Chapter 55
- သူက ကြောင်တောင်တောင်ပေမယ့် ချစ်စရာလေးပါ
ဝမ်ရူကွေ့သည် ကျောကိုတောင့်တောင့်ကြီးထားကာ အချိန်အတော်ကြာ မလှုပ်မယှက်ဖြစ်နေလေသည်။
သူမ၏လက်ဝါးအောက်မှ တောင့်တင်းနေမှုကို ခံစားလိုက်ရသောအခါ ထုံရွှယ်လူသည် နှုတ်ခမ်းကိုကွေးကာပြုံးလိုက်သည်။
"ရဲဘော်ဝမ် အဆင်ပြေရဲ့လား..."
"ပြေပါတယ်..."
ဝမ်ရူကွေ့လည်း ထိုအခါမှပင် အသိပြန်ဝင်ကာ ထုံရွှယ်လူမေးသည်ကို ပြန်ဖြေလိုက်သည်။ သို့သော် အသံကတော့ ပုံမှန်ကဲ့သို့ တည်ငြိမ်မနေပေ။
ထုံရွှယ်လူသည် စက်ဘီးနောက်မှထိုင်နေရင်း ပို၍ ပြုံးလိုက်သည်။
ထုံရွှယ်လူထံမှ မုန့်ဝယ်ခဲ့သော အမျိုးသားသည် ထုံရွှယ်လူတို့နားရောင်လာ၍ ထွက်ရန်ပြင်နေကြသော ထုံရွှယ်လူတို့ကို မြင်သောအခါ အသက်ပြင်းပြင်းရှုနေရင်းမှ ပြောလိုက်သည်။
"မင်း...မင်း ငါ့ကိုပါ ခေါ်သွားပေးလို့ရမလား..."
ထုံရွှယ်လူက မျက်လုံးကိုဝေ့လိုက်သည်။
ဘယ်လိုလုပ်ရမှာလဲ...သုံးခုမြောက်ဘီးအနေနဲ့ လိုက်မှပဲရမယ်...
ပြီးတော့ ဘယ်နေရာမှာများ ထိုင်လိုက်မယ်လို့ သူက စဉ်းစားနေတာလဲ...ဝမ်ရူကွေ့ရဲ့ပေါင်ပေါ် ထိုင်လိုက်မလို့လား...
ဝမ်ရူကွေ့ကလည်း ထိုလူ၏စကားကို မကြားချင်ယောင်ဆောင်နေသည်။ ထို့နောက် သူ၏ ရှည်လျားသောခြေထောက်ဖြင့် မြေကြီးကိုကန်ကာ ထုံရွှယ်လူကို သယ်ဆောင်၍ လမ်းကြားလေးထဲမှထွက်ကာ အမျိုးသား၏မြင်ကွင်းထဲမှ လျင်မြန်စွာ ပျောက်ကွယ်သွားကြလေတော့သည်။
သူတို့နှစ်ယောက် လမ်းကြားထဲမှ ထွက်လာလာချင်းမှာပင် ထုံရွှယ်လူသည် ဝမ်ရူကွေ့၏ခါးကိုဖက်ထားသည့်လက်များကို ဖယ်လိုက်သည်။
ဤခေတ်အခါ၌ သမီးရည်းစားများပင် ထိုသို့ ခါးဖက်ရန်မပြောနှင့်၊ လက်ကိုင်ခွင့်တောင် မရကြပေ။
ထုံရွှယ်လူ၏လက်များက သူ့ခါးပေါ်မှ ဖယ်ခွာသွားကြသည်ကို သတိထားမိသောအခါ ဝမ်ရူကွေ့၏ နှုတ်ခမ်းပါးများက အနည်းငယ် တင်းစေ့သွားကြသည်။
ထိုလမ်းကြားလေးသည် အလွန်တိုလွန်းလှသည်ဟု ဝမ်ရူကွေ့ ခံစားမိသည်။ လမ်းကြားက ပိုရှည်လျှင်ကောင်းမည်ဟု စိတ်ကူးနေမိသည်။
ထို့နောက် စက်ဘီးကို အမြန်နင်းနေမိသည်ကို သတိထားလိုက်မိသည်။ ထို့ထက်ပို၍ နှေးနှေးနင်းလိုက်ရလျှင် အကောင်းသား။
ယခုအချိန်က နွေရာသီကုန်ခါနီးအချိန်ဖြစ်သောကြောင့် လမ်း၏ဘေးမှ သစ်ပင်များပေါ်မှာ သစ်ရွက်အချို့သည် အဝါရောင်သို့ပြောင်းနေကြပြီဖြစ်သည်။ လေတိုက်သောအခါ ထိုခြောက်သွေ့နေကြသော ရွက်ဝါများက မြေပေါ်သို့ ကြွေကျလာကြသည်။ အဝေးမှ ကောင်းကင်သည်လည်း ကြည်လင်ပြာစင်နေကာ လေထဲ၌လည်း ဆောင်းဦး၏အငွေ့အသက်များကို ခံစားနေရပြီဖြစ်သည်။
ဘေးမှ သစ်ပင်များကိုလှမ်းကြည့်ရင်း ဝမ်ရူကွေ့သည် အနောက်သို့ ခေါင်းလှည့်ကာမေးလိုက်သည်။
"ရဲဘော်ထုံက ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ..."
ထုံရွှယ်လူက ဝမ်ရူကွေ့၏အမေးကို အမေးဖြင့် ပြန်ဖြေလိုက်သည်။
"ရှင်ကရော ဘာဖြစ်လို့ ဒီနေရာကို ရောက်နေတာလဲ ရဲဘော်ဝမ်...ဘာဖြစ်လို့ ရုတ်တရက်ကြီး ပေါ်လာရတာလဲ..."
ဝမ်ရူကွေ့က ခဏမျှ တိတ်ဆိတ်သွားပြီမှ ပြောလိုက်သည်။
"ကျွန်တော်က အဲဒီနားမှာနေတဲ့ လူတစ်ယောက်ကိုရှာရင်းနဲ့ ရဲဘော်ထုံ ရှီရွှယ်လမ်းကို လျှောက်သွားတာမြင်လိုက်လို့...အဲဒီနေရာကို ကျွန်တော်ကိုယ်တိုင်တော့ တစ်ခါမှမရောက်ဖူးပေမယ့် အဲဒီမှာ မှောင်ခိုဈေးရှိတာသိတယ်လေ...အဲဒါကြောင့် ရဲတွေလာနေတယ်လို့ကြားတာနဲ့ ကျွန်တော်ဝင်လာခဲ့တာ..."
တကယ်တော့ ဝမ်ရူကွေ့ လိမ်ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ရူကွေ့သည် ထုံရွှယ်လူကိုရှာမတွေ့ခင်အထိ အစိုးရပိုင်စားသောက်ဆိုင်ကို သုံးလေးပတ် ပတ်နေခဲ့သည်ဟု ပြောရမည်ကို ရှက်နေမိသည်။
ထုံရွှယ်လူသည် ဝမ်ရူကွေ့ ဤနေရာသို့ရောက်နေသည့် အကြောင်းရင်းကိုမရိပ်မိပေ။ ထို့ကြောင့် စနောက်လိုသည့်လေသံနှင့်ပြောလိုက်သည်။
"ဒါဆို ရဲဘော်ဝမ်က ကျွန်မကို ဒီလောက်မြန်မြန်ရှာတွေ့တာ ကျွန်မကို အပြင်မှာ စောင့်နေလို့ပေါ့နော်..."
"..."
ထိုစကားကိုကြားသောအခါ ဝမ်ရူကွေ့၏နှလုံးသားက ထိတ်ခနဲ ခုန်သွားကာ စက်ဘီးရှေ့ပိုင်းကလည်း ယိုင်သွားသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့၏နားရွက်များကိုမော့ကြည့်လိုက်သောအခါ ထင်ထားသည့်အတိုင်းပင် ဝမ်ရူကွေ့၏ နားရွက်ဖျားများက နီရဲနေကြပြန်သည်။
ပြုံးချင်သည့်စိတ်ကို ချိုးနှိမ်၍ ထုံရွှယ်လူက ပြောလိုက်သည်။
"ရဲဘော်ဝမ်...ကျွန်မ ပြောလိုက်တာ ကြားလားဟင်..."
ဝမ်ရူကွေ့လည်း စိတ်များ အပြင်းအထန်လှုပ်ရှားလာကာ လက်ဖဝါး၌လည်း ချွေးများပြန်လာသည်။ အချိန်အတော်ကြာသည့်အခါမှ စကားပြန်ပြောနိုင်သွားသည်။
"ဟုတ်တယ်...ရဲတွေက မှောင်ခိုဈေးကို တကယ်ဖြိုခွဲနေကြတယ်လို့ကြားလို့လေ...နောက်ဆိုရင် ရဲဘော်ထုံ အဲဒီကို မသွားသင့်တော့ဘူး..."
ဝမ်ရူကွေ့၏အသံသည် ယခင်တည်းက အသံဩဩနှင့် ကြည်လင်ကာ နားထောင်၍ကောင်းသောအသံဖြစ်သည်။ သို့သော် ယခုတွင်တော့ ထိုအသံက ထုံရွှယ်လူ၏နားထဲသို့ ပျားရည်ဆမ်းထားသကဲ့သို့ ချိုမြစွာ ဝင်ရောက်သွားလေသည်။
ထုံရွှယ်လူသည် နှုတ်ခမ်းများကိုကွေး၍ ပြုံးလိုက်သည်။
"စိတ်ပူပေးလို့ကျေးဇူးတင်ပါတယ် ရဲဘော်ဝမ်...ရှင်က ဒီလိုစိတ်ပူပေးနေတော့လည်း ကျွန်မ စကားနားထောင်ပြီး နောက်ဆို အဲဒီကို မသွားတော့ပါဘူး..."
ထုံရွှယ်လူ၏အသံက နူးညံ့၍ ချိုသာကာ ဝမ်ရူကွေ့အပေါ် ယုံကြည်မှုနှင့် အားကိုးမှုများပြည့်နေသကဲ့သို့ဖြစ်နေသည်။
ထုံရွှယ်လူတစ်ယောက် အလွန်ပင် လိမ္မာရိုကျိုးနေပါလား။
ဝမ်ရူကွေ့သည် စိတ်လှုပ်ရှားသွားကာ နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားလိုက်ပြန်သည်။
အတန်ကြာမှ ဝမ်ရူကွေ့ထံမှ အသံထပ်ထွက်လာသည်။
"ရဲဘော်ထုံ ဘာဖြစ်လို့ ဒီနေရာကိုရောက်နေလဲဆိုတာ အခုထိ ကျွန်တော့်ကို မပြောသေးဘူးနော်...ပိုက်ဆံ...အခက်အခဲရှိနေလို့လား..."
ထုံရွှယ်လူက သက်ပြင်းချလိုက်သည်။
"အဲဒီလိုပြောလို့ရပါတယ်လေ...ကျွန်မ တခြားတစ်ယောက်နဲ့ အလုပ်လဲထားတယ်လို့ ပြောတယ်မလား...အဲဒါကြောင့် ကျွန်မ မြို့ထဲပြောင်းနေရတော့မှာ...နေရာတစ်ခုတော့ငှားဖို့ပြောထားပေမယ့် ပတ်ဝန်းကျင်ကိုသိပ်မကြိုက်လို့...အဲဒါကြောင့် ကိုယ့်ဘာသာကိုယ်ပဲ အိမ်တစ်လုံးဝယ်လိုက်ရင်ကောင်းမလား စဉ်းစားမိသေးတယ်...ဒါပေမယ့် အိမ်တွေကလည်း ဈေးကြီးလွန်းတော့ မဝယ်နိုင်ပါဘူး...အဲဒါကြောင့် ဒီမှောင်ခိုဈေးမှာ ပစ္စည်းလေးဘာလေးလာရောင်းပြီး ပိုက်ဆံအပိုလေးများရမလားလို့လေ...အခုတော့ ရှင်လည်း အမှန်ကိုသိသွားပြီ ရဲဘော်ဝမ်...ကျွန်မကို ရဲစခန်းကိုတော့မပို့ဘူးမလား..."
"မပို့ပါဘူး...ရဲဘော်ထုံမှာ ပိုက်ဆံက ဘယ်လောက်လိုနေတာလဲ...ကျွန်တော် ချေးလို့ရပါတယ်..."
ထိုသို့ပြောပြီးသောအခါ ဝမ်ရူကွေ့သည် စက်ဘီးကို လမ်းဘေးသို့ချရပ်လိုက်သည်။ ထို့ကြောင့် သူ၏ ရှည်လျားသောခြေထောက်များကို မြေကြီးပေါ်သို့ထောက်၍ ထုံရွှယ်လူအား လှည့်ကြည့်လိုက်သည်။
သူတို့နှစ်ဦး၏အကြည့်များဆုံသွားသောအခါ ဝမ်ရူကွေ့၏မျက်လုံးများထဲမှ ယုံကြည်မှုများကို ထုံရွှယ်လူ မြင်လိုက်ရသည်။
ထုံရွှယ်လူ၏နှလုံးသားထဲ၌ နွေးထွေးမှုကို ခံစားလိုက်ရသည်။ ထို့နောက် စက်ဘီးပေါ်မှခုန်ဆင်းကာ ဝမ်ရူကွေ့အားပြောလိုက်သည်။
"ဟင့်အင်း ရပါတယ်...ပိုက်ဆံက တော်တော်လိုနေတာ...လုံလောက်အောင်စုပြီးမှပဲ ဝယ်လိုက်ပါမယ်...ဒီလိုကူညီပေးတာကိုပဲ ကျေးဇူးတင်ပါတယ်ရှင်..."
မည်သည့်ခေတ်၌မဆို တစ်စုံတစ်ယောက်အား ဤသို့ လိုလိုလားလားပိုက်ဆံချေးသည့်လူက ရှားပါးလွန်းလှသည်မဟုတ်လား။
ထို့ကြောင့် သူ၏ကူညီချင်သော စိတ်လေးကို ထုံရွှယ်လူ တကယ်ပင် ကျေးဇူးတင်မိပါသည်။
ထုံရွှယ်လူသည် ပိုက်ဆံက ရာဂဏန်းလောက်သာလိုသည်ဆိုလျှင်တောင်မှ ဝမ်ရူကွေ့၏အကူအညီကို လက်ခံမိမည်ဖြစ်သည်။
သို့သော် ယခုတွင်တော့ ထုံရွှယ်လူ၌ ယွမ် တစ်ထောင်ကျော်ခန့်သာရှိ၍ နောက်ထပ် ယွမ် ၄၀၀၀ လောက် လိုနေသည်ဖြစ်ရာ ထိုမျှများပြားသော ငွေကြေးပမာဏကိုတော့ တခြားလူထံမှ မတောင်းခံလိုပေ။
ရွှေအိုရောင်နေရောင်ခြည်က ထုံရွှယ်လူပေါ်သို့ကျရောက်နေ၍ သူမ၏ဆံပင်ဖျားများကို ရွှေရောင်ဆိုးပေးနေကြသည်။ သူမ၏မျက်လုံးများထဲ၌လည်း ရွှေရောင်အလင်းများက ညကောင်းကင်မှကြယ်များကဲ့သို့ တဖျက်ဖျက်တောက်ပနေကြသည်။
ဝမ်ရူကွေ့သည် ထုံရွှယ်လူကို ကြည့်နေမိရာမှ အကြည့်ကို အောက်ချလိုက်သည်။ ထို့နောက် မြေကြီးကိုစိုက်ကြည့်ရင်း ပြောလိုက်သည်။
"ကျွန်တော်တို့မိသားစုမှာ လူမနေတဲ့ အိမ်တစ်လုံးရှိတာကို အခုမှသတိရတယ်...ရဲဘော်ထုံ စိတ်မရှိဘူးဆိုရင် ရဲဘော်ထုံနဲ့မိသားစုတွေ အဲဒီအိမ်မှာနေလို့ရပါတယ်..."
ထုံရွှယ်လူ၏မျက်လုံးများက ပို၍ တောက်ပသွားကြသည်။
"တကယ်လား...အိမ်က ဘယ်နားမှာရှိတာလဲဟင်..."
ဝမ်ရူကွေ့က ခေါင်းငြှိမ့်ကာ ထုံရွှယ်လူကို မကြည့်သေးပဲ ပြောလိုက်သည်။
"မြို့ထဲမှာ..."
"အိမ်က ဘယ်လောက်ကြီးလဲဟင်...ကျွန်မတို့ အခုပဲ သွားကြည့်လို့ရမလား..."
"အခုတော့မရဘူး...ကျွန်တော် ပစ္စည်းတစ်ခု သွားပို့စရာရှိသေးတယ်..."
ဝမ်ရူကွေ့က ပြောရင်းနှင့် လက်ထဲမှ နို့သကြားလုံးနှင့် မုန့်များကို မြှောက်ပြလိုက်သည်။
"ရဲဘော်ထုံ အလျင်မလိုဘူးဆိုရင် သန်ဘက်ခါလောက်သွားကြတာပေါ့...ကျွန်တော် အိမ်ကို အရင်သန့်ရှင်းခိုင်းထားလိုက်ဦးမယ်..."
ထုံရွှယ်လူက ပြုံး၍ ခေါင်းငြှိမ့်ပြလိုက်သည်။
"အင်း သန်ဘက်ခါဆိုရင် အဆင်ပြေပါတယ်...ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော်ဝမ်..."
စုရှုယင်၏နေရာ ပတ်ဝန်းကျင်က သိပ်မကောင်းပေ။ ထို့ကြောင့် ဝမ်ရူကွေ့၏အိမ်က ပိုကောင်းသည့်ပတ်ဝန်းကျင်၌ရှိသည်ဆိုလျှင် ထိုအိမ်ကိုသာ ထုံရွှယ်လူသေချာပေါက်ရွေးမည်ဖြစ်သည်။
"ရပါတယ်..."
ဝမ်ရူကွေ့၏အသံက သူ၏ပုံမှန် တည်ငြိမ်အေးဆေးသောအသံပြန်ဖြစ်သွားသည်။
ထုံရွှယ်လူ: "ရဲဘော်ဝမ် သွားစရာရှိတယ်ဆိုရင် မြန်မြန်သွားတော့လေ...ကျွန်မကြောင့် နောက်ကျကုန်တော့မယ်..."
ဝမ်ရူကွေ့က ထုံရွှယ်လူကြောင့် နောက်မကျပါ ဟု ပြောချင်သော်လည်း အချိန်မှီ ပါးစပ်ကို ပိတ်လိုက်သည်။
"ဪ ရဲဘော်ထုံကို ကျွန်တော် ဘယ်လို ဆက်သွယ်ရမလဲ..."
ထုံရွှယ်လူက ခဏစဉ်းစားလိုက်ကာ ပြောလိုက်သည်။
"သန်ဘက်ခါကျရင် စာတိုက်ရှေ့မှာ ဆယ်နာရီလောက် တွေ့ကြမယ်လေ..."
"ကောင်းပါပြီ..."
ဝမ်ရူကွေ့သည် လက်ထဲ၌ ယုန်ဖြူနို့သကြားလူံး၊ မုန့်များနှင့် နောက်ထပ် ပဲသီးစိမ်းကိတ်မုန့်များကိုကိုင်ကာ စစ်တပ်ဝန်းထဲသို့ ပြန်ရောက်လာသည်။
ထွက်သွားသည့်ပုံစံအတိုင်းပြန်ရောက်လာသည့် ဝမ်ရူကွေ့ကိုမြင်သောအခါ အဖိုးဝမ်လည်း မနေနိုင်ပဲ မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်လိုက်မိသည်။
"ဘာလဲကွ...ကောင်မလေးကိုရှာမတွေ့ခဲ့ဘူးလား..."
ဝမ်ရူကွေ့: "ဪ...တွေ့ခဲ့ပါတယ်..."
ထိုစကားကိုကြားသောအခါ အဖိုးဝမ် ဒေါသထောင်းခနဲထွက်သွားသည်။
"ဒါဆိုရင်လည်း ဘာဖြစ်လို့ လက်ထဲကပစ္စည်းတွေ အကုန်ပြန်ပါလာရတာလဲ...ဟိုအိတ်ထဲကရော ဘာတွေလဲ..."
"ပဲသီးစိမ်းကိတ်မုန့်တွေပါ..."
"မြက်နုလေးဆီက လက်ဆောင်လား..."
"ဟုတ်ကဲ့..."
"မင်းရဲ့ခေါင်းရော ကောင်းသေးရဲ့လား...ငါက သူ့အတွက် လက်ဆောင်တွေ ပေးခိုင်းလိုက်တာလေ...အခု မင်းက မပေးခဲ့တဲ့အပြင် သူ့ဆီကတောင် ပြန်ယူလာသေးတယ် ဟုတ်လား...မင်း အရှက်မရှိတော့ဘူးလား..."
အဖိုးဝမ်သည် ဒေါသထွက်လွန်း၍ သူ၏မုတ်ဆိတ်မွှေးသည်ပင် တဆတ်ဆတ်တုန်လုနီးပါးဖြစ်နေသည်။ အဖိုးဝမ်သည် ဒေါသတကြီးနှင့် ဝမ်ရူကွေ့နားသို့လျှောက်သွားကာ ပဲသီးစိမ်းကိတ်မုန့်ကို လှမ်းယူရန် ကြိုးစားလိုက်သည်။
ဝမ်ရူကွေ့က ရှောင်၍ ကိတ်မုန့်များကို အနောက်၌ ဝှက်ကာပြောလိုက်သည်။
"အဖိုး...ကျွန်တော် အဖိုးဆီက ယွမ် ၅၀၀ လောက်ချေးချင်လို့..."
အဖိုးဝမ်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
"အဲဒီပဲသီးစိမ်းကိတ်မုန့်တွေ ငါ့ကိုပေးစမ်း...ပြီးတော့ မင်းရဲ့ပိုက်ဆံတွေကရော ဘယ်ရောက်သွားလို့လဲ..."
ဝမ်ရူကွေ့သည် တစ်လကို ယွမ် ၂၀၀ ကျော်ရ၍ ဒီနှစ်အတွင်းမှာပဲ ယွမ် ၂၀ လစာတိုးသွားသေးသည်။ သူသည် တစ်နေ့ တစ်နေ့ သုတေသနခန်းထဲ၌မှာသာ အချိန်ကုန်နေ၍ ရည်းစားမရှိသလို လက်လည်း မထပ်ရသေးချေ။ ထို့ကြောင့် ဝမ်ရူကွေ့၌ အခြားပိုက်ဆံကုန်စရာလမ်းမရှိသောကြောင့် ပိုက်ဆံများစွာ စုဆောင်းမိထားနိုင်မည်မဟုတ်လား။ ထိုပိုက်ဆံများသည် ယခု ဘယ်သို့ရောက်သွားကြသနည်း။
ဝမ်ရူကွေ့က ခဏမျှငြိမ်နေပြီးမှ ပြောလိုက်သည်။
"ကျွန်တော် သုတေသနဌာနက မိတ်ဆွေတစ်ယောက်ကို ချေးလိုက်လို့...ကျန့်ယိကလည်း နည်းနည်းချေးထားသေးတယ်..."
"ကျန့်ယိ ဟုတ်လား..."
အဖိုးဝမ်က မျက်မှောင်ကြုတ်လိုက်သည်။
"သူက ဘာဖြစ်လို့ မင်းဆီက ပိုက်ဆံချေးရတာလဲကွ...သူ့အဖေရော သိလား အဲဒါကို..."
ဝမ်ရူကွေ့က မျက်တောင်တစ်ချက်ခတ်လိုက်သည်။
"ကျန့်ယိရဲ့သူငယ်ချင်းတစ်ယောက်က မိသားစုမှာ အခက်အခဲနည်းနည်းရှိနေလို့ ကျန့်ယိက ကူညီချင်လို့ပါ..."
အဖိုးဝမ်၏မျက်လုံးများထဲ၌ အလင်းတန်းတစ်ခုဖြတ်သွားသည်။
"သူငယ်ချင်းက ယောင်္ကျားလား မိန်းမလား..."
ဝမ်ရူကွေ့: "ကျွန်တော် မသိဘူးလေ..."
ထိုအချိန်၌ ရဲစခန်း၌သာရှိနေသေးသော ဖုကျန့်ယိသည် နှာတစ်ချက်ချေကာ သူ့ကိုယ်သူ ဖျားတော့မည်ဟု ထင်လိုက်သည်။