အပိုင်း ၄၉
Viewers 21k

Chapter 49

  - ဒါဆို မင်္ဂလာဆောင်မှာသကြားလုံးကျွေးတာကိုပဲ စောင့်နေတော့မယ် 



အစိုးရပိုင်စားသောက်ဆိုင်၏လုပ်ငန်းစဉ်မှာ အထည်ချုပ်စက်ရုံမှလုပ်ငန်းစဉ်ထက် ပိုမိုရိုးရှင်းသည်။


အစိုးရပိုင် စားသောက်ဆိုင်ရှိ စားဖိုမှူးတစ်ဦးသည် အသိအမှတ်ပြုလက်မှတ်ရရှိထားရန် လိုအပ်သော်လည်း စားပွဲထိုးရာထူးအတွက်တော့ အထူးတလည် ကန့်သတ်ထားသည်မျိုးမရှိပေ။


လိုအပ်သမျှမှာ ဆိုင်မန်နေဂျာ၏လက်မှတ်တစ်ချက်သာ ဖြစ်သည်။


စားသောက်ဆိုင်မန်နေဂျာ လျှိူတုံချန်မှာ မကြာသေးမီအချိန်ကစပြီး စုရှူယင်အား အလုပ်ထွက်စေချင်ခဲ့သည်။စားသောက်ဆိုင်၌ အကြင်နာတရားမဲ့သောအမျိုးသမီးတစ်ယောက်ရှိနေခြင်းက ဆိုင်၏နာမည်ဂုဏ်သတင်းကို ဆိုးရွားစေသည်။


ထို့ကြောင့်ပင် စုရှူယင်ထွက်ခွာတော့မည်ကို သိလိုက်ရသောအခါ သူက ချက်ချင်းပင် လိုလိုလားလား လက်မှတ်ရေးထိုးပေးခဲ့သည်။


စုရှူယင်မှာ စားသောက်ဆိုင်မှ ထွက်လာချိန်အထိ စိတ်ရှုပ်ထွေးနေပုံရလေ၏။ထို့ကြောင့်ပင် ထုံရွှယ်လူ က သူမအား ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။  "အဆင်ပြေရဲ့လား ရဲဘော်စု ... "


" ဒီလိုစကားတွေအများကြီးကြားနေရတာပဲ ... ကိစ္စမရှိပါဘူး ... ဟုတ်သားပဲ ... မြို့တော်ကိုပြောင်းလာပြီးရင် ရဲဘော်ထုံ ဘယ်မှာနေမှာလဲ ... နေရာရှာပြီးပြီလား"


ထိုအခါ ထုံရွှယ်လူက သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းပြလိုက်သည်။


" ဟင့်အင်း ... ရှာမတွေ့သေးပါဘူး ... အိမ်ရာစီမံခန့်ခွဲရေးရုံးကို သွားကြည့်ခဲ့ပေမယ့် အရောင်းတင်ထားတဲ့အိမ်တွေက အရမ်းဈေးကြီးတယ် ... ကျွန်မမှာ ပိုက်ဆံအများကြီး မရှိဘူး ... "


" လောလောဆယ် ကျွန်မအိမ်က လွတ်နေသေးတယ် ...

တခြားသွားစရာနေရာမရှိလျှင် အဲမှာ ခဏနေလို့ရပါတယ် ... ငှားခ ပေးစရာ မလိုပါဘူး ... "


ထိုအခါ ထုံရွှယ်လူက သုတ်သုတ်ပျာပျာဖြင့် လက်ခါပြလိုက်ပြီး "  အဲလို မလုပ်နိုင်ပါဘူး ... အလုပ်နေရာလဲပေးထားတာနဲ့တင် များနေပါပြီ ...  အိမ်ငှားခတော့ ပေးရမှာပေါ့ ... "  ဟု ပြောလိုက်သည်။

 လက်ရှိအခြေအနေအရ စုရှူယင်ထံမှ အိမ်ငှားရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။


ထုံမိသားစုက ကူညီပေးနိုင်သော်လည်း မည်သို့ပင်ဆိုပါစေ သူမသည် ထိုအိမ်မှ သမီးမဟုတ်တော့ချေ။

ထို့ပြင် ထုံကျန်းကျန်း၏အဖြစ်အပျက်အပြီးတွင် ထုံမိသားစုက မည်သည်ကိုမှ မပြောခဲ့သော်လည်း ထိုကိစ္စနှင့်ပတ်သက်၍ သူတို့ စိတ်မပျော်သည်မှာ သေချာသည်။


ထို့ကြောင့်ပင် ထုံရွှယ်လူသည် ၎င်းတို့ထံ အကူအညီသွားမတောင်းခဲ့ပေ။


 ***


ထုံရွှယ်လူသည် စုရှူယင်နှင့် လမ်းခွဲပြီးနောက် ကားစီးပြန်ရန် ဦးတည်သွားခဲ့သော်လည်း ဝမ်ရူကွေ့အား သတိရသွား‌သည်။


ဝမ်ရူကွေ့နှစ်သက်တတ်သည့်အရာများအား ဖူကျန့်ယိထံမှ မေးမြန်းပြီးနောက် အစားအစာအချို့ပြုလုပ်ကာ ဝမ်ရူကွေ့ထံသို့ပို့ပေးမည်ဟု တွေးထားခဲ့သည်။သို့သော်လည်း သုတေသနစင်တာ၏တည်နေရာက မြို့တွင်း၌ မဟုတ်ကြောင်း သိရှိခဲ့ရလေ၏။


ကျုံးကွမ်းမြို့သို့ရောက်ရှိရန် ရန်ချင်းနယ်မှ ကားဖြင့် ၃နာရီမှ ၄နာရီအထိ ကြာမြင့်ပြီး စောင့်ဆိုင်းချိန်ပါ ထပ်ပေါင်းထည့်လိုက်ပါက ၅ - ၆ နာရီအထိ ကြာမြင့်သွားနိုင်သည်။


ထိုခရီးတစ်လျှောက်၌ ငါးက အသက်ရှင်လျက်လိုက်ပါလာနိုင် မလာနိုင်က မသေချာသော်လည်း သူမ အမောဖောက်၍ သေသွားမည်ကတော့ ကျိန်းသေသည်။

ထို့အပြင် အချိန်လည်း များများစားစားမရရှိသဖြင့် ထိုအကြံကို စွန့်လွှတ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိပေ။


အလုပ်ကိစ္စများပြီးဆုံးပြီးနောက် အနည်းငယ် အားလပ်သဖြင့် လက်ဆောင်ပေးရန်အချိန်ကောင်းဖြစ်မည်ဟု ထုံရွှယ်လူက ကောက်ချက်ချခဲ့သည်။


ထုံရွှယ်လူမှာ ဝမ်ရူကွေ့၏မိသားစုက မြို့‌တော်ထဲတွင် ‌နေထိုင်နိုင်ကြောင်း အတွေးပေါက်သွားခဲ့၏။သို့သော်လည်း ဝမ်ရူကွေ့အိမ်ပြန်ရောက်မည့်အချိန်နှင့် အိမ်တည်နေရာတို့ကို မသိရှိသောကြောင့် ဦးစွာ ဖုန်းဆက်၍မေးမြန်းမည်ဟု ဆုံးဖြတ်လိုက်သည်။


ဤခေတ်ကာလ၌ စာတိုက်များနှင့် အလုပ်ဌာနတစ်ခုစီတွင်သာ တယ်လီဖုန်းများရှိသောကြောင့် ထုံရွှယ်လူမှာ နောက်ပြန်လှည့်ပြီး စာတိုက်ရှိရာသို့ ဦးတည်သွားခဲ့လေသည်။ဝမ်ရူကွေ့ပေးခဲ့သောဖုန်းနံပါတ်အား ယခုအချိန်ထိ သူမ မှတ်မိနေသေးသည်။


ထုံရွှယ်လူ၏ဖုန်းခေါ်ဆိုမှုအား အမျိုးသမီးတစ်ဦးက အေးစက်စက်လေသံဖြင့် ပြန်လည်ဖြေကြားလာလေ၏။


" သုတေသနစင်တာကပါ ... ဘယ်သူ့ကိုရှာနေတာလဲ မသိဘူး ... "


"  ရဲဘော်ဝမ်ရူကွေ့ ရှိလားရှင့် ... "


ထုံရွှယ်လူ၏ ပြတ်သားသော‌လေသံကိုကြားသောအခါ တစ်ဖက်အမျိုးသမီးက ခေတ္တနှုတ်ဆိတ်သွားခဲ့ပြီး “ ခဏစောင့်ပါ ... " ဟု ပြန်လည်တုံ့ပြန်ခဲ့သည်။


၅ - ၆ မိနစ်ကုန်လွန်သွားသော်လည်း ထူးခြားမလာသေးပေ။အချိန် တစ်ချက်ကြည့်လိုက်မိသောအခါ  ထုံရွယ်လူ၏နှလုံးသားထဲ၌ ဆစ်ခနဲဖြစ်သွားသည်။ 

ဖုန်းခေါ်ဆိုမှုအတွက် ကုန်ကျစရိတ်မှာ တစ်မိနစ်လျှင် ၁၀ ဆင့်ဖြစ်လေ၏။

ယခုဖုန်းချလိုက်ပြီး နောက်တစ်ကြိမ်ပြန်ခေါ်ရမည်လော ၊ ဆက်လက်စောင့်ဆိုင်းရမည်လော ဝေခွဲမရဖြစ်နေချိန်တွင် ဖုန်းတစ်ဖက်မှ နွေးထွေးသောလေသံထွက်ပေါ်လာသည်။  


" ကျွန်တော် ဝမ်ရူကွေ့ ပါ ... "


 "မင်္ဂလာပါ ရဲဘော်ဝမ် ... ကျွန်မပါ ထုံရွှယ်လူ ... "


ထုံရွှယ်လူ့အသံကိုကြားသောအခါ ဝမ်ရူကွေ့ ၏မျက်ခွံများက အနည်းငယ် လှုပ်ခတ်သွားသည်။ထိုမှတစ်ဆင့်မော့ကြည့်လိုက်သောအခါတွင် ဧည့်ခံဝန်ထမ်းမိန်းကလေးက တောင့်တောင့်ကြီးရပ်ပြီး သူ့အား စူးစိုက်ကြည့်နေသည်ကို ဝမ်ရူကွေ့ တွေ့လိုက်‌ရလေ၏။


" မင်္ဂလာပါ ရဲဘော်ထုံ ... ကျွန်တော်ကူညီပေးနိုင်တာများ ရှိလားဗျ ... "

 

" ဖုန်းချလိုက်မယ် ... ပြန်ဆက်ပေးမလားရှင့်... "


" ..... "


ဝမ်ရူကွေ့တစ်ယောက် ဆွံ့အသွားလေသည်။ယခင်က ဤလိုမေးခွန်းမျိုးအား တစ်ခါမှ မကြားဖူးခဲ့ပေ။

ခေတ္တနှုတ်ဆိတ်သွားပြီးနောက် သူက " ရပါတယ် ... " ဟု ပြန်ဖြေလိုက်သည်။


ဝမ်ရှူကွေ့၏လက်ရှိပုံစံအား စိတ်ကူးထဲတွင် ပုံဖော်ကြည့်လိုက်သောအခါတွင် ထုံရွှယ်လူ၏အပြုံးများက ပိုမိုနက်ရှိုင်းလာတော့လေသည်။


သူမတို့နှစ်ဦးသည် အချင်းချင်း အလွန်တရာရင်းနှီးသေးသောအခြေအနေမဟုတ်သဖြင့် ထုံရွှယ်လူမှာ တရားလွန်မစနောက်ရန် ဆုံးဖြတ်လိုက်လေသည်။


" နောက်ဆုံးနှစ်ခေါက်လောက်က ရဲဘော်ဝမ်က ကျွန်မကို အများကြီးကူညီပေးခဲ့တယ်လေ ... အဲဒါကြောင့် ကျေးဇူးတင်တဲ့အနေနဲ့ ရဲဘော်ဝမ်အတွက် ဂေါ်ဖီချဉ်နဲ့ ငါးဟင်းလုပ်ပေးချင်လို့ပါ ... ဘယ်ချိန်အားလဲဟင် ... "


" ရပါတယ် ... လုပ်ပေးစရာမလိုပါဘူး ရဲဘော်ထုံ ... ကိစ္စမရှိပါဘူး ... "


" ဒီလိုပြောမယ်မှန်းသိနေတယ် ... ဒါပေမဲ့လည်း ရဲဘော်ဝမ်က ကျွန်မကို အများကြီးကူညီပေးခဲ့တယ်လေ ... တစ်ခုခုပြန်လုပ်ခွင့်မရရင်တော့ စိတ်မကောင်းဖြစ်မိမှာပဲ ...ရဲဘော်ဝမ်က ကျွန်မ တစ်ဘဝလုံးအပြစ်ရှိသလိုနေသွားတာကို တကယ်မြင်ချင်နေတာလား ... "


ဝမ်ရူကွေ့, "……"


ထုံရွှယ်လူ၏အသံက နူးညံ့သိမ်မွေ့ပြီး ဖုံးကွယ်ထားခြင်းမရှိသောခံစားချက်အား အရိပ်အမြွက်ပေးလေသည်။သူမအား လျစ်လျူဖို့ရာ ခက်ခဲလွန်းသည်။


ဝမ်ရူကွေ့က ခေတ္တစကားရပ်လိုက်ပြီးနောက် "မနက်ဖြန် မြို့ကို ပြန်လာခဲ့ပါ့မယ်" ဟု ပြောလာခဲ့သည်။


" ဒီလိုဆိုရင်တော့ သိပ်ကို အဆင်ပြေတာပေါ့  ... ရဲဘော်ဝမ်ကအရမ်းနားလည်မှုရှိတာပဲ ... မနက်ဖြန် လာပို့ပါ့မယ် .... ဘယ်မှာနေတာလဲဟင် ... "


" စစ်တပ်အိမ်ရာမှာပါ ... "


" ဟုတ်ကဲ့ပါ ... ဒါဆို မနက်ဖြန်တွေ့ကြပါမယ် ... "


ဝမ်ရူကွေ့ ဖုန်းချလိုက်ချိန်တွင် အော်ပရေတာဝန်ထမ်းအန်ယွဲ့မိန်က မျက်လုံးအပြူးသားဖြင့် သူ့အား စူးစိုက်ကြည့်ရှုနေခဲ့လေသည်။


" သုတေသီဝမ် ... အခု ပြုံးနေတာမလား ... "


ယင်းစကားကိုကြားသောအခါ ဝမ်ရူကွေ့တစ်ယောက် အနည်းငယ် ထိတ်ပြာသွားပြီး  ထို့နောက်တွင် သူ၏မျက်ဝန်းများထဲ၌ စိတ်မသက်မသာဖြစ်နေသောအငွေ့အသက်များပေါ်ပေါက်လာလေ၏။သို့သော်လည်းဝမ်ရူကွေ့က ချောင်းဟန့်လျက် နဂိုမူရင်းပုံစံသို့ပြန်သွားကာ ဘာသိဘာသာအမူအရာဖြင့် ခေါင်းတညိတ်ညိတ်လုပ်ပြီး ထွက်ခွာသွားတော့သည်။


ယင်းနောက်တွင် အန်ယွဲ့မိန်က ဘေးကပ်လျက်ရှိလူ့အရင်းအမြစ်ဌာနသို့ ရေနွေးသွားယူရန်အကြောင်းပြ၍ မတ်ခွက်ကိုယူပြီး ထွက်ခွာသွားတော့လေ၏။


တစ်လက်စတည်းပင် သူမက သတင်းသယ်ယူပို့ဆောင်ရေးလုပ်ခဲ့သည်။

" သိလား ...  မိန်းကလေးတစ်ယောက် သုတေသီဝမ့်ဆီကို ဖုန်းဆက်တယ် ... အံ့ဩစရာအကောင်းဆုံးကတော့သုတေသီဝမ် ပြုံးလိုက်တာပဲ ... "


ထိုသို့ပြောပြီးနောက် အန်ယွဲ့မိန်၏မျက်ဝန်းများထဲ၌ ချစ်စိတ်များဖြင့် ပြည့်နှက်ကုန်လေသည်။

" သုတေသီဝမ်ပြုံးလိုက်တာလေးက အရမ်းချစ်စရာကောင်းတာပဲ ... "


" တကယ်ကြီးပြောနေတာလား ... ငါဒီမှာအလုပ်လုပ်တာ နှစ်ချို့နေပြီ ... သုတေသီဝမ်ပြုံးတာကို တစ်ခါမှ မမြင်ဖူးဘူး ... "


" ငါလည်းမတွေ့ဖူးဘူး ... တစ်ယောက်ယောက်နဲ့ချိန်းတွေ့နေတယ်လို့လည်း မကြားမိပါဘူး ... သူ့အမေမဟုတ်ဘူးလား ... "


ရုံးခန်းတစ်ခုလုံး အပ်ကျသံပင်မကြားရအောင် တိတ်ဆိတ်သွားသည်။

" ဘာလို့ အားလုံး ငြိမ်နေကြတာလဲ ... ငါတစ်ခုခုမှားပြောမိလို့လား ... "


ထိုအခါ အန်ယွဲ့မိန်က အပြင်သို့ ငေးကြည့်လျက် " သုတေသီဝမ်ရဲ့ အမေက ဟိုးအရင်နှစ်တွေကတည်းက ဝမ်သားစုကို ထားသွားခဲ့တာလေ ...  နောက်အိမ်ထောင်ပြုပြီး တခြားကလေးရှိတယ်ဆိုတဲ့ သတင်းတွေလည်းကြားရတယ် ... သုတေသီဝမ်ရဲ့‌အရှေ့မှာ အဲအကြောင်း မပြောမိစေနဲ့ ... " ဟု ပြောပြလိုက်သည်။


" အိုး ..." ထိုတစ်‌ယောက်က ပါးစပ်အဟောင်းသားဖြစ်သွားခဲ့လေ၏။


" ဟုတ်ပြီ ဟုတ်ပြီ .... ငါနားလည်ပြီ ...   ရဲဘော်ဝမ် လုံးဝမပြုံးတာ အံ့သြစရာမရှိဘူးပဲ ... "


တီးတိုးတီးတိုးထပ်မံပြောဆိုကြပြီးနောက်တွင်မူ ဝန်ထမ်းများအားလုံး လူစုခွဲခဲ့ကြလေသည်။


အခြားသူများက နောက်ကွယ်တွင် သူ့အကြောင်းပြောနေကြမှန်း ဝမ်ရူကွေ့ မသိခဲ့ချေ။

သိပ်မကြာခင်မှာပင် သူက ဓာတ်ခွဲခန်းဘက်သို့ပြန်သွားခဲ့ပြီး ထို့နောက်တွင်မူ ဌာနမှူး၏ရုံးခန်းဘက်သို့လျှောက်လှမ်းသွားသည်။


ဝမ်ရူကွေ့ ရုံးခန်းထဲသို့ဝင်လာသည်ကိုတွေ့သောအခါ

ဌာနမှူး ကျွမ်းကျန့်ဟွေ့ က လက်ထဲမှ ဘောပင်ကိုချပြီး " ဘာလို့ရောက်လာတာလဲ ရူကွေ့ ... ကိစ္စတစ်ခုခုရှိလို့လား ... " ဟု မေးမြန်းလိုက်လေသည်။


ဝမ်ရူကွေ့၏ဖြန့်ချထားသောလက်ဖဝါးများက အနည်းငယ်ကျုံ့သွားတော့၏။သို့သော်လည်း လေသံကတော့ မူမပျက်ဘဲ တည်ငြိမ်နေမြဲသာဖြစ်သည်။


" မနက်ဖြန်တစ်ရက် ခွင့်ယူချင်လို့ပါ ... "


 ကျွမ်းကျန့်ဟွေ့၏မျက်ခုံးတန်းများက မြင့်တက်သွားတော့လေ၏။


" ဘာလို့ ရုတ်တရက်ကြီး ခွင့်ယူတာလဲ ... မင်းအဘိုးရော အားလုံးအဆင်ပြေရဲ့လား "


" အဘိုးက နေကောင်းပါတယ် ... ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ ... "


 ကျွမ်းကျန့်ဟွေ့မှာ ဝမ်ရူကွေ့အား စူးစူးစိုက်စိုက်ကြည့်ရှုပြီး အကဲခတ်နေခဲ့သည်။

" ကောင်းပြီလေ ... ဘာပဲဖြစ်ဖြစ်ပါ ... ပရောဂျက်လည်းပြီးသွားပြီပဲ ... ခွင့်ပြုပါတယ် ... "


ဝမ်ရူကွေ့က ခွင့်တောင်းခံလွှာအား ဌာနမှူးထံ ကမ်းပေးလိုက်သည်။

များမကြာမီမှာပင် ကျွမ်းကျန့်ဟွေ့က လက်မှတ်ရေးထိုးနေရင်း ဆိုင်းမဆင့်ဗုံမဆင့် ‌ရုတ်တရက်ပြောကြားလာလေ၏။

" မင်းလည်းမငယ်တော့ဘူး ...  ရည်းစားလေး ဘာလေးထားသင့်ပြီ ... "


 ဝမ်ရူကွေ့ "……"


" ငါမင်းအရွယ်တုန်းကဆိုရင် ငါမွေးထားတဲ့ကလေးကပဲငံပြာရည်သွားဝယ်နိုင်လောက်တဲ့အရွယ်ရောက်နေပြီ ... ဘယ်လိုရှာရမယ်မှန်းမသိရင်လည်း အဖွဲ့အစည်းက ကူညီပေးနိုင်ပါတယ် ...  "


ဝမ်ရူကွေ့က ခွင့်တောင်းခံလွှာအား ပြန်ယူရင်း " ရပါတယ် ... မလိုပါဘူး ... " ဟု ဖြေကြားလိုက်လေ၏။


ထိုအခါ ကျွမ်းကျန့်ဟွေ့က မျက်ခုံးပင့်လျက် ဆက်မေးလာသည်။

" ဒါဆို ရှိပြီးသားပေါ့ ... "


ဝမ်ရူကွေ့တစ်ယောက် ခေတ္တရပ်တန့်သွားပြီးနောက်တွင်မူ ကျွမ်းကျန့်ဟွေ့အား မသိမသာလေးခေါင်းညိတ်ပြလာခဲ့တော့သည်။


" ကောင်းပြီလေ ... ဒါဆိုလည်း မင်္ဂလာဆောင်မှာသကြားလုံးကျွေးတာကိုပဲ စောင့်နေတော့မယ်  ... "


" .... "