အပိုင်း ၅၈
Viewers 16k

Chapter 58

တိရစ္ဆာန်ရုံမှ တိရစ္ဆာန်တစ်ကောင်သကဲ့သို့ အဝိုင်းခံထားရလျက် မတ်တပ်ရပ်နေသည့် ဝမ်ရူကွေ့ကို သူမ တွေ့လိုက်ရသည်  



သူမသည်  ယခင်ဘဝတွင် အသက် ၂၀ နှစ်အထိသာ နေထိုင်နိုင်ခဲ့သည်။သေဆုံးပြီးနောက်တွင် သူမသည် ကနဦးက ကျန်းမာချမ်းသာမည့်ဇာတာရှိခဲ့သော်လည်း ငယ်စဉ်တွင် လူစားထိုးပြောင်းလဲခံရသောကြောင့်သာ ဤလို ကံကြမ္မာမျိုးပိုင်ဆိုင်ရသည်ဟူ၍ နတ်ဘုရားများထံမှ ကြားသိခဲ့ရသည်။


ယင်းအချိန်တွင် ထုံကျန်းကျန်းမှာ အလွန်စိတ်ထိခိုက်သွားခဲ့ပြီး  အော်ဟစ်သောင်းကျန်းကာလူဝင်စားရန် ငြင်းဆန်ခဲ့သည်။ထိုသို့ ရုန်းကန်နေစဉ်အတွင်း သူမသည်သတိလစ်သွားခဲ့ပြီး သတိပြန်လည်လာသောအချိန်တွင်မူ ပြန်လည်မွေးဖွားပြီးသား ဖြစ်နေခဲ့လေ၏။


ပြန်လည်မွေးဖွားလာခဲ့ပြီးနောက် ထုံကျန်းကျန်းသည် သူမ၏မွေးမိဘများကိုချက်ချင်းရှာဖွေရန် ထုံမိသားစုအိမ် သို့သွားရောက်ခဲ့သည်။ကနဦးတွင် အရာရာက အဆင်ချောခဲ့ပြီး ပျော့ညံ့သနားစရာကောင်းဟန်ဆောင်နေသောသူမအား ထုံမိသားစုက သံယောဇဉ်တွယ်လာခဲ့ကြသည်။


သို့သော်လည်း အပြောင်းအလဲများက သူမ၏အစီအစဉ်ထက် ပိုမိုမြန်ဆန်နေသည်။မကြာသေးမီကပင် အိမ်မှထွက်သွားရန် အကြောက်အကန်ငြင်းဆန်နေခဲ့သူ ထုံရွှယ်လူက ရုတ်တရက်ကြီး ရိုကျိုးသွားခဲ့ပြီး ကိုယ်ပိုင်ဆန္ဒအလျောက်ထွက်ခွာသွားကာ ထုံမိသားစုဝင်များ၏မျက်နှာသာပေးမှုနှင့် သနားကရုဏာသက်မှုများအားအပိုင်သိမ်းယူသွားလေသည်။

ထို့ပြင် ပထမယောင်းမဖြစ်သူချန်ယွဲ့လင်ကလည်း ရုတ်ချည်းဆိုသလိုပင် သူမအပေါ် မကျေမချမ်းဖြစ်လာသလိုပင်။


အဖြစ်အပျက်များက ဤမှာတင် အဆုံးမသတ်သေးပါ။

စာပေနှင့်အနုပညာအသင်းအဖွဲ့ဝင်များမှာလည်း သူမသည် ထုံရွှယ်လူလောက် မလှပကြောင်း ၊ သူမ၏ခန္ဓာကိုယ်မှာလည်း ထုံရွှယ်လူကဲ့သို့ သေးသွယ်ခြင်းမရှိဘဲ အက ကသည့်ကိုယ်နေဟန်ထားများက ပေါ့ပေါ့ပါးပါးမရှိကြောင်း အစသဖြင့် ဝေဖန်လေကန်ခဲ့ကြသည်။

ဝေဖန်မှုများမှာ အချိန်ကြာလာသည်နှင့်အမျှ လူသိရှင်ကြားထွက်ပေါ်လာသည်ဖြစ်ရာ ထုံကျန်းကျန်းအနေဖြင့် ၎င်းတို့အား လက်ခံနိုင်ရန် ခက်ခဲလာတော့၏။


ဤသို့ဖြင့် သူမသည် ထုံရွှယ်လူကို အသည်းအသန်မုန်းတီးလာခဲ့သည်။ထုံရွှယ်လူကသာ သူမ၏ကိုယ်ပိုင်ဇစ်မြစ်ကို ခိုးယူသွားခဲ့သူဖြစ်လေ၏။ထိုတစ်ယောက် ထွက်ခွာသွားပြီးသည့်တိုင် သူမ၏ဘဝ၌ အပျက်သဘောဆောင်သည့်သက်ရောက်မှုများရှိနေဆဲပင်။

ထုံရွှယ်လူ မြို့တော်တွင် ဆက်နေနေသရွေ့ သူမသည်လည်း လောင်းရိပ်မိနေဦးမည်သာဖြစ်သည်။


ထို့ကြောင့်ပင် သူမသည် ထုံမျန်မျန့်အားအနိုင်ကျင့်ခဲ့မိသည်။ထုံကျန်းကျန်းသည် ထုံမိသားစုအား ထုံရွှယ်လူ့ကို မြို့တော်မှ ထွက်ခွာသွားရန် တွန်းအားပေး‌စေချင်ခဲ့၏။

သို့သော်လည်း အခြေအနေများက ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီး ထို့အစား ထုံရွှယ်လူက သူမအား ထိန်းသိမ်းရေးစခန်းသို့ အရောက်ပို့ပေးလိုက်လေသည်။


သို့သော်လည်း အရာရာက အချည်းနှီးမဖြစ်ခဲ့ပါပေ။ဤတစ်ကြိမ် ဖျားနာမှုမှတစ်ဆင့် အနာဂါတ်အား မြင်နိုင်ခဲ့လေသည်။

ထုံကျန်းကျန်းမှာ အချိန်တစ်ခုယူပြီး အရာအားလုံးကို အေးအေးလူလူတွေးတောခဲ့သည်။ယင်းနောက်တွင်မူ သူမသည် အမှားကြီးအချို့ကို ကျူးလွန်မိခဲ့ကြောင်း နားလည်စပြုလာခဲ့တော့၏။ထုံမိသားစုနှင့် ရန်ငြိုးဖွဲ့မနေသင့်ဘဲ မွေးချင်းသုံးယောက်နှင့် ဆက်ဆံရေးကိုလည်း ဖြတ်တောက်ပစ်စရာမလိုပေ။


အရာအားလုံးကို ခွဲခြမ်းစိတ်ဖြာပြီးနောက်တွင် ထုံကျန်းကျန်းက စီမံခန့်ခွဲရေးမှူးထံသို့ နို့မှုန့်တစ်ဘူး လာဘ်ထိုးကာ ထုံမိသားစုအား လှမ်းခေါ်ပေးရန် သဘောတူညီချက်ရယူခဲ့သည်။


ဘဝက ခက်ခဲကြမ်းတမ်းသည့်ကြားထဲမှ နာမကျန်းပါဖြစ်‌နေသေးသည့်ထုံကျန်းကျန်းအား သနားကရုဏာသက်စိတ်ဖြင့် အမေထုံခမျာ မျက်ရည်များပိုးပိုးပေါက်ပေါက်ကျလာသည်။

" အားလုံး အမေ့အပြစ်တွေပါ ... စိတ်မပူနဲ့နော်သမီး ... အမေပြန်ရောက်တာနဲ့ သမီးအဖေကို အကျိုးအကြောင်းပြောပြပြီး ဘယ်လိုနည်းနဲ့မဆို ဒီနေရာကနေ ထုတ်ပေးပါ့မယ် ... "


ထိုစကားကို ကြားသောအခါ ထုံကျန်းကျန်းတစ်ယောက် ပျော်ရွှင်သွားလေမည်ဟုထင်ထားခဲ့သော်လည်း မှန်းချက်နှင့်နှမ်းထွက်က တက်တက်စင်အောင် လွဲနေခဲ့သည်။

" ရပါတယ် .... အဲလောက်ထိ လုပ်စရာမလိုပါဘူး အမေ ... သမီးဒီမှာနေရတာ အဆင်ပြေပါတယ် ... သမီးအတွက်နဲ့ အဖေနဲ့အမေတို့ အရဲစွန့်စရာမလိုပါဘူး ... "


အမေလူနှင့်အစ်ကိုကြီးထုံတို့ ပါးစပ်အဟောင်းသားဖြစ်သွားကြတော့လေ၏။သူတို့နှစ်ဦးက ထုံကျန်းကျန်းအား တစ္ဆေသရဲသဖွယ်စူးစူးစိုက်စိုက်ကြည့်ရှုနေကြသည်။

ထုံကျန်းကျန်းမှာ မည်သည့်အချိန်ကတည်းက ဤ‌မျှလောက်အထိ စဉ်းစားတွေးခေါ်တတ်သွားသနည်း။


ဤလိုအကြည့်ခံလိုက်ရသောအခါတွင် ထုံကျန်းကျန်းမှာ အနည်းငယ် စိတ်အနှောက်အယှက်ဖြစ်သွားခဲ့သော်လည်း သူမသည် ၎င်းအမူအရာကို ထုတ်မပြဘဲ မျက်ရည်များကိုသာ အတတ်နိုင်ဆုံးထိန်းချုပ်လိုက်လေသည်။

" အရင်လတွေတုန်းက ထိန်းသိမ်းရေးစခန်းမှာ နေနေခဲ့တဲ့ အတောအတွင်း သမီးမှားခဲ့တာတွေကို နားလည်လာတယ် .... မနာလိုဖြစ်စိတ်သပ်သပ်နဲ့ ထုံရွှယ်လူ့ကိုရန်သွားမရှာသင့်သလို မျန်မျန့်အပေါ်ကိုလည်း ပုံမချခဲ့သင့်ဘူး ... အမေတို့ သမီးအတွက် ဘာမှလုပ်ပေးစရာမလိုပါဘူး ... ဒီမှာနေပြီး သမီးဘာသာသမီး အကုန်ပြုပြင်ပြောင်းလဲသွားပါ့မယ် ... သမီးနဲ့အတူတူ တခြားသူတွေကိုပါ ဆွဲချမသွားချင်ဘူး ... "


အမေထုံနှင့်အစ်ကိုကြီးထုံတို့မှာ ထုံကျန်းကျန်းက ဤလောက်အထိ မြန်မြန်ဆန်ဆန် ဉာဏ်အလင်းပွင့်ပြီး ရုတ်တရက်ကြီး ပြောင်းလဲသွားလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။


အမေလူက ထုံကျန်းကျန်းအား ဝမ်းပန်းတသာကြည့်ရှုပြီး " ကျန်းကျန်း ... အမေနဲ့အဖေကို တကယ် စိတ်မဆိုးတော့ဘူးလား ... " ဟု မေးမြန်းလိုက်သည်။


ထိုအခါ ထုံကျန်းကျန်းက ခပ်ဖွဖွ ပြုံးလျက် ခေါင်းယမ်းကာ " အရင်တုန်းက သမီးက အကျင့်ပျက်ပြီးတော့ မရင့်ကျက်ခဲ့ဘူး ... အဖေနဲ့အမေက သမီးကောင်းဖို့အတွက်ပဲ ဒီနေရာကို ပို့ပေးလိုက်တာလေ ... သမီး အပြစ်မယူပါဘူး" ဟု ပြန်ဖြေလာသည်။


အမေလူမှာ ဤသို့သောကြည်နူးဖွယ်ကောင်းမှူအား မျှော်လင့်မထားခဲ့ဘဲ ထုံကျန်းကျန်း၏လက်ကို တယုတယဆုပ်ကိုင်ထားရင်းဖြင့် အပြစ်ရှိစိတ်ကို ပို၍ပင်ခံစားလာရတော့သည်။


အမေထုံနှင့် အစ်ကိုကြီးထုံ တို့အား ကြည့်ရှုနေရင်းဖြင့် ထုံကျန်းကျန်းမှာ သူမ၏လုပ်ဆောင်ချက်က ချက်ကောင်းကိုထိသွားသလို ခံစားနေရတော့လေ၏။


ထုံကျန်းကျန်းက အမေထုံနှင့်အစ်ကိုကြီးထုံ တို့အား သူမ၏အခန်းထဲသို့ခေါ်ဆောင်သွားသည်။အခန်းတွင်အပြင်အဆင်က စုတ်ချာပြီး ကုတင်တစ်လုံးနှင့် စားပွဲနိမ့်တစ်လုံးသာရှိလေ၏။

အမေထုံနှင့်အစ်ကိုကြီးထုံတို့မှာ ၎င်းကိုကြည့်ရင်း နှလုံးသားထဲမှနာကျင်ကာ အပြစ်ရှိစိတ်များကို ပိုမို ခံစားလာကြရသည်။


အမေထုံမှာ တစ်နာရီကြာပြီးနောက် ပြန်ရမည်ဖြစ်လေ၏။မထွက်ခွာမီတွင် ထုံကျန်းကျန်းက အမေထုံ၏လက်ကို တယုတယဆုပ်ကိုင်လိုက်ပြီး " အမေ စိတ်မပူပါနဲ့ .. သမီး ဒီမှာတကယ်အဆင်ပြေပါတယ် ... အမေ စိတ်ပူနေစရာမလိုပါဘူး ... " ဟု ပြောလာခဲ့သည်။


ထိုအခါ အမေထုံက ကျဆင်းလာသောမျက်ရည်များအား လက်ခုံဖြင့်ခပ်ဖွဖွသုတ်လျက် ပြန်လည်တုံ့ပြန်ပြောကြားလေ၏။

" ဘယ်လိုလုပ်ပြီးတော့ စိတ်မပူဘဲနေနိုင်မှာလဲ ... သမီးစားချင်တာတစ်ခုခုရှိရင် ဒီက တာဝန်ခံတွေကိုပြောလိုက် ... အမေ မရရတဲ့နည်းနဲ့ပို့ပေးမယ် ... "


 " မဟုတ်တာပဲ ... သမီးအဆင်ပြေပါတယ် ... အဖေနဲ့အမေပဲနေကောင်းအောင်နေပါ ... ဒါနဲ့ သမီးတောင်းဆိုချင်တာလေးရှိတယ် ... "

 

အမေထုံမှာ တစ်ချိန်တည်းမှာပင် စိတ်သက်သာရာရကာ နာကျင်ခံစားနေရပေသည်။သမီးဖြစ်သူ၏ရင့်ကျက်ပြီး တွေးခေါ်မြော်မြင်တတ်လာပုံအား ကြည့်ရှုကာ အမေထုံမှာ တစ်စုံတစ်ရာကို ဖြည့်ဆည်းပေးချင်စိတ်များ ပိုမိုများပြားလာခဲ့သည်။


ထုံကျန်းကျန်းထံမှ ထိုစကားကြားလိုက်ရချိန်တွင် အမေထုံက ချက်ချင်းပြန်မေးလိုက်လေ၏။

" ပြောလေ သမီး ... "

 

" အရင်တစ်ခေါက်တုန်းက မျန်မျန့်ကို မရည်ရွယ်ဘဲနာကျင်စေခဲ့မိလို့ အပြစ်ရှိတယ်လို့ခံစားရတယ် ... သမီးက အခုဒီထဲကနေ မထွက်နိုင်ဘူး ... အမေကပဲ သမီးကိုယ်စား အငယ်လေးတွေဆီသွားပြီး လိုအပ်တာလေးတွေ ယူသွားပေးလို့ရမလား ... "


အမေထုံမှာ ထုံကျန်းကျန်း၏တောင်းဆိုမှုက မည်သည့်အရာဖြစ်မည်ကိုတွေးတောနေခဲ့ပြီး လက်တွေ့ကြားလိုက်ရချိန်တွင်မူ ပို၍ပင်ကြည်နူးသွားခဲ့လေသည်။

" သမီးလေးက တကယ်ကို ရင့်ကျက်လာပြီပဲ ... စိတ်မပူပါနဲ့ ... အမေ အိမ်ပြန်ရောက်တာနဲ့ သူတို့ဆီ သွားလည်လိုက်မယ် ... "


" ကျေးဇူးတင်ပါတယ် အမေ ... "

ထုံကျန်းကျန်း၏မျက်နှာပေါ်၌ တောက်ပသောအပြုံးတစ်ခုရှိနေသည်။


 ***


ထုံရွှယ်လူသည် ဘတ်စ်ကားဖြင့် အိမ်ရာသို့ပြန်လာခဲ့ပြီး အိမ်ထဲသို့ခြေချလိုက်ချိန်မှာပင် ထုံကျားမင်အား ရုတ်ချည်းအသိပေးလိုက်လေ၏။

" နေရာ‌ရှာတွေ့ပြီ ... ဒီနေ့ပဲရွှေ့မယ် ... "


ထုံရွှယ်လူ၏စကား‌ကြောင့်အိမ်သားအားလုံး အံ့အားသင့်သွားကြကာ ထုံကျားရှင်းသည်လည်း သိလိုစိတ်အပြည့်ဖြင့်မေးမြန်းလာခဲ့သည်။


" ဘယ်ကိုပြောင်းမှာလဲ ... အရင်တစ်ခါပြောတဲ့နေရာလား ... "

 

 " မဟုတ်ဘူး ... တခြားနေရာ သပ်သပ် ... ငှားခက ဈေးနည်းနည်းပိုများပေမဲ့ ပတ်ဝန်းကျင်က အရမ်းကောင်းတယ် ...အခန်းသပ်သပ်စီခွဲသုံးလို့ရတယ် ... " 


ထိုအခါ ထုံကျားရှင်း၏မျက်လုံးများက ပြူးကျယ်ပြီး ပြိုးပြိုးပြက်ပြက်ဖြစ်လာလေသည်။

 " တကယ်ကြီး တစ်ယောက်တစ်ခန်းစီနေလို့ရတာလား .... "


ထုံရွှယ်လူက ခေါင်းညိတ်လျက် " ဟုတ်တယ် ... ပြီးတော့ လာကူရွှေ့ပေးဖို့ ကားတစ်စီးရောက်လာလိမ့်မယ် ... ပစ္စည်းတွေ မြန်မြန်သိမ်းတော့ ... " ဟု ပြောလိုက်လေ၏။


"ပျော်လိုက်တာ ... အခုကစပြီး အစ်ကိုကြီးကျားမင် လေလည်တာကို သည်းခံစရာမလိုတော့ဘူးကွ .... "


ထုံကျားရှင်း၏ ဝမ်းသာအားရ အော်ပြောလာမှုကြောင့် ထုံကျားမင်ခမျာတော့ ရှက်ရွံ့ စိတ်ဆိုးသွားခဲ့လေသည်။

" ပါးစပ်ပိတ်စမ်း ထုံကျားရှင်း ... "


ထုံကျားမင်၏ ဒေါသထွက်နေသော အကြည့်များအောက်တွင် ထုံကျားရှင်းသည် တံခါးဝဆီသို့ အမြန်ပြေးသွားခဲ့ပြီး စပ်ဖြီးဖြီးမျက်နှာထားလုပ်နေလေသည်။


" မပိတ်ပါဘူး ... အရင်ဆောင်းတွင်းတုန်းကဆို အစ်ကိုကြီး စောင်ထဲမှာ လေလည်တာ ကျွန်တော်တောင် ဂိတ်ပေါက်နားအထိ လွင့်ထွက်သွားတော့မလို့ ... အဲတုန်းက အနံ့ကို အခုထိ မှတ်မိနေသေးတယ် ... "


ထုံကျားမင်မှာတော့ ထုံကျားရှင်းအား စိုက်ကြည့်ရင်း နှုတ်ခမ်းများကို တင်းတင်းစေ့ထားပြီဖြစ်သည်။သူ၏ချောမောသောမျက်နှာသည်လည်း ရဲတွတ်နေလေ၏။


 " ဟားဟားဟား .... "

အနာဂါတ်သူဌေးလောင်းလေးထံတွင် ဤလိုဘက်ခြမ်းမျိုးရှိနေမည်ဟု ထုံရွှယ်လူထင်မထားခဲ့ပေ။ပြင်းထန်စွာ ရယ်မောရသဖြင့် ဗိုက်ပင်အောင့်လာသည်။


ထုံရွှယ်လူရယ်မောလာသောအခါတွင် ထုံကျားမင်၏မျက်နှာက ပိုလို့ပင်နီရဲလာလေ၏။


ထုံမျန်မျန်သည်လည်း သူမတို့နှစ်ဦးအား တစ်လှည့်စီကြည့်ရှုနေခဲ့ပြီး မေးမြန်းလာခဲ့သည်။

" မမ ... အစ်ကိုကြီး .... ဘာတွေရယ်နေကြတာလဲ ဟင် ... "


" ဒုတိယအစ်ကိုကြီး လေလည်တာကို ရယ်နေကြတာလေ .... " ထုံကျားရှင်းက စပ်ဖြီးဖြီးလေသံဖြင်ပြန်‌ဖြေလေ၏။


ထိုအခါ ထုံမျန်မျန်က ခေါင်းညိတ်လိုက်ပြီး ခဏတာငြိမ်သက်သွားသည်။

ယင်းနောက်တွင်မူ သူမက ရုတ်တရက် ရှုံ့မဲ့လျက် နှာခေါင်းကို ဖုံးအုပ်ကာ " တတိယအစ်ကိုကြီးက အကျင့်ပုတ်တယ် ... ဘာလို့ မျန်မျန့်ဘက်ကိုလေလည်တာလဲ နံစော်နေတာပဲ ... " ဟု ပြောလာတော့လေ၏။


ထုံရွှယ်လူ "……"


ဤသည်မှာ အနည်းငယ်တော့ ရွံရှာဖွယ်ရာကောင်းသည်။သို့သော်လည်း ပြောင်ဖြီးဖြီးလုပ်နေသောထုံကျားရှင်းမှာမူ ရွံရှာဖွယ်ကောင်းသည်ဟု မထင်ခဲ့သည့်အပြင် ဂုဏ်ယူစွာဖြင့် သူ၏တင်ပါးကိုပင် ကော့ပြလိုက်သေးပြီး အခြားသူများအား ပိတ်ရိုက်ချင်လာအောင် ပြုမူနေခဲ့သည်။


ထုံမွေးချင်းများ၏စစ်ပွဲပြီးဆုံးသောအခါတွင် ကျန်ရှိသောပစ္စည်းများကို စတင်ထုပ်ပိုးကြတော့လေ၏။


တစ်နာရီကြာပြီးနောက် ဝမ်ရူကွေ့က ဂျစ်ကားတစ်စီးဖြင့် ရောက်ရှိလာသည်။အိမ်ရာရှေ့ရှိ ပြောက်ကျားအဆင်ဂျစ်ကားက ချက်ချင်းဆိုသလိုပင် လူတကာ၏အာရုံကို ဖမ်းစားသွားခဲ့သည်။

အိမ်ရာတစ်ခုလုံး အုံကြွလာကြတော့လေ၏။