အပိုင်း ၅၄
Viewers 18k

Chapter 54

- နှလုံးသားက ရင်ဘတ်ထဲကပေါက်ထွက်တော့မယ်



ဦးလေးဇုန်းက ရုတ်တရက်‌ထမေးလိုက်သည်။

"ရူကွေ့...အဲဒီမိန်းကလေးက လမ်းလျှောက်လာတာလား...စက်ဘီးနဲ့လာတာလား..."


ဝမ်ရူကွေ့က တူနှင့် ဟင်းကိုနှိုက်နေရာမှ ရပ်သွား၍ ပြောလိုက်သည်။

"ဘတ်စ်ကားနဲ့လာတာ..."


ဦးလေးဇုန်းက ထပ်မေးလိုက်သည်။

"ဒါဆို သူ့ကို ဘတ်စ်ကားဂိတ်အထိ လိုက်ပို့ပေးလိုက်ရဲ့လား..."


ဝမ်ရူကွေ့သည် ပါးစပ်ထဲမှ ဂေါ်ဖီချဉ်ပင် ရုတ်တရက် အရသာမရှိတော့သကဲ့သို့ ခံစားလိုက်ရသည်။

"မပို့လိုက်မိဘူး..."


အဖိုးဝမ်သည် မျက်ခုံးများကို ပင့်၍ ဝမ်ရူကွေ့အား စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်သည်။

"ဒီလိုကိစ္စတွေမှာဆို မင်းက တကယ်ကို ဦးနှောက်မသုံးဘူးပဲ...ဒီအသက်အရွယ်အထိ မိန်းမမရသေးတာလည်း မဆန်းတော့ပါဘူး..."


ကိုယ့်အစွမ်းအစနှင့် မိန်းမ မရှာနိုင်သော ဝမ်ရူကွေ့ပါပင်။


အဖိုးဝမ်သည် ‌ယခုထိငြိမ်နေသော ဝမ်ရူကွေ့ကိုကြည့်ရင်း ဒေါသထွက်လာကာ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

"အခုထိ ဒီမှာ ထိုင်စားနေတုန်းလား...အိမ်မှာရှိတဲ့ သကြားလုံးတွေယူပြီး ကောင်မလေးနောက်ကို အမြန်လိုက်တော့လေ..."


ဝမ်ရူကွေ့လည်း ထိုအခါမှပင် တူကို အမြန်ချကာ ဘေးမှဦးလေးဇုန်းကလည်း အိမ်၌ရှိသော ယုန်ဖြူသကြားလုံးနှင့် မုန့်များကို အမြန်ယူကာလှမ်းပေးလိုက်သည်။


ဝမ်ရူကွေ့သည် ပစ္စည်းများကို ယူ၍ အိမ်မှ ထွက်မည်အလုပ်တွင် ဂေါ်ဖီချဉ်နှင့် ငါးတို့ ထည့်ထားသော ပန်းကန်ကို သတိထားမိသွားသည်။


"ဦးလေးဇုန်း ဒီကျန်နေတဲ့ဟင်းတွေကို တခြားဘူးတစ်ခုထဲ လှယ်ထည့်ပေးပါလား...ဘူးကိုဆေးပြီး ပြန်ပေးလိုက်ချင်လို့..."


အဖိုးဝမ်လည်း အလွန်ကို စိတ်ပျက်လက်ပျက်ဖြစ်သွားမိသည်။

"မင်းက ကျောင်းစာမှာကျတော့ အရမ်းကိုတော်ပြီး ဘယ်လိုဖြစ်လို့ မိန်းကလေးတွေနဲ့ပတ်သတ်ရင် တော်တော်ကို ညံ့ဖျင်းနေကတာလဲ...ပန်းကန်ပြန်ပေးဖို့က တော်တော်အရေးကြီးနေလား...ဒီမှာပဲ ထားထားမှ ဒါကို ပြန်ပေးဖို့အကြောင်းပြပြီး ကောင်မလေးနဲ့ နောက်တစ်ခါထပ်တွေ့လို့ရမှာပေါ့ကွ..."


ဝမ်ရူကွေ့ ဘာပြောရမည်မသိဖြစ်သွားသည်။

အဲဒီလိုလုပ်လို့ရတာလား...


အဖိုးဝမ်က လက်ကိုဝှေ့ယမ်းကာ ဆက်ပြောလိုက်သည်။

"ဒီမှာပဲ ရပ်မနေနဲ့လေ...မြန်မြန်လိုက်သွားတော့..."


ဝမ်ရူကွေ့လည်းကြောင်မနေတော့ပဲ စက်ဘီးပေါ်သို့ ခုန်တက်ကာ လိုက်သွားတော့သည်။


အဖိုးဝမ်က စုတ်သပ်ကာပြောလိုက်သည်။

"ဒီအသက်အရွယ်ရောက်တဲ့အထိတောင် ငါကသူ့ကို စိတ်ပူပေးနေရတာကို အဲဒီကောင်လေးက သူ့ငါးကို စားလို့ဆိုပြီး ငါ့ကို အပြစ်တင်ချင်နေသေးတယ်...ရူကွေ့က ငါနဲ့လုံးဝကိုမတူဘူး...သူ့အဖွားကို ငါပိုးခဲ့တုန်းက အဲ့လိုတွေ တွန့်ဆုတ်မနေပါဘူး...သတ္တိရှိရှိပဲ ပိုးပန်းခဲ့တာ..."


ဦးလေးဇုန်းကတော့ ဘာသံမှ မထွက်မိစေရန် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။


သို့သော် ဦးလေးဇုန်းသည် အရင်တုန်းက သူ့အဖေပြောခဲ့ဖူးသည်ကို သတိရနေမိသည်။


["သခင်မကြီးနားကိုရောက်ပြီဆိုရင် ဗိုလ်မှူးက အရမ်းကို ကြောက်လန့်ပြီး စကားလည်းသေချာမပြောနိုင် လမ်းတောင် ဖြောင့်ဖြောင့်မလျှောက်နိုင်ဖြစ်ခဲ့တာ...သခင်မကြီးဆို တော်တော်ကြာကြာအထိ ဗိုလ်မှူးကို ရူးနေတယ်လို့ ထင်ခဲ့တာ..."](🤣)


အဖိုးဝမ်က ဆက်ပြောလိုက်သည်။

"ရှောင်ဇုန်း ပဲသီးစိမ်းကိတ်မုန့်နှစ်ခုကိုထုတ်ထားလိုက်...တစ်ခုကမင်းဖို့ တစ်ခုက ရူကွေ့ဖို့...ကျန်တဲ့ကိတ်မုန့်တွေအကုန် ငါ့အခန်းထဲထည့်ထားလိုက်...ရူကွေ့မေးရင်တော့ ကျန်တာတွေအကုန် မင်းစားလိုက်တယ်လို့ပြောလိုက်..."


ဦးလေးဇုန်း: "...."


ဗိုလ်မှူးရယ်...အဲဒီလောက်တောင်ပဲ အရှက်မရှ်ိတော့ဘူးလား...


***


ဝမ်ရူကွေ့သည် ထုံရွှယ်လူနောက်သို့ စက်ဘီးနှင့် အပြေးလိုက်ခဲ့သော်လည်း ထုံရွှယ်လူကတော့ ဘတ်စ်ကားပေါ်တက်သွားပြီဖြစ်သည်။


ထုံရွှယ်လူက အစိုးရပိုင်စားသောက်ဆိုင်တစ်ခုဆီသို့ အလုပ်ပြောင်းလိုက်သည်ဟု ပြောခဲ့သည်ကို ဝမ်ရူကွေ့ ပြန်သတိရလာသည်။ ထို့ကြောင့် စက်ဘီးကို ပြန်လှည့်ကာ အစိုးရပိုင်စားသောက်ဆိုင်ဘက်သို့ ဦးတည်လိုက်သည်။


ထုံရွှယ်လူသည် စုရှုယင်၏အိမ်သို့ ပြန်၍ သူမလုပ်ထားသော ပဲသီးစိမ်းကိတ်မုန့်များကို ဝင်ယူလိုက်သည်။ ထို့နောက် ရန်ချင်းနယ်သို့မပြန်သေးပဲ မှောင်ခိုဈေးသို့ ခဏဝင်ရန် စိတ်ကူးလိုက်သည်။


ခေတ်ပြောင်းချိန်ရောက်ရန် နှစ်နှစ်လောက်လိုသေးသော်လည်း ထုံရွှယ်လူသည် ဘာမှမလုပ်ပဲ ဒီတိုင်းထိုင်မနေ‌ချင်ပေ။ အနည်းဆုံးတော့ ပိုက်ဆံအပိုရအောင် လုပ်ကာ သူတို့၏အိမ်ကို အမြန်ဆုံးဝယ်ချင်နေမိပြီဖြစ်သည်။


ထုံရွှယ်လူသည် စုရှုယင်အား မှောင်ခိုဈေး မည်သည့်နေရာ၌ရှိသည်ကိုမေးလိုက်သည်။


စုရှုယင်က ထုံရွှယ်လူ၏မေးခွန်းကြောင့် အံ့ဩသွားသော်လည်း ဘာမှထပ်မမေးတော့ပဲ မှောင်ခိုဈေး၏နေရာနှင့် သတိထားရမည့်အရာများကိုသာပြောလိုက်သည်။


ထုံရွှယ်လူက စုရှုယင်အား ကျေးဇူးတင်စကားပြောကာ ပဲသီးစိမ်းကိတ်မုန့်များကိုယူ၍ ရှီရွှယ်လမ်းဆီသို့ ဦးတည်လာလိုက်သည်။


ရှီရွှယ်လမ်းသို့ရောက်သောအခါ မှောင်ခိုဈေးက အဘယ်ကြောင့် ဤနေရာ၌ရှိနေသည်ကို ထုံရွှယ်လူနားလည်သွားတော့သည်။


ရှီရွှယ်လမ်းသည် အလွန်ချောင်ကျသောနေရာတွင်ရှိ၍ နေရာအနှံ့သို့ဦးတည်ထားသော လမ်းသွယ်လေးများစွာလည်းရှိသည်။ ဖမ်းဆီးရေးအချိန်ရောက်လျှင် ဈေးသည်များသည် တစ်နေရာတည်း၌ စုပြုံအဖမ်းမခံရပဲ ထိုလမ်းသွယ်လေးများမှ ထွက်သွားနိုင်ကြ‌သည်။


ထို့အပြင် မှောင်ခိုဈေးဆိုသည်မှာလည်း မည်သည့်အခါမှ နေရာအတိအကျဟူ၍ မရှ်ိပေ။ ရဲများက နေရာသိသွားသည်နှင့်တစ်ပြိုင်နက်  မှောင်ခိုဈေးသည်များသည် ထိုနေရာကိုစွန့်၍ နေရာအသစ်ရှာကြတော့သည်သာဖြစ်သည်။


မှောင်ခိုဈေး၌ အလုပ်အရှုပ်ဆုံးအချိန်မှာ မနက်ပိုင်းဖြစ်သည်။ ယခုက နေ့လယ်ပင်ကျော်နေပြီဖြစ်၍ လူတော်တော်များများက ဝယ်စရာရှိသည်ကိုဝယ်ကာ ပြန်ကုန်ကြပြီဖြစ်သည်။


ထုံရွှယ်လူလည်း စုရှူယင်ထံမှငှားလာသော ကောက်ရိုးဦးထုပ်ကို ခပ်စိုက်စိုက်ဆောင်း၍ မတ်တပ်ရပ်စရာနေရာတစ်ခု ရှာလိုက်သည်။


ဆယ်မိနစ်ခန့်ကြာသောအခါ အသက်ကြီးကြီးလူတစ်ယောက်က ထုံရွှယ်လူနားသို့ အမောတကောရောက်လာကာ အသံတိုးတိုးနှင့်မေးလိုက်သည်။

"မင်းမှာ မုန့်တို့ ကိတ်မုန့်တို့ရှိလား...ဘာအချိုမုန့်ပဲဖြစ်ဖြစ် အဆင်ပြေတယ်..."


ထိုလူသည် အခြားဈေးသည်တော်တော်များများကိုမေးပြီးပြီဖြစ်သော်လည်း သူလိုချင်သည်ကို မရသောကြောင့် ဇောချွေးပျံနေပြီဖြစ်သည်။


ထိုလူ၏သပ်ရပ်သောအပြင်အဆင်နှင့် ပညာတတ်ပုံပေါက်သောရုပ်တို့ကြောင့် ရုံးဝန်ထမ်းတစ်ဦးဖြစ်မည်ဟု ထုံရွှယ်လူတွေးလိုက်သည်။


ထုံရွှယ်လူသည် ထိုလူနားသို့လျှောက်သွား၍ မေးလိုက်သည်။

"ဘယ်လိုမုန့်ကိုရှာနေတာလဲ ရဲဘော်..."


ထိုလူက တုံ့ဆိုင်းဆိုင်းနှင့် ပြောလိုက်သည်။

"ကျွန်တော့်မိန်းမက ကိုယ်ဝန်ရှိနေတာ ဘာမှကို မစားနိုင်ဖြစ်နေလို့...အခု ရုတ်တရက် မုန့်အချိုကို ချဉ်ခြင်းတက်နေတာ ဒါပေမယ့် CSMS မှာ ဘာမှမရှိတော့လို့...ဒီနေရာမှာများရှိမလားဆိုပြီး လာခဲ့တာ..."


ထိုအမျိုးသားတို့လင်မယားသည် လက်ထပ်ပြီးသည်မှာ ကြာပြီဖြစ်သော်လည်း သားသမီးမရခဲ့ပေ။ ယခု လွန်ခဲ့သောလ၌ အမျိုးသမီးက ရုတ်တရက် ကိုယ်ဝန်ရလာသောကြောင့် နှစ်ဦးသားအလွန်ပျော်ရွှင်နေကြရသည်။


သို့သော် ကိုယ်ဝန်ရှိပြီးနောက် ခံစားရသော ပျို့အန်ချင်မှုနှင့် အစားမစားချင်မှုများက အလွန်ဆိုးဝါးကာ စိုးရိမ်စရာဖြစ်နေသည်။


ထုံရွှယ်လူက ခဏတိတ်နေပြီးမှ ပြောလိုက်သည်။

"ကျွန်မမှာ ဒီမနက်ကမှ လတ်လတ်ဆတ်ဆတ်ဖုတ်ထားတဲ့ ပဲသီးစိမ်းကိတ်မုန့်သုံးလုံးရှိတယ်...အဲဒါလိုချင်လား..."


အမျိုးသား၏မျက်လုံးများက ဝင်းလက်သွားကြသည်။ သူသည် မြေကြီးပေါ်မှ အစာကောက်စားနေသော ကြက်လေးများကဲ့သို့ ခေါင်းတဆတ်ဆတ်ငြှိမ့်လိုက်သည်။

"ယူမယ်...ယူမယ်...မင်းဘယ်လောက်လိုချင်လဲ..."


ထုံရွှယ်လူက ခေါင်းထဲ၌ ခဏတွက်ချက်ကာပြောလိုက်သည်။

"တစ်ခုကို ပြား၉၀...လက်မှတ်ရှိရင် ၈၀ နဲ့ရမယ်..."


အမျိုးသားသည် ထိုဈေးက အနည်းငယ်ကြီးသည်ဟု ခံစားလိုက်ရသော်လည်း ဇနီးအတွက် ဝယ်ရမည်ဖြစ်သောကြောင့် သဘောတူလိုက်သည်။

"ကောင်းပြီလေ...နှစ်တုံးယူမယ်...လက်မှတ်လည်းရှိတယ်...ဘယ်ဟာလိုချင်လဲ..."


ထုံရွှယ်လူက ပြောလိုက်သည်။

"ဘယ်ဟာပဲဖြစ်ဖြစ်ရပါတယ်..."


အမျိုးသားသည် ပိုက်ဆံနှင့် လက်မှတ်နှစ်စောင်ကိုထုတ်ကာ ထုံရွှယ်လူအားပေးလိုက်သည်။ ထိုရွှယ်လူက ပဲသီးစိမ်းကိတ်မုန့်နှစ်လုံးကို ယူကာ အမျိုးသားအားပေးလိုက်သည်။


လက်ထဲသို့ ကိတ်မုန့်များရောက်လာသောအခါ အမျိုးသားသည် ပဲစိမ်းများ၏ လတ်ဆိတ်သောမွှေးရနံ့ကို ရလိုက်သည်။ ထို့ကြောင့် စိတ်မထိန်းနိုင်ပဲ ကိတ်မုန့်၏ အနားသားလေးကိုနည်းနည်းဖဲ့ကာမြည်းကြည့်လိုက်မိသည်။


ကိတ်မုန့်သည် နူးညံ့၍ လတ်ဆတ်ကာ ချိုမြနေသည်။ ယခင်က စားဖူးသောပဲစိမ်းကိတ်မုန့်များနှင့် အပြတ်အသတ်ပင်ကွာနေလေသည်။


အမျိုးသားသည် ချက်ချင်းပင် လေသံကိုပြောင်းကာ ပြောလိုက်သည်။

"ကျန်နေတဲ့ကိတ်မုန့်တစ်တုံးကိုလည်း ကျွန်တော်ပဲယူပါမယ်..."


သို့သော် ထုံရွှယ်လူ ဘာမှမပြောရသေးခင်မှာပင် တစ်စုံတစ်ယောက်က ကျယ်လောင်စွာအော်လိုက်သည်။

"ပြေးဟေ့ ပြေး...ရဲတွေလာနေပြီ..."


ဒုက္ခပါပဲ...


ပထမဆုံးရောက်သည့်အကြိမ်မှာပင် ရဲနှင့်တန်းတိုးရသော ထုံရွှယ်လူ၏ကံက မည်မျှပင် ဆိုးနေရပါသနည်း။


ထုံရွှယ်လူလည်း အနောက်သို့လှည့်ကာ အမြန်ဆုံးနှုန်းနှင့် သုတ်ခြေတင်ပြေးတော့သည်။


အနည်းငယ်ပြေးပြီးသောအခါမှ အနောက်သို့ ပြန်လှည့်ကြည့်လိုက်သောအခါ ထုံရွှယ်လူ့ထံမှ ပစ္စည်းဝယ်ထားသောလူက မပြေးပဲ ဖျော့တော့သောမျက်နှာဖြင့် ထိုနေရာ၌သာ ရပ်နေဆဲရှိသည်ကို မြင်လိုက်ရသည်။


"ရဲဘော် ဘာဖြစ်လို့ အဲဒီမှာ ရပ်နေသေးတာလဲ...မြန်မြန်ပြေးတော့လေ..."


ထိုအခါမှသာ ထိုလူလည်း အသိဝင်၍ ထုံရွှယ်လူထံသို့ အမြန်ပြေးလာလေတော့သည်။


ထုံရွှယ်လူလည်း သတိမေ့လဲမိတော့မတတ်ပင်ဖြစ်သွားသည်။


ပြေးစရာနေရာများစွာရှိနေသည်ကို သူမဆီကိုမှ ပြေးလာရသည်တဲ့လား။


ထုံရွှယ်လူ ဘာပြောရမည်ပင် မသိတော့ချေ။


ယခုအချိန်၌ စကားပြောချိန်လည်းမရပေ။ ထို့ကြောင့် သူမ ပြေးနိုင်သမျှ အမြန်ဆက်ပြေးလာလိုက်သည်။


ထုံရွှယ်လူသည် လမ်းကြားလေးထဲမှ ထွက်ခါနီးဆဲဆဲတွင် စက်ဘီးတစ်စီးက ထုံရွှယ်လူကို ကျော်တက်ကာ ထုံရွှယ်လူသွားမည့်လမ်းကို ပိတ်ရပ်ထားလိုက်တော့သည်။


ထုံရွှယ်လူ၏ နှလုံးသည်လည်း အပြင်သို့ပေါက်ထွက်တော့မတတ်ခုန်နေကာ ဤတစ်ခါတွင်တော့ အဖမ်းခံရတော့မည်ဟု ထင်လိုက်မိတော့သည်။ 


သို့သော် ထုံရွှယ်လူ၏ ခေါင်းအပေါ်နားမှ ကြည်လင်သော အသံဩဩတစ်ခုထွက်လာသည်

"စက်ဘီးပေါ်အမြန်တက်..."


အဲဒီအသံက...


ထုံရွှယ်လူသည် ဦးထုပ်၏အနားကိုမ၍ ကြည့်လိုက်သောအခါ မင်ကဲ့သို့နက်မှောင်သော ဝမ်ရူကွေ့၏မျက်လုံးများနှင့် အကြည့်ချင်းဆုံသွားလေသည်။


သူက ဒီမှာ ဘာလုပ်နေတာလဲ...


သို့သော် ယခုအချိန်၌ စကားစမြည်ပြောနေရန် အချိန်မရှိပေ။ ထို့ကြောင့် စက်ဘီးပေါ်သို့ အမြန်ခုန်တက်ကာ ဝမ်ရူကွေ့၏ခါးကို ဖက်ထားလိုက်သည်။

"ရပြီ ကျွန်မအဆင်ပြေပြီ...သွားတော့..."


ဝမ်ရူကွေ့: ဒါပေမယ့် ငါက မပြေဘူးလေ...


နူးညံ့သောလက်နှစ်ဖက်က သူ၏ခါးကိုဖက်ထားသည့်အထိအတွေ့ကြောင့် ထုံရွှယ်လူ၏လက်နှင့်ထိနေသော နေရာတိုင်းသည် ရွစိရွစိဖြစိနေကာ သူ၏တစ်ကိုယ်လုံး လျှပ်စီးကြောင်းများစီးဆင်းနေသကဲ့သို့ ဝမ်ရူကွေ့ ခံစားနေရသည်။


ထို့ကြောင့် ဝမ်ရူကွေ့၏တစ်ကိုယ်လုံးသည် တောင့်တောင့်ကြီးဖြစ်နေလေသည်။


သို့သော် သူ၏နှလုံးသားကတော့ ရင်ဘတ်ထဲမှ ပေါက်ထွက်တော့မတတ် တဒိတ်ဒိတ်ခုန်နေလေတော့သည်။