Chapter 59
- မစားတော့ပါဘူးလို့ မပြောနဲ့
ခြံတွင်းရှိ ကလေးများအားလုံး ပြေးထွက်လာပြီး ဂျစ်ကားကို ဝိုင်းရံထားကြသည်။သူတို့၏ မျက်လုံးများထဲတွင် စူးစမ်းလိုစိတ်များဖြင့်ပြည့်နှက်နေလေ၏။
" ဟင် ... ဒီကို ဂျစ်ကားရောက်လာတာလား ... ဘာတွေဖြစ်နေတာလဲ .... "
" တစ်ခုခုဖြစ်လို့လား "
" မသိဘူး ... သွားကြည့်ကြရအောင် .... "
ထုံရွှယ်လူသည် အိမ်အပြင်ဘက်မှ ' ဂျစ်ကား ' ဟူသောအသံများကို ကြားလိုက်ချိန်တွင် လက်ထဲတွင် ရှိသမျှ အရာအားလုံးကို ပစ်ချပြီး အပြင်သို့ ပြေးထွက်သွားခဲ့သည်။
ဝင်းတံခါးအပြင်သို့လှမ်းကြည့်လိုက်သောအခါ တွင် တိရစ္ဆာန်ရုံမှ မျောက်လေးတစ်ကောင်သဖွယ် လူဝိုင်းခံထားရသောဝမ်ရူကွေ့အား တွေ့လိုက်ရတော့လေ၏။
" ရဲဘော်က စစ်သားလား ... ဒီကို လူလာဖမ်းတာလား ... "
" မဟုတ်ပါဘူး ...တစ်ယောက်ယောက်ကို လာရှာတာပါ "
ဝမ်ရူကွေ့ထံမှ ထိုစကားထွက်လာသောအခါမှသာ အားလုံးသက်ပြင်းချလျက် စိတ်အေးလက်အေးဖြစ်သွားကြသည်။သို့သော်လည်း တစ်ချိန်တည်းမှာပင် စူးစမ်းလိုစိတ်များက တဖွားဖွားပေါ်လာပြန်လေ၏။
" ဒါဆို ရဲဘော်က ဘယ်သူ့ကို လာရှာတာလဲ ... "
" ကျွန်တော်က ရဲဘော်ထုံကို လာရှာတာပါ ... "
စတင်တွေ့ဆုံခဲ့စဥ်အချိန်သကဲ့သို့ပင် ဝမ်ရူကွေ့ထံ၌ တည်ငြိမ်သောအမူအရာမျိုးရှိနေသည်။သူက ခပ်ခွာခွာနေပြီး တတ်နိုင်သမျှစကားမကျွံမိ စေရန်စောင့်ထိန်းနေလေ၏။
အိမ်ရာထဲ၌ " ထုံ" မျိုးရိုးအမည်ရှိသည်မှာ ထုံတကျွင်းတို့မိသားစုတစ်စုတည်းသာဖြစ်သည်။ထို့ကြောင့်ပင် ဤလူငယ်မှာ ထုံရွှယ်လူ့ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း လူအုပ်ကြီးက အမြန်သိရှိသွားကြလေ၏။
" ဪ ... ရွယ်လူ့ကို လာရှာတာမလား ... "
" ဟုတ်ပါတယ် ... "
" နှစ်ယောက်က ဘယ်လိုပတ်သတ်ကြတာလဲ ... အရင်က ရဲဘော်အကြောင်းပြောတာ မကြားဖူးပါဘူး ... "
ထိုအခါ ဝမ်ရူကွေ့က နှုတ်ခမ်းကိုသာတင်းတင်းစေ့ထားပြီး မည်သည်ကိုမှ ပြန်မဖြေပေ။
ယင်းအချိန်တွင် အဒေါ်ကြီးတစ်ဦးက ရုတ်တရက်အဖြေရှာတွေ့သွားဟန်ဖြင့် " ဪ ... သိပြီ သိပြီ ... မင်းက သူ့ရဲ့မွေးစားမိသားစုဘက်က မလား ... ရွှယ်လူ့ရဲ့ အစ်ကိုကြီးလား ... " ဟု ပြောဆိုမေးမြန်းလာလေ၏။
ဝိုင်းဝိုင်းလည်နေကြသောအဒေါ်ကြီးများက ပွစိပွစိပြောဆိုနေကြသောကြောင့် ဝမ်ရူကွေ့ခမျာစာကလေးသိုက်ထဲသို့ရောက်ရှိသွားသလိုခံစားနေခဲ့ရပြီး ခေါင်းပင်ကိုက်ချင်သလိုလိုဖြစ်လာသည်။သူသည် ထုံရွှယ်လူ၏အစ်ကိုမဟုတ်ကြောင်းငြင်းဆိုတော့လုဆဲဆဲမှာပင် အိမ်ရာဝင်ပေါက်ဘက်မှ အသံတစ်သံထွက်ပေါ်လာသည်။
" ဟုတ်တယ် ... သူက ကျွန်မမွေးစားမိဘတွေဘက်က အစ်ကိုကြီး ... "
အရှေ့သို့မျှော်ကြည့်လိုက်သောအခါ ဝင်ပေါက်နား၌ ရပ်နေသောထုံရွှယ်လူ့ကိုတွေ့လိုက်ရသည်။သူမက သူ့အား ပြုံးပြနေခဲ့လေ၏။
ဝမ်ရူကွေ့ခမျာ နှလုံးခုန်မြန်လာခဲ့သော်လည်း နှုတ်ခမ်းစွန်းများအား ကော့ချိုးကာ ထုံရွှယ်လူ့ကို ညင်သာစွာ ပြန်လည်ပြုံးပြလိုက်သည်။
" ရဲဘော်က ရွှယ်လူ့ရဲ့အစ်ကိုကြီးပေါ့ ... အရမ်းချောတာပဲ ... "
" ဒါနဲ့ ရဲဘော်က ရွှယ်လူ့ကို ဘာအကြောင်းပြောမလို့တုန်း ... "
အဒေါ်ကြီးများ၏စပ်စပ်စုစု မေးခွန်းများကို ကြားလိုက်ရသောအခါ ထုံရွှယ်လူတစ်ယောက် အလိုလို မျက်လုံးမှိတ်ထားလိုက်မိတော့သည်။ထိုခေတ်အခါက လူများမှာ ကိုယ်ရေးကိုယ်တာဆိုသည်ကိုလည်း နားမလည်ကြဘဲ မည်သည့်အရာကိုမဆို အိတ်ဖာသွန်မှောက် အကုန်စပ်စုလိုကြသည်။
ထုံရွှယ်လူက လူအုပ်ကြီးကို အမြန်ကျော်ဖြတ်ပြီး " အန်တီတို့ ... ကျွန်မအစ်ကိုက အိမ်ပြောင်းတာကို လာကူညီပေးတာပါ ... အခုနောက်ကျနေပြီ ... ပစွည်းတွေ မြန်မြန်ရွှေ့ရမှာ ... ဖယ်ပေးကြပါဦး ... " ဟု ပြောလိုက်သည်။
ထိုအခါမှ လူအုပ်ကြီးက သူမတို့အား လမ်းဖယ်ပေးတော့လေ၏။ထုံရွှယ်လူနှင့် ရင်းနှီးသော မိသားစုအချို့ကမူ ပစ္စည်းများ ကူသယ်ပေးရန်အတွက် အနောက်မှ အမြန်လိုက်လာကြသည်။
အန်တီချိုင်က ဝမ်းနည်းတသဖြစ်နေသောလေသံဖြင့် " မနက်ဖြန်အထိ မပြောင်းသေးဘူးထင်နေတာ ... အချိန်ရွှေ့လိုက်တာကို ဘာလို့မပြောတာလဲ ... မဟုတ်ရင် အထုပ်အပိုးပြင်တာကို ကူညီပေးလို့ရသေးတယ် ... " ဟု ပြောလာခဲ့သည်။
" ရပါတယ် အန်တီရဲ့ ... အထုပ်အပိုးက အဲလောက်မများပါဘူး ... ကျားမင်နဲ့ကလေးတွေကလည်း ကူညီပေးပါတယ် ... မနေ့ကတင် တော်တော်များများပြီးသွားတာ ... "
အမှန်တကယ်တွင်လည်း အဝတ်အစားအနည်းငယ်နှင့် မီးဖိုချောင်သုံးပစ္စည်းအချို့မှလွဲ၍ အိမ်ထဲတွင် အထုပ်အပိုးများစွာမရှိခဲ့ပေ။
လူအများ၏အကူအညီဖြင့် ပစ္စည်းများအား ဂျစ်ကားပေါ်သို့ အမြန်တင်နိုင်ခဲ့သည်။
ဝမ်ရူကွေ့မောင်းနှင်လာသောဂျစ်ကားမှာမြို့တော်သုံးဂျစ်ကား ၂၁၂ မော်ဒယ်ဖြစ်ပြီးတံခါး ၄ ပေါက်နှင့် ထိုင်ခုံ ၅ လုံးပါရှိသည်။နေရာကျယ်ဝန်းသည်ဟု ထင်ရသော်လည်း ပစ္စည်းများတင်ပြီးသွားသောအခါ ကားပေါ်၌ ထိုင်စရာနေရာမလွတ်တော့ပေ။
ထို့ပြင် သေးသေးဖွဲဖွဲပစ္စည်းပစ္စယအချို့လည်းကျန်ရှိနေသေးသည်။ထုံရွှယ်လူ၏မူလအစီအစဉ်မှာ ပစ္စည်းများအားလုံးကို သူမတို့နှင့်အတူ တစ်ပါတည်းသယ်ဆောင်သွားရန်ဖြစ်သည်။ထိုမှသာ ဝမ်ရူကွေ့အတွက် ခရီးနှစ်ကျော့ပြန်စရာ မလိုတော့မည်ဖြစ်သည်။
ထိုခေတ်ကာလ၌ ဂတ်စ်တန်ဖိုးမှာ အလွန်ခေါင်ခိုက်ပြီး ဂျစ်ကားမှာလည်း ငှားရမ်းလာရသည်ပင်။ထုံရွှယ်လူမှာ ဝမ်ရူကွေ့အား ခရီးနှစ်ကျော့ မပြန်ရစေချင်ခဲ့ပေ။
ဂျစ်ကားပေါ်သို့ ပစ္စည်းများတင်ပြီးသောအခါ ဝမ်ရူကွေ့က ပစ္စည်များအား ဦးစွာပို့ဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
" ဒါဆို အရင်သွားပို့လိုက်ဦးမယ် ... "
ဝမ်ရူကွေ့၏ခြေတံများက ရှည်လျားပြီး သူသည် ထုံရွှယ်လူ့ထက် ဦးခေါင်းတစ်လုံးစာ ပိုမြင့်သည်။လက်ရှိအချိန်၌ သူ၏နံဘေးတွင် ရပ်နေသောထုံရွှယ်လူမှာ ကူရာကယ်ရာမဲ့သည့်စာသူငယ်လေးတစ်ကောင်သဖွယ်ပင်။
ထုံရွှယ်လူက ဝမ်ရူကွေ့အား မော့ကြည့်လိုက်ပြီး နီဆွေးဆွေးနှုတ်ခမ်းပါးများဖြင့်ပြုံးပြကာ " အစ်ကိုကြီး ... ရေဆာနေလား ... မသွားခင် ရေသောက်သွားပါလား " ဟု မေးမြန်းလိုက်သည်။
ထုံရွှယ်လူ " အစ်ကိုကြီး" ဟု ခေါ်လိုက်သည့်ပုံစံက အလွန်ပင်သိမ်မွေ့နူးညံ့ပြီး ပျားရည်အပြည့်ဖြည့်ထားသောဆန်မုန့်သကဲ့သို့ နှလုံးသားထဲ၌ ချိုအီသွားစေလေ၏။
ဒုတ် ... ဒုတ် ...
ဝမ်ရူကွေ့၏ နှလုံးခုန်သံသည်လည်း အမြင့်ဆုံးအထိ ထိုးတက်သွားကာ တစ်စုံတစ်ခုထံမှ ထိုးနှက်ခြင်းခံရသည့်သဖွယ် ရင်ဘတ်ထဲတွင်တုန်ရီ တင်းကြပ်နေသည်မှာ နှလုံးသားတစ်ခုလုံးပေါက်ကွဲထွက်သွားတော့မလိုပင်။
ဝမ်ရူကွေ့၏မှိန်းမောနေသောအကြည့်များကြောင့် ထုံရွှယ်လူက ဆက်မပြုံးတော့ဘဲ " အစ်ကိုကြီး ... " ဟု ထပ်မံခေါ်ဆိုလိုက်လေသည်။
ထိုအခါ ဝမ်ရူကွေ့၏လည်ဇလုတ်က အပေါ်သို့မြင့်တက်သွားလေ၏။
" အ-အင်း ... "
" ဒါဆို ဒီမှာစောင့်ပါ အစ်ကိုကြီး ... ညီမလေး ရေတစ်ခွက်ယူခဲ့မယ် ... "
" ဟုတ်ပြီ ... "
ထုံရွှယ်လူသည် သူမ၏မတ်ခွက်ကို ဆေးကြောကာ ရေဖြည့်ပြီး ဝမ်ရူကွေ့ထံသို့ ယူဆောင်လာခဲ့သည်။
ခွက်ကိုလှမ်းယူလိုက်ချိန်တွင် လက်ဖျားချင်းအမှတ်မထင် ထိမိသွားသဖြင့် ဝမ်ရူကွေ့ခမျာ နှလုံးခုန်နှုန်းမြန်လာပြန်လေ၏။ကနဦးက ရေမဆာခဲ့သော်လည်း နားမလည်နိုင်သောအကြောင်းပြချက်အချို့ကြောင့် ရေက အလွန်အရသာရှိနေသလို ခံစားလိုက်ရသည်။ဝမ်ရူကွေ့က ရေတစ်ခွက်လုံးအား ကုန်သည်အထိမော့သောက်နေလေ၏။
နိမ့်ချည်မြင့်ချည်ဖြစ်နေသောဝမ်ရူကွေ့၏လည်ဇလုတ်ကိုကြည့်ရှုရင်း ထုံရွှယ်လူက တစ်ကိုယ်တည်းတွေးတောနေခဲ့သည်။ရုပ်ရည်ရူပကာချောမောသူတစ်ဦးမှာ အခြားမည်သည်မှမလုပ်ဘဲ ရေသောက်နေရုံဖြင့်ပင်ကြည့်ကောင်းနေဆဲဖြစ်သည်။သူမ၏မျက်လုံးများက အောက်သို့ရွေ့သွားပြီး ဝမ်ရူကွေ့၏ရင်ဘတ် ၊ ခါး၊ ခြေတံရှည် အစရှိသည်တို့အား စူးစမ်းကြည့်ရှုနေခဲ့မိလေ၏။
ထုံရွှယ်လူ့ထံမှ စူးစူးစိုက်စိုက်ကြည့်ရှုခံနေရသောဝမ်ရူကွေ့ခမျာတော့ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခြေမကိုင်မိလက်မကိုင်မိဖြစ်နေလေသည်။ရေသောက်ပြီးသောအခါ သူက မတ်ခွက်အား ထုံရွှယ်လူ့ထံ ပြန်ပေးလိုက်ပြီး " ကျေးဇူးပဲ ... အခုသွားတော့မယ် ... " ဟု ပြောကြားလိုက်သည်။
ဤနေရာ၌ဆက်နေနေလျှင် နှလုံးသားအား ဆက်လက်ထိန်းချုပ်နိုင်ရန် မသေချာတော့ပေ။
ထုံရွှယ်လူသည်လည်း ဝမ်ရူကွေ့ထံမှ ခွက်ကိုပြန်ယူလိုက်ပြီး " ဟုတ်ကဲ့ပါ ...ခဏနေတွေ့ကြမယ် အစ်ကိုကြီး ... " ဟု ပြန်လည်ဖြေကြားလိုက်လေ၏။
ဝမ်ရူကွေ့ကတော့ ထုံရွှယ်လူ့အား မကြည့်ဝံ့ဘဲ တောင့်တင်းသောကိုယ်နေဟန်ထားဖြင့် နေရခက်စွာ ထွက်ခွာသွားတော့သည်။
***
ဝမ်ရူကွေ့ ထွက်ခွာသွားပြီးနောက် ထုံရွှယ်လူသည် ထုံကျားမင်နှင့်ထုံကျားရှင်းတို့အား အိမ်ထဲတွင်ကျန်ရှိသည့်အရာများကို တစ်ဦးချင်းစီခွဲဝေ၍ သယ်ဆောင်စေသည်။
ယင်းနောက်တွင် သူမသည် ပြောက်ကျားအိတ်ကို ကိုင်ဆောင်ကာ ထုံမျန်မျန့်ကိုပွေ့ချီ၍ ဘတ်စ်ကားဂိတ်သို့ ထွက်ခွာရန် ပြင်ဆင်ခဲ့တော့လေ၏။
အန်တီချိုင် ၊ အမေရှုနှင့် အခြားသူများက သူမတို့အား အိမ်ရာဝင်ပေါက်အထိ လိုက်ပို့ပေးကြသည်။အန်တီချိုင်၏ မျက်လုံးများက နီရဲနေလေ၏။
" ရွှယ်လူ ... အချိန်ရတိုင်း ပြန်လာခဲ့နော် ဟုတ်ပြီလား "
ထိုအခါ ထုံရွှယ်လူက ခေါင်းညိတ်လျက်
" စိတ်မပူပါနဲ့ အန်တီ ... မကြာခဏ အလည်လာခဲ့ပါ့မယ် ... ပြီးတော့ အိမ်သော့လေး သိမ်းထားပြီး ရဲဘော်စုကို တစ်ဆင့်ပေးပေးပါဦး ... " ဟု ပြောကြားလိုက်သည်။
အန်တီချိုင်က မျက်ရည်များကို သုတ်လျက် ပြန်ဖြေလာခဲ့သည်။
" စိတ်မပူပါနဲ့ ... သော့ကို လုံခြုံအောင်သိမ်းထားပြီး ရဲဘော်စုဆီ ပေးလိုက်ပါ့မယ် "
" ရဲဘော်စုက သဘောကောင်းပါတယ် ... သူပြောင်းလာရင် ကူညီစောင့်ရှောက်ပေးပါဦး ... "
" စိတ်မပူပါနဲ့ကွယ် ... သေချာဂရုစိုက်ပေးလိုက်ပါ့မယ် ... "
အမေရှူသည် ထုံရွှယ်လူ၏အမှုမဲ့အမှတ်မဲ့အပြုအမူများအားသဘောကျနှစ်သက်သူမဟုတ်ပေ။အထူးသဖြင့် နုတ်နုတ်စင်းထားသောကြက်သွန်ဖြူအား လက်လွှတ်စပယ်အသုံးပြုခြင်းပင်ဖြစ်သည်။သို့သော်လည်း ယခုတွင်မူ သူမသည် ထုံရွှယ်လူထွက်ခွာသွားတော့မည်ကို ဝမ်းနည်းတသဖြစ်နေမိခဲ့လေ၏။
"ကျေးဇူးပါ အန်တီ ... "
တဖြည်းဖြည်းနှင့် ခြံဝင်းအပြင်ဘက်သို့ရောက်ရှိလာခဲ့ပြီး ထုံရွှယ်လူက အိမ်နီးချင်းများအား လက်ပြနှုတ်ဆက်ကာ ထုံကျားမင်နှင့်ကလေးများအား ဘတ်စ်ကားဂိတ်သို့ခေါ်ဆောင်သွားတော့သည်။
ထုံမျန်မျန်က လက်သေးသေးလေးများဖြင့် ထုံရွှယ်လူ၏လည်ဂုတ်အား သိုင်းဖက်ထားလေ၏။
" မမ ... ညီမလေးတို့ ဒီကို နောက်တစ်ခေါက် ထပ်မလာနိုင်တော့ဘူးလား ... "
" အင်း ... နေရာအသစ်ကိုပြောင်းတော့မှာ ... ပြန်လာနေဖြစ်မှာမဟုတ်တော့ဘူး ... "
ထိုအခါ ထုံမျန်မျန်၏မျက်ခုံးတန်းကလေးများက တွန့်ချိုးသွားတော့သည်။
" ဖေဖေနဲ့ မေမေက အဝေးကြီးရောက်နေကြတယ်ဆိုတာကို မမ သိလား ... ဖေဖေတို့ပြန်ရောက်လာတဲ့အချိန်ကျ မျန်မျန်တို့ကို ရှာမတွေ့ရင် ဘယ်လိုလုပ်မလဲ ... "
ထုံတကျွင်းနှင့်ဇနီးဖြစ်သူတို့၏ မတော်တဆမှုအပြီးတွင် ကလေးအရွယ်မျန်မျန်မှာ မိဘနှစ်ပါးအားမတွေ့ရသဖြင့် အပြင်းအထန်ငိုကြွေးခဲ့သည်။ထို့ကြောင့်ပင် ထုံကျားမင်က မိဘနှစ်ပါးမှာ အဝေး၌ စီးပွားရှာနေကြကြောင်း လိမ်ညာပြောကာ ကလေးငယ်အား အငိုရပ်စေခဲ့လေ၏။ထို့ကြောင့်ပင် ထုံမျန်မျန်က ဤသို့မေးမြန်းလာခြင်းဖြစ်သည်။
ထုံရွှယ်လူတစ်ယောက် ထုံမိသားစုထံသို့ ပြန်လည်ရောက်ရှိခဲ့သည်မှာ နှစ်လတာကြာမြင့်ပြီဖြစ်ပြီး ယင်းအချိန်များအတွင်း ပေါင်မုန့်လုံးလေးက မိဘများအကြောင်းမပြောဖူးခဲ့ပေ။ထို့ကြောင့်ပင် ကလေးငယ်မှာ ငယ်ရွယ်လွန်း၍ မည်သည်ကိုမှ မမှတ်မိဟု ထုံရွှယ်လူထင်ထားခဲ့သော်လည်း ထုံမျန်မျန်မှာ အရာအားလုံးကို မှတ်မိနေသေးသည်။
ထုံရွှယ်လူ၏မျက်လုံးများက နီရဲလာခဲ့ပြီး သူမ၏လေသံမှာလည်း အနည်းငယ် တုန်လှုပ်နေခဲ့လေ၏။
" သူတို့သိပါတယ် ... မမ ပြောထားတယ် ... ပြန်ရောက်လာရင် နေရာအသစ်ကို လိုက်လာကြမယ်တဲ့ ... "
ထိုအခါမှ ထုံမျန်မျန်က အနည်းစူထွက်နေသောနှုတ်ခမ်းပါးသေးသေးလေးများဖြင့် " ဒါဆိုလည်း မျန်မျန် စိတ်မပူတော့ပါဘူး ... " ဟု ပြောလာခဲ့သည်။
ယင်းနောက်တွင်မူ ပေါင်မုန့်လုံးလေးမှာ ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့လေ၏။
" မမ ... မျန်မျန်လေ ... ဖေဖေနဲ့ မေမေ့ကို အရမ်းလွမ်းတာပဲ ... "
ထိုအခါ ထုံရွှယ်လူက ပေါင်မုန့်လုံးလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီး သူမ၏ပုခုံးထက်သို့မှီတွယ်စေလိုက်သည်။
" လိမ္မာလိုက်တဲ့ကလေးလေး ... "
အနောက်မှ လိုက်ပါလာကြသောထုံကျားမင်နှင့် ထုံကျားရှင်းတို့ ညီအစ်ကိုနှစ်ဦးမှာတော့ ခေါင်းငိုက်စိုက်ကျကာ မျက်လုံးများနီရဲလျက် နှုတ်ဆိတ်နေခဲ့ကြသည်။
လမ်းအကွေ့တစ်နေရာသို့ရောက်သောအခါ ထုံကျားမင်က အိမ်ရာဘက်သို့ နောက်ဆုံးအကြိမ်တစ်ချက်လှည့်ကြည့်လိုက်ပြီး မျက်ရည်များအားလက်ခုံဖြင့်သုတ်ကာ ဆက်လက်ထွက်ခွာသွားခဲ့တော့လေ၏။
ဤတစ်ကြိမ်၌ မြို့တော်သို့သွားသည့်ဘတ်စ်ကားအား နာရီဝက်ခန့်သာစောင့်ဆိုင်းလိုက်ရသည်။