အပိုင်း ၄၈
Viewers 21k

Chapter 48

 - ရဲဘော်ထုံပြောတာမှန်တယ် ကျွန်မတို့ရဲ့ နေ့ရက်တွေက အခုချိန်ကစပြီး ပိုကောင်းဖို့ပဲရှိတော့တယ် (၂)



စုရှူယင်မှာ ထုံရွှယ်လူ နေ့လည်စာစားပြီးပြီးချင်းမှာပင် အချိန်ကိုက်ရောက်ရှိလာသည်။


စုရှူယင်ကိုတွေ့သောအခါ ထုံရွှယ်လူ၏မျက်ဝန်းများက တောက်ပသွားလေ၏။


" ရဲဘော်စု ... ဒီအထိရောက်လာတယ် ... "


စုရှူယင်အား နောက်ဆုံးတွေ့ရသည်မှာ တစ်ပတ်ရှိ‌ခဲ့လေပြီ။သူမ၏ဒဏ်ရာများမှာလည်း သိသိသာသာ ပျောက်ကွယ်သွားခဲ့ပြီး စုရှူယင်သည် ယခင်ကထက် ပိုမိုသပ်သပ်ရပ်ရပ်ဖြစ်နေသည်။အနည်းငယ်ပိန်လျနေသေးသော်လည်း အခြေအနေကောင်းပုံပင်။


စုရှူယင်က သစ်သီးသကြားလုံးများနှင့် အဆာပြေမုန့်များကို ပေးအပ်ပြီး " စီရင်ချက်ချပြီးသွားပြီ ... " ဟု ဆိုလာသည်။


စီရင်ချက်မပြီးမချင်း စုရှူယင်တစ်ယောက် ရတတ်မအေးဖြစ်နေခဲ့လေ၏။အကြောင်းမှာ သူမသည် ထုံရွှယ်လူနှင့် ရာထူးနေရာပြောင်းရန် နှောင့်နှေးနေသောကြောင့်ဖြစ်သည်။ထုံရွှယ်လူအား သူမ၏အရှုပ်များထဲသို့ ဆွဲထည့်မိမည်ကိုလည်း စိုးရိမ်သောကြောင့် စီရင်ချက်အပြီးသတ်ချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်းပင်။ယခုတွင်မူ စီရင်ချက်ချပြီးသည့်အပြင် ဟဲပေါင်ကန်းနှင့်လည်း ကွာရှင်းပြတ်စဲပြီးသွားသဖြင့် စုရှူယင်တစ်ယောက် လွတ်မြောက်သွားသလို ခံစားနေရသည်။


ထုံရွှယ်လူက စုရှူယင် ယူဆောင်လာသည်များကိုကြည့်ရှုပြီး " ယူမလာလည်းရတာကို ... " ဟု ယဉ်ကျေးစွာ ပြောကြားလိုက်သည်။


" မဟုတ်တာပဲ ... ယူလာသင့်တာပေါ့ ... ကျွန်မကိုအများကြီးကူညီပေးခဲ့တာပဲကို .... "

စုရှူယင်က ပြုံးလျက်ဆိုလာခဲ့ပြီး ထို့နောက်တွင် အိမ်တွင်းရှိ အခြားကလေးသုံးယောက်ကို သတိပြုမိသွားတော့လေ၏။


" ရဲဘော်ထုံရဲ့မောင်နှမတွေလား ... "


"  ဟုတ်တယ် ... မောင်နှစ်ယောက်နဲ့ ညီမလေးတစ်ယောက်ရှိတယ်လေ ... "


ထုံရွှယ်လူက ခေါင်းညိတ်လျက်ပြန်ဖြေခဲ့ချိန်တွင် ထုံကျားမင်နှင့်အခြားသူများမှာ စုရှူယင်အား စေ့စေ့ကြည့်ရှုနေခဲ့ကြသည်။ထိုထဲတွင် ချစ်စရာအကောင်းဆုံးမှာ ထုံမျန်မျန်ပင် ဖြစ်သည်။

ပေါင်မုန့်လုံးလေးက ခြေထောက်တိုတိုတုတ်တုတ်‌လေးများဖြင့် ယက်ကန်ယက်ကန်ပြေးလာခဲ့ပြီး ခေါင်းကို မော့ကာ ချစ်စဖွယ်ကောင်းစွာနှုတ်ဆက်စကားဆိုလာလေ၏။

" မင်္ဂလာပါ မမကြီး ... သမီးက မမရဲ့ညီမလေးပါ ... သမီးနာမည်က ထုံမျန်မျန်လို့ခေါ်ပါတယ် .. အသက်သုံးနှစ်ရှိပါပြီ ... "


ထုံမျန်မျန်က လက်လေးချောင်းထောင်ပြကာ အားပါးတရပြောဆိုနေခဲ့သည်။ထိုမြင်ကွင်းမှာ အလွန်ချစ်စဖွယ်ကောင်းပြီး စုရှူယင်၏နှလုံးသားကို အရည်ပျော်သွားစေခဲ့လေ၏။

စုရှူယင်က သူမ၏သမီးနှင့် အသက်မတိမ်းမယိမ်းဖြစ်သောထုံမျန်မျန့်ကို ပြုံးလျက်ကြည့်ရှုကာ လက်တစ်ဆုပ်စာသကြားလုံးများအား ကမ်းပေးလိုက်တော့သည်။


" လိမ္မာလိုက်တဲ့ကလေးလေး ... ရော့ ... သကြားလုံးယူနော် ... "

 

ထုံမျန်မျန်က သကြားလုံးများအား ချက်ချင်းလက်မခံသေးဘဲ ထုံရွှယ်လူ့အား တောက်ပသောမျက်ဝန်းများဖြင့် ဦးစွာမော့ကြည့်လိုက်သည်။

ထိုအခါ ထုံရွှယ်လူက ပေါင်မုန့်လုံးလေး၏ဦးခေါင်းကို ခပ်ဖွဖွပွတ်သပ်ပေးပြီး " ရပါတယ် ... ယူလိုက်နော် ... " ဟု ပြောလိုက်သည်။


ထုံမျန်မျန်က ‌ပါးချိုင့်လေးများပေါ်လာသည်အထိ ပြုံးလာခဲ့ပြီး စုရှူယင်ထံမှ သကြားလုံးများကို လက်ခံခဲ့သည်။

" ကျေးဇူးတင်ပါတယ် မမကြီး ... မျန်မျန့်ရဲ့လက်တွေက သေးလို့လေ ... မျန်မျန့်အိတ်ကပ်ထဲ ထည့်ပေးပါလားဟင် ... "


နောက်ဆုံး၌ ထုံရွှယ်လူ‌တစ်ယောက် အသံထွက်၍ ရယ်မောမိသွားတော့၏။ပေါင်မုန့်လုံးလေးမှာ ဉာဏ်ကောင်းလွန်းပြီး သကြားလုံးများကအိတ်ကပ်ထဲတွင် ပိုမိုဆံ့ဝင်နိုင်ကြောင်း ကောင်းကောင်းနားလည်နေသည်။


စုရှူယင်၏အပြုံးက ပိုမိုနက်ရှိုင်းလာခဲ့ပြီး သူမက ထုံမျန်မျန်၏ အိတ်ကပ်နှစ်ဖက်စလုံးကို သကြားလုံးများဖြင့် ဖြည့်ပေးလိုက်သည်။ထို့နောက်တွင်မူ သူမက ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား သကြားလုံးလက်တစ်ဆုပ်စာစီ ပေးအပ်ခဲ့လေ၏။

ညီအစ်ကိုနှစ်ယောက်က စုရှူယင်အား ရှက်ရွံ့နေဟန်ဖြင့် ကျေးဇူးတင်စကားဆိုကာ ထုံမျန်မျန်နှင့်အတူ ထွက်ခွာသွားခဲ့ကြသည်။


ထုံရွှယ်လူက စုရှူယင်အား တစ်နေရာတွင်ဝင်ထိုင်စေပြီး ရေတစ်ခွက်ငှဲ့ပေးလိုက်သည်။

" အားလုံးပြေလည်သွားပြီလား ... "


စုရှူယင်က ရေတစ်ငုံသောက်လိုက်ပြီးနောက် နှုတ်ခမ်းထောင့်များအား လက်ခုံဖြင့်ခပ်ဖွဖွပွတ်သပ်လိုက်လေ၏။


" အကုန်ပြီးသွားပါပြီ  စီရင်ချက်လည်းချပြီးပြီ ... ကွာရှင်းတာလည်းပြီးသွားပြီ ... ကျွန်မမိဘတွေကလည်း သမီးလေးကို ပြုစုစောင့်ရှောက်ဖို့ သဘောတူကြတယ်လေ ... "


သူမ၏မိဘများအကြောင်းပြောဆိုချိန်တွင် စုရှူယင်ထံမှ ရွဲ့စောင်းခနဲ့သောအမူအရာအား ထုံရွှယ်လူ သတိပြုမိသည်။သို့သော်လည်း သူမသည် ရှည်ရှည်ဝေးဝေး လိုက်လံစပ်စုမနေခဲ့ပေ။


စုရှူယင်က အိမ်ထဲသို့ဝေ့ဝိုက်ကြည့်ရှုပြီး " မိဘတွေကို မတွေ့မိဘူးနော် ... အပြင်သွားကြတာလား .... " ဟု မေးမြန်းလာသည်။


" အရင်လတွေကပဲ ကားမှောက်ပြီးဆုံးပါးသွားကြပါပြီ ... "


" အာ ... တောင်းပန်ပါတယ် .... ဒီလိုမှန်း မသိခဲ့ဘူး ... "


ထိုအခါ ထုံရွှယ်လူက လက်ခါပြလိုက်ရင်း  " ကိစ္စမရှိပါဘူး ... စိတ်ထဲမထားပါနဲ့ ... ဪ ဟုတ်သားပဲ ... အရင်က ပြောခဲ့တာတွေက ကျွန်မရဲ့မွေးစားမိဘတွေပါ ... " ဟု စကားလမ်းကြောင်းလွှဲလိုက်သည်။

 

ထို့နောက်တွင် ထုံရွှယ်လူသည် သူမဘဝဖြစ်ကြောင်းကုန်စင်ကို စုရှူယင်အား အကျဉ်းချုံးပြောပြခဲ့လေ၏။

စကားဆုံးသည်အထိ နားထောင်ပြီးနောက်တွင် စုရှူယင်က သက်ပြင်းအရှည်ကြီးချလိုက်တော့သည်။


" ရဲဘော်ထုံရဲ့ဘဝကလည်း ကြမ်းတမ်းခဲ့တာပဲ ... "


ထုံရွှယ်လူ၏ဝတ်စားဆင်ယင်ပုံ ၊ ကောင်းမွန်သောစိတ်နေစိတ်ထားနှင့် ချောမောလှပသည့် အသွင်သဏ္ဌာန်တို့အရ သူမသည် ဘဝတစ်လျှောက်လုံးထွေးပွေ့ခံလာရသူဖြစ်ကြောင်း စုရှူယင် အတွေးပေါက်ခဲ့သည်။

သို့သော်လည်း  သူမ၏ဇာတ်လမ်းက မျှော်လင့်ထားသည်ထက်ပင် များစွာဆိုးရွားသေးလေ၏။

 သူမ၏မွေးချင်းများ အားလုံးမှာလည်း ငယ်ရွယ်ကြပြီး မိသားစုတစ်ခုလုံး၏ဝန်ကို ထမ်းပိုးထားရသည်က လွယ်ကူမည်တော့မဟုတ်ချေ။


ထုံရွှယ်လူမှာ စုရှူယင်၏သူမအပေါ်သနားစာနာနေမှုအား ခံစားမိပုံမပေါ်ဘဲ အားပေးစကားဆိုလာလေသည်။

" ရဲဘော်စု ...ကြံ့ကြံ့ခံထားပါ ... ကျွန်မတို့ပါတီရဲ့ လမ်းညွှန်မှုအောက်မှာ ကျွန်မတို့ရဲ့နေ့ရက်တွေ ပိုကောင်းလာလိမ့်မယ် ... " 


၂နှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများဖြစ်ပေါ်လာပြီး

ပွင့်လင်းမြင်သာမှုရှိလာတော့ပေမည်။ထိုအချိန်တွင် နိုင်ငံ့စီးပွားရေးက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာကာ လူတိုင်း၏ဘဝသည်လည်း ကြောက်ခမန်းလိလိ တိုးတက်လာမည်ဖြစ်သည်။

ထုံရွှယ်လူတစ်ယောက် ထိုနေ့ရက်များအား စောင့်မျှော်နေမိပေသည်။


ထုံရွှယ်လူ၏ယုံကြည်မှုပြည့်ဝသောအပြုံးကို မြင်လိုက်ရချိန်တွင် စုရှူယင်သည်လည်း အားတက်သွားလေ၏။

" ရဲဘော်ထုံပြောတာ ... မှန်တယ် ... ကျွန်မတို့ရဲ့ နေ့ရက်တွေက အခုချိန်ကစပြီး ပိုကောင်းလာဖို့ပဲရှိတော့တယ် ... " 


နှစ်ဦးသား နေ့ခင်းတစ်ထောက်နားချိန်ပြီးဆုံးသည်အထိ စကားစမြည်ပြောခဲ့ကြပြီး နောက်ဆုံးတွင် ထုံရွှယ်လူသည် စုရှူယင်နှင့်အတူ စက်ရုံသို့သွားရောက်ခဲ့သည်။


စက်ရုံသို့ ရောက်ပြီးနောက် ထုံရွှယ်လူသည် မန်နေဂျာမာရှိရာသို့ တန်းတန်းမတ်မတ်သွားကာ စုရှူယင်နှင့်အလုပ်နေရာလဲလှယ်လိုကြောင်း ပြောပြခဲ့သည်။

ထိုစကားကိုကြားသောအခါ မန်နေဂျာမာတစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေ၏။


" ထွက်သွားတော့မလို့လား ရွှယ်လူ ... ဘယ်ချိန်ကတည်းက စီစဉ်ထားတာလဲ ... "


" ဒီဘက်ကိုပြောင်းလာချင်တဲ့ အစ်မတစ်ယောက်နဲ့ဆုံခဲ့တာ ... သူက မြို့ထဲမှာ အလုပ်ဆက်လုပ်ဖို့အဆင်မပြေတော့တာမလို့ အလုပ်နေရာလဲဖို့ပြောခဲ့ကြတာပါ ... "


ဤသည်မှာ စုရှူယင်နှင့်ထုံရွှယ်လူတို့၏နှစ်ဦး  သဘောတူညီထားခဲ့သောဇာတ်ကြောင်းပင်။စုရှူယင်၏ခင်ပွန်း သို့မဟုတ် ယောက္ခမဖြစ်သူတို့နှင့် စပ်လျဉ်းသည့်အကြောင်းအား နှစ်ဦးစလုံး တစ်ခွန်းမှ မဟခဲ့ကြပေ။


မြို့တော်မှနေ၍ ရန်ချင်းနယ်သို့ ဘတ်စ်ကားဖြင့် တစ်နာရီခန့်သာကြာမြင့်လေသည်။


" မြို့ပေါ်မှာပေါ့ ...  ဒါဆို  မောင်နှမတွေနဲ့ အတူတူပြောင်းသွားရမှာလား ...  ဟုတ်သားပဲ ... အလုပ်ကရော ဘယ်မှာလဲ ... "

 

မန်နေဂျာမာသည် ထုံရွှယ်လူ့အား အလွန်ခင်တွယ်နှစ်သက်ခဲ့ပြီး သူမထွက်ခွာတော့မည်ကို ကြားသိရသည့်အတွက် စိတ်မကောင်းဖြစ်နေလေ၏။


မန်နေဂျာမာသည် စိတ်သဘောထားပြည့်ဝသူဖြစ်သည့်အပြင် ထုံရွှယ်လူ့ကိုလည်း အမြဲကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။ထုံရွှယ်လူသည်လည်း ထွက်ခွာသွားရမည်ကို ဝမ်းနည်းတသဖြစ်မိပါသည်။


" အစိုးရပိုင်စားသောက်ဆိုင်က စားပွဲထိုးရာထူးနဲ့ လဲခဲ့တာပါ ... "

  

အလုပ်ရုံရှိသူများမှာ အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်လုပ်မည်ဟု ကြားလိုက်သောအခါတွင် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။


" ဘယ်လိုလုပ်လိုက်တာလဲ ရဲဘော်ရှောင်ထုံ ... မွေးစားမိသားစုက ကူညီပေးလိုက်တာလား ... "


" ဖြစ်နိုင်တယ် ... သူ့မွေးစားမိဘတွေက အထက်တန်းအရာရှိတွေလေ ... သူ့ကို အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်သွင်းပေးဖို့လောက်ကတော့ အသေးအမွှားပဲ ... "


" ကံကောင်းလိုက်တာ ... မနာလိုတောင်ဖြစ်မိတယ် ... "


ထုံရွှယ်လူမှာ ဤကိစ္စက သူမ၏မွေးစားမိဘများနှင့် မသက်ဆိုင်ကြောင်း ရှင်းပြခဲ့သော်လည်း မည်သူကမှ မယုံကြသည့်အတွက် ကြိုးစားပမ်းစားဆက်လက်ရှင်းပြမနေတော့ပေ။ထို့နောက်တွင် သူမသည် စက်ရုံမန်နေဂျာနှင့် တွေ့ဆုံရန် မန်နေဂျာမာနှင့် အတူလိုက်သွားခဲ့လေ၏။


ထုံရွှယ်လူ အလုပ်ပြောင်းတော့မည်ကို သိလိုက်ရသောအခါ စက်ရုံမန်နေဂျာသည်လည်း အခြားသူများကဲ့သို့ပင် ထပ်တူထပ်မျှ အံ့သြသွားသည်။


" သေချာပြီလား ... ဒီမှာနေမယ်ဆိုရင် အနည်းဆုံးတော့ နင်တို့လေးယောက်လုံးကို ငါကြည့်ထားပေးနိုင်သေးတယ် ... အဝေးကို ထွက်သွားရင် ပိုခက်ခဲလိမ့်မယ်နော် ... "


ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်လိုက်ပြီး

" ကျေးဇူးတင်ပါတယ် ... စက်ရုံမန်နေဂျာ ... ကျွန်မ ဒီကိစ္စကို သေသေချာချာတွေးပြီးမှ ဆုံးဖြတ်ခဲ့တာပါ ... ဒီအတောအတွင်း ပေးခဲ့တဲ့ အကူအညီမှန်သမျှအတွက် လည်း ကျေးဇူးတင်ပါတယ် ... " ဟု ပြောလိုက်သည်။


စက်ရုံမှ အထက်လူကြီးမန်နေဂျာများ အားလုံးမှာ ရည်မွန်သူများဖြစ်ကြပြီး ထုံတကျွင်းနှင့်ဇနီးသည်တို့ ဆုံးပါးသွားပြီးနောက်တွင် ကလေးများအား တတ်နိုင်သမျှ အကူအညီပေးခဲ့ကြသည်။

မည်သို့ပင်ဆိုပါစေ အထည်ချုပ်စက်ရုံ၌ အလုပ်လုပ်ရသည်မှာ ပင်ပန်းလွန်းလေ၏။


ထုံရွှယ်လူတစ်ယောက် စိတ်ပိုင်းဖြတ်ထားကြောင်း သိရှိလိုက်သည့်စက်ရုံမန်နေဂျာယွီမှာ ဆက်လက်၍တားမြစ်ခြင်းမပြုတော့ပေ။

နောက်ဆက်တွဲလုပ်ငန်းစဉ်က ချောမွေ့မြန်ဆန်ပြီး အထည်ချုပ်စက်ရုံဘက်၌ ကိစ္စပြီးဆုံးသွား

သည်နှင့် တစ်ပြိုင်နက် ထုံရွှယ်လူနှင့်စုရှူယင်တို့မှာလုပ်ငန်းစဉ်၏အခြားတစ်စိတ်တစ်ပိုင်းအတွက် အစိုးရပိုင်စားသောက်ဆိုင်သို့ သွားရောက်ခဲ့ကြသည်။


ထုံရွှယ်လူ ထွက်ခွာသွားသောကြောင့် ဝမ်းနည်းနေသောအထည်ချုပ်စက်ရုံမှ အလုပ်သမားများနှင့် မတူညီစွာပင် အစိုးရပိုင်စားသောက်ဆိုင်မှလူများကတော့ ဝမ်းသာအားရဖြစ်သွားကြသည်။


အထူးသဖြင့် ထန်ရှောင်ယန်ဆိုသောတစ်ယောက်က စုရှူယင်အား စူးစူးရဲရဲ မျက်လုံးများဖြင့် ကြည့်ရှုကာ လှောင်ပြောင်ခနဲ့သလိုလိုပြောလာခဲ့သည်။


" အစ်မ ရှူယင် ... အခုကိစ္စတွေကို ဆက်ပြီးမကိုင်တွယ်နိုင်တော့လို့ ထွက်သွားဖို့လုပ်တာမလား ... "

စုရှူယင်က အံကိုသာတင်းတင်းကြိတ်ထားပြီး မည်သည်ကိုမှ ပြန်မပြောပေ။

တစ်ဖက်မှ နှုတ်ဆိတ်နေသောအခါတွင် ယခင်ကတည်းက မောက်မာသောထန်ရှောင်ယန်က ပိုမိုရောင့်တက်လာတော့လေသည်။


" ဘာမှ ပြန်ပြောပုံမထောက်ရင်တော့ ဟုတ်နေတဲ့ပုံပါပဲ ... ထင်တဲ့အတိုင်းပါပဲလား ... ဟုတ်တော့လည်းဟုတ်ပါတယ် ... ကျွန်မလည်း အစ်မနေရာမှာဆိုရင် အရမ်းကို ရှက်မိမှာ ... "


" အစ်မလုပ်ခဲ့တာကို မယုံနိုင်ဘူးသိလား ... ဘာတွေတွေးနေတာလဲ အစ်မရှူယင် ... အစ်ကိုပေါင်ကန်းက ဘာတွေပဲလုပ်နေပါစေဦးတော့ သူက ရှောင်ချိုးလေးရဲ့အဖေလေ ...ဘယ်လိုများ ဒီလောက်ရက်စက်နိုင်ရတာလဲ ... "


စုရှူယင်၏မျက်နှာတွင် သွေးရောင်လွှမ်းနေပြီး တစ်ကိုယ်လုံးလည်း ဖြူဖျော့နေသည်။


ထုံရွှယ်လူမှာ ၎င်းစားပွဲထိုးမိန်းကလေးအား မှတ်မိသည်။ယခင်က စုရှူယင်အား သူမ လာရှာချိန်တွင် တွေ့ခဲ့သည့် မောက်မာခက်ထန်သောတစ်ယောက်ပင်ဖြစ်လေ၏။

သူမသည် စုရှူယင်အား အစ်မဟု အမြဲတမ်းသုံးနှုန်းနေခဲ့သည့်အတွက် ထုံရွှယ်လူမှာ သူမတို့နှစ်ယောက်က ရင်းနှီးကျွမ်းဝင်ကြသည်ဟု အထင်လွဲမှားမိခဲ့သည်။

ထန်ရှောင်ယန်အား ဤမျှလောက်အထိ ခက်ထန်မည်ဟု ထုံရွှယ်လူ ထင်မထားချေ။


မည်သို့ပင်ဆိုပါစေ ထုံရွှယ်လူ့ထံ၌ စုရှူယင်အစား တစ်စုံတစ်ရာ ဝင်ရောက်ကာကွယ်ပြောဆိုပေးရန် ရည်ရွယ်ချက်မရှိပါ။စုရှူယင်သည်လည်း အရာအရာအား ကိုယ်တိုင်ကျော်လွှားတတ်ရန် သင်ယူရပေမည်။