အပိုင်း ၅၃
Viewers 16k

Chapter 53

 ငါ့မြေးကဒီလောက်တောင်အသုံးမကျဖြစ်နေလည်း ကောင်မလေးကိုပဲ မြေးမအဖြစ် မွေးစားလိုက်တော့မယ်




"ရူကွေ့ ဒါမင်းရဲ့သူငယ်ချင်းလား..."


ဦးလေးဇုန်းသည် အပေါက်သို့ရောက်ခါနီးတုန်းက မပြေးတော့သောကြောင့် ယခု အသက်ရှုမရအောင် မောမနေတော့ချေ။


ရူကွေ့က မသိမသာမျက်မှောင်ကြုတ်လိုက်မိသည်။

"အင်း..."


အဖိုးနှင့် ဦးလေးဇုန်းတို့က ငါးမျှားသွားကြသည်မဟုတ်လား။


ယခု ဘာဖြစ်လို့ ဦးလေးဇုန်းက ဤသို့ ရောက်နေရသနည်း။


ဦးလေးဇုန်းက ဝမ်ရူကွေ့၏ အနည်းငယ်မကျေမနပ်ဖြစ်သွားသော မျက်နှာပေးကို မမြင်‌ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် ချောင်းဟန့်ကာပြောလိုက်သည်။


"မင်းရဲ့သူငယ်ချင်းဆိုရင် အိမ်ကို အလည်ဖိတ်သင့်တာပေါ့...ဘာဖြစ်လို့ ဒီအပြင်ကြီးမှာ ရပ်နေကြတာလဲ..."


ထုံရွှယ်လူက မျက်ခုံးကိုပင့်ကာ မေးလိုက်သည်။

"ဒါက..."


ဝမ်ရူကွေ့: "ဒါက ဦးလေးဇုန်းပါ...အရင်တုန်းကတော့ တပ်ထဲမှာ စစ်သားပေါ့...အခုတော့ အနားယူပြီး ကျွန်တော့်အဖိုးကို ပြုစုစောင့်ရှောက်ပေးနေတာ..."


တပ်ထဲမှ စစ်သားနှင့် အဖိုးကိုအဖော်လုပ်ပေးနေသူ...


ထုံရွှယ်လူသည် မျက်တောင်တစ်ချက်ခတ်ကာ ချက်ချင်းပင် အခြေအနေကို နားလည်သွားသည်။


ဝမ်ရူကွေ့၏အဖိုးသည် သာမာန်အဖိုးအိုတစ်ဦးတော့ ဖြစ်မည်မဟုတ်ပေ။


ဦးလေးဇုန်းသည် ကြင်နာသည့်အပြုံးဖြင့် ပါးစပ်ထဲမှ ကျန်ရှိနေသော သွား ၈ချောင်းလုံးပေါ်အောင်ပြုံးနေသည်။

"မင်္ဂလာပါ ရဲဘော်မိန်းကလေး...နေကောင်းရဲ့လား...နေက အရမ်းပူနေတာ...ဦးလေးတို့အိမ်ကို လိုက်ခဲ့ပြီး ရေတစ်ခွက်လောက်လိုက်သောက်ပါလား..."


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

"ဟင့်အင်း ရပါတယ်ရှင်...ကျွန်မ သွားစရာနေရာလေးတစ်ခုရှိနေလို့ပါ...နောက်တစ်ခါရောက်ရင် လာခဲ့ပါ့မယ်..."


ယခုက ထုံရွှယ်လူနေခဲ့သည့် ခေတ်ကဲ့သို့မဟုတ်ပေ။ အမျိုးသားများနှင့် အမျိုးသမီးများသည် တစ်ယောက်အိမ်သို့ တစ်ယောက် လွယ်လွယ်ကူကူ မသွားကြချေ။ အကယ်၍ သွားပြီဆိုလျှင်လည်း စေ့စပ်ထားသောလူများလောက်သာဖြစ်သည်။


ထို့အပြင် ထုံရွှယ်လူ၌ တကယ်လည်း သွားစရာနေရာရှိနေသည်မဟုတ်လား။


ဦးလေးဇုန်းက ထိုစကားကြားသောအခါ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

"ဪ ဟုတ်ပါပြီကွယ်...နောက်တစ်ခေါက် အားချိန်များများရရင် ဦးလေးတို့ဆီကို သေချာပေါက် လာလည်ရမယ်နော်..."


ဦးလေးဇုန်းသည် ရောက်ရောက်ချင်း အလွန် ဧည့်ဝတ်ပျူငှာနေလိမ့်မည်ဟု ဝမ်ရူကွေ့မထင်ထားချေ။ ထို့ကြောင့် အနည်းငယ်မျက်မှောင်ကြုတ်ကာ လက်ထဲမှ ပစ္စည်းများကိုထိုးပေးရင်း ပြောလိုက်သည်။

"ဦးလေးဇုန်း..ဒါ ရဲဘော်ထုံ ယူလာတဲ့ စားစရာတွေ...ဒါတွေ အိမ်ကို အရင်ယူသွားပေးပါလား..."


ဘုရားရေ...အရမ်းကို ကြင်နာလှပပြီး ထက်မြက်တဲ့ မိန်းကလေးပါလား...


ဦးလေးဇုန်းသည် ပြုံးနေရလွန်း၍ သူ့မျက်နှာက ပန်းပွင့်ကဲ့သို့ပင် ဖြစ်နေတော့သည်။

"ဒါပေါ့ ဒါပေါ့...ကျေးဇူးတင်ပါတယ် ရဲဘော်မိန်းကလေး...ဦးလေးတို့အိမ်ကို  လုံးဝလိုက်လည်ဖို့ အချိန်မရှိတာ သေချာရဲ့လား...ခဏလေးလောက်ပဲလေ..."


ထုံရွှယ်လူသည် သူမ၏ရှေ့၌ရှိနေသော အဖိုးအိုကိုကြည့်၍ ရယ်ချင်လာမိသည်။ ထို့နောက် ခေါင်းကို ထပ်ခါကာ ပြောလိုက်သည်။

"ဟုတ် ဒီတစ်ခေါက်တော့ တကယ်ကို အချိန်မရှိတော့လို့ပါ...နောက်တစ်ခေါက်လာခဲ့ပါမယ်..."


"ဟုတ်တာပေါ့ ဟုတ်တာပေါ့...နောက်အခါတွေလည်း ရှိလာဦးမှာပါ..."


ဦးလေးဇုန်းက အဖိုးဝမ်၏စကားကို အမှတ်ရကာ ထုံရွှယ်လူ၏စကားကို မလွန်ဆန်ရဲပေ။


ဝမ်ရူကွေ့၏ စူးရှပြင်းထန်သော အကြည့်အောက်တွင် ဦးလေးဇုန်းသည် အစားအစာထုပ်ကိုယူ၍ နောက်သို့ လှည့်ကြည့်လှည့်ကြည့်လုပ်ကာ ပြန်သွားလေတော့သည်။


ဦးလေးဇုန်းကိုကြည့်ရသည်မှာ အသက်သာကြီးမနေပါက သူသည် ထုံရွှယ်လူ၏ချစ်သူဟူ၍ပင် ထင်ကုန်ကြလောက်သည်။


ဦးလေးဇုန်း၏အပြုအမူကိုကြည့်၍ ထုံရွှယ်လူသည် မထိန်း‌နိုင်တော့ပဲ အော်ရယ်မိလေတော့သည်။


ဝမ်ရူကွေ့က မျက်တောင်တစ်ချက်ခတ်ကာမေးလိုက်သည်။

"ခုနတုန်းက ရဲဘော်ထုံ တစ်နေရာရာသွားရမယ်လို့ ပြောတယ်မဟုတ်လား...အကူအညီလိုသေးလား..."


ထုံရွှယ်လူက ခေါင်းခါလိုက်သည်။

"ဟင့်အင်း မလိုပါဘူး...ဒါပေမယ့် ကျွန်မ ရှင့်ကို ပြောစရာတစ်ခုရှိတယ်...အရင်တုန်းက ကျွန်မက ရန်ချင်းနယ်ကအထည်စက်ရုံမှာ အလုပ်လုပ်တာလေ...အခုတော့ တခြားတစ်ယောက်နဲ့ အလုပ်ပြောင်းပြီး မြို့ထဲက အစိုးရပိုင်စားသောက်ဆိုင်မှာ အလုပ်လုပ်နေပြီ...မြို့ထဲရဲ့ တောင်ဘက်ပိုင်းလောက်မှာ..."


ဝမ်ရူကွေ့က ပြုံးလိုက်သည်။

"ဝမ်းသာပါတယ်...အစိုးရပိုင်စားသောက်ဆိုင်ဆိုတော့ ကောင်းတာပေါ့..."


ထိုသို့ပြောနေချိန်တွင် ဝမ်ရူကွေ့သည် ခေါင်းထဲတွင်တော့ စစ်တပ်ခြံဝန်းထဲမှ တောင်ဘက်ပိုင်းသို့ သွားရန် အချိန်မည်မျှကြာမည်ကို တွက်နေမိသည်။


နေက ပို၍ ပြင်းလာကာ ထုံရွှယ်လူလည်း ပြန်ရန်ပြင်လိုက်သည်။

"ရဲဘော်ဝမ် အိမ်မြန်မြန်ပြန်ပြီး နေ့လယ်စာစားတော့လေ...ကျွန်မ ရှင့်ကို ဆွဲထားသလိုဖြစ်နေပြီ..."


ဝမ်ရူကွေ့က ထိုသို့မဖြစ်ပါ ဟု ပြောချင်သော်လည်း ထုံရွှယ်လူက နှုတ်ဆက်နေပြီဖြစ်သည်။


"သွားတော့မယ်နော် ရဲဘော်ဝမ်..."


တောက်ပသောနေရောင်က ထုံရွှယ်လူပေါ်သို့ ကျကောက်နေ၍ ထုံရွှယ်လူ၏မျက်လုံးများသည် သမင်မျက်လုံးများကဲ့သို့ ကြည်လင်တက်ကြွနေလေသည်။


ဝမ်ရူကွေ့လည်း ပြောချင်သည်များကို မြိုသိပ်ကာ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

"တာ့တာ ရဲဘော်ထုံ..."


ထုံရွှယ်လူက ပြုံး၍ လှည့်ထွက်လာလိုက်တော့သည်။


ဝမ်ရူကွေ့သည် ထုံရွှယ်လူအား အနောက်မှ လှမ်းကြည့်နေသော်လည်း ထုံရွှယ်လူကတော့ လမ်းထောင့်မှပျောက်ကွယ်သွားသည်အထိ တစ်ချက်မှ လှည့်မကြည့်ပေ။


ဝမ်ရူကွေ့၏ရင်ထဲ၌ ဟာတာတာဖြစ်သောခံစားချက်ကို ခံစားလိုက်ရသည်။


ထုံရွှယ်လူထွက်သွားသည်ကို မြင်သောအခါ စစ်သားက ပြန်ထွက်လာကာပြုံး၍မေးလိုက်သည်။

"အဲဒီ ရဲဘော်မိန်းကလေးက မင်းရဲ့ ချစ်သူလား..."


ဝမ်ရူကွေ့က အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။

"မဟုတ်ပါဘူး...သူက နည်းနည်းဝေးတဲ့ အမျိုးပါ...မဟုတ်တဲ့ ကောလဟာလတွေ လျှောက်မပြောပါနဲ့..."


စစ်သားက အမြန် ခေါင်းငြှိမ့်လိုက်သည်။

"စိတ်မပူပါနဲ့...ကျွန်တော်က နှုတ်လုံပါတယ်..."

ဝမ်ရူကွေ့ကတော့ စစ်သားအား ဂရုမစိုက်တော့ပဲ တစ်ဖက်သို့လှည့်ကာ အိမ်ဆီသို့ ပြန်လျှောက်သွားလေတော့သည်။


ရှုရှိုက်လိုက်ရသူ၏ နှလုံးသားကိုကိုင်လှုပ်နိုင်သော အစားအစာများ၏ မွှေးရနံ့ကိုစဉ်းစား၍ ဝမ်ရူကွေ့သည် ခြေလှမ်းများကိုမြန်လိုက်သည်။


သို့သော် ခြံဝန်းထဲသို့ ဝင်ဝင်လိုက်ချင်းမှာပင် ထိုအနံ့များကို ပြင်းပြစွာ ရှူရှိုက်လိုက်ရသည်။ ဝမ်ရူကွေ့၏ ရင်ဘတ်က ဒိတ်ခနဲခုန်သွား၍ အိမ်ထဲသို့ အမြန်ဝင်သွားလိုက်သည်။


အိမ်ထဲသို့ ဝင်ဝင်လိုက်ချင်းမှာပင် အဖိုးဝမ်က ဂေါ်ဖီချဉ်နှင့် ငါးကို စားနေသည်ကို မြင်လိုက်ရသည်။ အဖိုးဝမ်က စားရင်းနှင့် စကားပင်လှမ်းပြောနေသေးသည်။

"ရှောင်ဇုန်း...အရမ်းအရသာရှိတာပဲကွ...ဒီလောက်နူးညံ့တဲ့ ငါးမျိုး ဘဝမှာ တစ်ခါမှမစားဖူးဘူး..."


"ဒီမိန်းကလေးရဲ့ ဟင်းချက်လက်ရာနဲ့ယှဉ်ရင် လောင်ကျန်းရဲ့လက်ရာက ခွေးချေးလောက်ပဲရှိတယ်..."


"ရှောင်ဇုန်း...မင်းစားတာ နည်းနည်းများနေပြီ...ထပ်မယူနဲ့တော့..."


"ဟုတ်ကဲ့ပါ ဗိုလ်မှူး..."


ဦးလေးဇုန်းက အင်တင်တင်နှင့် တူများကို ချလိုက်သည်။ ဦးလေးဇုန်းသည် ပထမဆုံးအကြိမ်အဖြစ် သူ၏ ဗိုလ်မှူးအပေါ် အနည်းငယ် အမြင်မကြည်ဖြစ်သွားသည်။


ဂေါ်ဖီချဉ်နှင့် ငါးသည် အလွန်အရသာရှိလှသည်။ ငါးက အလွန်နူးညံ့ကာ အနီရောင်ဂရုတ်ပွနှင့် ပေါင်းစပ်လိုက်သောအခါ အချဉ်နှင့် အစပ်အရသာတို့ ရောယှက်ကာ ပြိုင်ဘက်မရှိသည့် အရသာဖြစ်သွားသည်။


ဦးလေးဇုန်းသည် ဤမျှအရသာရှိလှသော ငါးကို တစ်ခါမှမစားဖူးချေ။ ဗိုလ်မှူးက အဘယ်ကြောင့် ဤမျှ တွန့်တိုနေရပါသနည်း။


ဝမ်ရူကွေ့က အဖိုးဝမ်နားသို့လျှောက်လာ၍ မကျေမနပ်နှင့် ပြောလိုက်သည်။

"အဖိုး...ဘာဖြစ်လို့ ကျွန်တော့်ကိုတောင်မစောင့်ပဲ စားနေရတာလဲ..."


အဖိုးဝမ်က မျက်လုံးကိုဝေ့၍ ပြောလိုက်သည်။

"ငါက အသက် ၇၀ ကျော်အဖိုးကြီးဖြစ်နေပြီ အဆာခံလို့မဖြစ်ဘူးလေ...ငါ့ဘာသာငါ အရင်စားနှင့်တော့ဘာဖြစ်လဲ...မင်းက အသက် ၇၀ အဖိုးကြီးကို မင်းအိမ်ပြန်လာတဲ့အချိန်အထိစောင့်ခိုင်းပြီးမှ ထမင်းစားခိုင်းနေတာလား...ဘယ်လိုတောင် စာနာစိတ်မရှိရတာလဲ..."


ဝမ်ရူကွေ့: "..."


အဖိုး နေမကောင်းချင်ယောင်ဆောင်ပြီး မုန့်တွေစားတုန်းကတော့ အသက် ၇၀ လို့ပြောတာ မကြားမိပါဘူး...


အဖိုးဝမ်က မကျေမနပ်အသံထပ်လုပ်လိုက်ပြန်သည်။

"ပြီးတော့ အရင်တစ်ခေါက်တုန်းက ငါ့အတွက် လောကျန်းလုပ်ပေးတဲ့ငါးကို မင်းစားလိုက်တယ်လေ...အဲဒါကြောင့် အခု မြက်နုလေးလုပ်ပေးတဲ့ ငါးကို ငါစားတာဘာဖြစ်လဲ...အကြွေးပြန်ယူတယ်သဘောထားလိုက်ပေါ့ကွာ..."


ဝမ်ရူကွေ့: "..."


ဝမ်ရူကွေ့သည် ဘဝ၌ ပထမဆုံးအကြိမ်အဖြစ် ဆဲချင်မိလာသည်။ အကြွေးပြန်ယူတယ်တဲ့လား။ ဘယ်လိုတောင် အဓိပ္ပာယ်မရှိသည့် စကားပါလဲ။


သို့သော်လည်း ယခု၌ စကားအချေအတင်ပြောနေရန် အချိန်မရှိချေ။ ဝမ်ရူကွေ့သာ မြန်မြန်စ၍ မစားပါက အဖိုးဝမ်လက်ချက်နှင့် ဂေါ်ဖီချဉ်နှင့် ငါးတို့ ကုန်တော့မည်ဖြစ်သည်။


ဝမ်ရူကွေ့လည်း စားပွဲ၌ အမြန်ထိုင်ကာ တူကိုကောက်ကိုင်၍ ပန်းကန်ထဲသို့ လှမ်းနှိုက်လိုက်သည်။ တူထဲ၌ ပါလာသည်က ဂေါ်ဖီချဉ်များပင်ဖြစ်သည်။ ဝမ်ရူကွေ့ နောက်တစ်ခေါက်နှိုက်လိုက်ပြန်သည်။ ဂေါ်ဖီချဉ်များသာ ပါလာပြန်သည်။


ဝမ်ရူကွေ့စိတ်ပူသွားမိသည်။ ငါးဟူ၍ တစ်ဖတ်မျှပင် မကျန်တော့ဘူးလား။


မယုံချင်၍ နောက်တစ်ခေါက်နှိုက်လိုက်ပြန်သည်။ ကြီးမားသောပန်းကန်ထဲ၌ကျန်နေသည်က ဂေါ်ဖီချဉ်အနည်းငယ်နှင့် ငရုတ်ပွသီးများသာကျန်တော့သည်။


"အဖိုး...ဘာဖြစ်လို့ ကျွန်တော့်အတွက် ငါးလေးနည်းနည်းတောင် မချန်ပေးထားတာလဲ..."


အဖိုးဝမ်၏ မျက်လုံးများ၌ မလုံမလဲဖြစ်သွားသည့် အရိပ်အယောင်လေးဖြတ်သွားသော်လည်း မသိမသာလေးသာဖြစ်သည်။


"အကုန်ကုန်သွားပြီလား...ရှောင်ဇုန်း အကုန်စားလိုက်တာ‌ဖြစ်မယ်..."


စုစုပေါင်းမှ သုံးလုတ်သာစားလိုက်ရသော ဦးလေးဇုန်း ဘာပြောရမည်မသိဖြစ်သွားသည်။


ဝမ်းနည်းကာ ဘာပြောရမည်ပင်မသိဖြစ်သွားသော ဝမ်ရူကွေ့က ပြောလိုက်သည်။

"အဖိုး...စပ်တဲ့အစားအစာတွေ လုံးဝမစားမသင့်ဘူးလို့ ဆရာဝန်က ပြောထားတယ်မဟုတ်ဘူးလား..."


အဖိုးဝမ်က လက်ခါကာပြောလိုက်သည်။

"ငါ့ကျန်းမာရေးက ကောင်းနေတာပဲ...ပြီးတော့ ဒီမိန်းကလေးက အရမ်းသိတတ်တာပဲ...ငါ အစပ်မစားနိုင်မှန်းသိလို့ ငရုတ်သီးကို တကယ်ကိုနည်းနည်းလေးပဲထည့်ထားတာ..."


ဝမ်ရူကွေ့: "...."


သူက အဖိုးကိုသိတတ်လို့ အစပ်လျှော့ပေးထားတာမဟုတ်ဘူးလေ...


ထမင်းပန်းကန်လုံးကြီးတစ်လုံး ကုန်အောင်စားပြီးသွားသောအခါ အဖိုးဝမ် ထပ်မစားနိုင်တော့ချေ။

"ကျန်တဲ့ ဂေါ်ဖီချဉ်တွေ မင်းစားလိုက်တော့..."


ဝမ်ရူကွေ့: "....'


ဪ ကျေးဇူးပါ အရမ်းကိုစေတနာကြီးမားတဲ့အဖိုးရယ်...


ထို့နောက် သူ၏ထိုင်ခုံဆီသို့ပြန်ကာ အဖိုးဝမ်သည် အလွန်ကို ကျေနပ်အားရသောအပြုံးဖြင့် ထိုင်လိုက်သည်။

"ငါးက တကယ်ကို ကောင်းတာပဲ...ပါးစပ်ထဲမှာ စားရတာ နူးညံ့နေတာပဲ...ငါ့ကိုယ်ငါ အစားကောင်းကြိုက်တတ်တဲ့ကောင်လို့ထင်ထားတာ...ဒါပေမယ့် ငါ့တစ်သက်လုံးစားလာသမျှ ငါးတွေထဲ ဒီငါးဟင်းလောက်အရသာရှိတာမျိုး တစ်ခါမှ မစားဖူးသေးဘူး..."


ဝမ်ရူကွေ့: "....'


အဖိုးရယ်...ကျွန်တော့်ကို တမင်များ ရွဲ့နေသလား...


အဖိုးဝမ်ကမေးလိုက်သည်။

"ရူကွေ့...အဲဒီမိန်းကလေးရဲ့ မျိုးရိုးနာမည်က ထုံ လို့ ရှောင်ဇုန်းပြောတယ်...ဘယ်လိုပေါင်းတဲ့ ထုံလဲ...ဘယ်မိသားစုကလဲ...မင်းတို့ နှစ်ယောက် ဘယ်လိုတွေ့လာကြတာလဲ..."


ဝမ်ရူကွေ့က ဂေါ်ဖီချဉ်များကိုသာ တိတ်တိတ်ဆိတ်ဆိတ်စားနေရင်း ဘာမှပြန်မပြောပေ။


ဝမ်ရူကွေ့၏နှုတ်ဆိတ်နေပုံကိုကြည့်၍ အဖိုးဝမ် စိတ်တိုလာသည်။

"ကောင်းပြီလေ မပြောချင်လည်းနေပေါ့...အေး ငါ တစ်ခုတော့ပြောထားမယ်...အဲဒီမိန်းကလေးက ချစ်ဖို့လည်းကောင်းပြီး အချက်အပြုတ်လည်း ကျွမ်းကျင်တယ်...မင်း သတိထားနေပါ...သူက မင်းကို စိတ်မဝင်စားဘူးဆိုရင် ငါပဲ သူ့ကို မြေးအဖြစ် မွေးစားလိုက်တော့မယ်..."


ဤမျှ အချက်အပြုတ်ကောင်းသောမိန်းကလေးတစ်ယောက်သည် အခြားမိသားစုအတွက် ဖြစ်သွားမည်ကို အဖိုးဝမ် မလိုလားပေ။


သူ၏မြေးက အလွန်မှ အသုံးမကျဖြစ်နေလျှင်လည်း သူကိုယ်တိုင်ပင် မြေးမအဖြစ်မွေးစားလိုက်တော့မည်။


ဝမ်ရူကွေ့: "...."