အပိုင်း ၅၀
Viewers 14k

Chapter 50

-  သူတို့အားလုံးက သစ္စာဖောက်တွေပဲ 




ဖုန်းဆက်ပြီးနောက်တွင်လည်း ထုံရွှယ်လူမှာ အိမ်ချက်ချင်းမပြန်သေးပေ။ထို့အစား သူမက စုရှူယင်၏အိမ်သို့ ဦးတည်သွားခဲ့သည်။


ယင်းအချိန်တွင် စုရှူယင်က အထုပ်အပိုးပြင်နေခဲ့ပြီး သူမသည် တစ်ရက်နှစ်ရက်အတွင်း ထွက်သွားရန် အစီအစဉ်ဆွဲထားလေ၏။


ထုံရွှယ်လူပြန်လာသည်ကို တွေ့သောအခါ စုရှူယင်တစ်ယောက် အနည်းငယ် အံ့သြသွားသည်။  

" ဘယ်လို ပြန်လာတာလဲ ရဲဘော်ထုံ ... "


" မေးစရာလေးရှိလို့ပါ ... "


" ဟုတ်သားပဲ ... အထဲမှာ သွားပြောရအောင်လေ ... "


ထုံရွှယ်လူကိုတွေ့သော အိမ်ရာတွင်းရှိ အခြားလူများအားလုံးမှာလည်း အံ့အားသင့်နေကြ‌လေ၏။

" ရဲဘော်ထုံ ... ဘာလို့ထပ်ရောက်လာတာလဲ ... ထပ်ပြီး သက်သေလိုက်ခိုင်းမလို့လား ... " 

 

" ဟဲပေါင်ကန်းနဲ့သူ့အမေတို့နှစ်ယောက်စလုံး ထောင်ကျသွားပြီပဲကို ဘာလို့ နောက်ထပ်သက်သေလိုသေးတာလဲ ... "


" မဟုတ်ပါဘူး .... သက်သေလာရှာတာမဟုတ်ပါဘူး ... ရဲဘော်စုဆီလာတာပါ ... "


ထိုအခါမှ အိမ်ရာသားများအားလုံး သက်ပြင်းချနိုင်သွားကြတော့သည်။

သို့သော်လည်း သတ်လတ်ပိုင်းအမျိုးသမီးကြီးတစ်ဦးက သူတော်ကောင်းယောင်ဆောင်၍ " ရဲဘော်ထုံ ... ဆင်ခြင်တုံတရားမရှိတဲ့သူနဲ့ အပေါင်းအသင်းလုပ်သင့်တယ်လို့တော့မထင်ဘူး ... " ဟု ဆရာဝင်လုပ်လာလေသည်။


" သေချာတာပေါ့ ...  တချို့လူတွေက အကြင်နာတရားမရှိဘူး ... ရဲဘော်ထုံ ပိုသတိထားသင့်တယ် ... "


လက်ရှိအချိန်တွင် စုရှူယင်မှာ နှုတ်ခမ်းကိုတင်းတင်းစေ့ထားလျက်ရှိပြီး အသွင်အပြင်မှာလည်း ဖြူဖပ်ဖြူလျော်‌ဖြစ်နေလေသည်။

ထိုအချိန်တွင် ထုံရွှယ်လူက ဟက်ဟက်ပက်ပက်ရယ်မောလာခဲ့ပြီး " ဒါပေါ့ အန်တီရဲ့ ... အန်တီ့သမီးကိုလည်း ယောက္ခမရဲ့မိသားစုက ရိုက်နှက်လာရင် တိုင်ချက်မဖွင့်ဖို့ သေသေချာချာဆုံးမထားလိုက်ပါဦးနော် ... " ဟု ပြောလိုက်သည်။


" …… "


သက်လတ်ပိုင်းအမျိုးသမီးကြီးခမျာ မည်သည်ကိုမှ ပြန်မပြောနိုင်ရှာဘဲ တစ်ဆို့သွားရှာပြီး မျက်နှာတစ်ခုလုံးလည်း နီရဲလာလေ၏။


ထုံရွှယ်လူက ၎င်းတို့အား လျစ်လျူရှုပြီး အထဲသို့ ၀င်သွားတော့သည်။


" ဘာမှ အာရုံစိုက်မနေနဲ့ ... ရဲဘော်စု "


စုရှူယင်၏ မျက်နှာသည် ဖြူဖျော့နေဆဲပင်။


" သိပါတယ် ... ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မလည်း မကြာခင် ထွက်သွားတော့မှာပဲ ...သူတို့အမြင်က အရေးမကြီးပါဘူး ...ဪ ဟုတ်သားပဲ ... ရဲဘော်ထုံ ကျွန်မကို ဘာမေးစရာရှိလို့လဲ ... "


" ရဲဘော်စု မနက်ဖြန် ဒီမှာ နေဦးမှာလားဆိုတာကို သိချင်လို့ပါ ...  အသိတစ်ယောက်ဆီကို ဟင်းချက်ပြီး ပို့ပေးချင်လို့လေ ... ဟင်းချက်စရာတွေကိုတော့ ကျွန်မကိုယ်တိုင် ယူလာမှာပါ ... "


" ဒီည ဒီမှာနေဦးမှာပါ ... မနက်ဖြန်လည်း အချိန်မရွေးလာလို့ရပါတယ် ...ရဲဘော်ထုံက ဘာချက်မှာလဲ ...  ပါဝင်ပစ္စည်းတွေရော အဆင်သင့်ဖြစ်ပြီလား ... "


" ငါးဟင်းရယ် ပဲစိမ်းကိတ်ရယ်နဲ့ ဂေါ်ဖီချဉ်လေး လုပ်ချင်တာ ... အပြန်လမ်းမှာ တင်ပို့ရောင်းချရေးကော်မတီကိုဝင်ပြီး ပဲစိမ်းဝင်ဝယ်မလို့ပါ ... ငါးကတော့ ကံအရပဲပေါ့ ... "


အကယ်၍သာ ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီ၌ ရှာမတွေ့ပါက ထုံရွှယ်လူသည် မနက်ဖြန်စောစောထပြီး မှောင်ခိုဈေးကွက်တွင်ရှာဖွေရန်စီစဉ်ထားသည်။

သို့သော်လည်း စုရှူယင်အား ထိုမျှလောက်အထိ ရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ချေ။


ထိုအခါ စုရှူယင်က ရယ်မောလာခဲ့သည်။  


" တိုက်ဆိုင်လိုက်တာ ... ကျွန်မတို့အဘွားမိသားစုက အရင်ရက်တွေက ငါးမြားထွက်ထားကြတာလေ ... မိသားစုတစ်ခုချင်းစီကို ငါးတွေပေးထားတာ ... အမေ့ဆီပို့တာတော့ နှစ်ကောင်ကျော်တယ်ထင်တယ် ... ရဲဘော်ထုံလိုအပ်ရင် ကျွန်မတူဆီဖုန်းဆက်ပြီး ယူလာခိုင်းလိုက်မယ်လေ ... "


မိသားစုအတွက် ပေးထားသောငါးဖြစ်သော်လည်း ယခုတွင် စုရှူယင်မှာ အရေးပါသူဖြစ်သောကြောင့် ထုံရွှယ်လူ့ထံ ငါးပေးသည်ကို အခြားသူများက ထူးထူးခြားခြား ကန့်ကွက်လာကြမည်မဟုတ်ချေ။


စုရှူယင်သည် ဟဲပေါင်ကန်း၏ရိုက်နှက်နှိပ်စက်ခြင်းကို ခုနစ်နှစ်ကြာအောင် ခံခဲ့ရပြီး သူမ၏ မိသားစုနှင့် အိမ်နီးနားချင်းများက ၎င်းကို မျက်ကွယ်ပြုခဲ့ကြကာ မည်သူကမှ ကိုယ်စားသက်သေခံမပေးခဲ့ကြပေ။

ထုံရွှယ်လူသာမကူညီခဲ့လျှင် ဤရက်များအတွင်း၌ ဟဲပေါင်ကန်းက စုရှူယင်အား အသေရိုက်သတ်ပြီးသွားလောက်ပေမည်။


ထုံရွှယ်လူ၏မျက်လုံးများက တောက်ပလာတော့၏။

 "  ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်စု ... "


နွေရာသီ၌ ငါးပေါများပြီး မှောင်ခိုဈေးကွက်၌ တစ်ကောင်ကောင်ရှာတွေ့နိုင်သော်လည်း ထုံရွှယ်လူက မသေချာသောအခြေအနေအားထည့်တွက်ကာ စုရှူယင်၏အကူအညီကို လက်ခံပေးလိုက်တော့သည်။


ထုံးစံအတိုင်း ထုံရွှယ်လူသည် စုရှူယင်ထံမှ အခွင့်အ ရေးမယူခဲ့ဘဲ သင့်တင့်မျှတသောစျေးကွက်တန်ဖိုးအား ပေးချေမည်ဖြစ်သည်။


စုရှူယင်ထံ၌ ပဲတီစိမ်းလည်းရှိသောကြောင့် ထုံရွှယ်လူသည် ၎င်းတို့အား ပိုက်ဆံ ၊ အစားအသောက်လက်မှတ်များဖြင့် ဝယ်ယူကာ နောက်တစ်နေ့နံနက်တွင် အဆင်သင့်ဖြစ်စေရန်အတွက် ရေစိမ်ပေးထားရန် တောင်းဆိုခဲ့သည်။


ထုံးစံအတိုင်းပင် စုရှူယင်က ထုံရွှယ်လူ့ထံမှ ပိုက်ဆံယူရန် ငြင်းဆန်ပြန်လေ၏။နှစ်ဦးသားငြင်းခုံနေကြချိန်မှာပင် အပြင်ဘက်မှ ဒေါသတကြီးအော်သံကို ကြားလိုက်ရတော့သည်။


" စုရှူယင် ...ကောင်မ ... ချက်ချင်းထွက်လာခဲ့စမ်း .. "


၎င်းအော်သံကို ကြားသောအခါ စုရှူယင်တစ်ယောက် မျက်မှောင်ကြုတ်သွားခဲ့သည်။


" ဟဲမျိုးရိုးဘက်က ဟာတွေပဲ ... "


ထိုစကားကို ပြောပြီးနောက် သူမက အပြင် ထွက်သွားလေ၏။


ဟဲပေါင်ကန်းထံတွင် ညီအစ်ကိုမရှိသော်လည်း အစ်မသုံးယောက်ရှိသည်။ယခုတွင် သူ၏အစ်မ ၃ ယောက်နှင့် တူ ၄-၅ယောက်ခန့်က အပြင်ဘက်၌ မိန့်မိန့်ကြီး ရပ်နေကြလျက်ရှိပြီး ၎င်းတို့ထံ၌ ကြောက်စရာကောင်းသောအသွင်အပြင်ရှိပေ၏။


စုရှူယင်ထွက်လာသည်ကို မြင်သောအခါ ဟဲပေါင်ကန်း၏အစ်မအကြီးဆုံးက ခါးထောက်လိုက်ပြီး " အသိတရားမရှိတဲ့ကောင်မက ဘယ်လိုသတ္တိမျိုးနဲ့ ဒီအိမ်မှာဆက်နေနေရဲတာလဲ ... " ဟု ရန်တွေ့လာခဲ့သည်။


ထိုအခါ အစ်မလတ်ကပါ ထပ်မံ၍ ဆွမ်းကြီးဝင်လောင်းလာလေ၏။

" ဟုတ်တယ် ... နင်က ငါတို့မောင်နဲ့ ကွာရှင်းပြီးသွားပြီ ... ဒီအိမ်ကို ဟဲမျိုးရိုးဘက်က ပိုင်တာ ...အခုချက်ချင်းထွက်သွားစမ်း ... "


ထို့အတူ တတိ‌ယမြောက်အစ်မကလည်း အခြားနှစ်ယောက်နှင့်အတူ တညီတညွတ်တည်းပြောဆိုလာသည်။


" ဒီအိမ်ကို ဟဲမျိုးရိုးဘက်က ပိုင်ရုံတင်မကဘူး ... အတွင်းက ပစ္စည်းတွေကိုပါ ပိုင်တယ် ... တစ်ခုခု ယူရဲယူကြည့် ... ရဲတိုင်ပစ်မယ် ... "


ထိုအချိန်တွင် ထုံရွှယ်လူက ပြောပြောဆိုဆိုဖြင့် အိမ်ထဲမှ ထွက်လာလေ၏။


" စိတ်မပူနဲ့ ရဲဘော်စု ... သူတို့ လက်ဖျားနဲ့တစ်ချက်ထိတာနဲ့ ကျွန်မ သက်သေလိုက်ပေးဖို့ အဆင်သင့်ပဲ ... "


ထိုစကားကိုပြောပြီးနောက် သူမက အိမ်ရာဝင်းထဲမှ ပွဲကြည့်ပရိတ်သတ်များအား မျှော်ကြည့်ပြီး လှမ်းပြောလိုက်သည်။


" ရှင်တို့အားလုံး တစ်ခါ သက်သေလိုက်ပေးဖူးတယ်မလား ... ထပ်ပြီးသင်ပေးစရာမလိုတော့ဘူးပေါ့ ... ဟုတ်တယ်ဟုတ် ... "


အိမ်ရာဝင်းထဲမှာ လူများအားလုံး ကြောင်တောင်တောင်ဖြစ်သွားကြသည်။သူတို့အားလုံးမှာ မည်သည့်အခါကမှ သက်သေမလိုက်ပေးချင်ခဲ့ကြပေ။


ညီအစ်မ သုံးယောက်မှာလည်း ရင်တုန်ပန်းတုန်ဖြစ်သွားကြပြီး အချင်းချင်း အကြည့်များဖလှယ်ကာ တွေဝေသွားကြတော့လေ၏။


သို့‌သော်လည်း သိပ်မကြာခင်မှာပင် အစ်မအကြီး‌ဆုံးဖြစ်သူက " ရဲတိုင်တော့လည်း ဘာလုပ်ရမှာလဲ ... ဒီအိမ်က ဟဲမျိုးရိုးပိုင်တာ ...  ဥပဒေက ငါတို့ဘက်မှာပဲ ... " ဟု ပြန်လည်ချေပလာသည်။


ထိုအခါမှ အခြားနှစ်ယောက်လည်း အသံထွက်နိုင်လာကြတော့၏။


ထုံရွှယ်လူသည် ရန်ပွဲဖြစ်မည်ကို အနည်းငယ်စိုးရိမ်နေခဲ့သည်။ဖြစ်ပျက်နေသည့်အရာများအား သုံးသပ်ရင်း စုရှူယင်ထံမှ အိမ်ငှားနိုင်တော့ပါမည်လားဟူ၍လည်း တွေးတောနေခဲ့မိလေ၏။ဟဲပေါင်ကန်း၏အမျိုးအဆွေများက မကြာခဏလာရောက်ပြီး သောင်းကျန်းကြလျှင် အဘယ်သို့ဖြစ်မည်နည်း။မျန်မျန့်ကိုလည်းထိတ်လန့်သွားစေနိုင်သေးသည်။


ရုတ်တရက် စုရှူယင်က "ဟုတ်တယ် ... ဒီအိမ်က ဟဲမျိုးရိုး ပိုင်တယ်ဆိုတာမှန်တယ် ... ဒါပေမဲ့ ဒီအိမ်ပိုင်ရှင်က ဟဲပေါင်ကန်းမဟုတ်ဘူး ...   ဟဲရှောင်ချိုးပဲ " ဟု ပြောလာခဲ့သည်။


ထိုစကားကိုကြားသူတိုင်း အံ့ဩသွားကြသည်။


အစ်မအကြီးဆုံးဖြစ်သူမှာ ခေတ္တဆွံ့အသွားရာမှ ဦးစွာ စိတ်နှင့်ကိုယ်ပြန်ကပ်သွားခဲ့ပြီး စုရှူယင်အား လက်ညိုးငေါက်ငေါက်ထိုးကာ " ပေါက်ကရတွေလာမပြောနဲ့ ... " ဟု ဆိုလိုက်တော့လေ၏။


" ဟဲရှောင်ချိုးက ဘာမှမဟုတ်တဲ့ကလေးမအရွယ်ပဲရှိသေးတယ် ... ဒီအိမ်ကို သူပိုင်တယ်ဆိုတာ ဖြစ်သင့်လား ... " အစ်မလတ်ကလည်း ဝင်ရောက်ပြောကြားသည်။


" ဟုတ်တယ် ... ပြီးတော့ နင်က ငါတို့မောင်လေးနဲ့ ကွာရှင်းပြီးပြီ ဟဲရှောင်ချိုးက ဟဲမျိုးရိုးမဟုတ်တော့ဘူး ... "


ထိုအချိန်တွင် ထုံရွှယ်လူက ရုတ်တရက် ထရယ်လာခဲ့ပြီး " ဟဲရှောင်ချိုးက ဟဲမျိုးရိုးမဟုတ်ဘူးဆိုရင် ရှင်တို့လို အသုံးမကျတဲ့လက်ထပ်ပြီးသား သမီးတွေက ဒီအိမ်နဲ့ ပိုပြီးတော့တောင် မတန်သေးတယ် ... " ဟု ခနဲ့လာခဲ့လေ၏။


" ...... "


ခေတ္တ ငြိမ်သက်သွားပြီးနောက် အစ်မအကြီးဆုံးဖြစ်သူက ကပ်ကပ်လန်အောင်ပြန်ရန်တွေ့လာသည်။

" နင့်အပူတစ်ပြားမှမပါဘူးဟဲ့ ... ဒါက ဟဲမိသားစုရဲ့အိမ်တွင်းရေး ... ဝင်မပါနဲ့ ကိုယ့်နေရာကိုယ်နေ ... "


" ဟုတ်တယ် ... နင့်ကို ဘယ်သူက ဘာမေးနေလို့ ဘာတွေ လာပြောနေတာလဲ ... နောက်တစ်ခွန်းဟရဲဟကြည့် ပါးစပ်ကို‌ဆွဲဖြဲပစ်မယ် ... "


" နောက်ထပ်ပြောရင် ရိုက်ပစ်တော့မှာ ... "


ထိုအခါ အိမ်ရာဝန်းထဲရှိလူတစ်ဦးက မာန်မဲနေကြသော ညီအစ်မသုံးဖော်အား " ရဲဘော်ထုံရဲ့ကောင်လေးက  စခန်းမှူးနဲ့ သူငယ်ချင်းတွေနော််  ... ခင်ဗျားတို့လက်ပါရင် ကျုပ်တို့က အလကားနေ သက်သေလိုက်ပေးနေရဦးမယ် ... " ဟု အော်ပြောလာသည်။


ညီအစ်မသုံးဖော် " .... "


အဘယ်ကြောင့် ယခုကတည်းက သံလက်ကောက်ဝတ်ရသလို ခံစားနေရပါသနည်။


" အခု ဒီအိမ်ကို ကျွန်မသမီး ဟဲရှောင်ချိုးရဲ့နာမည်နဲ့  မှတ်ပုံတင်ထားတယ် ...  မယုံရင် ထောင်ထဲက ဟဲပေါင်ကန်းကို သွားမေးကြည့် ... မဟုတ်တာကြံရင် ရှင်တို့တွေကိုလည်း ထောင်ထဲပို့ပစ်မယ် ... "


ညီအစ်မသုံးဖော် " ...... "


စုရှူယင်မှာ လိမ်ညာနေပုံမရဘဲ သူမ၏နံဘေးတွင် ထုံရွှယ်လူလည်းရှိနေသည်။

ညီအစ်မသုံးဦးက ခဏတာဆွေးနွေးခဲ့ကြပြီးနောက်ဆုံး၌ ဟဲပေါင်ကန်းထံအရင်သွားမေးရန် ဆုံးဖြတ်လိုက်ကြလေ၏။


ယင်းအုပ်စုထွက်ခွာသွားပြီးနောက် ထုံရွှယ်လူက စုရှူယင်အားမေးမြန်းခဲ့သည်။

" အိမ်ကို အမည်ပေါက်ပြောင်းပေးခဲ့တာ အမှန်ပဲလား .... "


ထိုအခါ စုရှူယင်က ခေါင်းညိတ်လေ၏။

" ဟုတ်ပါတယ် ... တကယ်တော့ အဲကိစ္စကို အရင်စပြောတာက ဟဲပေါင်ကန်းပါ ... "


ထုံရွှယ်လူ၏ မျက်လုံးများ ပြူးကျယ်ကုန်သည်။ 

"ဘယ်လိုဖြစ်နိုင်မှာလဲ ... အသိတရားရသွားပြီလို့တော့ မပြောနဲ့နော် ... "


ထိုအခါ စုရှူယင်က ဟာသနှောသောအမူအရာဖြင့် " သေချာပေါက် မဟုတ်ဘူးပေါ့ ... " ဟု ခနဲ့၍ ပြောဆိုလာသည်။


" အခြေအနေတစ်ခုတော့ရှိတယ် ... ကျွန်မ ရှောင်ချိုးရဲ့မျိုးရိုးနာမည်ကို ပြောင်းပစ်လို့မရဘူး ... "


ယခုအချိန်တွင်မှ အရာရာက ရုပ်လုံးပေါ်လာသည်။


ဟဲပေါင်ကန်းမှာ မျိုးဆက်ပြန့်ပွားရေးတွင်ပြဿနာရှိပြီး သူသည်အနာဂတ်တွင် သားသမီးများ ထပ်မွေးရန် ခက်ခဲမည်ဖြစ်သည်။ဤတစ်သက်တွင် ဟဲရှောင်ချိုးကသာ သူ၏တစ်ဦးတည်းသောသွေးသားဖြစ်သွားနိုင်သည်။

 

ယခုတွင်သူသည် စုရှူယင်နှင့် ကွာရှင်းပြတ်စဲခဲ့ပြီး

စုရှူယင်က နောက်အိမ်ထောင်ပြုကာ ရှောင်ချိုး၏မျိုးရိုးအမည်အား ပြောင်းလဲပစ်မည်ကို စိုးရိမ်သဖြင့် အိမ်နှင့်အလဲအလှယ်လုပ်ခဲ့ခြင်းပင်။


စုရှူယင်က ထုံရွှယ်လူကို ဆက်လက်ရှင်းပြသည်။


" ကျွန်မ နောက်အိမ်ထောင်ပြုဖို့အစီအစဉ်မရှိပါဘူး ... အခုက ရှောင်ချိုးရဲ့မျိုးရိုးနာမည်ကိုပြောင်းဖို့ အချိန်ကောင်းလည်းမဟုတ်ဘူး ... ကျွန်မမှာလည်း အိမ်ကို ငြင်းစရာအကြောင်းပြချက်မရှိဘူးလေ ... သူရော ကျွန်မရော ရှောင်ချိုးကိုပိုင်ကြတာပဲ ... အဲဒါကြောင့် ဒီအခြေအနေကို သဘောတူခဲ့တာပါ ... "


" ဒါပေါ့ .... ဘာလို့အိမ်ကိုမလိုချင်ရမှာလဲ ... ဒီအချိန်က မာနကြီးနေရမဲ့အချိန်မဟုတ်ဘူး ... "


ထုံရွှယ်လူက သူမအပေါ် အထင်အမြင်သေးစိတ်မျိုးမရှိသည့်အတွက် စုရှူယင်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်လေသည်။


" ဒီနေရာကို စိတ်ချချနဲ့သာငှားပါ ... နောက်ကြောင်းရှင်းပြီးတာနဲ့ သူတို့ဒီနေရာကို လာနှောက်ယှက်ရဲကြတော့မှာမဟုတ်ဘူး ... "


ထုံရွှယ်လူက ခေါင်းညိတ်လိုက်ပြီး ထို့နောက်တွင် ပွဲလန့်တုန်းဖျာဝင်ခင်းတော့လေ၏။

သူမက ပိုက်ဆံနှင့် အစားအသောက်လက်မှတ်များကို စုရှူယင်ထံသို့ ရုတ်တရက်ထိုးပေးလိုက်ကာ ကပျာကယာလှည့်ထွက်ပြေးသွားတော့သည်။


ထုံရွှယ်လူ ပြေးသွားသည်ကို မြင်လိုက်ရသောအခါ စုရှူယင်တစ်ယောက် အလိုလိုရယ်မောမိသွားရှာသည်။


 ***


ထုံရွှယ်လူ အိမ်ပြန်ရောက်သောအခါ အခြားလူများက သူမထွက်ခွာတော့မည့်သတင်းအား သိရှိပြီးဖြစ်နေကြသည်။

သူမတို့အား ထွက်မသွားစေချင်ဆုံးသူမှာ အန်တီချိုင်ပင်။


" ဒီမှာနေတာတောင် သိပ်မကြာသေးဘူးရွှယ်လူရယ် ... ဘာလို့ဒီလောက်မြန်မြန်ထွက်သွားတာလဲ ... "


အန်တီချိုင်၏ရှုထောင့်မှကြည့်လျှင် ထုံရွှယ်လူ သည် စိတ်ထားကောင်းကြင်နာပြီးရက်ရောသည်။ထုံရွှယ်လူသည် သူမ၏ကလေးအတွက် အရသာရှိသော အစားအစာအချို့ကို အမြဲပေးလေ့ရှိပြီး အိမ်ချင်းကပ်လျက်နေရသည်မှာလည်း အဆင်ပြေသည်။


 " ဟုတ်တယ် ... ငါတို့လည်း မသိခဲ့ရဘူး ... အရမ်းကို ရုတ်တရက်ဆန်လွန်းတယ် ... ငါတို့အတွက်လည်း ခက်ခဲတယ် ... "


အခြားသူများကပါ ခေါင်းတညိတ်ညိတ်ဖြင့် ဝင်ရောက်ပြောဆိုလာသောအခါ ထုံရွှယ်လူက သူမသည်လည်း ထွက်ခွာမသွားလိုသောဟန်ပန်မျိုးဖြင့်  " ကျွန်မလည်း အန်တီတို့ကို မထားခဲ့ချင်ပါဘူး ... ဒါပေမဲ့ ကိစ္စအကုန်လုံးသေသေချာချာဖြစ်မသွားခင်အချိန်အထိ ပြောမပြနိုင်ခဲ့ဘူး ... တစ်ခုခုလွဲသွားရင် ရှက်ဖို့ကောင်းလို့ပါ ... " ဟု ပြန်လည်ဖြေရှင်းလာလေသည်။


ထိုအချိန်တွင် အမေရှုက မေးမြန်းခဲ့သည်။

"  မြို့ထဲမှာ နေစရာနေရာရှိလား ... မျန်မျန့်ကို ဘယ်သူက ကြည့်ပေးမှာလဲ ... "


" နေစရာနေရာတော့ ရှာပြီးပါပြီ ... မျန်မျန့်ကို ကြည့်ပေးမဲ့လူတော့မရှိသေးပါဘူး ... နောက်မှ မန်နေဂျာဆီ ပြောကြည့်ပြီး စားသောက်ဆိုင်ကို ကလေးခေါ်သွားလို့ရမလားလို့ တစ်ချက်မေးကြည့်မလို့ပါ ... "


အစိုးရပိုင် စားသောက်ဆိုင်တွင် ထမင်းစားချိန်များ၌သာ လူထူထပ်ပြီး အခြားအချိန်များ၌ လူသိပ်မရှိတတ်ပေ။

သို့သော်လည်း ပေါင်မုန့်လုံးလေးအားခေါ်ဆောင်သွားနိုင်မည်ဟု လုံးလုံးလျားလျားစိတ်ကူးယဉ်ထား၍လည်း မရသေးပါ။စားသောက်ဆိုင်မန်နေဂျာလျှိူတုံချန်မှာ ထိုမျှလောက်အထိ လွယ်ကူသူမဟုတ်ဟု ကြားသိရပြီး အခြေအနေကိုလိုက်၍ မီးစင်ကြည့်ကရမည်သာဖြစ်သည်။


ထုံရွှယ်လူက အားလုံးစီစဉ်ပြီးသားဖြစ်ကြောင်း သိရှိလိုက်‌ရသောလူအများမှာ စကားအနည်းငယ်ပြောပြီးနောက် လူစုခွဲခဲ့ကြတော့သည်။


လောင်လင်း၏ဇနီးသည်မှာ တံခါးအပြင်ဘက်တွင် ရပ်နေပြီး ထုံရွှယ်လူအား မျက်ရစ်မပါသောတြိဂံပုံမျက်လုံးများဖြင့် တစ်ချိန်လုံး စိုက်ကြည့်နေသည်။သူမသည် ထုံရွှယ်လူကို အလွန်အမင်းမနာလိုဖြစ်‌နေမိသောကြောင့် မျက်လုံးများပင် နီရဲလာလေ၏။

မည်သို့ပင်ဆိုစေကာမူ သူမသည် ယခုလေးတင် မိဘအိမ်မှ ပြန်လာခဲ့ပြီး ဤသို့သောအချိန်မျိုးတွင် ထုံရွှယ်လူ့အား ရန်မရှာဝံ့ပေ။


သူမက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး နောက်ပြန်လှည့်ကာ တင်ပါးများအား ဘယ်ညာယိမ်းပြီး လှုပ်တုတ်လှုပ်တုတ်ဖြင့် ထွက်ခွာသွားတော့လေ၏။


ညစာစားပြီးနောက် ထုံရွှယ်လူသည် မောင်နှမသုံးယောက်အား အကြောင်းစုံ ပြောပြခဲ့သည်။ထုံကျားမင်သည် ထိုအကြောင်းကို ကြိုသိခဲ့ပြီး ယင်းသတင်းကို ထပ်မံကြားရသောအခါ မအံ့သြခဲ့ပေ။

သို့သော်လည်း ထုံကျားရှင်း၏မျက်လုံးများကတော့ ပြူးကျယ်သွားလေသည်။


" ဘယ်တုန်းက အလုပ်ပြောင်းလိုက်တာလဲ ... "


" ဒီနေ့ပဲ ... မနက်ဖြန် ကျောင်းသွားရင် ဆရာတွေကို အသိပေးလိုက် ... မင်းဒီကကျောင်းကိုဆက်တက်စရာမလိုတော့ဘူး ... မြို့ပေါ်က ကျောင်းကို ပြောင်းပေးမယ် ... "


အစိုးရပိုင်စားသောက်ဆိုင်ဘက်က သူမအား ၅ ရက် အချိန်ပေးသည်။


ထုံရွှယ်လူသည် ဤငါးရက်အတွင်း ထုံကျားမင် နှင့် ထုံကျားရှင်းတို့ကို ကျောင်းအသစ်သို့ ပြောင်းရွှေ့ပေးရန် လိုအပ်မည်ဖြစ်သည်။အချိန်မှာ လုံလောက်သည်ဆိုရုံလေးပင်။