကိုကျမမှတ်မိဘူးပြောတယ် ... ဒါဆို ငါတပ်ထဲဝင်သွားတာဘယ်လိုသိလဲ ...

အငိုသန်လေးက နှစ်နှစ်အတွင်း ငရုတ်ကောင်းဆန်လာမယ်လို့ တွေးတောင်တွေးမထားဘူး ... "


ထိုအခါ သူ၏ဘေးမှလူက " ဝမ်းကွဲအစ်ကို ... အဲဒါဘယ်သူလဲ ... ဘာလို့ဒီလောက်အပေါက်ဆိုးနေရတာလဲ ... သူကများ အစ်ကိုကြီးကို ခွေးနဲ့နှိုင်းရတယ်လို့ ... ကျွန်တော် နည်းနည်းပါးပါးသင်ခန်းစာပေးလိုက်ရမလား ... " ဟု ပြောလာသည်။


ယင်းအချိန်တွင် ရှောင်ချန်ဖျင်က သူ့အား စူးစူးရဲရဲ ကြည့်လိုက်တော့လေ၏။


" ဘာကို သင်ခန်းစာပေးမှာလဲ ... မင်းက လူရမ်းကားလား ... "


" .... "


" မင်းက ယောက်ျားပီပီသသနဲ့ပိုခွင့်လွှတ်ပေးရမှာမဟုတ်ဘူးလား ...  မိန်းမတစ်ယောက်နဲ့ လိုက်ကပ်သပ်နေရတာ မရှက်ဘူးလား "


" ..... "


ဤအချိန်၌ အမှန်တကယ်ပင် ပါးစပ်ပိတ်ထားသင့်ပြီဖြစ်သည်။မည်သူ့အရေးကိုမှ ဝင်မပါဘဲ ဘာသိဘာသာနေတော့မည်။


ရှောင်ချန်ဖျင်က ရုံးထဲသို့တစ်ချက်ကြည့်လိုက်ပြီး " ထူးဆန်းသားပဲ ... အငိုသန်လေးက အိမ်ရာစီမံခန့်ခွဲရေးရုံးကို ဘာလာလုပ်တာပါလိမ့် ... ‌အိမ်ဝယ်ဖို့လာစုံစမ်းတာများလား ... " ဟု ပြောလိုက်သည်။


" အစ်ကိုကြီး ... ကျွန်တော့်ကို တိတ်တိတ်လေးသွားပြီး စုံစမ်းပေးစေချင်လား ... "


ထိုအခါ ရှောင်ချန်ဖျင်က မျက်ခုံးပင့်လိုက်ပြီး " ဘာလို့စုံစမ်းရမှာလဲ ... မင်း ခေါင်းထဲမှာ ဘာတွေရှိနေတာလဲ ... လူသားပီပီသသနဲ့ တစ်ချိန်လုံး ခိုးကြောင်ခိုးဝှက်မလုပ်မိအောင်နေရမှာပေါ့ ... "


" ..... "


ဤအချိန်မှစ၍ အမှန်တကယ်ပင် ပါးစပ်ပိတ်နေလိုက်တော့မည်။နောက်တစ်ကြိမ် စကားဟမိပါက မိမိကိုယ်ကို လူဟုပင် မမှတ်ယူ‌သင့်တော့ပေ။


 ***


အိမ်ရာစီမံခန့်ခွဲရေးရုံးထဲသို့ ဝင်သွားပြီးနောက် ထုံရွှယ်လူသည် ရုံးဝန်ထမ်းအား သူမ၏လာရောက်ရသည့် ရည်ရွယ်ချက်ကို ပြောပြခဲ့သည်။


စီမံခန့်ခွဲရေးဝန်ထမ်းမှာ အသက် ၂၇ ၊ ၂၈ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦးဖြစ်ပြီး သူမက ထုံရွှယ်လူ၏လှပသောမျက်နှာကို သေသေချာချာကြည့်ရှုနေသည်။

ဝန်ထမ်းအမျိုးသမီး၏အကြည့်က ထောင်လွှားသောအေးစက်စက်အငွေ့အသက်များဖြင့်ပြည့်နှက်နေသည်။


" ငှားစရာနေရာ မရှိဘူး ... အရောင်းထုတ်ထားတာတွေပဲရှိတယ် ...  ပိုက်ဆံ အဆင်သင့်ဖြစ်ပြီလား"


ထုံရွှယ်လူက ယုန်ဖြူနို့သကြားလုံးနှစ်လုံးထုတ်လိုက်ပြီး ဝန်ထမ်းအမျိုးသမီး၏လက်ထဲသို့ ထည့်ပေးကာ အလွန်ပြုံးရွှင်သောမျက်နှာထားဖြင့်   " ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်ကောင်းတဲ့ အလုပ်တစ်ခုကို လုပ်နေတာ အရမ်းအထင်ကြီးဖို့ကောင်းတာပဲ ညီမလေးရယ် ... " ဟု ပြောလိုက်သည်။


ထိုအခါ ကုံဖန်ယွမ်က အနည်းငယ် အံ့အားသင့်သွားခဲ့ပြီး ရှက်ကိုးရှက်ကန်းဖြင့် " ဘာတွေပြောနေတာလဲ ... ကျွန်မသားက ၇နှစ် ၈နှစ် လောက်တောင်ရှိပြီ ... ဘာလို့ ညီမလေးလို့ ခေါ်ရတာလဲ ... " ဟု ပြန်လည်မေးမြန်းလိုက်သည်။


" ဟင် ... ဘယ်လိုမှ မဖြစ်နိုင်တာပဲ .... အသားအရည်က လုံးဝကြည်တောက်နေတာကို ... ကျွန်မထက် တစ်နှစ် နှစ်နှစ်လောက် ပိုငယ်တယ်တောင် ထင်ရတယ် ... ဘယ်လိုများ ထိန်းသိမ်းတာလဲဟင် ... "


 ကုံဖန်ယွမ်က ရှက်သွေးဖြာသွားပြီး ဂုဏ်ယူဝံ့ကြွားစွာဖြင့် " ဘာကို ထိန်းသိမ်းရမှာလဲ ... ပြောရမယ်ဆိုရင်တော့ ငယ်ငယ်လေးကတည်းက အရမ်းနုတာ‌လေ ... အပြင်သွားရင်ကို ကလေးအမေမှန်း ဘယ်သူမှ မယုံကြဘူးရယ် ... " ဟု ဆိုလာခဲ့သည်။


" ဒါပေါ့ ... ဘယ်သူမှ ယုံမှာမဟုတ်ဘူး ... ပြီးတော့ ကလေးမွေးပြီးတဲ့အမျိုးသမီးတွေက အိုစာလွယ်တယ်လို့ကြားဖူးတာ ... ဒါပေမဲ့ အစ်မ‌ကတော့ လုံးဝကို အဲလိုမဟုတ်ဘူးပဲ ... "


ကုံဖန်ယွမ်က သူမ၏မျက်နှာကို ပွတ်သပ်လိုက်ကာ လုံးဝပြုံးရွှင်နေလေသည်။

" ဟုတ်သားပဲ ... ဘယ်လိုနေရာမျိုး ဝယ်ချင်တာလဲ ... အဲ့လောက်လည်း အသက်ကြီးပုံမပေါ်ပါဘူး ... ဒီကို ဘယ်လိုရောက်လာတာလဲ ... "


ထိုအခါ ထုံရွှယ်လူက ရုတ်ချည်းပင် မျက်လွှာချလိုက်ပြီး သူမ၏မျက်ဝန်းများက အနည်းငယ် နီရဲလာတော့သည်။


" ကျွန်မတစ်ယောက်တည်း မလာချင်ပေမဲ့လည်း အရင်လတွေတုန်းက မိဘနှစ်ပါးစလုံး ဆုံးပါးသွားကြတယ် ...ကျွန်မက အိမ်မှာ အကြီးဆုံး‌လေ ... ညီမ အငယ်ဆုံးဆို ၃ နှစ်ပဲ ရှိသေးတယ် ... အစ်မမြင်တဲ့အတိုင်းပါပဲ ... မိသားစုဝန်ကို ထမ်းရတော့မှာပေါ့ ... "


ထုံရွှယ်လူပြောသည်ကို ကြားသောအခါ ကုံဖန်ယွမ်တစ်ယောက် စိတ်မကောင်းဖြစ်သွားတော့သည်။

" ဒီအသက်အရွယ်လေးအတွက်တော့ ကြမ်းတမ်းတာပဲ... "


ထိုအခါ ထုံရွှယ်လူက မျက်ရည်များကို သုတ်လိုက်ပြီး  ဆက်လက်ပြောကြားသည်။

" ဒီနေ့ခေတ်ကြီးမှာ လူတိုင်းအတွက် ဘဝက ကြမ်းတမ်းနေတာပါပဲ ... ဒါပေမဲ့ ကျော်ဖြတ်ရမှာပဲပေါ့  ဟုတ်တယ်မလား ... ညီမလည်း အသိတစ်ယောက်နဲ့ အလုပ်နေရာလဲထားတာ ... မြိုပေါ်က အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်ရမှာဆိုတော့ နီးနီးနားနားမှာ အိမ်ငှားဖို့ လိုတယ် ... " 


ထိုစကားကိုကြားသောအခါ ကုံဖန်ယွမ်၏ မျက်ဝန်းများက တောက်ပလာတော့သည်။ 

" အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်ဖို့က သေချာသွားပြီလား ... "


ထုံရွှယ်လူက ခေါင်းညိတ်ပြလိုက်သည်။

" သေချာပါပြီ ... ဒါပေမဲ့ တစ်ဖက်လူက ပြင်ဆင်စရာတွေကျန်နေသေးလို့ နောက်တစ်ပတ် နှစ်ပတ်လောက် အထိတော့ နေရာလဲဖြစ်ဦးမှာမဟုတ်ဘူး ... " 


ယနေ့ခေတ်ကြီးတွင် အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်လုပ်ရသည်ဆိုသည်မှာ အလွန်ကြီးကျယ်သောကိစ္စရပ်မျိုးပင်။


အလုပ်လုပ်သူ၏သူငယ်ချင်းများ ၊ မိသားစုဝင်များအတွက်လည်း အလားတူပင်ဖြစ်သည်။


အထူးသဖြင့် ညစာတည်ခင်းရသည့်အချိန်တွင် သိသာသည်။အစိုးရပိုင်စားသောက်ဆိုင်နှင့် ဆက်စပ်မှုရှိသူများမှာ ၎င်းတို့အတွက် သီးသန့်ဟင်းကောင်းများ ရရှိနိုင်မည်ဖြစ်သည်။ဤသည်မှာ အလွန်ဝံ့ကြွားဖွယ်ရာကောင်းသည်။


ကုံဖန်ယွမ်မှာ ထုံရွှယ်လူနှင့်အလွန်ပင် မိတ်ဆွေဖွဲ့ချင်သွားလေ၏။


" တော်တော်ကောင်းတဲ့အလုပ်ပဲ ... ပြောင်းလာရမှာပေါ့ ... လောလောဆယ် အငှားတင်ထားတာတွေမရှိပေမဲ့  ဒီလထဲမှာ အရောင်းဖွင့်ထားတဲ့နေရာတွေတော့ရှိတယ် ... သွားကြည့်ဖို့ အချိန်ရှိလား"


ထိုအခါ ထုံရွှယ်လူက အချိန်တစ်ချက်ကြည့်လိုက်ပြီး " နေ့လည်စာစားချိန်တောင်နီးနေပြီ ... အစိုးရပိုင်စားသောက်ဆိုင်မှာ နေ့လည်စာလိုက်ကျွေးပါရစေ ... ပြီးမှသွားကြည့်ကြမယ်လေ ... " ဟု ပြောလိုက်သည်။


" မဟုတ်တာ ... မဟုတ်တာပဲ အစိုးရပိုင်စားသောက်ဆိုင်က အရမ်းဈေးကြီးတယ် ... အဲ့မှာတော့ ‌လိုက်မကျွေးပါနဲ့ ... "


ထုံရွှယ်လူ့ထံတွင် မိဘများမရှိသည့်အပြင် ငယ်ရွယ်သောမွေးချင်းများကိုလည်း ပံ့ပိုးပေးရသေးသည်။ဤကြားထဲမှ သူမအား နေ့လည်စာ လိုက်ကျွေးခြင်းအား လက်မခံနိုင်ပါချေ။


သို့သော်လည်း ထုံရွှယ်လူက ကုံဖန်ယွမ်၏လက်ကို ဆုပ်ကိုင်ထားရင်း အစိုးရပိုင်စားသောက်ဆိုင်သို့သာသွားရောက်ရန် အခိုင်အမာပြောဆိုခဲ့သည်။


တစ်စုံတစ်ဦးထံမှ အကူအညီလိုချင်ပါက ဤသည်မှာ လုပ်သင့်လုပ်ထိုက်သောအရာတစ်ခုပင်။

ထုံရွှယ်လူမှာ လိုအပ်သောအခြေအနေ၌ ပိုက်ဆံသုံးရသည်ကို နှမျောတွန့်တိုလေ့မရှိချေ။


နှစ်ဦးသားအိမ်ရာစီမံခန့်ခွဲရေးရုံးမှ ထွက်ခွာသွားခဲ့ချိန်တွင် ရှောင်ချန်ဖျင်က ထိုနေရာတွင် မရှိတော့ပါ။


ထုံရွှယ်လူနှင့်ကုံဖန်ယွမ်တို့သည် နောက်ဆုံးတွင် အစိုးရပိုင်စားသောက်ဆိုင်သို့သွားကာ ဝက်ခေါက်ဆွဲပြုတ်တစ်ပွဲစီ မှာယူခဲ့ကြသည်။

အစိုးရပိုင်စားသောက်ဆိုင်တွင် ရွေးချယ်စရာများများစားစားမရှိသော်လည်း ထို့အစား အစားအသောက်ပမာဏကို များပြားဖူလုံအောင်တည်ခင်းပေးလေသည်။ခေါက်ဆွဲတစ်ပွဲစားပြီးချိန်တွင် နှစ်ဦးစလုံး ဗိုက်တင်းသွားကြလေ၏။


နေ့လည်စာစားပြီးနောက်တွင် ကုံဖန်ယွမ်သည် ထုံရွှယ်လူနှင့် ပို၍ရင်းနှီးလာခဲ့ပြီး ညီမလေးတစ်ဦးသဖွယ် ရံဖန်ရံခါ ကျီစယ်လာလေသည်။

ယင်းနောက်တွင် ကုံဖန်ယွမ်မှာ နေ့ခင်းတစ်ထောက်နားချိန်မယူတော့ဘဲ ထုံရွှယ်လူအား အရောင်းထုတ်ထား‌သောနေရာများကို လိုက်လံပြသပေးခဲ့သည်။


****


ယနေ့ခေတ်ကြီးတွင် ရောင်းရန်အိမ်များ အလွန်ရှားပါးပြီး လုံးဝမရှိသလောက်ပင်။လူအများစုသည် မျိုးရိုးအစဉ်အဆက်ပိုင်အိမ်များ သို့မဟုတ် ၎င်းတို့၏ လုပ်ငန်းမှပေးအပ်ထားသော အိမ်ရာများတွင် နေထိုင်ကြသည်။အများစု၏အိမ်မှာ မိသားစုတစ်ခုလုံးခေါ်တင်ထားနိုင်လောက်သည်အထိကျယ်ဝန်းပြီး မည်သူကမှ ရောင်းချရန် စိတ်မကူးကြပေ။


ထို့အပြင် အလုပ်ဌာနမှ ပေးအပ်ထားသော အိမ်များကိုလည်း စိတ်ရှိတိုင်းရောင်းချခွင့်မရှိဘဲ တူညီသောအလုပ်နေရာမှသူကိုသာ တစ်ဆင့်ပြန်လည်ရောင်းချနိုင်လေသည်။


ကုံဖန်ယွမ်သည် ထုံရွှယ်လူအား အိမ်သုံးလုံးဆီသို့ ခေါ်ဆောင်သွားခဲ့သည်။

ပထမအိမ်နှစ်လုံးမှာ အချိန်မရွေးပြိုကျသွားနိုင်သလိုဖြစ်‌နေပြီး နေရာလည်းမကောင်းသည့်အပြင် ဈေးကလည်းကြီးသေးသည်။

ထုံရွှယ်လူသည် ၎င်းတို့အား မဆိုင်းမတွပင် ပယ်ချခဲ့လေ၏။


တတိယအိမ်မှာ သီးသန့်အိမ်ဖြစ်သည်။ယင်းတွင် အခန်းလေးခန်းပါရှိပြီး ကိုယ်ပိုင်မီးဖိုချောင်နှင့် ရေချိုးခန်းများလည်းရှိသည်။အခန်းများက ကျယ်ဝန်းပြီး လေဝင်လေထွက်ကောင်းကာ နေရောင်ခြည် လုံလောက်စွာ ရရှိလေ၏။အိမ်မှာ အနေတော်ဖြစ်ပြီး အဆင်ပြေသောနေရာတွင် တည်ရှိသည်။

လမ်းမကြီးနှင့်လည်း ဝေးကွာပြီး တံခါးပိတ်လိုက်သည်နှင့် ဆူညံသံများကို တားဆီးနိုင်ပေ၏။

ထိုနေရာသည် ထုံရွှယ်လူအတွက် ပြီးပြည့်စုံသည်။


 "အစ်မ ဖန်ယွမ် ... ဒီနေရာက အရမ်းဈေးကြီးမယ်ထင်တယ် ... ဟုတ်လား "


ထိုအခါ ကုံဖန်ယွမ်က " ဒီလောက်ပဲ ... " ဟု ဆိုလျက် လက်ငါးချောင်းထောင်ပြ‌လိုက်တော့သည်။


ဆိုလိုသည်မှာ တန်ကြေးက ယွမ် ၅၀၀၀ ဖြစ်သည်ဟူ၍ပင်။


ထုံရွှယ်လူမှာ ထိုပမာဏကို သိလိုက်ရသောအခါ လုံးဝအံ့သြသွားခဲ့သည်။ထုံတကျွင်းနှင့် ဇနီးဖြစ်သူတို့၏အသက်လျော်ကြေးမှာ ယွမ် ၁၀၀၀ ဖြစ်ပြီသည်။ထုံရွှယ်လူရောင်းချလိုက်သောရာထူးနေရာအတွက် ယွမ် ၃၈၀ ရရှိခဲ့ပြီး ထိုထဲမှ တစ်ဝက်အား ပေဟယ်ရှိလူများထံသို့ပေးအပ်ခဲ့ရသည်။


ထိုမျှသာမက သူမသည် မကြာသေးခင်က

ကျယ်ကျင်းဟွာနှင့် အခြားသူများအား " ဖြုန်းတီးသည် " ဟူသော ပုံပေါ်စေရန် ပိုက်ဆံအမြောက်အမြားသုံးစွဲထားသေးသည်။


စုစုပေါင်း ယွမ် ၁၁၀၀ ခန့်သာ ကျန်ရှိပြီး ဤနေရာတန်ကြေး၏တစ်ဝက်ပင်မရှိချေ။

ဝယ်ယူရန် အဘယ်သို့ တတ်နိုင်ပါမည်နည်း။