အပိုင်း ၄၆
Viewers 14k

Chapter 46

- အရင်နေရာက ငါ့အိမ်မဟုတ်ဘူး ... ငါ့အိမ်က ဒီမှာ  (၂)



ကုံဖန်ယွမ်က ထုံရွှယ်လူအား ပြောလာခဲ့သည်။


"ညီမလေး ... ညီမလေးမလို့သာ လိုက်ပြပေးတာ ..  တခြားတစ်ယောက်ဆိုရင် မပြဘူး ... ဒီအိမ်က ခရိုနီကြီးတွေက အာဏာပိုင်တွေကို ပြန်ပေးထားတဲ့အိမ်လေ ...ဒါပေမဲ့ စိတ်ပူစရာ မလိုပါဘူး ... အခုဒီအိမ်က အစိုးရပိုင်ဖြစ်သွားပြီ  ...   လုပ်ငန်းစဉ်ကလည်းရှင်းမှာပါ ... "


" အစိုးရဘက်က ပြန်သိမ်းသွားမှာကို လူတွေက စိုးရိမ်နေကြလို့ ဒီအိမ်က ဈေးကွက်ထဲမှာဆက်ရှိနေတာ ... ညီမလေးစောင့်ကြည့်နေ ...  အနည်းဆုံး နောက်ထပ် တစ်လ နှစ်လလောက်ကြာရင် ဈေးကွက်ထဲက ပျောက်သွားတော့မှာ ... "


ခင်ပွန်းသည်က ချမ်းသာနေလျှင်တော့ သူမဘာသာသူမ ဝယ်နိုင်လိမ့်မည်။


" အားနာပါတယ် အစ်မ ဖန်ယွမ် ... ဒီအိမ်က ညီမအတွက် အရမ်းဈေးကြီးတယ် ... ညီမမှာ အဲလောက်ပိုက်ဆံမရှိဘူး ...အချိန်တွေ အများကြီးကုန်သွားစေမိလို့ တောင်းပန်ပါတယ် ... "


ယခုအချိန်တွင် ထုံရွှယ်လူမှာ ယွမ် ၂၀၀ ကိုင်ပြီး LVဆိုင်ထဲ ရောက်လာသူတစ်ဦးကဲ့သို့ ခံစားနေရသည်။အခြေအနေမှာ ထိုမျှလောက်အထိ နာကျင်ရပေ၏။


ကုံဖန်ယွမ်က လက်ယမ်းပြလိုက်ပြီး 

" ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး ... မတတ်နိုင်လည်း ကိစ္စမရှိပါဘူး ...  ဒါဆို ညီမက ဘယ်မှာနေမှာလဲ " ဟု ဆိုလာခဲ့သည်။


ထိုအခါ ထုံရွှယ်လူက သက်ပြင်းချလိုက်လေ၏။

" ရှာတွေ့မှာပါ ...  ပြေလည်သွားမှာ သေချာပါတယ် အစ်မရယ် ... "


နောက်ဆုံးပိတ်အကြံအစည်မှာ စုရှူယင်ထံမှ နေရာငှားရမ်းခြင်းပင် ဖြစ်လေ၏။


 ***


အိမ်အပြန်လမ်းတွင် ထုံရွှယ်လူတစ်ယောက် အနည်းငယ်စိတ်ပျက်နေမိသည်။


သူမသည် ထိုနေရာကို အလွန်နှစ်သက်ပြီး  အစိုးရဘက်မှ ပြန်သိမ်းသွားမည်ကို လုံးဝ မစိုးရိမ်ချေ။ပြဿနာမှာ သူမထံ၌ ပိုက်ဆံများများစားစားမရှိခြင်းဖြစ်သည်။


စီးပွားရေးလွတ်လပ်ခွင့်ရရှိရန် ၂ နှစ်ခန့်လိုသေးပြီး  အချိန်တိုအတွင်း ငွေအများကြီးရှာရန် မဖြစ်နိုင်သလောက်ပင်။


သူမ၏အရှေ့ရှိ ရွှေ့ပြောင်းသူများအား နည်းနာယူပြီး မှောင်ခိုဈေးကွက်တွင် အစားအစာများရောင်းချနိုင်သော်လည်း ထိုသို့ရောင်းချခြင်းက ပိုက်ဆံများများစားစားရရှိမည်မဟုတ်ချေ။ရွှေလက်ချောင်းမဟုတ်ဘဲနှင့်တော့ အချိန်တိုအတွင်း ယွမ် ၄၀၀၀ ရမလာနိုင်ပါ။


ခြုံငုံပြောရလျှင် သူမသည် စုရှူယင်ထံမှ ငှားရမ်းရန်သာ ကြံရတော့ပေမည်။


ထိုညတွင် ညစာစားပြီးနောက် ထုံရွှယ်လူသည် မကြာမီ အလုပ်ပြောင်းတော့မည့်အကြောင်းကို ထုံကျားမင် အား ပြောပြခဲ့သည်။


" အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်တဲ့သူနဲ့ နေရာလဲခဲ့တယ် ... အလုပ်က မြို့ထဲမှာဆိုတော့ အကုန်လုံး နေစရာနေရာသစ်ရှာပြီး အတူတူပြောင်းရမယ် ... ဘာပြဿနာရှိလဲ ... "


ထိုစကားကိုကြားသောအခါ ထုံကျားမင် အံ့သြသွားသည်။


အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်တစ်နေရာရရှိခြင်းက အလွန်ပင်အထင်ကြီးစရာကောင်းလေ၏။လူအများအပြားက ထိုနေရာတွင် အလုပ်ဝင်ချင်နေကြသော်လည်း တွေးထားသလောက်မလွယ်ကူချေ။


ထို့ပြင် သူမသည် ၎င်းရာထူးနေရာအား အထည်ချုပ်စက်ရုံမှ ရာထူးဖြင့် မည်သို့အလဲအထပ်လုပ်နိုင်ခဲ့သနည်း။


ထုံကျားမင်၏အံ့အားသင့်နေသောအကြည့်များကိုမြင်သောထုံရွှယ်လူက ဆက်လက်ရှင်းပြလာသည်။


" ငါသူ့ကို အသေးအမွှားကိစ္စတစ်ခု ကူညီပေးခဲ့တာ ... ပြီးတော့ သူက အလုပ်နေရာလဲချင်တယ်ဆိုလို့ လဲပေးလိုက်တာ .... " 


ထုံကျားမင်မှာ ထိုစကားအား နည်းနည်းမှမယုံသော်လည်း ဆက်လက်ပြီး ကပ်သပ်၍ အမေးအမြန်းထူနေမည်မဟုတ်ချေ။


သူမသည် ထုံကျန်းကျန်းအား ထောင်နန်းစံစေခဲ့ပြီး ထုံယန်လျန်ကိုလည်း အနောက်မြောက်ပိုင်းသို့ပို့ပစ်နိုင်ခဲ့သည်။ပေဟယ်စီရင်စုမှ မောက်မာစွာ ရောက်ရှိလာသော အမျိုးများသည်ပင်လျှင် သူမကြောင့် စိတ်ပျက်လက်ပျက် ထွက်ခွာသွားခဲ့ကြရ‌လေ၏။အရာအားလုံးက သူမ၏အသုံးဝင်မှုအား ဖော်ပြနေလေသည်။


မည်သို့ပင်ဆိုစေကာမူ ထိုသို့သောအစွမ်းအစရှိလျက်နှင့် အဘယ်ကြောင့် တစ်ဖက်ထုံမိသားစု၏အိမ်မှ ထွက်ခွာလာခဲ့ရပါသနည်း။

ထုံကျားမင်တစ်ယောက် နက်နက်နဲနဲတွေးတောနေမိပြီး ၎င်းအတွေးက ပါးစပ်မှ လွတ်ကနဲ ထွက်သွားတော့လေသည်။


ထိုအခါ ထုံရွှယ်လူက မျက်ခုံးပင့်လိုက်ပြီး "ထုံကျန်းကျန်းဆီက ခြိမ်းခြောက်ခံရလို့ ဒါမှမဟုတ် သူက ငါ့ကိုထွက်သွားဖို့တွန်းအားပေးလို့ အဲဒီအိမ်က ထွက်လာရတယ်လို့ ထင်နေတယ်လို့တော့ လာမပြောနဲ့နော် ... " ဟု ဆိုလာသည်။


" အဲလိုမဟုတ်ဘူးလား .... "


" သေချာပေါက်မဟုတ်ဘူးပေါ့ ... ငါ့ကို လုံးဝလျှော့တွက်နေတာပဲ ... ငါ ထွက်မသွားချင်ဘဲနဲ့ ဘယ်သူမှ ငါ့ကို နှင်ချလို့မရဘူး ... အရင်အိမ်ပေါ်က ဆင်းလာတယ်ဆိုတာက အဲဒီနေရာက ဘယ်တုန်းကမှ ငါ့အိမ်မဟုတ်ခဲ့လို့လေ ... ငါ့အိမ်က ဒီမှာ ... "


ထုံကျားမင်မှာ နှလုံးသားအား တူနှင့်အထုခံလိုက်ရသလို ခံစားလိုက်ရသည်။


ဤနေရာအား အိမ်ဟု ယူဆပါက အဘယ်ကြောင့် မိဘများအပေါ် ထိုသို့ပြောထွက်ခဲ့ရပါသနည်းဟု မေးမြန်းလိုက်ချင်သည်။

သို့သော်လည်း နှုတ်ဖျားမှတော့  ပြောမထွက်နိုင်ခဲ့ချေ။


ထုံကျားမင် မည်သည်ကို တွေးတောနေမှန်း ထုံရွှယ်လူမသိပါ။


" တခြားမေးစရာရှိလား"


 " ဟင့်အင်း ... "


" ‌ဒီအကြောင်းကို ဘယ်သူ့ကိုမှ မပြောနဲ့ဦး ... ဖြစ်သင့်သလိုဖြစ်မလာရင် အလှောင်ခံရမှာစိုးရိမ်တယ် ... "


" ကောင်းပြီ ... "


နှစ်ဦးသားစကားဆုံးသွားချိန်မှာပင် ထုံမျန်မျန်က သူမ၏ခြေထောက်တိုကလေးများဖြင့် ယက်ကန်ယက်ကန်ပြေးလာလေသည်။


" မမ ...  အစ်ကိုငယ်လုပ်ပေးထားတဲ့ ဆံပင်ကို ကြည့်ပါဦး ...မလှဘူး ...  "


ထုံရွှယ်လူမည်သည်ကိုမှ မပြောနိုင်ခင်မှာပင် ထုံကျားမင်က မီးရှူးမီးပန်းအဟုန်ဖြင့် တရစပ်ပြောလာခဲ့သည်။

" ဘာကိုမလှတာလဲ ... လှပါ့ ... အရမ်းလှတယ် ... အခုကစပြီး ကျားရှင်းက နေ့တိုင်း ဆံပင်လုပ်ပေးမှာတဲ့ ... "


" ဟင့်အင်း ... ဟင့်အင်း... ဟင့်အင်း "

ထုံမျန်မျန်က သူမ၏လက်နုနုကလေးကို ခါလိုက်ပြီး ခေါင်းကိုလည်း ဆက်တိုက်ခါယမ်းနေလေ၏။


ထုံရွှယ်လူမှာတော့ ထုံမျန်မျန်၏ဦးခေါင်းပေါ်ရှိ ဖြူကောင်နှစ်ကောင်နှင့်တူနေသော ဆံပင်ထုံးများအား ကြည့်ရှုနေခဲ့မိလေသည်။ထို့နောက်တွင် သူမက ပေါင်မုန့်လုံးလေးအား ချီပွေ့ပြီး နူးညံ့စွာနှစ်သိမ့်ပေးလိုက်သည်။

" မစိုးရိမ်ပါနဲ့ မျန်မျန် ... မမက မျန်မျန့်ဆံပင်ကို ထိခွင့်မပေးဘူးနော် ... "


ထိုအခါ ထုံကျားရှင်း၏မျက်ခုံးတန်းထူထူများက တွ့န့်ချိုးသွားကာ " ခွင့်မပြုရအောင် ခင်ဗျားက ဘာမလို့လဲ ... " ပြန်လည်ရန်တွေ့လာလေသည်။


ထုံရွှယ်လူက ထုံကျားရှင်းအား အေးစက်စွာကြည့်ရှုလိုက်တော့၏။

" လုပ်ချင်သပဆို လုပ်လေ ... ပြီးရင်တော့ ငါချက်တာမစားနဲ့ ... "


" .... "


ထုံကျားရှင်းခမျာ လည်ပင်းတစ်ဆို့နေသောဝမ်းဘဲတစ်ကောင်ပမာ မည်သည်ကိုမှ ဆက်မပြောနိုင်တော့ပေ။


ထုံရွှယ်လူ၏ နှုတ်ခမ်းများ ကွေးညွတ်သွားသည်။

အစားမက်သောသူတစ်ဦးအတွက် အစားအသောက်နှင့်ပတ်သတ်၍တားမြစ်ခံရခြင်းမှာ အသတ်ခံရသည်ထက်ပင် ပိုဆိုးရွားသောအရာဖြစ်သည်။


ထုံကျားရှင်းမှာ ယခုအချိန်တွင် အောင့်သက်သက်ခံစားနေရသော်လည်း သူပြောနိုင်သောစကားမရှိပေ။


 ***


အဖိုးဝမ်၏ အသက် ၇၀ နှစ်မြောက် မွေးနေ့တွင် ဝမ်မျိုးရိုးအိမ်၌ တယ်လီဖုန်းသံများ တဂွမ်ဂွမ်ဖြစ်နေသည်။

စစ်တပ်အရာရှိများနှင့် အခြားမြို့မှ အဖိုးဝမ်၏ရဲဘော်ဟောင်းများ အားလုံးက ပျော်ရွှင်ဖွယ်ရာမွေးနေ့ဖြစ်ပါစေဟု ဆုတောင်းပေးနေကြခြင်းပင်။

မြို့တော်၌ရှိသောမိတ်ဆွေသူငယ်ချင်းများနှင့် မိသားစုများ အားလုံးက မွေးနေ့လက်ဆောင်များကို စောစီးစွာ ပို့ပေးထားကြပြီးဖြစ်သည်။


အဖိုးဝမ်က တန်ဖိုးကြီးလက်ဆောင်မျာအား မပို့ဆောင်ရန် ပြောကြားထားပြီးဖြစ်သောကြောင့် လက်ဆောင်များအားလုံးမှာ စျေးမကြီးသောသာမန်အသုံးအဆောင်များပင်ဖြစ်သည်။


အဖိုးဝမ်မှာ မွေးနေ့ပွဲကျင်းပနေသော အခန်းကျယ်ကြီးကို လှည့်ပတ်ကြည့်ရှု‌နေသော်လည်း မပျော်ရွှင်ပေ။အကြောင်းမှာ ထိုလူအုပ်ထဲတွင် မြက်နုလေးမပါဝင်သောကြောင့်ဖြစ်သည်။


ဧည့်သည်များအားလုံး ထွက်ခွာသွားပြီးနောက်တွင် အဖိုးဝမ်က ဝမ်ရူကွေ့အား ကြိမ်းမောင်းလာတော့လေ၏။

" မင်းက သစ္စာမဲ့တဲ့မြေးပဲ ... ငါ့အသက်ပဲ ၇၀ ရှိပြီ ... အခုထိ မြစ်မချီနိုင်သေးဘူး ... " 


ဝမ်ရူကွေ့က အဖိုးဝမ်၏ရှေ့၌ မွေးနေ့အထိမ်းအမှတ်ခေါက်ဆွဲပန်းကန်တစ်လုံးကို ချပေးလိုက်ပြီး  "မွေးနေ့မှာ ပျော်ရွှင်ပါစေ အဘိုး ... သက်တော်ရာကျော်ပါစေ " ဟု ဆုမွန်ကောင်းတောင်းပေးလိုက်သည်။


" သက်တော်ရာကျော်ရှည်စေချင်ရင် မြက်နုနဲ့‌တွေ့ခွင့်ပေးလေ ... "


ဝမ်ရူကွေ့ :: " ....... "


ဝမ်ရူကွေ့က မည်သည်ကိုမှ ပြန်ပြောမလာသည့်အတွက် အဖိုးဝမ်မှာ မုတ်ဆိတ်မွေးများထိုးထောင်လာသည်အထိ ဒေါကန်သွားတော့လေ၏။


" လောင်ကျန်းရဲ့မြေးဆို သုံးနှစ်လောက်ရှိပြီ ... ငါ့မှာတော့ ခုထိ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘူး ... ဒါတွေထားတော့ ...နှစ်သစ်ကူးမှာတော့ တစ်နည်းမဟုတ်တစ်နည်းနဲ့ မြက်နုလေးကို မင်းခေါ်ကိုခေါ်လာခဲ့ရမယ် ... "


ဝမ်ရူကွေ့ :: “……………”


ဝမ်ရူကွေ့တစ်ယောက် ခေါင်းထိုးကိုက်လာသလိုပင်။

အဖိုးဝမ်က အိမ်ထောင်ပြုရန် အမြဲ တွန်းအားပေးနေတတ်သော်လည်း ဤလိုယုတ္တိမတန်သည့်စကားမျိုးကိုတော့ တစ်ခါမှ မကြားခဲ့ရဖူးပေ။

ထုံရွှယ်လူအား တစ်ကြိမ်တွေ့လိုက်သည့်အချိန်မှစပြီး အခြေအနေက ပို၍ပင် ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့သည်။


ယနေ့ မွေးနေ့ပွဲသို့ကြွရောက်လာကြသောဧည့်သည်များက တစ်အိမ်လုံး၌ ပြည့်နှက်နေသောမြက်စိမ်းများအကြောင်းကို မေးမြန်းကြသော်လည်း သူ့ထံတွင် ပြန်ဖြေစရာ စကားမရှိခဲ့ပေ။


ဝမ်ရူကွေ့ အပေါ်ထပ်သို့ တက်သွားပြီးနောက် အဖိုးဝမ် က လည်ပင်းကို ဆန့်တန်းကာ လှေကားဘက်သို့ကြည့်

နေရင်း " ရှောင်ဇုန်း ... ငါ့အမူအရာ ဘယ်လိုနေလဲ ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါ ဦးလေးဇုန်းက အပီအပြင်မြှောက်ပင့်ပြောဆိုတော့လေ၏။


" စင်ပေါ်မှာ သရုပ်ဆောင်တဲ့လူ‌တွေထက်ကို ပိုအိုက်တင်ကောင်းပါတယ် ဗိုလ်မှူး ... "


အဖိုးဝမ် :: " ....... "

 ဤစကားက အဘယ်ကြောင့် ထူးဆန်းသလိုဖြစ်နေပါသနည်း။

သို့သော်လည်း အဖိုးဝမ်သည် ထိုအကြောင်းအား ကြာကြာမတွေးတောခဲ့ပေ။

သူက မျက်လုံးထောင့်မှ အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးလိုက်ပြီး " ဒီကောင်က ကြိမ်း‌မောင်းနိုင်မှ တော်ကာကျမှာ ... " ဟု ဆိုလေသည်။


ဝမ်ရူကွေ့က မည်သူ့အပေါ်မှ စိတ်ဝင်စားမှုမရှိခဲ့ချိန်တွင် အဖိုးဝမ်လုပ်နိုင်သည်မျိုး များများစားစားမရှိခဲ့သော်လည်း ယခု၌ မြက်နုလေးအကြောင်းအား သိရှိလာရပြီဖြစ်သောကြောင့် သူမအား ဝမ်ရူကွေ့ရှေ့သို့  ရံဖန်ရံခါ ခေါ်ဆောင်လာရန် လိုအပ်မည်မှာ သေချာသည်။

" ဟုတ်ပါတယ် ဗိုလ်မှူးက တော်တော်ဉာဏ်ကောင်းတာပဲ "


ဦးလေးဇုန်းက လက်ဆောင်ပစ္စည်းများကို စီရီနေရင်း ထပ်မံမြှောက်ပင့်လိုက်ပြန်လေ၏။

သို့သော်လည်း များမကြာမီ၌ပင် လက်ဆောင်များစွာထဲမှ တစ်ခုကို ရုတ်တရက်တွေ့လိုက်ရသောဦးလေးဇုန်းတစ်‌ယောက် အေးခဲသွားတော့သည်။  


" ဗိုလ်မှူး ....  ဒါက .... "


အဖိုးဝမ်က မျက်ခုံးပင့်လိုက်ပြီး " ဘာဖြစ်တာလဲ ... အစမရှိ အဆုံးမရှိတွေ မပြောစမ်းနဲ့ ... " ဟု ဆိုလိုက်သည်။


" ဒါက ဟိုတစ်ယောက်ဆီကထင်တယ် ... မုန့်၂ထုပ်နဲ့ အင်္ကျီတစ်စုံ ... အင်္ကျီက ရူကွေ့အတွက်ထင်တယ် ... "


ထိုအခါ အဖိုးဝမ်တစ်ယောက် ဒေါသူပုန်ထသွားတော့သည်။  

" လွှင့်ပစ်လိုက် အကုန်လွှင့်ပစ် ... သူကများ ရူကွေ့ဆီလက်ဆောင်ပို့ရဲသေးတယ် ... "


" အခုချက်ချင်း သွားလွှင့်ပစ်လိုက်ပါ့မယ် ... "


ဦးလေးဇုန်းက ပစ္စည်းများကို သေတ္တာထဲသို့ အမြန်ပြန်ထည့်ကာ စွန့်ပစ်လိုက်လေ၏။


ထိုအချိန်တွင် အဖိုးဝမ်က ဧည့်ခန်းထဲတွင် တစ်ကိုယ်တည်းထိုင်နေခဲ့ပြီး သူ၏အကြည့်များက အေးစက်နေကာ ကနဦးက အပြုံးများမှာလည်း ပျောက်ကွယ်ကုန်ပေ၏။


ဦးလေးဇုန်း ပြန်ရောက်သောအခါ အဖိုးဝမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး " ရူကွေ့မသိစေနဲ့ ... " ဟုပြောလိုက်သည်။


" စိတ်မပူပါနဲ့ ဗိုလ်မှူး ...  ကျွန်တော် ဒီအကြောင်းကို တစ်ခွန်းမှ မဟပါဘူး ... "


မှောင်ရီပျိုးချိန်၌ ဖူကျန့်ယိက အဖိုးဝမ်အား မွေးနေ့ဆုတောင်းပေးရန်ရောက်ရှိလာသည်။တစ်နေကုန် ဧည့်ခံနေခဲ့ရသောအဖိုးဝမ်မှာတော့ ပင်ပန်းသဖြင့် အခန်းထဲတွင် အနားယူနေပြီဖြစ်သည်။


ဖူကျန့်ယိသည်လည်း  အလျင်မလိုပေ။သူက ဝမ်ရူကွေ့၏ပခုံးပေါ် လက်တင်လိုက်ပြီး " ရဲဘော်ထုံဆီက ငါးရပြီးပြီလား ... " ဟု မေးမြန်းလိုက်သည်။


" ဘာငါးလဲ ... "


" မရသေးဘူးလား ... သူ မနေ့က ငါ့ရုံးကိုရောက်လာပြီး

 မင်းအကြိုက်ဆုံးအစားအစာကို မေးသွားတယ် ... သူ့ကိုကူညီပေးလို့ ကျေးဇူးတင်တဲ့အနေနဲ့ တစ်ခုခုချက်ကျွေးမလို့တဲ့ ... "


ဝမ်ရူကွေ့၏နက်မှောင်ထူထဲသောမျက်တောင်များက အနည်းငယ်လှုပ်ခတ်သွားလေ၏။


" မရပါဘူး ... "


ယခုအချိန်တွင် ဖူကျန့်ယိမှာ အခြေအနေက ဆီလျော်ခြင်းမရှိသလိုခံစားနေရသည်။

 

" မင်းက ငါ့ကို တစ်ချက်မေးပေးရုံပဲလေ ... တကယ်တမ်းလုပ်ပေးရတာက ငါပဲကို ငါ့ကိုကျ ကျေးဇူးတင်စကားတောင် ပြောမသွားဘူး ... စိတ်မသက်သာလိုက်တာ ... "


ဝမ်ရူကွေ့က ဖူကျန့်ယိကို ကြည့်လိုက်ပြီး တစ်ခုခုပြောတော့ဆဲဆဲမှာပင် ဦးလေးဇုန်းက ငါးပေါင်းပန်းကန်ပြားကြီးကိုင်ပြီး အိမ်ခန်းထဲဝင်လာတော့သည်။

ဝမ်ရူကွေ့နှင့်ဖူကျန့်ယိတို့ နှစ်ဦးစလုံး မင်သေသွားကြလေ၏။


" ဦးလေးဇုန်း ... အဲဒီငါးက ဘယ်က ရလာတာလဲ ... "


ဦးလေးဇုန်းက ပန်းကန်ပြား ပြုတ်မကျအောင် ဂရုတစိုက်သယ်ဆောင်နေပြီး " လက်ဆောင်ရတာ ... " ဟု ပြန်ဖြေလေသည်။ဧည့်ခန်းတွင်း၌ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားတော့၏။


ထို့နောက်တွင် ဝမ်ရူကွေ့က ဦးလေးဇုန်းထံသို့ တည့်တည့်ကြီးလျှောက်လှမ်းသွားတော့သည်။

" ဦးလေးဇုန်း ... ကျွန်တော့်ကို ပေးလိုက်ပါ ... ကျွန်တော်  အထဲ ယူသွားလိုက်မယ် ... "


ဦးလေးဇုန်းမှာ မလိုအပ်ဟု ငြင်းဆိုချင်သော်လည်း ဝမ်ရူကွေ့၏လက်နှစ်ဖက်က ပန်းကန်ပြားထံရောက်နှင့်နေပြီး သူ့ကိုလက်လွှဲမပေးမချင်း လွှတ်ပေးမည့်ပုံမပေါ်ချေ။ထို့ကြောင့်ပင် နောက်ဆုံး၌ ဦးလေးဇုန်းမှာ ငါးပေါင်းပန်းကန်ပြားအား ဝမ်ရူကွေ့ထံ လွှဲပေးလိုက်ရတော့သည်။


" အချိန်က ကွက်တိပါပဲလားကွ ... ရူကွေ့ ... ငါက လုပ်ကြံပြောတယ်လို့ ထင်နေတုန်းပဲလား ... "


ထုံရွှယ်လူသည် စစ်ဘက်ဆိုင်ရာကုမ္ပဏီထံသို့ ပစ္စည်းများ တိုက်ရိုက်ပို့ပေးခဲ့ပြီး မစ္စတာဝမ်၏ အသက် ၇၀ ပြည့် မွေးနေ့တွင်လည်း စားကောင်းသောက်ဖွယ်များပို့ပေးပြန်သည်။ထိုမိန်းက‌လေးမှာ မည်သို့မျက်နှာသာယူရမည်ကို ကောင်းကောင်းသိသည်။


ဝမ်ရူကွေ့က ဖူကျန့်ယိကို လျစ်လျူရှုပြီး ငါးပေါင်းအား မီးဖိုချောင်ထဲသို့ သယ်ဆောင်သွားခဲ့သည်။မီးဖိုချောင်ထဲ၌ ဝမ်ရူကွေ့ မည်သည့်အရာများလုပ်နေခဲ့သည်ကို မည်သူမှမသိချေ။အချိန်အတော်ကြာပြီးမှသာ ဝမ်ရူကွေ့က မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့သည်။


အဖိုးဝမ်မှာ တစ်နေကုန်အိပ်ပျော်နေခဲ့ပြီး ညစာစားချိန်တွင်ပြန်နိုးလာခဲ့လေ၏။ဖူကျန့်ယိသည်လည်း ဝမ်မျိုးရိုးအိမ်တွင် တစ်ချိန်လုံးရှိနေခဲ့ပြီး ညစာအတူစားရန် အဆင်သင့်ဖြစ်နေလေပြီ။


အဖိုးဝမ်က စားပွဲပေါ်မှ ဟင်းပွဲများအား ခြုံငုံကြည့်လိုက်ကာ ဦးလေးဇုန်းအား " ငါး ဘယ်မှာလဲ ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါ ဦးလေးဇုန်းက ဝမ်ရူကွေ့အား လှမ်းကြည့်လိုက်တော့သည်။

" ‌စောစောက ငါးရောက်လာတယ် .. ရူကွေ့က မီးဖိုချောင်ထဲယူသွားပေးတာ ... ကျွန်တော်သွားယူလိုက်ပါ့မယ် ဗိုလ်မှူး ... "


ယင်းအချိန်တွင် ဝမ်ရူကွေ့၏တူချောင်းများက လေထဲတွင် ရပ်တန့်သွားသည်။


" မယူပါနဲ့လား ဦးလေးဇုန်း ... "


" ဘာဖြစ်လို့လဲ ... "


ညစာစားပွဲ၌ ထိုင်နေကြသူများအားလုံးက ဝမ်ရူကွေ့အား ကြည့်ရှုနေကြလျက်ရှိသည်။

ထိုအချိန်တွင် ဖူကျန့်ယိက တစ်စုံတစ်ခုအား မှန်းဆမိသွားဟန်ဖြင့် အော်ပြောလာခဲ့လေ၏။


" မီးဖိုချောင်ထဲမှာ တစ်ချိန်လုံး အဲဒါလုပ်နေခဲ့တာလား ... မင်းတစ်ယောက်တည်း အကုန်စားပစ်လိုက်ပြီလို့တော့ လာမပြောနဲ့နော် ... အရှက်မရှိတဲ့ကောင် ... "


 ဝမ်ရူကွေ့, "……"


မီးဖိုချောင်ထဲသို့ ဦးလေးဇုန်း ပြေးဝင်ကြည့်လိုက်သောအခါ အမှိုက်ပုံးအတွင်းမှ ငါးအရိုးများကို တွေ့လိုက်ရသည်။ထို့နောက်တွင် သူက ၎င်းအခြင်းအရာအား အဖိုးဝမ်ထံ တင်ပြရန် ပြန်ထွက်လာခဲ့လေ၏။


အဖိုးဝမ်မှာ အဖြစ်အပျက်ကို ကြားသိလိုက်ရသောအခါ ဒေါသထောင်းခနဲထွက်သွားတော့သည်။


" အဲဒါ လောင်ကျန်းက မွေးနေ့လက်ဆောင်ပို့ထားတဲ့ငါးပေါင်းကွ ...မင်း မစောင့်နိုင်တော့ဘူးဆိုရင်တောင် အနည်းဆုံး တစ်ကိုက်လောက်တော့ ချန်ထားသင့်တာပေါ့ကွ ... "

 

ဝမ်ရူကွေ့ “……………”


ဖူကျန့်ယိက ဖြစ်ပျက်သည်များကို ဆင်ခြင်တွေးတောမိသွားပြီး ‌ရုတ်တရက်ထရယ်လာတော့၏။


" ဟားဟားဟား … "


ရယ်ရလွန်းသဖြင့် အသက်ရှူပင်ကြပ်သလိုဖြစ်လာသည်။