အပိုင်း ၄၇
Viewers 11k

Chapter 47

  - ရဲဘော်ထုံပြောတာမှန်တယ် ကျွန်မတို့ရဲ့ နေ့ရက်တွေက အခုချိန်ကစပြီး ပိုကောင်းဖို့ပဲရှိတော့တယ်  



ဖူကျန့်ယိ တစ်ယောက်တည်းအူတက်နေချိန်တွင် အဖိုးဝမ်ကတော့ ဒေါသထွက်နေခဲ့သည်။သူသည် လောင်ကျန်းနှင့် စစ်တုရင်ကစားပွဲအချို့ကို ကျော်ဖြတ်ကာ ငါးပေါင်းကို နိုင်ကြေးအဖြစ် ရရှိခဲ့ခြင်းပင်။


လောင်ကျန်းပြောပြဖူးသောယုံတမ်းစကားတစ်ခုရှိသည်။မွေးနေ့၌ ကံကောင်းသောသူတစ်ဦးထံမှ ပန်းကန်တစ်ပြားစာအပြည့်ဖြစ်သောငါးကိုရလျှင် လက်ခံသူမွေးနေ့ရှင်သည်လည်း ပေးအပ်သူကဲ့သို့ပင် ကံကောင်းလာနိုင်သည်ဟူ၍ပင်။


လောင်ကျန်းမှာ သားသမီးနှင့် မြေးများဝန်းရံနေသည်ဖြစ်ရာ သူ့ထက်ပိုမိုကံကောင်းသည်ဟု အဖိုးဝမ်တစ်ယောက် ခံစားနေခဲ့ရသည်။


လောင်ကျန်းအား စစ်တုရင်နိုင်ပြီး ငါးပေါင်းချက်ပြုတ်ခိုင်းရန်မှာ မလွယ်ကူသောအရေးဖြစ်သည့်ကြားထဲကပင် သကောင့်သားက သူ့ထက်အရင်လက်ဦးအောင် အကုန်စားပစ်လေပြီ။


ဒေါသမထွက်ဘဲနေနိုင်ပါတော့မည်လော။


ထို့အပြင် အဖိုးဝမ်မှာ အကြောင်းရင်းကိုလည်း ဖွင့်ထုတ်၍ပြောမပြနိုင်ရှာပေ။သူသည် ရှေးရိုးအယူသီးမှုအား ယုံကြည်သည်ဟူ၍ အခြားသူများကို မထင်စေချင်သောကြောင့်ဖြစ်သည်။


ဝမ်ရူကွေ့မှာ သူ၏တစ်သက်တာလုံးတွင် ဤမျှလောက် အထိ မရှက်ရွံ့ခဲ့ရဖူးပေ။

သူသည် အဘိုးဖြစ်သူအား ထုံရွှယ်လူက ငါးပေါင်းပို့လိုက်ကြောင်း မသိစေချင်သည့်အတွက် အကုန်စားပစ်ကာ လက်စ‌ဖျောက်လိုက်ခြင်းပင်။

မဟုတ်လျှင် ဤသည်ကို အကြောင်းပြု၍ မြက်နုအကြောင်းအား တရစပ်ပြောနေမည်သာဖြစ်သည်။

ထို့ပြင် သူနှင့် ထုံရွှယ်လူမှာ အမှန်တကယ်တွဲနေကြခြင်းမဟုတ်သည့်အတွက် တစ်ဖက်မိန်းကလေး၏ဂုဏ်သိက္ခာ ထိခိုက်မည်ကိုလည်း စိုးရိမ်မိသည်။


ငါးတစ်ကောင်လုံးအား စားပြီးသမျှကာလပတ်လုံး ငါးပေါင်းအား မျက်မြင်ကိုယ်တွေ့မရှိခဲ့သောအဘိုးဖြစ်သူမှာလည်း မည်သည်ကိုမှ မေးမြန်းလာမည်မဟုတ်ပေ။

ဖူကျန့်ယိနှင့်မျှဝေစားရန်ကိုတော့ တွေးပင်မတွေးမိခဲ့ပါ။


ထိုငါးပေါင်းမှာ ထုံရွှယ်လူ့ထံမှမဟုတ်ဘဲ လောင်ကျန်းကိုယ်တိုင်လုပ်ပေးလိုက်သောငါးပေါင်းဖြစ်သည်ဟူ၍ လုံးဝ မထင်ထားမိခဲ့ပေ။အခြေအနေမှာ အနည်းငယ် ကသိကအောက်ဆန်လွန်းသည်။

ဝမ်ရူကွေ့က တစ်ယောက်တည်း အူတက်နေဆဲဖြစ်သောဖူကျန့်ယိအား တစ်ချက်ကြည့်ကာ လည်ချောင်းရှင်းလိုက်ပြီး " ကျွန်တော်ပြန်လုပ်ပေးမယ် အဘိုး ... " ဟု ပြောလိုက်သည်။


" လောင်ကျန်းဆီကငါးပေါင်းပဲ လိုချင်တာ ... "

အဖိုးဝမ်က ကျယ်လောင်စွာအော်ဟစ်ပြီး မတ်တပ်ထရပ်လိုက်လေ၏။


" ရှောင်ဇုန်း ... ငါမှတ်မိသလောက်တော့ လောင်ကျန်းက ဒီနေ့ ငါးတွေအများကြီးဖမ်းမိလာတယ် ...သူ့မှာ ‌တစ်ကောင်လောက်ကျန်သေးလား သွားမေးချေ ... နောက်တစ်ကောင် ထပ်‌ပေါင်းခိုင်းလိုက် ... "


 ဝမ်ရူကွေ့, "……"


အမှန်အတိုင်းပြောရလျှင် အဘိုးကျန်း၏ဟင်းချက်လက်ရာက ထိုမျှလောက်အထိလည်း ပြောင်မြောက်မနေချေ။ကနဦးက သူစားခဲ့သော ငါးပေါင်းသည်ပင်လျှင် ကောင်းကောင်းမကျက်သေးသောအစိတ်အပိုင်းများရှိ‌နေသည်။ထို့ကြားထဲမှ အဘိုးဖြစ်သူက လောင်ကျန်းကိုယ်တိုင်ပေါင်းထားသောငါးအား အဘယ်ကြောင့် တမ်းတမ်းစွဲဖြစ်နေမှန်း နားမလည်နိုင်တော့ပေ။


အဖိုးဝမ်က အလျင်အမြန်ထကာ ဦးလေးဇုန်းနှင့်အတူ လောင်ကျန်းထံသို့ သွားရောက်ခဲ့သည်။အိမ်တွင် ဖူကျန့်ယိ တစ်ဦးတည်းသာ ဝမ်ရူကွေ့နှင့်အတူကျန်ရစ်ခဲ့ပြီးဧည့်ခန်းထဲ၌ ရယ်မောသံဖြင့်ပြည့်နှက်နေလေ၏။

 

ဝမ်ရူကွေ့က ဖူကျန့်ယိကိုကြည့်ကာ " ရဲဘော်ထုံ့အကြောင်း လျှောက်မဖွနဲ့ ... " ဟုပြောလိုက်သည်။


ဖူကျန့်ယိမှာ မျက်လုံးထောင့်များမှ မျက်ရည်များကို သုတ်နေခဲ့လေ၏။

" ဒီနေ့က အဖိုးဝမ်ရဲ့မွေးနေ့ဆိုတာကို မင်းက ပြောပြထားလို့ သူက ပို့တယ်လို့ ထင်နေတာ ... "


စားပွဲပေါ်ရှိ ပန်းကန်တစ်လုံးထံ လှမ်းနေသောဝမ်ရူကွေ့၏လက်က လေထဲ၌ ရပ်တန့်သွားတော့သည်။ 


" ငါက မင်းပြောလိုက်တယ် ထင်နေတာ ... "


" ငါ သူ့ကို ဒီလိုကိစ္စတွေ မပြောပါဘူး ... ထားပါတော့ ... ဘယ်လောက်ပျော်စရာကောင်းလိုက်တဲ့ တိုက်ဆိုင်မှုလဲ ...  ဒါပေမဲ့လည်း တစ်ယောက်တည်းအကုန်စားပစ်လိုက်လို့ ဘယ်ဖြစ်မလဲကွ .... အရသာဘယ်လိုနေလဲ ... "


ဝမ်ရူကွေ့က အသံထွက်မလာချေ။

ဖူကျန့်ယိက ဝမ်ရူကွေ့အား အပေါ်အောက်တစ်ချက်ကြည့်လိုက်ပြီး ဆက်လက်ပြောလာပြန်သည်။

" အစတုန်းကတော့ ရဲဘော်ထုံကပဲ မင်းကိုစိတ်ဝင်စားတယ်ထင်နေတာ ... အခုမြင်ရသလောက်တော့ မင်းကတောင် သူ့ကို ပိုစိတ်ဝင်စားနေသလိုပဲ ..."


  ဝမ်ရူကွေ့၏ မျက်ခွံများ အနည်းငယ် လှုပ်ခတ်သွားလေ၏။ယင်းနောက်တွင် သူက အေးစက်စွာ ပြောလာခဲ့သည်။

" မင်းငါ့ဆီက ပိုက်ဆံချေးထားတာ မင်းအဖေ မသိဘူးမလား ... "


ဦးတည်ရာက ချက်ကောင်းကို ထိမိလွန်းသည်။

ဖူကျန့်ယိက စက္ကန့်အနည်းငယ်အတွင်းမှာပင် နောက်ပြန်ဆုတ်သွားပြီး စကားလမ်းကြောင်းလွှဲသွားတော့သည်။


" ငါက အရေးမပါတာတွေ ပြောနေမိတာပဲ ဟဲဟဲ ... ငါတို့အဘိုးကြီးကို ပေးသိလို့မဖြစ်ဘူးနော် ငါ့ကောင် ... ငါတကယ် ခြေထောက်ရိုက်ချိုးခံရလိမ့်မယ် ... "


ဝမ်ရူကွေ့က ထိုစကားနှင့်စပ်လျဉ်း၍ မည်သည့်မှတ်ချက်ကိုမှ မပေးခဲ့ချေ။ခေတ္တကြာသောအခါ သူက 

ဖူကျန့်ယိအား ထုံရွှယ်လူ၏အကြောင်းကို မေးမြန်းခဲ့သည်။

"  သူက ဘာလို့ ရဲစခန်း ထပ်ရောက်လာတာလဲ ... ထုံမိသားစုနဲ့ ကိစ္စတွေ ပြေလည်သွားပြီ ထင်နေတာ "


" ဟုတ်တယ် ... စခန်းလာရတာ သဘောတွေ့နေတဲ့ပုံပဲ ... အခုတစ်ကြိမ်က ထုံမိသားစုနဲ့ကိစ္စမဟုတ်ဘူး ... မိန်းကလေးတစ်ယောက်က ခင်ပွန်းနဲ့ယောက္ခမဆီကနေ အိမ်တွင်းအကြမ်းဖက်ခံရတာ ... သူက အဲဒီအမှုရဲ့သက်သေအဖြစ်လာတာ ... "


" အဲမိန်းကလေး ရဲဘော်ထုံကို တကယ်ကျေးဇူးတင်သင့်တယ် ... အစတုန်းက သူ့ခင်ပွန်းနဲ့ယောက္ခမက ထောင်ဒဏ် ၂-၃ နှစ်လောက်ပဲ ကျမဲ့အခြေအနေလေ ... ရဲဘော်ထုံက အိမ်နီးချင်းတွေကို သက်သေလိုက်ပေးဖို့ စည်းရုံးလာဝောာ့ ထောင်ဒဏ်က ၅-၆နှစ်အထိ တိုးသွားတယ် ... "


ထုံရွှယ်လူမှာ အခြားသူများအား စည်းရုံးသိမ်းသွင်းရန် ကြံစည်နေခဲ့ခြင်းဖြစ်သည်။


သူမပြောနေသည်ကို ကြားလိုက်ချိန်တွင် ဝမ်ရူကွေ့မှာလည်း အနည်းငယ်ရိပ်စားမိခဲ့လေ၏။ထို့ကြောင့်ပင် အထဲသို့ဝင်သွားပြီး အဘယ်ကြောင့် လိမ်ညာပြောဆိုကြောင်း မေးခွန်းမထုတ်ခဲ့ခြင်းပင်။


ယခုတွင် သူမသည် အခြားသူများကို ကူညီရန် လိမ်ညာခဲ့မှန်း သေသေချာချာသိလိုက်ရသည့်အတွက် ကျန်ရှိနေသော သံသယများလည်း ပျောက်ကွယ်သွားခဲ့သည်။


ကမ္ဘာပေါ်ရှိ လူအများစုသည် ဒုက္ခများကို ရှောင်ရှားလိုကြပြီး မိမိမဟုတ်သည့်အခြားသူများ၏ ဆင်းရဲဒုက္ခအပေါင်းအား လျစ်လျူရှုရန်သာ ရွေးချယ်တတ်ကြသည်။သို့သော်လည်း ထုံရွှယ်လူက သူမကိုယ်တိုင်သက်သေအဖြစ် သတ္တိရှိရှိရပ်တည်ပြီး အခြားသူများကိုလည်း အလားတူပြုလုပ်ရန် သိမ်းသွင်းနိုင်ခဲ့ခြင်းနှင့်ယှဉ်လျှင် အဖြူရောင်မုသားမှာ ပိုမိုမှေးမှိန်သွားလေ၏။

 “ကျွန်မရည်းစားရဲ့ မျိုးရိုးနာမည်က ဝမ်” ဟူသော ထုံရွှယ်လူ၏စကားလုံးများက ဝမ်ရူကွေ့ ရင်ထဲသို့ ထိမှန်သွားပြီး မီးရောင်အောက်တွင် ဝမ်ရူကွေ့၏နားရွက်ဖျားများက နီရဲလာတော့သည်။


 ***


ထုံရွှယ်လူသည် နောက်တစ်နေ့တွင် ပုံမှန်အတိုင်း အထည်ချုပ်စက်ရုံသို့ အလုပ်သွားခဲ့သည်။သူမ၏ ယခင်လိမ်ညာမှုများနှင့် ကိုက်ညီစေရန်အတွက် ထုံရွှယ်လူမှာ နှဖူးကို ဆံမြိတ်ဖြင့် ဖုံးအုပ်ထားလေ၏။


ထုံကျားမင်မှလွဲ၍ အလုပ်ပြောင်းတော့မည့်အကြောင်းအား ပြောပြထားသူမရှိပေ။နောက်ဆုံးတွင် ရှုမိသားစုသည် သူမအား ပြန်ဆပ်ရန် ငွေအလုံအလောက်ရနိုင်ခဲ့ပြီး ကျိုးဖန်သည်လည်း အလုပ်စဝင်ခဲ့သည်။


ထုံရွှယ်လူသည် ပေဟယ်မှအုပ်စုနှင့် ပြန်လိုက်မသွားရသောအကြောင်းအရင်းအား အိမ်ရာ၌နေထိုင်သူအများစုက နားလည်ကြသော်လည်း အချို့ကတော့ ခါးသီးကြသည်။


ရှုမိသားစုမှာ ထုံရွှယ်လူ့ထံ၌ ကြီးကြီးမားမားကျေးဇူးကြွေးတင်နေသည်ဟု ခံစားခဲ့ကြရပြီး သူမအတွက် တစ်ချိန်လုံး ရပ်တည်ပြောဆိုပေးခဲ့သည်။အမေရှုသည် ယုတ္တိမတန်သောသူအတွက် ပထမဆုံးမျက်ရည်ကျပေးသူဖြစ်လာသည်။

ထို့ကြောင့် ထုံရွှယ်လူ လက်တစ်ချောင်းပင် ပင့်တင်စရာမလိုဘဲ အိမ်ရာတွင်းရှိ ကောလာဟလများအားလုံး ပျောက်ကွယ်သွားခဲ့သည်။


တစ်ပတ်ခန့်အကြာ ပင်ပန်းလွန်းသဖြင့် ပြဿနာတက်တော့မည်ဟု ထုံရွှယ်လူ အတွေးပေါက်နေချိန်တွင်စုရှူယင်က အကြောင်းပြန်လာလေ၏။


ဟဲပေါင်ကန်းတို့သားအမိမှာ မိန်းမငယ်တစ်ဦးအား ကိုယ်ထိလက်ရောက်အနိုင်ကျင့်နှိပ်စက်မှုအတွက်ထောင်ဒဏ် ၅ နှစ် ကျသင့်ခဲ့ပြီး ရက်အနည်းငယ်အတွင်း ပြန်လည်ပြုပြင်ရေးရန်အတွက် အချုပ်ထောင်သို့ ပို့ဆောင်ခံရမည်ဖြစ်သည်။


စုရှူယင်သည် ခင်ပွန်းဖြစ်သူနှင့် ယောက္ခမတို့အား တိုင်ချက်ဖွင့်ရန် ဆုံးဖြတ်လိုက်သည့်အချိန်ကတည်းက သမီးဖြစ်သူနှင့်အတူ မိသားစုထံပြန်သွားခဲ့သည်။ရဲစခန်းမှ ထွက်လာပြီးကတည်းက သူမသည် နေအိမ်သို့ မပြန်ခဲ့ဘဲ မိဘများ၏နေရာသို့ ပြန်သွားခဲ့ခြင်းပင်။


မျက်နှာ၌ဒဏ်ရာဒဏ်ချက်အပြည့်ဖြင့် ပြန်လာသောစုရှူယင်ကိုတွေ့သောအခါ မိသားစုဝင်အားလုံးက ဒေါသထွက်ကြပြီး ဟဲပေါင်ကန်းမှာ တိရိစ္ဆာန်ကောင်ဖြစ်ကြောင်း ဆိုကြသည်။သို့သော်လည်း မည်သူကမှ ကွာရှင်းသင့်ကြောင်းစကားမဟသကဲ့သို့ သူမဘက်တွင် ရပ်တည်ပေးမည်ဟူ၍လည်း မပြောခဲ့ကြပေ။


စုရှူယင်မှာ စိတ်ပျက်အားငယ်မှုကို ခံစားခဲ့ရသော်လည်း တစ်နည်းမဟုတ်တစ်နည်းဖြင့် မိသားစုနှင့် ဆက်ဆံရေးအား ထိန်းသိမ်းထားရန် လိုအပ်လေသည်။

အကယ်၍သာ ဒေါသတကြီးတုံ့ပြန်လိုက်ပြီး မိသားစုနှင့် ဆက်ဆံရေး ပြတ်တောက်သွားပါက မြို့တော်တွင် ဆက်ရှိနိုင်တော့မည်မဟုတ်ချေ။


ထို့နောက် စုရှူယင်သည် ဟဲပေါင်ကန်းနှင့် ယောက္ခမဖြစ်သူတို့အား မည်သို့တိုင်ချက်ဖွင့်ခဲ့ကြောင်းမိသားစုထံ အသိပေးခဲ့သည်။မျှော်လင့်ထားသည့်အတိုင်းပင် သူမ၏မိသားစုက ချက်ချင်း ပေါက်ကွဲသွားခဲ့ကြပြီး လက်ညိုးငေါက်ငေါက်ထိုးကာ အမှုကိုချက်ချင်းပြန်ပိတ်သိမ်းရန် တွန်းအားပေးလာကြသည်။


စုရှူယင်မှာ မိသားစုဝင်များအား ရုပ်တည်ဖြင့်ကြည့်ရှုနေခဲ့ပြီးနောက်တွင်  ဟဲပေါင်ကန်း၏အလုပ်ရာထူးနေရာကို သူမ၏တူလတ်ဖြစ်သူထံ လွှဲပြောင်းပေးမည့် စိတ်ကူးအား ပြောပြခဲ့လေသည်။


လေထုမှာ မြင်မကောင်းလောင်အောင် တိတ်ဆိတ်ငြိမ်သက်သွားလေ၏။ဝမ်းနည်းစရာကောင်းလောက်အောင်ပင်။


မိသားစု၏သဘောထားက လုံးဝပြောင်းလဲသွားကာ ဟဲပေါင်ကန်းတို့သားအမိမှာ တိရစ္ဆာန်များဖြစ်ပြီး သူမ၏နောက်တွင် အပြည့်အဝရပ်တည်ပေးပါ့မည်ဟု ဆိုလာကြသည်။စုရှူယင်သည် စိတ်ထဲတွင် လှောင်ရယ်နေခဲ့သော်လည်း ထိုအရာကို မျက်နှာတွင် မဖော်ပြခဲ့ပေ။


နောက်ဆုံးတွင် စုရှူယင်သည် သတ္တုစက်ရုံမှ လွှဲပြောင်းခြင်းလုပ်ငန်းစဉ်ကို အပြီးသတ်ရန်အတွက်မိသားစုဝင်များနှင့်အတူ သွားရောက်ခဲ့သည်။

စုရှူယင်မှာ ဟဲပေါင်ကန်းနှင့်ယောက္ခမတို့အား တိုင်ချက်ဖွင့်ပြီး ဟဲပေါင်ကန်း၏ရာထူးကိုလည်း တူဖြစ်သူထံ လွှဲပေးလိုက်ကြောင်း သိရှိသွားသောအခါ သတ္တုစက်ရုံရှိဝန်ထမ်းများအားလုံး အံ့အားသင့်သွားခဲ့ကြသည်။


တုန်လှုပ်ချောက်ချားမှုမှ ကျော်လွန်ပြီးနောက်တွင် လူတိုင်းက စုရှူယင်အား မလျော်မကန်ပြုသည်ဟု စွပ်စွဲလာကြသည်။အထူးသဖြင့် ဟဲပေါင်ကန်း၏ဆွေမျိုးများက  အင်္ကျီလက်များကိုခေါက်တင်ကာ စုရှူယင်အား အကြမ်းဖက်လုဆဲဆဲဖြစ်လာကြလေ၏။


ဤတစ်ကြိမ်တွင်မူ စုရှူယင်မှာ သူမဘာသာသူမ ခုခံရန်မလိုအပ်တော့ချေ။သူမ၏မိသားစုဝင်များက အရှေ့မှအမြန်ထရပ်ကာ ထိုသူများကို ပြန်အော်ဟစ်ပြီး ရဲတိုင်မည်ဟုပင် ဆိုလာကြသည်။ဟဲပေါင်ကန်းအား စံနမူနာထား၍ အခြားသူများ ချက်ချင်းခြိမ်းခြောက်ခံလိုက်ရသည်။


စုရှူယင်မှာ မိသားစုက သူမအတွက် ရပ်တည်ပေးသည့်တိုင် ထူးထူးခြားခြား ခံစားချက်မျိုးမရှိပေ။


လုပ်ငန်းစဉ်ပြီးဆုံးပြီး နောက်တစ်နေ့တွင် သူမသည် သစ်သီးသကြားလုံးများနှင့် သရေစာအချို့ကိုဝယ်ယူပြီး ထုံရွှယ်လူ့ထံသို့ သွားရောက်ခဲ့သည်။