အပိုင်း ၅၇
Viewers 16k

Chapter 57

 ထုံရွှယ်လူက ငြင်းမှာမဟုတ်ဘူး 




ထုံရွှယ်လူက ခေါင်းညိတ်လျက် " နေရာက အရမ်းကောင်းတယ် ... ဟုတ်သားပဲ ဒီအိမ်က လွတ်နေတာကြာရောပေါ့ ... တစ်ခါမှ အရောင်းမထုတ်ဖူးဘူးလား ... " ဟု မေးမြန်းလိုက်သည်။


" ဟင့်အင်း ... "


ထုံရွှယ်လူတစ်ယောက် သူမ၏ရှေ့တွင် ရပ်နေသောအမျိုးသားအား တစ်ချက်ကြည့်လိုက်မိသည်။ဝမ်ရူကွေ့အား ပထမဆုံးအကြိမ်တွေ့ခဲ့စဉ်တွင် သူ၏ရုပ်ရည်ကြောင့် ထိတ်လန့်သွားခဲ့ရပြီး တစ်ချိန်တည်းမှာပင် သူသည် အခြားသူများနှင့် သင့်လျော်သောအကွာအဝေးတစ်ခု၌အမြဲနေတတ်သူဖြစ်ကြောင်း ထုံရွှယ်လူသိခဲ့ရသည်။နောက်ပိုင်းဆက်လက်တွေ့ဆုံသောအကြိမ်များတွင်မူ ဝမ်ရူကွေ့မှာ အပြစ်ကင်းသောအမျိုးသားငယ်လေးတစ်ဦးလိုပင်။ယခုတွင်လည်း သူ၏အူတူတူဆန်သောချစ်စရာကောင်းမှုက ပေါ်ထွက်လာပြန်သည်။


ဤအိမ်သည် အိမ်ရာစီမံခန့်ခွဲရေးရုံးက ထုံရွှယ်လူ့အား လိုက်လံပြသခဲ့သည့်အိမ်ပင်ဖြစ်သည်။ဝမ်ရူကွေ့ လိမ်ညာနေ‌သည်က ထင်ရှားပေ၏။ဝမ်ရူကွေ့မှာ အိမ်ယာစီမံခန့်ခွဲရေးရုံးမှ အိမ်ဝယ်ထားသော်လည်း သူသည် ယခင်ကတည်းက အိမ်ပိုင်ဖြစ်ကြောင်း ဆိုနေလေသည်။


ဝမ်ရူကွေ့သည် ထုံရွှယ်လူ့အပေါ် တတ်နိုင်သမျှကောင်းပေးချင်ခဲ့ပြီး အကြောင်းပြချက်များစွာကို ကတိုက်ကရိုက် ရှာဖွေနေခဲ့ရသည်။မည်မျှပင် ရူးနှမ်းလိုက်သနည်း။


ထုံရွှယ်လူက သူ့အား စူးစိုက်ကြည့်နေသောကြောင့် ဝမ်ရူကွေ့ခမျာ စိတ်မသက်မသာဖြစ်လာတော့၏။


" ဘာဖြစ်လို့လဲ ... ကျွန်တော့်မျက်နှာမှာ တစ်ခုခုကပ်နေလို့လား ... "


ထိုအခါ ထုံရွှယ်လူကခေါင်းခါလိုက်ပြီး ဝမ်ရူကွေ့၏အဖြူရောင်မုသားအားထောက်ပြခြင်းမပြုခဲ့ဘဲ အခြားစကားကိုသာ ပြောခဲ့သည်။


" ကျေးဇူးတင်ပါတယ် ရဲဘော်ထုံ ... ကျွန်မ ဒီအိမ်ကို အရမ်းကြိုက်တယ် ... "


" မပြောပါနဲ့တော့ .... "


ထုံရွှယ်လူ၏ အနီရောင်နှုတ်ခမ်းများ ကွေးညွှတ်သွားခဲ့ပြီး ပါးပြင်ပေါ်တွင်လည်း ပါးချိုင့်လေးများ ထင်းလာသည်။


"ကောင်းပြီ‌လေ ... ရဲဘော်ဝမ် ကူညီတာကိုမငြင်းတော့ပါဘူး ...ဒါပေမဲ့ ကျွန်မပြန်ကူညီပေးတာကိုလည်း ငြင်းလိုက်လို့မဖြစ်ဘူးနော် ... အားတဲ့အချိန်တိုင်းဒီကိုလာခဲ့ပါ ... ငါးချက်ပေးပါ့မယ် ... "


နေရောင်အောက်တွင် ထုံရွှယ်လူ၏အသားအရည်က အလင်းဖောက်လုနီးနီးကြည်လင်နေပြီး အခွံခွာပြီးဖြစ်သည့်အရည်ရွှမ်းသော လိုင်ချီးသီးနှင့်ပင်ဆင်တူနေသည်။


ဝမ်ရူကွေ့တစ်ယောက် ထုံရွှယ်လူ၏မျက်ဝန်းများထဲမှ တောက်ပမှုကိုမြင်လိုက်ရပြီး နှလုံးသားက သိသိသာသာပင်ခုန်လှုပ်လာတော့လေ၏။သူမ၏အပြုံးမှာလည်း ချိုမြိန်လွန်းလှပြီး တစ်ဖက်သားအား သကြားလုံးစားရသကဲ့သို့ ခံစားသွားရစေသည်။


" ကောင်းပါပြီ ... ရဲဘော်ထုံ ကမ်းလှမ်းတာကို ကျွန်တော် မငြင်းတော့ပါဘူး ... "


ဝမ်ရူကွေ့က တစ်လ ၅ ယွမ်နှုန်းဖြင့် ငှားရမ်းချင်ခဲ့သော်လည်း ထုံရွှယ်လူက အခွင့်ကောင်းယူရန် ငြင်းဆန်ခဲ့လေသည်။နောက်ဆုံး၌ တစ်လ ၁၂ ယွမ်ဖြင့် ငှားရမ်းရန် သဘောတူညီချက်ရသွားကြသည်။


အရာအားလုံးက အဆင်သင့်ဖြစ်နေပါလျက် အဘယ်ကြောင့် ထပ်မံအချိန်ဆွဲနေပါတော့မည်နည်း။ထုံရွှယ်လူမှာ ထိုနေ့၌ပင် ချက်ချင်းအိမ်ပြောင်းရန် ဆုံးဖြတ်ချက်ချလိုက်တော့လေ၏။


ထိုအခါ ဝမ်ရူကွေ့က ဂျစ်ကားဖြင့် ‌ရွှေ့ပြောင်းခြင်းအား လိုက်လံကူညီပေးနိုင်ကြောင်း ကမ်းလှမ်းခဲ့သည်။


ယင်းမှာ အံ့အားသင့်စရာကောင်းလောက်သောအကူအညီဖြစ်ပြီး ထုံရွှယ်လူ့အတွက် ငြင်းဆိုစရာ အကြောင်းတစ်စုံတစ်ရာမရှိပါချေ။


ထို့နောက်တွင် အသီးသီးပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြရန် နှစ်ဦးသားလမ်းခွဲခဲ့ကြသည်။


ဝမ်ရူကွေ့သည် ရန်ချင်းနယ်သို့ ထုံရွှယ်လူ့အားသွားမခေါ်မီ ဂျစ်ကားအား ဦးစွာစစ်ဆေးမည်ဖြစ်ပြီး ထုံရွှယ်လူကတော့ အထုပ်ပြင်ရန် ဘတ်စ်ကားဖြင့် အိမ်ပြန်သွားခဲ့သည်။


ထုံရွှယ်လူတစ်ယောက် ရန်ချင်းနယ်သို့ ခရီးနှင်နေခဲ့စဉ်တွင် အမေထုံသည်လည်း သားကြီးဖြစ်သူ မောင်းနှင်သောကားကို စီးနင်း၍ ထုံကျန်းကျန်းရှိရာ အကျဉ်းထောင်သို့ ဦးတည်သွားနေခဲ့သည်။


ကားထဲ၌ ထိုင်နေသည့် အမေထုံမှာ အလွန်စိုးရိမ်ပူ‌ပန်နေရှာလေသည်။


" ကျန်းကျန်းက အမေတို့ကို စိတ်ဆိုးနေလောက်သေးလား ... "


ထုံကျန်းကျန်းမှာ သူမကိုယ်တိုင် ကိုးလလွယ် ဆယ်လဖွားခဲ့သောသမီးရင်းချာဖြစ်သော်လည် ပြုစုပျိုးထောင်ရန် အခွင့်အရေးမရှိခဲ့ပေ။ထို့ကြောင့်ပင် အမေထုံမှာ ထုံကျန်းကျန်းအပေါ် အပြစ်ရှိစိတ်များစွာဖြစ်ခဲ့ရသည်။


သို့သော်လည်း ၎င်းဆုံးဖြတ်ချက်မှလွဲ၍ အမေထုံ့ထံ၌ ရွေးချယ်စရာမရှိခဲ့ပေ။ယနေ့ခေတ် နိုင်ငံရေးအခြေအနေမှာ အလွန်မရေမရာ ဖြစ်နေပြီး တစ်စုံတစ်ခုမှားယွင်းသွားသည်နှင့် တစ်မိသားစုလုံး ဆွဲချခံရလိမ့်မည်။အကျိုးအကြောင်းဆီလျော်စွာ တွေးတောခြင်းကသာမှန်ကန်ပြီး ကျန်မိသားစုဝင်များထက် သမီးဖြစ်သူအား ရွေးချယ်ခြင်းက မှားယွင်းပေသည်။


သို့သော်လည်း မည်မျှပင်အကျိုးအ‌ကြောင်းပြောပြစေကာမူ ထုံကျန်းကျန်းက လုံးဝ နားမလည်ခဲ့ပေ။သူမသည် သူတို့ကို အော်ငေါက်ကာ အဆိုးရွားဆုံးစကားလုံးများဖြင့် ကျိန်ဆဲခဲ့ပြီး ထိုအခြင်းအရာက အမေထုံ့အား အလွန်ဝမ်းနည်းစေသည်။


ထုံကျန်းကျန်း အကျဉ်းကျသွားကတည်းက အမေထုံမှာ မကြာခဏ ဧည့်တွေ့သွားရောက်ခဲ့သော်လည်း ထုံကျန်းကျန်းက အတွေ့မခံခဲ့ပေ။


ဤတစ်ကြိမ်တွင် ထုံကျန်းကျန်းက ၎င်းတို့အား တွေ့ရှိလိုကြောင်း အကျဉ်းထောင်မှ ဖုန်းဆက်အကြောင်းကြားလာခြင်းပင်။


အမေထုံမှာ ဖုန်းလက်ခံရရှိချိန်တွင် အလွန်ပျော်သွားခဲ့သော်လည်း အနည်းငယ်တော့ စိုးရိမ်ဆဲဖြစ်သည်။ယခုတစ်ကြိမ်တွင်လည်း ထုံကျန်းကျန်းက အိမ်ပြန်မည်ဟူ၍ သောင်းကျန်းလာလေမလားဟူ၍ တွေးပူနေမိလေ၏။


ထိုအချိန်တွင် အစ်ကိုကြီးထုံက ခေါင်းယမ်းလျက်  " ကျန်းကျန်းက အရမ်းခေါင်းမာတယ် ... အဲဒီတုန်းက ဖြစ်ပျက်ခဲ့တာတွေက ညီမလေးရဲ့ အပြစ်မဟုတ်ဘူး ... အခုတော့ သူသဘောပေါက်သွားဖို့ပဲ‌ ကျွန်တော်မျှော်လင့်တယ် ... " ဟု ပြောလာသည်။


ထိုစကားကိုကြားသောအခါ အမေထုံတစ်ယောက် သက်ပြင်းချမိသွားတော့၏။


" ရွှယ်လူ့ကို ညီမလေးလို့ပဲ ဆက်ပြောနေတာကို ရပ်သင့်ပြီ ...ကျန်းကျန်းကြားရင်လည်း စိတ်မကောင်းဖြစ်သွားမယ် ... "


ထိုအခါ အစ်ကိုကြီးထုံက သူ၏နှုတ်ခမ်းကို ဖိပိတ်လိုက်ပြီး " ဟုတ်ကဲ့ ... ကျွန်တော်နားလည်ပါပြီ ... " ဟု ပြန်ဖြေလေသည်။


လေထုက ပိုမိုတင်းမာလာပြီးနောက်ပိုင်းတွင် နှစ်ဦးသား စကားဝိုင်းအား ရပ်တန့်လိုက်ကြတော့သည်။


နှစ်နာရီကြာပြီးနောက်တွင် ကွမ်းရုံအကျဉ်းထောင်သို့ရောက်ရှိခဲ့သည်။

ထုံကျန်းကျန်းအား လုံးလုံးလျားလျားအပြင်ထုတ်မပေးနိုင်သော်လည်း ထုံမိသားစု၏အဆက်အသွယ်များဖြင့် အနီးအနားတွင်ရှိသောထိန်းသိမ်းရေးစခန်း၌ ထိန်းသိမ်းခံရစေရန် စွမ်းဆောင်နိုင်ခဲ့သည်။


ကွမ်းရုံအကျဉ်းထောင်မှာ အလတ်စား ထိန်းသိမ်းရေးစခန်းဖြစ်ပြီး သန့်စင်ခန်းများနှင့် ရွှေ့ပြောင်းကုန်စုံဆိုင်များလည်းရှိကာ အတော်လေးအဆင်ပြေသောနေရာဖြစ်သည်။ယင်းနေရာတွင် ထိန်းသိမ်းခံထားရသူများမှာ ခက်ခက်ခဲခဲအလုပ်ကြမ်းများ မလုပ်ရပေ။လွတ်မြောက်သွားသူများသည်ပင်လျှင် ၎င်းနေရာအား သံယောဇဉ်တွယ်သွားတတ်ကြသည်ဟူ၍လည်း ပြောစကားများရှိသည်။


ကွမ်းရုံအကျဉ်းထောင်စီမံခန့်ခွဲရေးမှူးမှာ ထုံမိသားစုနှင့်သိကျွမ်းသောဆက်ဆံရေးမျိုးရှိပြီး ထုံကျန်းကျန်း ယင်းနေရာသို့ မရောက်ရှိခင်ကတည်းက ထုံမိသားစုဘက်မှ စီမံခန့်ခွဲရေးမှူးအား ကြိုတင်အကြောင်းကြားထားခဲ့သည်။


ဤတစ်ကြိမ်၌ အမေထုံက ပစ္စည်းအများအပြားသယ်ဆောင်လာပြီး အချို့မှာ အစားအသောက်များဖြစ်ကြကာ အချို့ကတော့ရိက္ခာများဖြစ်ကြလေသည်။ထိုထဲမှ အများစုမှာ ထုံကျန်းကျန်းအတွက်ဖြစ်သော်လည်း ကျန်အနည်းငယ်ကိုတော့ကွမ်းရုံအကျဉ်းထောင်စီမံခန့်ခွဲရေးမှူးအား ပေးအပ်မည်ဖြစ်သည်။


အမေထုံက စစ်ဆေးရေးမှူးထံသို့ ပစ္စည်းများပေးလိုက်၏။ဂျုံမှုန့်အိတ်ကိုမြင်သောအခါ ထိုလူများ၏မျက်နှာပေါ်၌ နှစ်လိုဖွယ်အပြုံးအချို့ပေါ်ပေါက်လာတော့သည်။


ခေတ္တစကားစမြည်ပြောဆိုပြီးနောက်တွင်မူ စီမံခန့်ခွဲရေးမှူးဖြစ်သူက အမေထုံအား ထုံကျန်းကျန်း၏အိပ်ဆောင်သို့ ခေါ်ဆောင်သွားတော့သည်။

ကွမ်းရုံအကျဉ်းထောင်မှာ ကျယ်ဝန်းအဆင်ပြေသော်လည်း မြို့တော်နှင့်တော့ နှိုင်းယှဉ်၍မရပေ။ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်ရှုပြီး အမေထုံတစ်ယောက် ဝမ်းနည်းမိသွားလေသည်။


အိပ်ဆောင်အပြင်ဘက်သို့ရောက်သောအခါ စီမံခန့်ခွဲရေးမှူးက စတုတ္ထမြောက်အခန်းကို ညွှန်ပြပြီး  " ဒါက ထုံကျန်းကျန်းရဲ့အခန်းပါ ...တံခါးခေါက်လိုက်လို့ရပါတယ် ... ကျွန်တော်သွားတော့မယ် ... " ဟု ပြောလာသည်။

ထိုအခါအစ်ကိုကြီးထုံက ချက်ချင်းပင် ကျေးဇူးတင်စကားဆိုလိုက်၏။

ယင်းအချိန်တွင် အမေထုံက အခန်းဝနားသို့ချဉ်းကပ်သွားပြီး တံခါးအား ခပ်သာသာခေါက်၍ အသံပေးနေခဲ့လေသည်။


" ကျန်းကျန်း ... အထဲမှာရှိလား ... အမေနဲ့ အစ်ကိုကြီးတို့ သမီးကိုလာတွေ့တာပါ .... "


အမေထုံမှာ အလွန်စိတ်လှုပ်ရှားနေခဲ့ပြီး တစ်ဖက်တွင်လည်း ထုံကျန်းကျန်းက ရုတ်တရက်စိတ်ပြောင်းသွားကာ သူမတို့အား မတွေ့တော့မည်ကိုလည်း စိုးရိမ်နေခဲ့ပြန်သည်။


အကျဉ်းထောင်သို့လာရောက်လည်ပတ်ရန် ထောက်ခံစာလိုအပ်ပြီး အကယ်၍သာ ဤတစ်ကြိမ်တွင်လည်း ထုံကျန်းကျန်းက သူမတို့အား လက်ခံတွေ့ဆုံရန် ငြင်းဆိုလိုက်ပါက ပြန်လည်လွတ်မြောက်လာသည့်အချိန်မှသာ တွေ့နိုင်တော့မည်ဖြစ်သည်။


အမေထုံ၏စကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် အထဲမှ ခြေသံတရှပ်ရှပ်ကို ကြားလိုက်ရပြီး နောက်ထပ်တစ်စက္ကန့်အတွင်းမှာပင် အခန်းတံခါးက ပွင့်လာတော့သည်။

ယင်းနောက်တွင် တံခါးနောက်မှ ပိန်ပိန်ပါးပါး လူရိပ်တစ်ခု ပေါ်လာ၏။ထုံကျန်းကျန်းက အမေထုံအား စိတ်ခံစားချက်ပြင်းထန်စွာဖြင့်ကြည့်ရှုကာ " အမေ ... " ဟု ခေါ်ဆိုလာသည်။


အမေထုံခမျာ ထုံကျန်းကျန်း၏အသွင်အပြင်ကြောင့် အံ့အားသင့်သွားခဲ့လေ၏။

ဤသည်မှာ သူမ၏သမီးဖြစ်သူ ထုံကျန်းကျန်းမှ ဟုတ်ပါလေသလော။


နှစ်လကျော်သာရှိသေးသော်လည်း ထုံကျန်းကျန်းမှာ အလွန်ထိုင်းမှိုင်း မည်းခြောက်သွားသည်။သူမ၏မျက်နှာမှာလည်း ခြောက်သွေ့ ပြီး အဝါရောင်သမ်းနေကာ ခန္ဓာကိုယ်မှာလည်း ဝါးခြမ်းပြားသဖွယ် ပိန်လှီနေသည်။ပါးများလည်း ချောင်ကျသွားပြီး လေတိုက်ရုံဖြင့်ပင် ချက်ချင်းလဲကျသွားတော့မည့်ပုံပင်။


 "အမေ ... "

ထုံကျန်းကျန်းက မျက်ရည်အဝိုင်းသားဖြင့် အမေထုံ၏ရင်ခွင်ထဲသို့ ပြိုလဲကျလာသည်။

အမေထုံမှာလည်း စိတ်ကိုမနည်းစုစည်းနေရပြီး တုန်လှုပ်နေသောလက်နှစ်ဖက်ဖြင့် ထုံကျန်းကျန်း၏ကျောပြင်အား ထိတွေ့လိုက်တော့လေ၏။လက်ရှိအချိန်တွင် အမေထုံ၏မျက်ဝန်းများလည်း နီရဲနေလေသည်။

" ဘာလို့အရမ်းပိန်သွားတာလဲ ... သမီးကို တစ်ယောက်ယောက်က အနိုင်ကျင့်လို့လား ... ""


ထုံကျန်းကျန်း ထိန်းသိမ်းရေးစခန်းသို့မထွက်ခွာမီတွင်  အစားအသောက်လက်မှတ်များနှင့် အစာခြောက်များစွာကို လုံလောက်စွာ တစ်ပါတည်းထည့်ပေးခဲ့ပြီးဖြစ်သည်။

အတိတ်ကာလ၌ မည်မျှပင် ခက်ခဲကြမ်းတမ်းစွာရှင်သန်ခဲ့ရပါစေ ၊ ထုံကျန်းကျန်းမှာ ဤလောက်အထိတော့ ပိန်ကျမသွားဖူးပေ။

ထို့ကြောင့်ပင် အမေထုံက ထုံကျန်းကျန်းအားတစ်စုံတစ်ယောက်က အနိုင်ကျင့်လေသလားဟု ဦးစွာအတွေးပေါက်သွားခြင်းဖြစ်သည်။

ထုံကျန်းကျန်းက အမေထုံ၏ရင်ခွင်ထဲသို့ဝင်ပြီးငိုရှိုက်နေဆဲပင်။


သမီးဖြစ်သူထံမှ မည်သည့်စကားမျိုးကိုမှ မကြားရသည့်အတွက် အမေထုံက သူမ၏သားကြီးအား စီမံခန့်ခွဲရေးမှူးထံသို့သွားရောက်မေးမြန်းရန် အချက်ပြလိုက်သည်။


အစ်ကိုကြီးထုံ အခန်းထဲမှ ထွက်သွားတော့လုဆဲဆဲမှာပင် ထုံကျန်းကျန်းက ငိုနေရာမှရပ်တန့်လိုက်ပြီး" မသွားပါနဲ့ အစ်ကိုကြီး ...  ဘယ်သူမှ ညီမလေးကို အနိုင်ကျင့်တာ မဟုတ်ဘူး ...အရင်ရက်တွေတုန်းက နေမကောင်းဖြစ်လို့ အခုလိုဖြစ်နေတာပါ ... " ဟု ဆိုလာလေ၏။


အမေထုံက ထုံကျန်းကျန်း၏ပါးပြင်အား လက်ဖြင့် အုပ်မိုးလိုက်ပြီး " ဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီးဖျားတာလဲ ... ဒီမှာနေရတာ တော်တော်ကို အဆင်မပြေလို့လား ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါထုံကျန်းကျန်းက မျက်လွှာချလိုက်လျက် " ဟုတ် ... " ဟူ၍ ညိုးငယ်စွာပြန်ဖြေလေ၏။


ထိန်းသိမ်းရေးစခန်း၌ အလုပ်လုပ်ရသည်မှာ သိပ်မလွယ်ကူသော်လည်း သူမ ‌မနာကျန်းဖြစ်ခဲ့သည်က ထိုအရာကြောင့်မဟုတ်ပေ။


ထုံကျန်းကျန်းက မိုးရေထဲ၌ ရည်ရွယ်ချက်ရှိရှိ ရပ်နေခဲ့သောကြောင့်သာ အဖျားဝင်သွားခဲ့ခြင်းဖြစ်သည်။ထုံကျန်းကျန်းမှာနေမကောင်းသည်ကို အကြောင်းပြ၍ ထုံမိသားစုက သူမအား နေအိမ်သို့ပြန်ခေါ်သွားရန် မျှော်လင့်ထားခဲ့သော်လည်း စဖျားပြီး နောက်တစ်ရက်၌ ထူးဆန်းသောအိပ်မက်မက်ခဲ့လေသည်။


အိပ်မက်ထဲ၌ သူမသည် သေဆုံးသွားခဲ့ပြီး ထုံကျားမင်နှင့် မွေးချင်းများကတော့ အလွန်အောင်မြင်လာကြပေ၏။သူတို့ထံ၌ သုံးနိုင်စွဲနိုင်သည်ထက် ပိုမိုများပြားသောစည်းစိမ်ရှိရုံသာမက သွားလေရာ နေရာတိုင်းတွင် ရယ်မောနေနိုင်ခဲ့ကြ‌သည်။


သို့သော်လည်း အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးသွားသော ၎င်းတို့၏အစ်မအတွက် လက်စားချေပေးသည်ကို မဆိုထားနှင့် ၊ ထိုအကြောင်းကိုပင် လူသိရှင်ကြား တစ်ကြိမ်တစ်ခါမှ မပြောခဲ့ကြပေ။


အိပ်မက်မှနိုးထလာပြီးနောက် ထုံကျန်းကျန်းတစ်ယောက် အကြီးအကျယ် တုန်လှုပ်ခြောက်ခြားသွားခဲ့သည်။