အပိုင်း ၅၆
Viewers 18k

Chapter 56

သူက ကြောင်တောင်တောင်ပေမယ့် ချစ်စရာလေးပါ 




အဖိုးဝမ်က မကျေမနပ်သံလုပ်ကာပြောလိုက်သည်။

"ကောင်းပြီလေ...ငါ့ကို အဲဒီပဲသီးစိမ်းကိတ်မုန့်တွေပေး...ငါမင်းကို ပိုက်ဆံပေးမယ်..."


ဝမ်ရူကွေ့:"အဖိုးက ငါးတွေရော ကျန်တဲ့ ပဲသီးစိမ်းကိတ်မုန့်တွေရော အကုန်စားလိုက်ပြီ မဟုတ်ဘူးလား...အချိုတွေ အဲဒီလောက်မစားသင့်ဘူးလို့ ဆရာဝန်က ပြောထားတယ်မဟုတ်လား..."


"ဆရာဝန်တွေက ဘာသိလို့လဲ..."

အဖိုးဝမ်က မကျေမနပ်သံနှင့်ပြောလိုက်ပြန်သည်။


"ပြီးတော့ မင်း ဘာဖြစ်လို့ ကောင်မလေးကို ပစ္စည်းတွေ မပေးခဲ့လဲဆိုတာ အခုထိမပြောရသေးဘူး..."


ဝမ်ရူကွေ့က အရေးမကြီးသည့်လေသံနှင့်ပြောလိုက်သည်။

"နောက်တစ်ခေါက် သူ့ကိုထပ်တွေ့လို့ရအောင် သူ့ရဲ့ပစ္စည်းတွေကို သိမ်းထားလို့ အဖိုးပဲပြောတယ်မဟုတ်ဘူးလား...အဲဒါကြောင့် မပေးပဲ သိမ်းထားလိုက်တာလေ..."(🤣)


အဖိုးဝမ်လည်း နဖူးကို လက်ဖြင့်ရိုက်ကာ ပိုက်ဆံယူရန် အခန်းထဲသို့ ဝင်သွားလေသည်။


ဤပုံအတိုင်းသာဆိုလျှင် အဖိုးဝမ်မသေခင် သူ၏မြစ်ကလေးကို တွေ့သွားရတော့မည့်ပုံမပေါ်တော့ချေ။


***


ထုံရွှယ်လူသည် ဘတ်စ်ကားနှင့် အိမ်သို့ ပြန်လာလိုက်သည်။


အိမ်သို့ပြန်ရောက်သောအခါ အိမ်ထဲ၌ရှိသော ပစ္စည်းအားလုံးနီးပါးက ထုပ်ပိုးသိမ်းဆည်းထားပြီးသားဖြစ်နေလေသည်။


အငယ်နှစ်ကောင်ဖြစ်သော ထုံကျားရှင်းနှင့် ထုံမျန်မျန်တို့က ပစ္စည်းသိမ်းရင်းနှင့် ခေါင်းအုံးရိုက်တမ်းဆော့နေကြသည်။ ထုံကျားမင်တစ်ယောက်သာ ပစ္စည်းများကို သေချာထည့်နေပုံရသည်။


သူမ၏မမကြီးပြန်ရောက်လာသည်ကိုမြင်သောအခါ ထုံမျန်မျန်သည် ချက်ချင်းပင် ထုံကျားရှင်းနားမှခွာ၍ ထုံရွှယ်လူနားသို့ပြေးလာလေသည်။

"မမ ပြန်ရောက်လာပြီ..."


ထုံရွှယ်လူကလည်း ထုံမျန်မျန်ကို ချက်ချင်းကောက်ချီလိုက်သည်။

"ဒီနေ့ မျန်မျန် လိမ်လိမ်မာမာနေရဲ့လား..."


"အင်း...ဒီနေ့ မျန်မျန် အရမ်းလိမ္မာတာ..."

ပေါင်မုန့်လုံးလေးမျန်မျန်က ခေါင်းကိုတဆတ်ဆတ်ငြှိမ့်ကာ ချိုမြသောအသံလေးဖြင့်ပြောလိုက်သည်။

"ကိုကိုလေး အင်္ကျီတွေခေါက်တာကို မျန်မျန် ကူပေးတယ်..."


"မျန်မျန်လေးက တော်လိုက်တာ..."


ထုံမျန်မျန်လည်း ရင်ကိုကော့ကာ ခေါင်းငြှိမ့်လိုက်သည်။

"မျန်မျန်က မမလောက်ကို တော်နေပြီမလားဟင်..."


"ညီမလေး နင်ဘယ်တုန်းကများ အဲဒီလောက် မျက်နှာပြောင်တိုက်တတ်သွားတာလဲ...ပြီးတော့ နင်ခေါက်ထားတာတွေကိုလည်းကြည့်ဦး...ခေါက်တာမဟုတ်ပဲ အဝတ်တွေကို လိပ်ထားတာကိုများ..."


ထုံမျန်မျန်က သူမကိုယ်သူမ ချီးကျူးနေသည်ကို ကြားသောအခါ ထုံကျားရှင်းက မနေနိုင်ပဲ ဝင်စလိုက်မိသည်။


ထုံမျန်မျန်၏ ဖြူဖွေးသောမျက်နှာလေးက ချက်ချင်းပင် ဒေါသဖြင့် နီရဲသွားသည်။

"ကိုကိုလေးက လူဆိုးကြီး...မျန်မျန် ကိုကိုနဲ့ စကားမပြောချင်တော့ဘူး..."


ထုံကျားရှင်းကလည်း ထုံမျန်မျန်ကို လျှာထုတ်ပြလိုက်သည်။

"နေပေါ့ မပြောချင်လည်း...ကလေးမလေးတစ်ယောက် စိတ်ကောက်နေပါတယ်ဗျို့..."


ထုံကျားမင်းက ‌ဝင်အော်လိုက်သည်။

"တော်တော့ ကျားရှင်း...ညီမလေးကို အနိုင်ကျင့်မနေနဲ့..."


ထုံမျန်မျန်က ထုံကျားမင် အား သူမ၏ လုံးဝိုင်းသောမျက်လုံးများဖြင့်ကြည့်လိုက်သည်။

"ကိုကိုကြီးက အကောင်း‌ဆုံးပဲ...ကိုကိုလေးက လူဆိုးကြီး..."


ထုံကျားရှင်းကတော့ ထုံမျန်မျန်ပြောသည်ကို ဂရုမစိုက်ပဲ လျှာတစ်လစ်ထုတ်တာ ဆက်ပြောင်ပြနေလေသည်။


ထုံရွှယ်လူလည်း မခံနိုင်တော့ပဲ မျက်လုံးကို‌ဝေ့လိုက်မိသည်။ ထိုကလေးအား တကယ်ပင် ရိုက်ပစ်လိုက်ချင်မိသည်။


ညစာစားပြီးသောအခါ ထုံကျားရှင်းက နောက်ထပ်ပြဿနာတစ်ခုရှာပြန်သည်။


ဤည၌ ရေမချိုးတော့ ဟူ၍ ကြေငြာလိုက်ခြင်းဖြစ်သည်။


ထုံရွှယ်လူကတော့ ထိုကိစ္စကို သိပ်အရေးမစိုက်ပေ။ ထုံကျားရှင်းက သူမနှင့် အိပ်မည်မှမဟုတ်ပဲ။ ထို့ကြောင့် ထုံကျားရှင်း ရေမချိုး၍ နံစော်နေလျှင်လည်း သူမ အပူမဟုတ်ပေ။ ထုံကျားမင်၏အပူသာဖြစ်သည်။


ထိုခေတ်က လူတော်တော်များများသည်လည်း နေ့စဉ်ရေချိုးကြသည်မဟုတ်ပေ။ ထို့ကြောင့် ထုံကျားရှင်း ရေမချိုးသည်ကို ထုံကျားမင်အနေနှင့် ဘာမှမဖြစ်ပေ။ သို့သော် အိပ်ယာပေါ်မတက်ခင်တော့ ခြေထောက်ဆေးရမည်ဟု အမိန့်ပေးလိုက်သည်။


အိပ်ယာဝင်ခါနီးအချိန်တွင် ထုံကျားရှင်းသည် သူ့ခြေထောက်များကိုဆေးရန် အိမ်ထဲသို့ ရေတစ်ပုံးသယ်လာသည်။ ထို့နောက် ပုံးထဲသို့ ခြေထောက်ကိုနှစ်ကာ ဆေးနေလေသည်။ ထို့နောက် ပုံးထဲမှရေဖြင့် ထုံမျန်မျန်ကိုလှမ်းပက်လိုက်သည်။

"မျန်မျန်က လူဆိုးမလေးပဲ...လူဆိုးမလေးတွေက ခြေဆေးရေကို ကြိုက်ကြတယ်မလား..."


"ကိုကိုလေးအရူးကြီး... မျန်မျန် ကိုကိုနဲ့ စကားမပြောတော့ဘူး..."


ထုံမျန်မျန်သည် လက်ကို ဆောင့်ကြီးအောင့်ကြီးပိုက်ကာ နံရံကို မျက်နှာမူ၍ နှုတ်ခမ်းစူစူနှင့် ထိုင်နေလေတော့သည်။


ထုံကျားရှင်းသည်လည်း ရေပုံးထဲ ခြေထောက်စိမ်ထားရင်းဖြင့် ထုံမျန်မျန်ကို ထပ်လှမ်းပက်နေပြန်သည်။

"မျန်မျန်က လူဆိုးမလေး..အ..အ..."


ဒုံး!


ထုံကျားရှင်းသည် ရုတ်တရက် ခြေချော်ကာ ကြမ်းပေါ်သို့ နောက်ပြန်လဲကျသွားလေတော့သည်။


ထို့နောက် ရေပုံးကလည်းလွင့်၍ ထုံကျားရှင်း၏ခေါင်းနားသို့ကျကာ ပုံးထဲရှိရေမျိုးအားလုံးကို ထုံကျားရှင်း၏ခေါင်းပေါ်သို့ လောင်းချသကဲ့သို့ ဖြစ်သွားလေသည်။


"ဟားဟားဟား..."


ထုံကျားရှင်းတစ်ယောက် သူခြေထောက်ဆေးထားသောရေကို သူပြန်သောက်မိသွားသည်ကိုမြင်သောအခါ ထုံရွှယ်လူလည်း မနေနိုင်ပဲ အော်ရယ်လိုက်မိလေသည်။


ကလေးဆိုးလေးတွေဆိုတာ နောက်ဆုံးတော့ ဒီလိုပြန်ခံရတာပဲလေ...


ထုံကျားမင်ကတော့ မသိမသာပြုံး၍ ထုံကျားရှင်းကိုထူရန် အနားသို့ လျှောက်သွားလိုက်သည်။


ထုံကျားရှင်းသည်လည်း ခေါင်း၌ ဘုသီးထသွားသည်။ နာကျင်သည်က သိပ်အ‌ရေးမကြီးပါ။ အဓိကအရေးကြီးသည်က ထုံကျားရှင်း တော်တော်အရှက်ရသွားခြင်းဖြစ်သည်။


သူ၏ကံမကောင်းမှုကို ခွက်ထိုးခွက်လန်ရယ်နေသော ထုံရွှယ်လူကိုကြည့်၍ ထုံကျားရှင်းသည် ဒေါသများတလိပ်လိပ်ထွက်ကာ ပါးနှစ်ဖက်က ငါးပူတင်းကဲ့သို့ ဖောင်းနေလေတော့သည်။


နောက်တစ်နေ့၌ ထုံရွှယ်လူသည် ကျောင်းအသစ်ပြောင်းပေးရန် ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကို ခေါ်လာခဲ့သည်။


ထိုခေတ်က ကျောင်းတက်ရသည်မှာ မြို့နယ်၊ အိမ်ထောင်စု စသည်တို့ ဘာမှမလိုချေ။ ကျောင်းအသစ်ပြောင်းရသည်မှာလည်း အလွန်လွယ်ကူသည်။


ထုံရွှယ်လူသည် ရန်ချင်းနယ်ကျောင်းမှ သက်သေအထောက်အထားနှင့် ကျောင်းအုပ်ကြီး၏စာတို့ကိုယူ၍ မောင်နှစ်ယောက်ကိုခေါ်ကာ နန်မြို့မှ ကျောင်းသို့ သွားလိုက်သည်။


ကျောင်းပြောင်းရသည့်ကိစ္စက မခက်သော်လည်း ဘတ်စ်ကားစောင့်ရခြင်းနှင့် လူတိုင်း၏လက်မှတ်ကိုယူနေရခြင်းတို့က အချိန်အတော်ကြာကာ ကိစ္စအကုန်ပြီးသောအခါ တစ်နေကုန်သွားလေသည်။


အိမ်မပြောင်း‌ရသေးသဖြင့် ထုံရွှယ်လူသည် ကလေးနှစ်ယောက်အတွက်ခွင့်ရက်အနည်းပါ ယူလာလိုက်သည်။ အစစအရာရာအသားကျပြီးမှ ကျောင်းအသစ်၌ စတက်သည်မှာ ပိုအဆင်ပြေလိမ့်မည်။


ကျောင်းပြောင်းသည့်ကိစ္စပြီးသောအခါ နောက်တစ်နေ့၌ ထုံရွှယ်လူသည် စစ်လွယ်အိတ်ကိုလွယ်ကာ ဘတ်စ်ကားဖြင့် မြို့ထဲသို့ လာရပြန်သည်။


စာတိုက်ရှေ့သို့ရောက်သောအခါ ဝမ်ရူကွေ့က ကြိုရောက်နေကာ စောင့်နေသည်ကို မြင်လိုက်ရသည်။


အချိန်က မွန်းတည့်ချိန်ဖြစ်နေသောကြောင့် ရွှေရောင်နေရောင်ခြည်က ဝမ်ရူကွေ့၏ရှပ်အင်္ကျီအဖြူပေါ်သို့ ကျနေလေသည်။ ဝမ်ရူကွေ့ကိုကြည့်ရသည်မှာ နေရောင်အောက်၌ တစ်ကိုယ်လုံးတောက်ပနေသကဲ့သို့ဖြစ်နေသည်။ လေတိုက်သွားသောအခါ ဝမ်ရူကွေ့၏နဖူးပေါ်မှ ဆံပင်လေးများက လှုပ်သွား၍ နေရောင်ကို ရောင်ပြန်ဟပ်သကဲ့သို့ ဖြစ်သွားလေသည်။


အလွန်ကိုချောမောသည့် အမျိုးသားပါလား...


ထုံရွှယ်လူသည် ဝမ်ရူကွေ့အား တစ်မီတာအကွာခန့်မှ သဘောကျသည့်အကြည့်ဖြင့် ကြည့်နေမိလေသည်။


တစ်စုံတစ်ယောက်က ကြည့်နေသည်ကို သတိထားမိသောဝမ်ရူ‌ကွေ့က ဘေးသို့ လှည့်ကြည့်လိုက်သောအခါ ထုံရွှယ်လူ၏ အသက်ဝင်တောက်ပ၍ ပြုံးယောင်သန်းနေသော မျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားလေသည်။


ဝမ်ရူကွေ့က အကြည့်ကို အောက်သို့နည်းနည်းချလိုက်သောအခါ နေရောင်အောက်၌ ယခင်ကထက်ပင် ပို၍လှပနေသော မှဲ့နီလေးကိုမြင်လိုက်ရသည်။


ဝမ်ရူကွေ့၏နှုတ်ခမ်းများက ပြုံးသွားကြကာ မျက်လုံးများကလည်း တောက်ပသွားကြသည်။

"ဟဲလို ရဲဘော်ထုံ..."


"မင်္ဂလာပါ ရဲဘော်ဝမ်...စောင့်နေလိုက်ရလို့ အားနာလိုက်တာ..."


ထုံရွှယ်လူသည် ယနေ့ သေချာသတိထား၍ စောစောထွက်လာသော်လည်း ကံကမကောင်းသောကြောင့် ဘတ်စ်ကားကို တစ်နာရီခန့် စောင့်လိုက်ရလေသည်။


ဝမ်ရူကွေ့က ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး...ကျွန်တော်လည်း ခုနကမှရောက်တာပါ..."


ဝမ်ရူကွေ့ ထိုသို့ပြောလိုက်ပြီးသည်နှင့် တစ်ပြိုင်နက် စာပို့သမားကြီးတစ်ဦးက စာတိုက်ထဲမှထွက်လာ၍ ဝမ်ရူကွေ့ကိုပြောလိုက်သည်။

"ဟေး ရဲဘော်...နောက်ဆုံးတော့ မင်းရဲ့သူငယ်ချင်းရောက်လာပြီပဲ..."


ထိုသို့ပြောပြီးသောအခါ ဝမ်ရူကွေ့ ဘာမှမပြောရသေးခင်မှာပင် စာပို့သမားကြီးက ထုံရွှယ်လူကို လှမ်းကြည့်၍ မျက်လုံးများတောက်ပသွားကာပြောလိုက်သည်။

"ဒါ မင်းရဲ့ ကောင်မလေးမလား...မင်း အစောကြီးလာပြီး သူ့ကို လာစောင့်နေတာလည်း မဆန်းတော့ပါဘူးကွာ..."


စာပို့သမားကြီး၌ ဤမျှ ချောမောလှပသော ရည်းစားလေးရှိလျှင်လည်း ထိုသို့ အစောကြီး လာစောင့်နေမည်သာဖြစ်သည်။


ထုံရွှယ်လူက မျက်ခုံးများကိုပင့်ကာပြောလိုက်သည်။

"ရှင် ခုနလေးကမှရောက်တာလို့ ပြောနေတာမဟုတ်ဘူးလား..."


စာပို့သမားကြီးက လက်ချောင်းနှစ်ချောင်းထောင်ကာပြောလိုက်သည်။

"သူ ခုနကမှရောက်တယ်လို့ဘယ်သူပြောလဲ...မင်းရဲ့ကောင်လေးက ဒီမှာလာစောင့်နေတာ နှစ်နာရီတောင်ရှိပြီ..."


"..."


ဝမ်ရူကွေ့၏နားရွက်များအောက်ခြေက အနီရောင်သန်းသွားကြပြန်လေသည်။ နေရောင်အောက်၌ နားရွက်များအရောင်က ပန်းရောင်ဖြစ်နေကြသည်။


ဝမ်ရူကွေ့၏နီရဲနေသော နားရွက်များကိုကြည့်၍ ထုံရွှယ်လူသည် မနေနိုင်ပဲ ပြုံးလိုက်မိပြန်လေသည်။


***


စာပို့သမားကြီးက မလိုသည်များကို ထပ်ပြောနေမည်စိုးသောကြောင့် ဝမ်ရူကွေ့သည် ထုံရွှယ်လူကိုခေါ်ကာ အိမ်ကိုကြည့်ရန် ထွက်လာခဲ့လိုက်တော့သည်။


ဤတစ်ခေါက်တွင်လည်း ဝမ်ရူကွေ့သည် စက်ဘီးနှင့်ပင်လာကာ ထုံရွှယ်လူကို အနောက်၌တင်၍ ခပ်မြန်မြန်နင်းလာလိုက်သည်။


နာရီဝက်ခန့်ကြာပြီး၍ စက်ဘီးက ခြံဝန်းလေးတစ်ခုရှေ့၌ရပ်သွားသောအခါ ထုံရွှယ်လူသည် အလွန်အံ့ဩမင်သက်သွားလေသည်။ သူတို့၏ရှေ့မှ ခြံဝန်းလေးကိုကြည့်၍ ထုံရွှယ်လူ၏ မျက်ခုံးများက မြင့်တက်သွားကာမေးလိုက်သည်။

"ဒါ ရှင်ပြောတဲ့အိမ်လား..."


ဝမ်ရူကွေ့၏မျက်ခွံများက ဆတ်ခနဲလှုပ်သွား၍ ခေါင်းငြှိမ့်ကာ ပြောလိုက်သည်။

"အင်း...အိမ်က လူမနေတာတော့ နှစ်တော်တော်ကြာနေပြီ...မနေ့က ဦးလေးဇုန်းနဲ့ ကျွန်တော်လာပြီး ရှင်းတော့ရှင်းထားပေမယ့် အခုချက်ချင်းနေလို့တော့မရသေးဘူးထင်တယ်..."


ပြောနေရင်းဖြင့် ဝမ်ရူကွေ့က သော့နှင့် သစ်သားတံခါးကိုဖွင့်လိုက်သည်။


"အထဲဝင်ရအောင်...အခန်းဖွဲ့စည်းပုံကို ကြိုက် မကြိုက် ကြည့်ကြည့်ပါဦး..."


ထုံရွှယ်လူလည်း ဝမ်ရူကွေ့နောက်မှ လိုက်သွားလိုက်သည်။


ခြံဝန်းသည် အလွန်သန့်ရှင်း၍ ပေါင်းပင်၊ မြက်ပင်များလည်း တစ်ပင်မှမရှိအောင်နှုတ်ထားသည်ကိုတွေ့ရသည်။


ခြံထဲ၌ စံကားပင်တစ်ပင်ရှိနေကာ ယခုအချိန်က ဩဂုတ်လဖြစ်သောကြောင့် ပန်းပွင့်များ၏ရနံ့က လေတိုက်တိုင်း မွှေးနေလေသည်။


ဝမ်ရူကွေ့က ထုံရွှယ်လူ့ရှေ့မှလျှောက်ရင်းဖြင့် နေရာအကြောင်းကို ရှင်းပြနေလေသည်။

"အခန်းက စုစုပေါင်း လေးခန်းရှိတယ်...အခန်းတိုင်းမှာလည်း ရေချိုးခန်း အိမ်သာ တွဲပါတယ်...ရဲဘော်ထုံနဲ့ မောင်နှမတွေ ကိုယ့်အခန်းကိုယ်ယူလို့ရတာပေါ့...ဒါမှမဟုတ်လည်း တစ်ခန်းကို စာကြည့်ခန်းလုပ်လိုက်လို့ရတယ်..."


ထုံရွှယ်လူ အလွန်တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ဝမ်ရူကွေ့သည် အနောက်သို့လှည့်၍ ထုံရွှယ်လူကိုကြည့်လိုက်သည်။


"ရဲဘော်ထုံ အိမ်ကို ဘယ်လိုသဘောရလဲဟင်..."