Chapter 52
- ဦးလေးဇုန်း နောက်ပြန်လှည့်၍ အရူးလိုပြေးလေပြီ
ထို့နောက် ဦးလေးဇုန်းလည်း ဝမ်ရူကွေ့နောက်မှ သူခိုးကဲ့သို့ ခိုးကြောင်ခိုးဝှက်လိုက်သွားလေတော့သည်။
ဝမ်ရူကွေ့သည်လည်း တစ်လမ်းလုံးပြေးသွား၍ အဝေးမှ ထုံရွှယ်လူကို မြင်မှပဲ အပြေးရပ်လိုက်တော့သည်။
ထို့နောက် မျက်နှာကို ဂရုမထားသလို ခပ်တည်တည်ပုံပြင်၍ ထုံရွှယ်လူနားသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလေသည်။
ဝမ်ရူကွေ့သည် အသံကိုလည်း ခံစားချက်များမပေါ်အောင်ထိန်း၍ အေးအေးဆေးဆေးဖြစ်အောင်လုပ်ကာပြောလိုက်သည်။
"မင်္ဂလာပါ ရဲဘော်ထုံ..."
ထုံရွှယ်လူက သူမ၏ နီရဲသောနှုတ်ခမ်းများကို တွန့်ကွေး၍ပြုံးကာ ရွှင်ပျစွာပြုံးလိုက်သည်။
"ဟဲလို ရဲဘော်ဝမ်..."
ဝမ်ရူကွေ့သည် ထုံရွှယ်လူ၏မျက်လုံးအောက်မှ ဆွဲဆောင်မှုရှိသော မှဲ့နီလေးကို လှမ်းကြည့်ကာ မျက်တောင်များကို ဖျတ်ခနဲခတ်လိုက်သည်။
"ရဲဘော်ထုံက ဒီကို နေ့လယ်မှရောက်မယ်လို့ပြောထားတာမဟုတ်ဘူးလား...ဘာဖြစ်လို့ အစောကြီး ရောက်လာတာလဲ..."
ထုံရွှယ်လူက ဝမ်ရူကွေ့၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်၍ပြောလိုက်သည်။
"ရှင့်ကိုတွေ့ဖို့ မစောင့်နိုင်တော့လို့ပေါ့..."
သူ၏မျက်တောင်များ ဘယ်နှခါလှုပ်ခတ်နေကြသည်ကိုပင် ဝမ်ရူကွေ့ မရေတွက်နိုင်တော့ပေ။
သူ၏မျက်တောင်များနှင့်အတူ လှုပ်ရှားနေသည်ကတော့ ဘယ်ဘက်ရင်ဘတ်အောက်မှ နှလုံးသားပင်။
ဒုတ် ဒုတ် ဒုတ်...
ရင်ဘတ်ထဲ၌ နှလုံးသားက ပြင်းထန်စွာ ခုန်နေလေသည်။
နေကလည်း ဝမ်ရူကွေ့ပေါ်သို့ ထိုးကျနေကာ နားရွက်ဖျားများက နီရဲနေကြသည်။
အနောက်နား ငါးမီတာအကွာခန့်တွင် ဦးလေးဇုန်းက သစ်ပင်ကြီးတစ်ပင်နောက်မှ ခေါင်းပြူကြည့်နေလေသည်။ ဝမ်ရူကွေ့ဘေး၌ရပ်နေသော ထုံရွှယ်လူကိုမြင်သောအခါ ဦးလေးဇုန်း၏ မျက်နှာ၊ နားရွက်အောက်နားနှင့် လည်ပင်းတစ်ခုလုံးသည် သကြားမုန်လာကဲ့သို့ ရဲရဲနီသွားလေသည်။
ဦးလေးဇုန်းသည် စိတ်လှုပ်ရှားလွန်း၍ လက်နှစ်ဖက်လုံးပင် တုန်ယင်နေလေသည်။ မြက်နုလေး! မြက်နုလေးက ဤနေရာသို့ ရောက်နေသည်ပဲ။ အခုချက်ချင်း ဗိုလ်မှူးကို သွားပြောရပေမည်။
ဦးလေးဇုန်းသည် အလွန်လျင်မြန်သောနှုန်းဖြင့်ပြေးသွားသောကြောင့် နောက်မှကျန်ရစ်ခဲ့သော ပုံရိပ်ကိုပင် မြင်ရလုနီးပါးဖြစ်သွားသည်။
ဦးလေးဇုန်းသည် အမြန်ပြေးရလွန်း၍ အသက်ထွက်တော့မည်ဟူ၍ပင် ထင်မိသည်။
အိမ်ရှေ့၌ အဖိုးဝမ်ကိုမြင်သောအခါ ဦးလေးဇုန်းသည် အသက်ရှုရန်ပင် မနားတော့ပဲ ဟောဟဲဆိုက်နေသည့်အသံဖြင့်ပြောလိုက်သည်။
"ဗိုလ်မှုး...ဟိုမှာ မြက်..မြက်..."
"ဟေ ရှောင်ဇုန်းရဲ့...မင်းအသက်က ငယ်တော့တာလည်းမဟုတ်ဘူး...သတိထားမှပေါ့ကွ...ဘာများဖြစ်လို့ ဒီလောက်တောင် အမြန်ပြေးလာရတာတုန်း..."
ဘေးခြံမှ လောင်ကျန်းကလည်း ခြံထဲ၌ ဆောင့်ကြောင့်ထိုင်ကာ သူ၏ပိုးစာပင်ခြေ၌ရှိသောမြေကြီးကို ဆွနေရာမှ မော့ကြည့်ကာ စိတ်ဝင်တစားအနားသို့ရောင်လာသည်။
အဖိုးဝမ်ကတော့ "မြက်" ဟူသည့်အသံကိုကြားသည်နှင့် မျက်လုံးများပြူးကျယ်သွားသည်။
အဖိုးဝမ်သည် အခုတလော ထိုစကားနှင့် ပတ်သတ်၍ ဆတ်ဆတ်ထိမခံဖြစ်နေသည်။ ထို့ကြောင့် "မြက်" ဟူသည့်စကားကြားသည်နှင့် တစ်စုံတစ်ယောက်ကို ပြေးမြင်သွားမိသည်။ အဖိုးဝမ်သည် မျက်လုံးကိုတစ်ချက်ဝေ့ကြည့်လိုက်သောအခါ ဦးလေးဇုန်းဘာပြောတော့မည်ကို သိလိုက်သည်။
ထို့ကြောင့် ဦးလေးဇုန်း၏စကားကို အမြန်ဖြတ်ပြောလိုက်သည်။
"ငါ ရှောင်ဇုန်းကို မြက်ပင်လေးတွေ လိုက်ရှာခိုင်းထားတာ...အဲဒါရှာတွေ့လို့ ဒီကောင်အရမ်းပျော်ပြီး စကားတောင်မပြောနိုင်ဖြစ်နေတာနေမှာ..."
အဖိုးကျန်းက အဖိုးဝမ်ကို ကြည့်၍ ဦးလေးဇုန်းကို လှမ်းကြည့်လိုက်သည်။ အဖိုးကျန်းသည် ဘာပြောရမည်မသိဖြစ်နေသည်။
"လောင်ဝမ်ရာ...ခြံထဲမှာ စိုက်စရာအပင်တွေအများကြီးရှိနေတာကို...ဘာဖြစ်လို့များ မြက်ကို စိုက်ချင်ရတာတုန်း...မြက်ဆိုတဲ့အမျိုးက တစ်ပင်စိုက်ရင်တောင် ခဏလေးနဲ့ မင်း ခြံတစ်ခြံလုံး ခဏလေးနဲ့ ပြည့်သွားမှာ...မြက်က ဘာများကောင်းလို့လဲ..."
အဖိုးဝမ်က နှာခေါင်းရှုံ့ကာ လှောင်ရယ်သည့်အသံလုပ်၍ ပြောလိုက်သည်။
"မြက်တွေက စိမ်းစိမ်းစိုစိုနဲ့ ကြည့်ရတာ အမြင်အေးတယ်လေ...မင်းလို အသိတရားမရှိတဲ့လူကတော့ ဒါမျိုးတွေ နားလည်မှာမဟုတ်ပါဘူး..."
ထိုသို့ပြောပြီးသောအခါ အဖိုးဝမ်သည် ဦးလေးဇုန်းကို လပ်ယပ်ခေါ်၍ အိမ်ထဲသို့ လိုက်ဝင်လာရန်အချက်ပြလိုက်သည်။
အိမ်ထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် အဖိုးဝမ်သည် အပြင်မှာကဲ့သို့ တည်တည်ငြိမ်ငြိမ်မရှိတော့ပဲ စိတ်လှုပ်ရှားစွာမေးလိုက်သည်။
"ငါ့ကို မြန်မြန်ပြောစမ်းပါ...မင်း ခုနက မြက်နုလေးလို့ပြောမလို့လား..."
ဦးလေးဇုန်းသည်လည်း အမောနည်းနည်းပြေသွားပြီဖြစ်သောကြောင့် ခေါင်းတဆတ်ဆတ်ငြှိမ့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်...မြက်နုမိန်းကလေးက ဒီကိုရောက်နေတာ...အခု အရှေ့ပေါက်မှာ ရူကွေ့နဲ့ စကားပြောနေတယ်..."
အဖိုးဝမ်သည်လည်း စိတ်လှုပ်ရှားလွန်း၍ ခန္ဓာကိုယ်ပင် တဆတ်ဆတ်တုန်နေလေသည်။
"မင်း ရှင်းရှင်းလင်းလင်းမြင်ခဲ့တာ သေချာရဲ့လား...ငါတို့ ဟိုတစ်ခါမြင်ခဲ့တဲ့ မိန်းကလေးဆိုတာ သေချာလား..."
ဦးလေးဇုန်းကလည်း ကြက်သွန်ဖြူကို ဓားနှင့် နုပ်နုပ်စင်းနေသကဲ့သို့ ခေါင်းကို ထပ်ခါထပ်ခါညိတ်နေလေသည်။
"ဗိုလ်မှူးရယ်...ကျွန်တော် အသက်ကြီးနေပေမယ့် မျက်လုံးကတော့ကောင်းပါသေးတယ်...ဟိုတစ်ခေါက်တုန်းက မိန်းကလေးကိုပဲ ကျွန်တော့်ရဲ့ မျက်လုံးကြီးနှစ်လုံးနဲ့ သေချာထင်ထင်ရှားရှားကြီးမြင်ခဲ့တာပါ...ကောင်မလေးက လက်ထဲမှာလည်း ပစ္စည်းတွေ အများကြီးသယ်ထားသေးတယ်...အဲဒါတွေက ရူကွေ့အတွက်လား ဘာလားတော့ ကျွန်တော်လည်း သေချာမသိဘူး..."
အဖိုးဝမ်က ဦးလေးဇုန်းအား မင်္သကာသောအကြည့်ဖြင့်ကြည့်လိုက်သည်။
"ဟိုးတလောတုန်းကပဲ မင်းမျက်လုံးတွေ မှုန်လာပြီဆိုပြီး ပြောနေတယ်မဟုတ်ဘူးလား...အခုကျတော့လည်း ကောင်းသွားကြပြန်ပြီလား..."
ဦးလေးဇုန်း:"..."
သို့သော် အဖိုးဝမ်သည် ဦးလေးဇုန်းနှင့် ပြိုင်ငြင်းမနေချင်တော့ပေ။ သူ၏မျက်လုံးများသည် တောက်ပလွန်း၍ ဓာတ်မီးမှအလင်းရောင်ကဲ့သို့ပင်ဖြစ်နေကြသည်။
"ဒီကောင်လေး တစ်ခုခုတော့ထူးနေတယ်လို့ ငါထင်မိသား...ပိတ်ရက်မတိုင်ခင်မှာတောင် အိမ်ကိုရောက်နေပြီး ဒီမနက်ကလည်း ရေတွေချိုး ခေါင်းတွေလျှော် လုပ်နေတာ...မသိရင်...သူ့ကိုယ်သူ ကြည့်ကောင်းအောင် သနေသလိုပဲ!..."
"ရှောင်ဇုန်း...မင်း အခုချက်ချင်း အရှေ့ပေါက်ကိုသွားပြီး ရူကွေ့ကို အဲဒီကောင်မလေးကို အိမ်ဆီဖိတ်ခိုင်းလိုက်..."
ဦးလေးဇုန်းက အံ့ဩသွားသည်။
"ဗိုလ်မှူး ကိုယ်တိုင်သွားတာပိုမကောင်းဘူးလား..."
အဖိုးဝမ်က စိတ်တိုတိုနှင့်ပြောလိုက်သည်။
"တစ်ခါတစ်လေလည်း ဦးနှောက်လေး ဘာလေး သုံးစမ်းပါဦး ရှောင်ဇုန်းရာ...ငါကိုယ်တိုင်သွားလို့ ငါနဲ့ အဲဒီကောင်မလေးကို တွေ့ရင် လူတွေက ဘာပြောကြမလဲ...ကောင်မလေးက ရူကွေ့ကို စိတ်မဝင်စားရင်ရော ဘယ်လိုလုပ်မလဲ...ကောင်မလေးကို ငါက သွားဒုက္ခပေးသလိုဖြစ်နေမှာပေါ့..."
ဦးလေးဇုန်းလည်း ယခုမှပင် သဘောပေါက်သွားသည်။
"ဪ ကျွန်တော်သဘောပေါက်ပြီ ဗိုလ်မှူး...အဲဒါကြောင့် ခုနကလည်း ကျွန်တော်ပြောနေတာကို ဖြတ်ပြောလိုက်တာကိုး..."
အဖိုးဝမ်က နှုတ်ခမ်းကို ရှေ့သို့အနည်းငယ်တွဲအောက်လုပ်ကာပြောလိုက်သည်။
"ဒါပေါ့ကွ...လောင်ကျန်းဆိုတဲ့ကောင်က ဒီလောက်တောက် ပါးစပ်ဖွာတာကို...သူသာသိရင် ဒီခြံဝန်းထဲက အကုန်လုံးသိပြီပဲ...ဪ ရှေ့လျှောက်လည်း ဒီအကြောင်းပြောရင် မြက်နုလေးလို့ပဲ သုံးနော်...စကားမမှားစေနဲ့..."
မြက်နုဆိုသည့်နာမည်က အလွန်ကောင်းသည့် နာမည်ဝှက်ပင်ဖြစ်သည်။ အကယ်၍ အိမ်အပြင်၌ လွှတ်ခနဲ စကားမှားသွားလျှင်တောင် လူများက သူတို့နှစ်ယောက် မြက်ပင်များအကြောင်းပြောနေကြသည်ပဲ ထင်ကြပေလိမ့်မည်။
ဗိုလ်မှူးသည် တကယ်ပင် ထက်မြက်လွန်းလှပါသည်။
ဦးလေးဇုန်းက ခေါင်းငြှိမ့်လိုက်သည်။
"ကျွန်တော် အခုပဲသွားလိုက်မယ်...ဒါပေမယ့် ကောင်မလေးက အိမ်ကို မလိုက်လာချင်ဘူးဆိုရင်ရော ဘယ်လိုလုပ်မလဲ ဗိုလ်မှူး..."
အဖိုးဝမ်: "မင်းလည်း ဘယ်လိုတောင် ထုံအနေရတာလဲ...ကလေးမက မလိုက်ချင်ဘူးဆိုရင် ဒီတိုင်းပဲ ထားရမှာပေါ့ကွ...သူ့ဆန္ဒကို လေးစားရမယ်လေ...ကဲ မြန်မြန်ဆန်ဆန်ကြွပါတော့..."
ဤအကြိမ်မှာ ရူကွေ့တစ်ယောက် မိန်းကလေးတစ်ဦးကို ပထမဆုံးစိတ်ဝင်စားပုံပြခြင်းဖြစ်သောကြောင့် သူတို့သည် ဤမိန်းကလေးကို ဂရုတစိုက်ဆက်ဆံရမည်ဖြစ်သည်။ သူတို့ကြောင့် မိန်းကလေးက လန့်ပြီးထွက်ပြေးသွားလျှင် ရူကွေ့အတွက် သင့်တော်သည့်မိန်းကလေးဟူ၍ တွေ့ပါလေဦးမည်လား။
ဦးလေးဇုန်းလည်း ခေါင်းငြှိမ့်ကာ အိမ်ထဲမှ ပြေးထွက်၍ အရှေ့ပေါက်သို့ အရူးတစ်ယောက်ကဲ့သို့ အလျင်အမြန်ပြေးသွားပြန်လေသည်။
***
အရှေ့ပေါက်တွင်...
ထုံရွှယ်လူက စကားပြောပြီးသွားသောအခါ ဝမ်ရူကွေ့၏နားရွက်များက သိသိသာသာပင် နီရဲနေလေတော့သည်။
ထိုသို့ဖြစ်နေသည်ကို ထုံရွှယ်လူမြင်သောအခါ စိတ်ထဲမှ မရည်ရွယ်သော်လည်း ခွက်ထိုးခွက်လန် အော်ရယ်မိတော့မတတ်ဖြစ်သွားသည်။
ဤဝမ်ရူကွေ့သည် တကယ်ပင် အပြစ်ကင်းစင်ဆဲပါလား။
ထုံရွှယ်လူသည် သူမ၏အရင်ဘဝက ကောက်ကျစ်ဉာဏ်များသော ယောင်္ကျားများစွာကို တွေ့ဖူးခဲ့သော်လည်း ယခုကဲ့သို့ ဖြူစင်အပြစ်ကင်းသည့် ကောင်လေးမျိုးကို မတွေ့ရသည်မှာ အတော်ကြာနေပြီဖြစ်သည်။
ပန်းရောင်သမ်းနေသော ဝမ်ရူကွေ့၏နားရွက်များကိုကြည့်၍ ထုံရွှယ်လူက အံ့ဩသွားသည့်ပုံနှင့် မေးလိုက်သည်။
"ရဲဘော်ဝမ်...နားရွက်တွေက ဘာဖြစ်နေတာလဲ..."
ဝမ်ရူကွေ့က ချောင်းတစ်ချက်ဟန့်ကာ မသက်မသာဖြင့် ဖြေလိုက်သည်။
"နေပူလို့ပါ..."
ထိုသို့ပြောပြီးသောအခါ ဝမ်ရူကွေ့က သူ၏နားကွက်ကို ထုံရွှယ်လူမမြင်နိုင်အောင် တစ်ဖက်သို့လှည့်လိုက်သည်။ သို့သော်လည်း ထိုသို့လှည့်လိုက်သောအခါ သူ၏နောက်နားရွက်တစ်ဖက်ကို ထုံရွှယ်လူ မြင်နေရပြန်သည်။
ထုံရွှယ်လူ: "ဟင် ရှင့်ရဲ့ ဘယ်ဘက်နားလည်း နီနေပြန်ပြီ...ရှင်က နေရောင်နဲ့ တကယ်မတည့်ဘူးထင်တယ်နော်..."
ဝမ်ရူကွေ့: "..."
ယခုတွင်တော့ ဝမ်ရူကွေ့ခန္ဓာကိုယ်၌ နီနေသည်မှာ နားရွက်များသာမဟုတ်တော့ချေ။ ပါးများလည်း ရှက်သွေးဖြင့် တရှိန်ရှိန်ပူလာသည်ကို ဝမ်ရူကွေ့ခံစားလိုက်ရသည်။
ဘုရားရေ...ဒီလူက တကယ်ကို ဖြူစင်ရိုးသားလှပါလား...
ထုံရွှယ်လူက သူမ၏လှပသောမျက်လုံးများကို မျက်တောင်တစ်ချက်ခတ်ကာ ခေါင်းကိုစောင်း၍ မေးလိုက်သည်။
"ရဲဘော်ဝမ်...ကျွန်မ ရှင့်ကို မေးချင်တာလေးတွေရှိတယ်..."
ဝမ်ရူကွေ့: "မေးပါ ရဲဘော်ထုံ..."
ထုံရွှယ်လူ: "ရဲဘော်ဝမ်မှာ အိမ်ထောင်ရှိလားဟင်..."
ထုံရွှယ်လူက ထိုကဲ့သို့မေးခွန်းမျိုးမေးမည်ဟု ဝမ်ရူကွေ့ မထင်ထားသောကြောင့် ခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းကိုခါကာ ပြောလိုက်သည်။
"မရှိပါဘူး..."
"အခုလောလောဆယ် ချစ်ကြိုက်နေတဲ့လူရောရှိလားဟင်..."
ထုံရွှယ်လူက သူမ၏ နီရဲသောနှုတ်ခမ်းများကို တွန့်ကွေးလိုက်ကာ မျက်လုံးများသည်လည်း အရောင်တောက်ပသွားကြသည်။
"တိုက်ဆိုင်လိုက်တာနော်...ကျွန်မမှာလည်းမရှိဘူး..."
ဝမ်ရူကွေ့သည် သူ၏နှလုံးက ပြင်းထန်စွာခုန်လာသည်ကို ခံစားလိုက်ရသည်။
"အင်း..."
ထုံရွှယ်လူက နှုတ်ခမ်းကို ခပ်စူစူလေးလုပ်ကာ ဝမ်းနည်းသည့်ပုံနှင့် ဆက်ပြောလိုက်သည်။
"ကျွန်မက ရှင့်အတွက် အရသာရှိတဲ့အစားအသောက်တွေ သယ်ပြီး ဒီအထိတောင်ရောက်လာရတာ...လက်တွေလည်းတော်တော်ညောင်းနေပြီ...ဘာဖြစ်လို့ ကျွန်မဆီကနေ မယူသေးတာလဲ..."
ထိုအခါမှ ဝမ်ရူကွေ့လည်း အသိဝင်ကာ ထုံရွှယ်လူထံမှ ပစ္စည်းများကို လှမ်းယူလိုက်သည်။
လှမ်းယူလိုက်သည့်အခါမှ ပစ္စည်းများက တော်တော်လေးသည်ကို သိလိုက်ရသောအခါ ဝမ်ရူကွေ့ အနည်းငယ်နောင်တရသွားမိသည်။ အဘယ်ကြောင့်များ လှမ်းယူဖို့ကို စောစောသတိမရမိပါလိမ့်။
ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ရဲဘော်ဝမ်...ရှင်က အရမ်းသဘောကောင်းတာပဲ..."
ဝမ်ရူကွေ့၏နှလုံးသားက ဒုတ်ခနဲခုန်ကာ ပန်းရောင်သမ်းနေသော ပါးများက သကြားမုန်လာကဲ့သို့ ရဲရဲနီကုန်လေတော့သည်။
ဝမ်ရူကွေ့၏ပန်းရောင်ပါးများကိုကြည့်၍ မရယ်မိအောင်ထိန်းထားရသောကြောင့် ထုံရွှယ်လူ၏ ဗိုက်သားများပင်နာလာကြသညါ။
"ရှင်က အရမ်းစပ်တာတွေမစားနိုင်ဘူးလို့ ရဲဘော်ပုကပြောလို့ ကျွန်မ ငရုတ်သီးတောင် နည်းနည်းပဲသုံးထားတယ်...ငါးအပြင် ပဲစိမ်းကိတ်မုန့်တွေလည်း လုပ်လာတယ်..."
ဝမ်ရူကွေ့၏ နက်မှောင်သောမျက်လုံးများင အရောင်တောက်ပလာကြသည်။
"ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်တော်က ပဲစိမ်းကိတ်မုန့်ကြိုက်တယ်..."
ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။
"ရှင်ကြိုက်တယ်ဆိုလို့ ကျွန်မ ဝမ်းသာပါတယ်...ဒါဆိုရင် ဒီမနက် ရန်ချင်းကနေ ဒ္အထိလာရတဲ့ခရီးက အလကားမဖြစ်တော့ဘူးပေါ့...ရန်ချင်းကနေတည်းက သယ်လာရင် ငါးက အေးသွားမှာစိုးလို့ အစိမ်းယူလာပြီး ဒီက ကျွန်မ သူငယ်ချင်းအိမ်ရောက်မှ ချက်လိုက်တာ...ချက်ဖို့ ပြင်ဆင်ရတာတောင် အကြာကြီးပဲ..."
ထုံရွှယ်လူသည် သူမကြိုးစားအားထုတ်ထားရသမျှကို ဖုံးကွယ်မည့်လူမျိုးမဟုတ်ချေ။ လက်ခံသူအနေနှင့် သူမ မည်မျှ ကြိုးစားပေးထားသည်ကို သိရန်မှာ အရေးကြီးလေသည်။
ဝမ်ရူကွေ့သည် ပို၍ပင် နောင်တရသွားသည်။ မနေ့က ထုံရွှယ်လူ သူ့ကို ဖုန်းဆက်စဉ်တုန်းက ထိုအကြောင်းကို အဘယ်ကြောင့် မစဉ်းစားမိခဲ့ပါသနည်း။
ထုံရွှယ်လူသည် မြို့ထဲ၌ နေသူမဟုတ်သောကြောင့် ဝမ်ရူကွေ့အတွက် စားစရာလုပ်ပြီး လာပို့ရသည်မှာ အတော်ပင် ကရိကထများမည်ဖြစ်သည်။
သို့သော် ဝမ်ရူကွေ့ ဘာမှမပြောရသေးခင်မှာပင် အနားသို့ ဦးလေးဇုန်း ရောက်လာလေသည်။