အပိုင်း ၅၁
Viewers 16k

Chapter 51

ဦးလေးဇုန်းက ဒုန်းစိုင်းပြေးသွားတယ် 



ထုံကျားရှင်းမှာ မကျေမနပ်စိတ်ကြောင့် နေမထိထိုင်မသာဖြစ်နေသည်။

" ဘာလို့ အခုမှလာပြောတာလဲ ...  တခြားကျောင်းကို မပြောင်းချင်ဘူး ... "


ထုံရွှယ်လူမှာလည်း အလိုလိုက်အကြိုက်ဆောင်ပြီး ညှိနှိုင်းပေးနေမည့်သူ မဟုတ်ချေ။


" ရတယ်လေ ... ကျောင်းအသစ်ကို မပြောင်းချင်ရင် နေခဲ့ ... ခဏနေ အန်တီချိုင့်ကို ပိုက်ဆံနဲ့ အစားအသောက်လက်မှတ်တွေ ပေးခဲ့မယ် ... ကြမ်းပြင်ပေါ်မှာ အိပ်ပေါ့ ... "


 ထုံကျားရှင်း "……"


ဝက်ဝံကလေးသည် အလွန်စိတ်ဆိုးသွားကာ နှုတ်ခမ်းများ စူထွက်သွားသည်။သူက ထုံကျားမင်အား လှည့်ကြည့်ကာ စစ်ကူရလိုရငြားမျှော်လင့်နေခဲ့သော်လည်း မှန်းချက်နှင့်နှမ်းထွက်မကိုက်ချေ။


" ဒီည ငါအထုပ်ပြင်တော့မယ် ... "

ထုံကျားမင်က ဘာသိဘာသာဖြင့်အေးအေးလူလူပြောကြားလာလေသည်။

 

ထုံကျားရှင်း “……………”


အစ်ကိုကြီးသည်လည်း သစ္စာဖောက်ဖြစ်သွားခဲ့လေပြီ။မည်မျှပင် ရူးနှမ်းလိုက်သနည်း။


ထိုအချိန်တွင် ထုံမျန်မျန်က ထုံရွှယ်လူ၏လည်ပင်းကို သိုင်းဖက်ကာ ချစ်ဖို့ကောင်းသောလေသံဖြင့်

" မျန်မျန်လည်း လိုက်မယ် ... မျန်မျန်က မမ ဘယ်သွားသွားအနောက်က လိုက်မှာ ... " ဟု ပက်ချွဲနှက်ချွဲပြောဆိုလာသည်။


ထုံရွှယ်လူ၏နှလုံးသားမှာ ပျော့ပျောင်းသွားပြီး သူမက မျန်မျန်၏ပါးပြင်ကို ဖိကပ်နမ်းလိုက်တော့သည်။

" ငါတို့ကလေးလေးမျန်မျန်က ချစ်စရာအကောင်းဆုံးပဲ ... "


ပေါင်မုန်လုံးလေးက ပါးချိုင့်များပေါ်သည်အထိ ပြုံးနေခဲ့ပြီး ရှက်သွေးဖြာကာ ထုံရွှယ်လူ၏ရင်ခွင်ထဲသို့ခေါင်းတိုးဝင်သွားတော့လေသည်။


ထုံကျားရှင်း  “……………”


သူတို့အားလုံးက သစ္စာဖောက်တွေပဲ !


နောက်တစ်နေ့မှာ တနင်္ဂနွေနေ့ဖြစ်၍ ထုံကျားမင်နှင့် ထုံကျားရှင်းတို့ ကျောင်းသွားစရာမလိုပေ။

ထုံရွှယ်လူက ညီအစ်ကိုနှစ်ဦးထံသို့ ထုံမျန်မျန်ကိုအပ်ထားခဲ့ပြီး အထုပ်အပိုးများထုပ်ပိုးခြင်းအား ကူညီရန်မှာကြားကာ  ဟင်းချက်ပစ္စည်းများထည့်သွင်းထားသောသူမ၏ပြောက်ကျားအိတ်ကို ကိုင်ဆွဲ၍ ထွက်ခွာသွားတော့လေ၏။


ယနေ့၌ ထုံရွှယ်လူတစ်ယောက် ကံကောင်းနေပြီး မြို့တော်သို့သွားသော ဘတ်စ်ကားက မှတ်တိုင်သို့ ချက်ချင်းပင်ရောက်ရှိလာလေသည်။ထုံရွှယ်လူလည်း ဘတ်စ်ကားပေါ်အမြန်တက်ပြီး မြို့တော်ဆီသို့ ခရီးနှင်လာခဲ့တော့၏။


ထုံရွှယ်လူရောက်လာချိန်တွင် စုရှူယင်က စောင့်မျှော်လျက်သားအနေအထားဖြစ်နေသည်။


" ရဲဘော်ထုံ ရောက်လာပြီပဲ ...  ပဲစိမ်းတွေကို ၆ နာရီကြာအောင် ရေစိမ်ထားတယ် ...  အခုချိန်လောက်ဆိုရင်တော့ ရေတော်တော်နူးနေလောက်ပြီ ... "


"ကျေးဇူးတင်ပါတယ် အစ်မရှူယင် ... အခုကစပြီး ရဲဘော်ထုံလို့ မခေါ်ဘဲနဲ့ ရွှယ်လူလို့ပဲခေါ်ပါ ... "


ထိုအခါ စုရှူယင်က ပြုံးလျက် " ကောင်းပြီ ... ရှေ့လျောက် ရွှယ်လူလို့ပဲ ခေါ်တော့မယ် ... " ဟု ပြန်လည်ဖြေကြားသည်။


ထိုသို့ပြောပြီးနောက် ထုံရွှယ်လူသည် အချိန်ဆက်မဖြုန်းတော့ဘဲ လုပ်ငန်းဆောင်တာများအား စတင်ခဲ့တော့လေ၏။

ငါးကိုင်တွယ်ရခြင်းမှာ ခက်ခဲလောက်မည်ဟုစိတ်ထင့်နေခဲ့သော်လည်း ယခုတွင်မူ အဆင်ပြေနေကာ နေ့ခင်းပိုင်းဝန်းကျင်၌ ဟင်းပွဲများကို ပို့ဆောင်ပေးနိုင်လောက်သည်။


ထုံရွှယ်လူက ပဲတီစိမ်းများကို အခွံခွာပြီး ပေါင်းအိုးထဲထည့်ကာ မီးဖိုပေါ်တင်ပြုတ်ထားလိုက်သည်။

ကျက်သွားသောအခါတွင် အိုးပြန်ချပြီး ပဲများအား ပန်ကိတ်ပြုလုပ်ရန်ချေလိုက်လေ၏။


ယင်းနောက်တွင် သူမက မနေ့ဝယ်ထားခဲ့သောသကြားဖြူကို အပေါ်မှဖြူးကာ ရေနှင့်ကောက်ညင်းမှုန့်အချို့ပါ ထပ်ပေါင်းထည့်လိုက်သည်။မုန့်သားအား သမအောင်ရောမွှေပြီးသောအခါတွင်မူ ၎င်းတို့ကို အလုံးသေးသေးလေးများအဖြစ် ပုံသွင်းလိုက်လေ၏။


သူမထံ၌ ပုံစံခွက်မရှိသည်က နှမျောစရာကောင်းလွန်းသည်။မဟုတ်လျှင် ယခုထက်ပင်ပို၍ အမြင်လှအောင် ဖန်တီးနိုင်သေးသည်။

မုန့်သားများအားပုံသွင်းပြီးသောအခါ ထုံရွှယ်လူက ၎င်းတို့ကို ပေါင်းအိုးထဲပြန်ထည့်ပြီး မီးဖိုပေါ်တင်လိုက်တော့လေ၏။


သူမသည် ပဲတီစိမ်းပန်ကိတ် စုစုပေါင်း ပေါင်းအိုး ၅ လုံးစာပြုလုပ်ခဲ့ပြီး ဦးစွာ ဝမ်ရူကွေ့နှင့်စုရှူယင်တို့အား ကျေးဇူး‌တင်ကြောင်းပြသသည့်အနေဖြင့်ပေးအပ်မည်ဖြစ်သည်။

ကျန်ရှိသောပန်ကိတ်အချို့အဝက်ကိုမူ အိမ်ရာမှလူများအတွက် ပြန်ယူသွားပြီး ယခုအတောအတွင်းကူညီခဲ့သည်များအား ကျေးဇူးတင်ကြောင်းပြောပြီး ပေးဝေရန် တွေးထားသည်။


လောလောလတ်လတ်ပြုလုပ်ထားသော ပဲတီစိမ်းပန်ကိတ်များသည် လတ်ဆတ်သောပဲတီစိမ်းရနံ့ဖြင့် ပုစွန်ဆီရောင်သမ်းနေလေ၏။သေးငယ်သောအရွယ်အစားကလည်း အစားအသောက်၏အသွင်အပြင်ကို ချစ်စဖွယ်ကောင်းစေသည်။


ထုံရွှယ်လူက ပန်ကိတ်နှစ်လုံးထုတ်ပြီး စုရှူယင်ထံသို့ ကမ်းပေးလိုက်သည်။

" စားကြည့်ပါ အစ်မရှုယင် ... ဘယ်လိုနေလဲ ..."


စုရှူယင်က အမေးအမြန်းမရှိဘဲ ချက်ချင်းဆိုသလိုပင် တစ်ကိုက်ကိုက်ကြည့်လိုက်သည်။၎င်းသည် ပျော့ပျောင်းမွှေးပျံ့ကာ လျှာကိုပါမျိုချပစ်ချင်သည်အထိ အရသာရှိလွန်းပေ၏။


" ရွှယ်လူ့ရဲ့ ဟင်းချက်စွမ်းရည်က အထင်ကြီးလောက်စရာပဲ ... ဒီပန်ကိတ်တွေက အစိုးရပိုင်စားသောက်ဆိုင်က ဟာတွေထက်တောင် ပိုစားကောင်းတယ် ... "


" အစ်မပြောမှ ပိုပြီးနေလို့ထိုင်လို့ကောင်းသွားတယ် ...

 ပန်ကိတ်ကအများကြီးလုပ်ထားတာဆိုတော့ ရှောင်ချိုးအတွက်လည်းယူထားလိုက်ပါ ... "


ထိုအခါ စုရှူယင်က ထုံရွှယ်လူ၏လက်ကိုအမြန်ဆွဲကာ

" ဟင့်အင်း ... မဟုတ်တာပဲ ... ရွှယ်လူက ကောက်ညင်းမှုန့်နဲ့ သကြားဖြူတွေ အများကြီးထည့်ထားတာကို ...  မယူနိုင်ပါဘူး ... " ဟု ငြင်းဆိုလိုက်သည်။


ထုံရွှယ်လူမှာ မိဘများဆုံးပါးသွားပြီးနောက်ပိုင်းတွင် မွေးချင်းများအား တစ်ကိုယ်တည်းပြုစုပျိုးထောင်နေရသူပင်။

ထိုသို့သောသူမျိုးထံမှ မည်သည့်အရာမျိုးကိုမှ စုရှူယင် လက်မခံရက်ပါ။


" အရမ်းတွေလည်း အားနာမနေပါနဲ့ အစ်မရှူယင်ရယ် ... အစ်မသာ ငါးမပေးခဲ့ရင် ဒီပန်ကိတ်လုပ်ရဖို့ဆိုတာ ဘယ်ဆီဘယ်နေလို့မှန်းတောင်သိမှာမဟုတ်ဘူး ... "


အမှန်တကယ်တွင် စုရှူယင်သည်လည်း သမီးဖြစ်သူအတွက် စားကောင်းသောက်ဖွယ်အချို့ကို ယူ‌ထားချင်စိတ်ရှိလေသည်။

သူမက ခေတ္တစဉ်းစားလိုက်ပြီး " ကောင်းပြီ ... ပန်ကိတ်ကိုတော့ လက်ခံလိုက်မယ် ... ဒါပေမယ့် ငါးအတွက်တော့ ပိုက်ဆံမပေးပါနဲ့” ဟု ပြောလိုက်၏။


ထုံရွှယ်လူသည်လည်း ထွေထွေထူးထူးငြင်းခုံမနေတော့ပေ။သူမသည် စုရှူယင်၏အိမ်တွင် ပိုက်ဆံကို တိတ်တိတ်လေးထားပေးသွားမည်သာဖြစ်သည်။


ထို့နောက်တွင် ထုံရွှယ်လူသည် အဓိကဟင်းလျာအား စတင်ချက်ပြုတ်တော့လေသည်။


စုရှူယင်ပေးသောငါးမှာ မြက်ငါးကြင်းဖြစ်ပြီး ထုံရွှယ်လူရွေးချယ်ထားသည့်ဟင်းလျာအတွက် ပြီးပြည့်စုံသည်။

ထုံရွှယ်လူသည် ငါးကို အကြေးခွံခွာပြီး အရိုးထုတ်ကာ အပိုင်းပိုင်းလှီးလိုက်၏။ထို့နောက်တွင်မူ ငါးအသားတစ်များအား ဇလုံတစ်ခုထဲသို့ထည့်ကာ ကြက်ဥဖောက်ထည့်ပြီး ဂျင်း၊ ကြက်သွန်နီ ၊ ဆားတို့ဖြင့် ရောသမအောင်မွှေထားလျက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။


ငါးများကို အရသာဝင်အောင်နှပ်ထားချိန်တွင် ထုံရွှယ်လူသည် ဂေါ်ဖီအား ရေဆေးပြီး ခပ်နုပ်နုပ်စင်းထားခဲ့သည်။

ငါးကြော်ရန်အဆင်သင့်ဖြစ်သောအခါ ထုံရွှယ်လူက မီးဖိုပေါ်သို့်ဒယ်ပြားတင်ပြီး ဆီထည့်ထားလိုက်ကာ ထို့နောက်တွင်မူ အသားတစ်များအား မီးပြင်းပြင်းဖြင့်ကြော်တော့လေသည်။


ဟင်းလျာ၏အနှစ်သာရမှာ ဟင်းခတ်အမွှေးအကြိုင်ပင်ဖြစ်သည်။ထုံရွှယ်လူ ဟင်းခတ်အမွှေးအကြိုင်များထည့်လိုက်သည်နှင့် ချက်ချင်းအနံ့မွှေးလာသည်။


ဟင်းလျာရနံ့က အိမ်ရာဝင်းတစ်ခုလုံးအတွင်းပျံ့နှံ့သွားပြီး ဘေးအိမ်မှကလေးများ ထိုင်ငိုစေနိုင်လောက်သည်အထိပင်။


ထုံရွှယ်လူ၏လှုပ်ရှားချက်များက ခြံတွင်းရှိ လူတိုင်းကို အံ့အားသင့်စေခဲ့သည်။


အထူးသဖြင့် စုရှူယင်မှာ အံ့ဩတကြီးဖြစ်နေလေ၏။


" ရွှယ်လူ့ရဲ့ ဟင်းချက်စွမ်းရည်က အံ့မခန်းပဲ ... စားသောက်ဆိုင်မှာ စားဖိုမှူးတောင်ဝင်လုပ်နိုင်လောက်တယ် .. "


အမှန်တကယ်တွင် အစိုးရပိုင် စားသောက်ဆိုင်၌ စားဖိုမှူးရာထူးရရှိရန်မှာ ခက်ခဲသောအရာပင်။


အသိအမှတ်ပြုလက်မှတ်ကိုမဆိုထားနှင့် လက်ရှိစားဖိုမှူးထံမှ အရေးပေးခံရအောင် ကြိုးစားရသည်မှာပင် မလွယ်ကူချေ။


" ကျွန်မဟင်းချက်တာက အဲလောက်ကြီးလည်းမဟုတ်ပါဘူး  အစိုးရပိုင်စားသောက်ဆိုင်က စားဖိုမှူးတွေကို‌တော့ မယှဉ်နိုင်သေးပါဘူး ... "


ထုံရွှယ်လူ၏ရည်ရွယ်ချက်မှာ အစိုးရပိုင် စားသောက်ဆိုင်မှ  စားကောင်းသောက်ဖွယ်များ စားရဖို့ရန်သာဖြစ်သည်။အခြားသူများအတွက် ချက်ပြုတ်ပေးရန်မဟုတ်ချေ။


ထို့ကြောင့် သူမသည် စားဖိုမှူးနေရာ၌ မည်သူက တာဝန်ယူခြင်း ၊ မယူခြင်းအား လုံးဝစိတ်မဝင်စားပေ။


အိမ်ရာဝင်းထဲ၌လည်း လူများရှိနေသဖြင့် စုရှူယင်က ထိုအကြောင်းအရာအား ထပ်မံစကားမစတော့ပေ။စကားတစ်ခုခုအမှားပါသွားပြီး ထုံရွှယ်လူ့အား အကြပ်ရိုက်စေမည်ကို စိုးရိမ်သောကြောင့်လည်းပါသည်။


ထုံရွှယ်လူက ငါးဂေါ်ဖီကြော်အား ဟင်းအုပ်ထဲထည့်ကာ လက်ဖြင့်ပိုက်လျက် ဘတ်စ်ကားစီးရန် ကြံရွယ်ခဲ့သည်။ဟင်းပန်းကန်ကိုင်ပြီး အများစီးဘတ်စ်ကားစီးရတော့မည်ဟူသောအတွေးက ထုံရွှယ်လူ့အား သက်ပြင်းချမိသွားစေသည်။ခေတ်သစ်ကမ္ဘာမှ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုများအား ( ၁၀၀၁ ) ကြိမ်မြောက်လွမ်းဆွတ်သတိရမိသွားလေ၏။


ကံကောင်းစွာပင် စစ်တပ်အိမ်ရာသို့ တိုက်ရိုက်ရောက်ရှိသည့် ဘတ်စ်ကားကိုတွေ့ရှိခဲ့ပြီး ခရီးနှင်ချိန် နာရီဝက်ခန့်သာကြာမြင့်မည်ဖြစ်လေသည်။


စုရှူယင်သည် ထုံရွှယ်လူ၏ ပစ္စည်းပစ္စယများကို ဘတ်စ်ကားဘူတာရုံအထိ ကူညီသယ်ဆောင်ပေးကာ ထုံရွှယ်လူ ကားပေါ်တက်သွားသည့်အချိန်မှသာ အိမ်ပြန်သွားခဲ့သည်။


ထုံရွှယ်လူမှာ ယနေ့အတော်ကံကောင်းနေပြီး နှစ်ကြိမ်နှစ်ခါလုံး ဘတ်စ်ကားမစောင့်ခဲ့ရပေ။ထို့ပြင် ကားပေါ်၌လည်းလူသိပ်မရှိသောကြောင့် အလွယ်တကူပင် နေရာလွတ်ရှာလိုက်နိုင်သည်။


ကားမောင်းသူနှင့် လက်မှတ်စစ်သူတို့ နှစ်ဦးစလုံးမှာ ဟင်းအုပ်ကိုင်လာသောထုံရွှယ်လူ့အား ထူးဆန်းသည်ဟူ၍ လားလားမျှ မခံစားခဲ့ကြရပေ။


ထိုခေတ်ထိုအခါက ဟင်းအုပ်မဆိုထားနှင့် ကြက်များ ၊ ဘဲများကိုပင် ခရီးသည်များက  ဘတ်စ်ကားပေါ်သို့ သယ်ဆောင်လာကြလေ့ရှိသည်။ပြဿနာမှာ ဟင်းရနံ့၏မွှေးပျံ့နေမှုသာဖြစ်လေ၏။


 " ညီမလေး ... ဘာတွေသယ်လာတာလဲ "


ကားမောင်းသူက ရုတ်တရက် မေးမြန်းလာခဲ့သည်။


" ငါးဂေါ်ဖီကြော်ပါ ... ညီမက အစိုးရပိုင်စားသောက်ဆိုင်က ဝန်ထမ်းဆို‌တော့ အဲဒီက စားဖိုမှူးတွေဆီက ဟိုဟိုဒီဒီ စားစရာလေးတွေသယ်လာတာလေ ... အချိန်ရရင် ဆိုင်ကိုကြွခဲ့ပါဦး... အစားအသောက်တွေကို ခံတွင်းတွေ့မှာသေချာပါတယ် .... "


သူမသည် အစိုးရပိုင်စားသောက်ဆိုင်မှ ဝန်ထမ်းဖြစ်ကြောင်း သိရှိသွားကြသောအခါ ကားမောင်းသူနှင့် လက်မှတ်စစ်သူတို့နှစ်ဦးစလုံးမှာ ချက်ချင်းပင် ပိုမိုဖော်ရွေလာကြတော့သည်။


ကားဆရာက တခစ်ခစ်ရယ်လျက်  " ထင်သားပဲညီမရယ် ... အနံ့ကအရမ်း‌သင်းနေတော့ အရသာကောင်းမယ်ဆိုတာသိတယ် ... " ဟု ပြန်လည်တုံ့ပြန်လာသည်။


ထုံရွှယ်လူက ယင်းအခြေအနေအား အခွင့်ကောင်းယူကာ ကားဆရာ‌အား အကူအညီတောင်းလိုက်တော့လေ၏။


" ကားဆရာကြီး ... ဟင်းအုပ်ထဲက ဟင်းအနှစ်တွေ ဖိတ်ကုန်မှာကြောက်လို့ ကားကို ညင်ညင်သာသာလေးမောင်းပေးပါနော် ...  "


" ရတာပေါ့ ... သေးသေးဖွဲဖွဲပါ ... "


ယင်းအကူအညီ၏ကျေးဇူးဖြင့် လမ်းခရီးမှာအလွန်ချောမွေ့ခဲ့ပြီး ဘတ်စ်ကားပေါ်မှ ဆင်းသောအခါ ထုံရွှယ်လူက ယာဉ်မောင်းအား ကျေးဇူးတင်စကား အကြိမ်ကြိမ်ပြောကြားခဲ့သည်။


 ***


၁၀ မိနစ်ခန့် လမ်းလျှောက်ပြီးနောက် အစောင့်တစ်ဦးက ထုံရွှယ်လူ့အား တားမြစ်လာသည်။


" ဘယ်သူ့ကိုလာရှာတာလဲ ... လက်ထဲက ဘာတွေလဲ ... "


ထိုအခါ ထုံရွှယ်လူက ဟင်းအုပ်အဖုံးကို ဖွင့်ပြလိုက်ပြီး "ငါးဂေါ်ဖီကြော်ပါ ... ရဲဘော် ဝမ်ရူကွေ့ကို လာရှာတာပါ ... ဖုန်းတစ်ချက်ဆက်ပေးမလားရှင့် သူဒီကိုလာယူလို့ရအောင်လို့ .... " ဟု ပြောကြားလိုက်သည်။


ငါးကြော်နံ့က အစောင့်ဖြစ်သူအား ရုတ်တရက်ကြီး ဆာလောင်မွတ်သိပ်သွားစေလေ၏။ယင်းနောက်တွင် အစောင့်ဖြစ်သူက ထုံရွှယ်လူ့အား ခေါင်းညိတ်ပြကာ ဖုန်းသွားဆက်တော့လေသည်။


ဝမ်ရူကွေ့သည် မနေ့ညက ဘတ်စ်ကားဖြင့် အိမ်ပြန်လာခဲ့ပြီး အဖိုးဝမ်မှာတော့ မြေးဖြစ်သူက ဆိုင်းမဆင့်ဗုံမဆင့် အိမ်ပြန်လာသောကြောင့် နှုတ်ခမ်းမွှေးများထောင်လုမတတ်ပင် ထိတ်လန့်သွားခဲ့ရရှာသည်။အဖိုးဝမ်မှာ ဝမ်ရူကွေ့အား ခေါင်းစခြေဆုံး စေ့စေ့ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်စုံတစ်ရာထိခိုက်သည်မျိုး ၊ နာမကျန်းဖြစ်သည်မျိုး မရှိသောအခါမှသာ စိတ်အေးနိုင်ခဲ့သည်။


နောက်တစ်နေ့တွင်လည်း ဝမ်ရူကွေ့သည် အိပ်ရာမှ စောစောနိုးလာခဲ့ပြီး ထုံရွှယ်လူက မည်သည့်အချိန်တွင် ရောက်လာမည််ကို မသိသည့်အတွက် အိမ်မှ ထွက်မသွားနိုင်ခဲ့ပေ။သူက  စောစောထပြီး ရေမိုးချိုး ခေါင်းလျှော်ကာ ထို့နောက်တွင်မူ အခန်းသန့်ရှင်းရေးလုပ်နေခဲ့လေ၏။ယင်းအပြုအမူများက အဖိုးဝမ်နှင့် ဦးလေးဇုန်းတို့ကို လုံးလုံးလျားလျားအံ့သြသွားစေသည်။


မွန်းတည့်ချိန်ကျော်သည်အထိ ထုံရွှယ်လူရောက်လာမည်မဟုတ်ဟု ထင်မှတ်ထားခဲ့သော်လည်း ယင်းအချိန်မတိုင်မီမှာပင် ဂိတ်စောင့်ထံမှ ဖုန်းလက်ခံရရှိခဲ့လေ၏။


ထိုအခါ ဝမ်ရူကွေ့က ချက်ချင်းဆိုသလိုပင် ဖုန်းချကာ ဖိနပ်ကောက်စွပ်ပြီး အပြင်သို့ အမြန်ပြေးထွက်သွားတော့သည်။


ဝမ်ရူကွေ့ ထွက်သွားသည်နှင့်တစ်ပြိုင်နက် အဖိုးဝမ်က လောင်ကျန်း၏အိမ်ဘက်မှ ခေါင်းပြူထွက်လာကာ ဦးလေးဇုန်းအား ‌လှမ်းအော်ပြောလာတော့လေ၏။


" ရှောင်ဇုန်း ... အနောက်ကနေ အမြန်လိုက်သွားစမ်း ... ဒီကောင်လေး ဘာတွေဖြစ်နေလဲသိရအောင် ... "


" ဟုတ်ကဲ့ပါ ဗိုလ်မှူး ... ကျွန်တော်လိုက်ကြည့်ခဲ့ပါ့မယ် .... "


ထိုအခါ အဖိုးဝမ်က ထပ်လောင်းပြောကြားလာသည်။


" မင်းသူ့ကိုလိုက်ချောင်းနေတာ မသိစေနဲ့ ... ပေါ်သွားရင် ဖင်ကန်ခံရမယ်သာမှတ် ..."


" စိတ်မပူပါနဲ့ ဗိုလ်မှူး ... ကျွန်တော် သေချာသတိထားပါ့မယ် ... "