Chapter 60
- မစားတော့ပါဘူးလို့ မပြောနဲ့ (၂)
ဘတ်စ်ကားပေါ်၌ လူများပြည့်ကြပ်နေပြီး နေရာလွတ်တစ်ခုသာကျန်သည်။ထုံကျားမင်သည် ထုံမျန်မျန့်အား ပွေ့ချီထားရသည့်ထုံရွှယ်လူကို ထိုနေရာလွတ်တွင် ထိုင်စေခဲ့၏။
ထိုအခါ ထုံရွှယ်လူကလည်း ပေါင်မုန့်လုံးလေးအား ပွေ့ချီထားလျက်ဖြင့်ပင် ယင်းနေရာ၌ ဝင်ထိုင်လိုက်သည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ပြေးပြေးလွှားလွှားလုပ်ခဲ့ရသောအရာများကြောင့် ထုံရွှယ်လူ့ခမျာ အတော်လေး အားယုတ်နေခဲ့လေ၏။
ဘတ်စ်ကားမှတ်တိုင်မှနေ၍ အိမ်သစ်ဆီသို့ တစ်နာရီခန့် လမ်းလျှောက်ရဦးပေမည်။ဘတ်စ်ကားစောင့်၍ရသော်လည်း လာမည် ၊ မလာမည်က မကျိန်းသေပေ။ထုံရွှယ်လူက လမ်းလျှောက်သွားရန် စဉ်းစားထားခဲ့သော်လည်း ဘတ်စ်ကားပေါ်မှ ဆင်းလိုက်သည်နှင့်တစ်ပြိုင်နက် လမ်းဘေးတွင် ရပ်ထားသည့် ဂျစ်ကားကို တွေ့လိုက်ရတော့၏။
ထုံကျားရှင်းက လမ်းတစ်ဖက်မှ ဂျစ်ကားကို ညွှန်ပြပြီး " အဲဒါ အစ်ကိုကြီးရဲ့ကား မဟုတ်ဘူးလား ... " ဟု မေးမြန်းလာခဲ့သည်။
ထိုသို့ပြောနေစဉ်မှာပင် ဝမ်ရူကွေ့က ကားမောင်းသူထိုင်ခုံဘက်မှ ဆင်းလာသည်။
ဝမ်ရူကွေ့မှာ အရပ်ရှည်ပြီး ခြေတံရှည်များလည်းရှိသောကြောင့် ထုံရွှယ်လူတို့ထံသို့ရောက်ရှိရန် သိပ်မကြာလိုက်ပေ။ယင်းနောက်တွင် သူက ထုံရွှယ်လူ့ထံမှ ပစ္စည်းများကို ဦးစွာယူလိုက်ပြီး ထို့နောက်တွင်မူ ထုံကျားရှင်းကိုင်ဆောင်ထားသောပစ္စည်းပစ္စယများအား လက်လွှဲယူလိုက်တော့လေ၏။
" သွားကြရအောင်ပါ ... လိုက်ပို့ပေးပါ့မယ် ... "
ထိုအခါ ထုံကျားရှင်းက အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး မျက်နှာများလည်းနီရဲလာသည်။
" ဒုတိယ အစ်ကိုကြီး ... ကျွန်တော်တို့ တကယ် ကားစီးလို့ရလား ... ဒီလိုကားမျိုးစီးရမှာ ပထမဆုံးအကြိမ်ပဲ ... "
ထုံကျားမင်ကတော့ မည်သည်ကိုမှပြန်မဖြေဘဲ ထုံရွှယ်လူ့ကိုသာ မော့ကြည့်လိုက်သည်။
ထိုအခါ ထုံရွှယ်လူက " သွားကြရအောင် ... " ဟု ဆိုလာခဲ့သည်။
ကားထဲသို့ဝင်သွားပြီးနောက် ထုံကျားရှင်းမှာ အလွန်စိတ်လှုပ်ရှားနေပြီး ဟိုထိကြည့် ဒီထိကြည့်ဖြင့် ငြိမ်ငြိမ်ပင်မထိုင်နိုင်ရှာပေ။
ထုံမျန်မျန်သည်လည်း သိလိုစိတ်အပြည့်ဖြစ်နေကာ မျက်လုံးအပြူးသားဖြင့် ဘေးဘီကို ဝေ့ဝိုက်ကြည့်ရှုနေခဲ့သည်။ပေါင်မုန့်လုံးလေးမှာ အလွန်ပင် ချစ်စရာကောင်းနေလေ၏။
ထုံမောင်နှမသုံးဦးက ကားနောက်ခန်းတွင်ထိုင်ကြပြီး ထုံရွှယ်လူကတော့ ကားရှေ့ခန်းတွင်ရှိနေခဲ့သည်။ဝမ်ရူကွေ့မှာ နံဘေးမှ ထုံရွှယ်လူ့အား လှည့်မကြည့်ဝံ့ဘဲ ရှေ့တည့်တည့်ကိုသာ အာရုံစိုက်နေသည်။
" စောစောက ပစ္စည်းတွေ နည်းနည်းပါးပါးစီခဲ့ပေမဲ့ လုပ်စရာတွေတော့ အများကြီး ကျန်နေသေးတယ် .... "
ဘေးတိုက်ရှုထောင့်မှကြည့်ရှုလိုက်သောအခါ ဝမ်ရူကွေ့၏မျက်တောင်များက ပိုမိုရှည်လျားနေသလိုပင်။ယောက်ျားလေးတစ်ဦးထံ၌ ရှည်လျားထူထဲသောမျက်တောင်တစ်စုံရှိနေခြင်းက မနာလိုဖွယ်ရာကောင်းလှသည်။
ထုံရွှယ်လူက ဝမ်ရူကွေ့၏မျက်တောင်ရှည်များအား စူးစူးစိုက်စိုက်ကြည့်ရှုနေရင်း " ကျေးဇူးတင်ပါတယ် ... ရဲဘော်ဝမ် ... ဒီနေ့ကျွန်မတို့ကို အများကြီး ကူညီပေးခဲ့တာပဲ ... " ဟု ပြောကြားလိုက်လေ၏။
ယခုတွင် ထုံရွှယ်လူသည် " အစ်ကို ... " ဟူသောနာမ်စားမှ " ရဲဘော်ဝမ် " ဟု ပြန်လည်ပြောင်းလဲသုံးနှုန်းလာခဲ့သည်။
ဝမ်ရူကွေ့ခမျာ ဖော်ပြ၍မရသော စိတ်ပျက်အားငယ်မှုကို ခံစားလိုက်ရပြီး တည်ငြိမ်သည့်လေသံဖြင့် " ကိစ္စမရှိပါဘူး ... " ဟု ဆိုလိုက်လေ၏။
ထိုအချိန်တွင် ထုံရွှယ်လူမှာ ဝမ်ရူကွေ့အား ကျေးဇူးတင်သည့်အနေဖြင့် မည်သို့သောဟင်းလျာမျိုးချက်ပြုတ်ပေးရမည်ကိုတွေးတောနေခဲ့သည်။သို့သော်လည်း အထုပ်အပိုးဖြည်ပြီးချိန်တွင် ချက်ပြုတ်ရန်အချိန်ရှိ ၊မရှိ သူမ မမှန်းဆတတ်ပါ။
မိနစ်နှစ်ဆယ်ခန့်အကြာတွင် ကားက အိမ်ဝင်းတစ်ခုရှေ့၌ ရပ်တန့်သွားလေသည်။
ထုံကျားမင်တို့မှာတော့ တုတ်တုတ်ပင်မလှုပ်ခဲ့ပေ။ထို့ကြောင့်ပင် ထုံရွှယ်လူက ကားနောက်ခန်းထဲသို့ခေါင်းလှည့်ပြီး အိမ်သို့ရောက်ရှိပြီဖြစ်ကြောင်း အသိပေးလိုက်ရသည်။
" ဆင်းလို့ရပြီ ... ဒါက ငါတို့နေမဲ့နေရာပဲ ... "
ကလေးများက ကားပြတင်းပေါက်မှတစ်ဆင့် အပြင်သို့လှမ်းမျှော်ကြည့်ရှုနေကြပြီး သူတို့၏ပါးစပ်များက ကြက်ဥတစ်လုံးစာထည့်ဝင်နိုင်လောက်သည်အထိ အဟောင်းသားဖြစ်နေခဲ့ကြလေ၏။
" အိပ်မက်မက်နေတာလား ... ဒီနေရာမှာ နေရမှာလား ... "
" ဟုတ်တယ် ... ဒီအိမ်မှာနေရမှာ ... "
ထုံကျားရှင်းခမျာ မျက်လုံးများပြူးကျယ်နေခဲ့ပြီး ထုံကျားမင်ဘက်သို့လှည့်ကာ " ဒုတိယအစ်ကိုကြီး ... ကျွန်တော့်ကို ဆွဲဆိတ်လိုက်စမ်းပါ ... ကျွန်တော်အိပ်မက် မက်နေတာများလား ... " ဟု ထပ်ဆင့် မေးမြန်းလိုက်သည်။
အနေအေးသောထုံကျားမင်မှာတော့ ထုံကျားရှင်းအား အဖက်လုပ်မနေဘဲ ကားတံခါးကိုသာ ဖွင့်ပြီး အပြင်ထွက်သွားခဲ့၏။သူက ပစ္စည်းများကို အရင်ချလိုက်ပြီး ထို့နောက်တွင် ထုံမျန်မျန့်အား အပြင်ခေါ်ထုတ်ပေးလိုက်သည်။
ထိုအခါ ဝမ်ရူကွေ့က အိမ်တံခါးဖွင့်ပေးလိုက်ပြီး ထုံကျားရှင်းမှာတော့ ထိန်းကြိုးလွတ်သည့်သိုးငယ်တစ်ကောင်ပမာ အထဲသို့ အပြေးအလွှားဝင်သွားတော့လေသည်။
" အိုး .... ကျယ်လိုက်တဲ့အိမ်ဝင်းကြီး ... "
" အခန်းတွေလည်း အများကြီးပဲ ... ဘယ်မှာနေရမလဲ သွားကြည့်ရမယ်ကွ ... "
ထုံမျန်မျန်သည်လည်း ခြေတံတိုတိုကလေးများဖြင့် လှုပ်စိလှုပ်စိပြေးကာ တခစ်ခစ်ရယ်လျက်အနောက်မှလိုက်သွားခဲ့သည်။
ခြံဝင်းမှာ ရုတ်ချည်းဆိုသလိုပင် သက်ဝင်လှုပ်ရှားလာလေ၏။
ထုံကျားမင်ပါ အထဲဝင်သွားသောအခါ ဝမ်ရူကွေ့က ထုံရွှယ်လူရှိရာဘက်သို့လှည့်လိုက်ပြီး " ကျွန်တော် အထုပ်ကူဖြည်ပေးပါ့မယ် ... " ဟုပြောလာခဲ့သည်။
" ရပါတယ် ... ကားအရင်ထားပြီးမှ ပြန်လာခဲ့ပါ ... ကျေးဇူးတင်တဲ့အနေနဲ့ ညနေစာချက်ကျွေးချင်လို့ပါ ... "
ဝမ်ရူကွေ့က ငြင်းဆိုရန်ပြင်လိုက်သော်လည်း ထိုအချိန်မှာပင် ထုံရွှယ်လူက " မစားတော့ပါဘူးလို့တော့ လာမပြောနဲ့နော် ... " ဟု စကားပိတ်ပြောလိုက်တော့သည်။
သူမ၏နီဆွေးဆွေးနှုတ်ခမ်းပါးများက မဆိုစလောက်ကလေးစူထွက်နေပြီး မျက်စောင်းထိုးနေပုံလေးမှာလည်း ချစ်စဖွယ်အတိပင်။ဖြာကျနေသောနေရောင်ခြည်ကလည်း ထုံရွှယ်လူ၏အသွင်အပြင်အား မျက်စိပဒါဿဖြစ်သွားစေလေ၏။
ဝမ်ရူကွေ့ခမျာ နှလုံးသားအား ငှက်မွေးဖြင့် တို့ထိခံနေရသကဲ့သို့ ယားကျိယားကျိဖြစ်လာတော့သည်။ယခင်တစ်ကြိမ်က မစားလိုက်ရသောငါးအား ပြန်လည်စဉ်းစားမိသောအခါတွင်မူ ထုံရွှယ်လူ၏ဖိတ်ခေါ်မှုအား ငြင်းဆိုရန် မတွေးမိတော့ပေ။
" ကောင်းပါပြီ ... ကျွန်တော် မကြာခင်ပြန်လာခဲ့ပါ့မယ် "
ဝမ်ရူကွေ့ ထွက်ခွာသွားပြီးနောက် ထုံရွှယ်လူ သည် အခန်းများအား စတင်ခွဲခြမ်းခဲ့သည်။
ထုံမျန်မျန်သည် ငယ်ရွယ်သေးပြီး တစ်ကိုယ်တည်းနေရန် မသင့်တော်ပေ။ထို့ကြောင့်ပင် အရှေ့ဘက်ခြမ်းရှိ အခန်းကျယ်ကြီးတွင် သူမနှင့်အတူနေရန်အတွက် ထုံရွှယ်လူက စီစဉ်လိုက်သည်။
အရှေ့ဘက်ရှိ ကျန်အခန်းငယ်ကိုမူ စာကြည့်ခန်းအဖြစ် အသုံးပြုမည်ဖြစ်ပြီး အနောက်ဘက်မှအခန်းနှစ်ခန်းအား ညီအစ်ကိုနှစ်ယောက်ထံ ခွဲဝေပေးမည်ဖြစ်သည်။
ထုံကျားရှင်းမှာ အနည်းငယ်စိတ်ရှုပ်ဖွယ်ရာကောင်းသောကောင်လေးတစ်ဦးဖြစ်သော်လည်း အစ်ကိုကြီးဖြစ်သူ၏ရှေ့တွင်မူ ငြိမ်ဝပ်ပိပြားသည်။ထို့ကြောင့်ပင် သူက အနောက်ဘက်ခြမ်းရှိ အခန်းနှစ်ခန်းထဲမှ ပိုငယ်သောအခန်းကိုသာ ရွေးချယ်ခဲ့လေ၏။
အခန်းများအား ဆုံးဖြတ်ပြီးသောအခါ ထုံရွှယ်လူက ၎င်းတို့၏ပစ္စည်များအား အသီးသီးစီရီစေသည်။တစ်ဖက်တွင်လည်း သူမသည် မီးဖိုချောင်သန့်ရှင်းရေးပြုလုပ်ရန် စီစဉ်ခဲ့သည်။ထုံရွှယ်လူ၏ အစီအစဉ်မှာ သန့်ရှင်းရေးလုပ်ပြီးနောက် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့သွားကာ ညစာအတွက် ဟင်းချက်စရာပစ္စည်းများဝယ်ယူရန်ဖြစ်သည်။
သန့်ရှင်းရေးပြုလုပ်နေစဉ်တွင် သူမသည် ဝမ်ရူကွေ့အား ပို၍ပင်ချီးကျုးမိသွားတော့သည်။
အိမ်အပြင်ရော အတွင်းကပါ သန့်ရှင်းရေးသပ်ရပ်ပြီး မီးဖိုချောင်က လုံးဝညစ်ပတ်မနေပေ။ထောင့်နေရာများကို သန့်ရှင်းရေးလုပ်ပြီး မီးဖိုချောင်သုံးပစ္စည်းများအား လဲလှယ်ရန်သာ လိုအပ်သည်။
သန့်ရှင်းရေးလုပ်ပြီးနောက်တွင် ထုံရွှယ်လူမှာ အလွန်ပင်ပင်ပန်းနွမ်းနယ်နေ၏။သို့သော်လည်း အချိန်နောက်ကျသွားပါက ဟင်းအမယ်များဝယ်ယူ၍မရတော့မည်ကို စိုးရိမ်ပေသည်။
ထို့ကြောင့်ပင် သူမက ခြေလက်အမြန်ဆေးကာ ခေါင်းဖြီးရန်အတွက် အခန်းဆီသို့ဦးတည်နေခဲ့သည်။
ယင်းအချိန်မှာပင် အပြင်မှ တစ်စုံတစ်ယောက် က တံခါးခေါက်လာခဲ့လေ၏။
ထုံရွှယ်လူတစ်ယောက် အနည်းငယ် ထိတ်လန့်သွားသည်။ဝမ်ရူကွေ့ မှာ ဤလောက်အချိန်တိုအတွင်း ပြန်ရောက်လာလိမ့်မည်ဟု သူမ မထင်ပေ။ထုံရွှယ်လူက သူမ၏အဝတ်အစားများအား သပ်သပ်ရပ်ရပ်ဖြစ်အောင်လက်ဖြင့်သပ်ချနေရင်း တံခါးဆီသို့ လျှောက်လှမ်းသွားခဲ့သည်။
" ဘယ်သူပါလဲ ... "
တံခါးမဖွင့်ခင်၌ သူမက သတိကြီးကြီးမေးမြန်းလိုက်လေ၏။
ဤတံခါးတွင် လူကြည့်ပေါက်မပါဝင်သကဲ့သို့ ကင်မရာ ၊ စီစီတီဗွီအစရှိသည်များလည်း မရှိသည်ဖြစ်ရာ အကယ်၍သာ ခိုးဆိုးလုယက်သူများဖြစ်နေပါက အန္တရာယ်ရှိနိုင်ပေသည်။
ထိုအချိန်တွင် အပြင်ဘက်မှ သူစိမ်းအမျိုးသမီးတစ်ဦး၏လေသံ ထွက်ပေါ်လာသည်။
" မင်္ဂလာပါ ... ကျွန်မက ဒီနားမှာနေတာပါ ... ကျွန်မခင်ပွန်းရဲ့ မျိုးရိုးနာမည်က ဝေ့ပါ ... "
၎င်းလေသံမှာ နူးညံ့လွန်းသည့်အတွက် နောက်ဆုံး၌ ထုံရွှယ်လူက တံခါးကို ဖွင့်ပေးလိုက်တော့သည်။
ထိုအခါ တံခါးအပြင်ဘက်တွင် အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ယင်းအမျိုးသမီးမှာ ရုပ်ရည်ပြေပြစ်ပြီး သန့်ရှင်းသပ်ရပ်နေပေ၏။သူမက Decronအမှတ်တံဆိပ် ရှပ်အင်္ကျီအဖြူနှင့် Decronအမှတ်တံဆိပ် အနက်ရောင်ဘောင်းဘီကိုပင် တွဲဖက်ဝတ်ဆင်ထားလေသည်။သူမ၏အရှေ့၌ရပ်နေသောထိုအမျိုးသမီးကို ကြည့်ရှုနေရင်း ထုံရွှယ်လူမှာ လူချမ်းသာ ဟူသော စကားလုံးကိုသာ တွေးမိနိုင်ခဲ့သည်။
Decronဆိုသည်မှာ ၆၀ပြည့်နှစ် အစောပိုင်းတွင် စျေးကွက်ထဲသို့ရောက်ရှိခဲ့သောအမှတ်တံဆိပ်ဖြစ်သည်။၎င်းမှာ ပြည်ပပို့ကုန်အတွက်သာအဓိကရည်ရွယ်ထားသောကုန်ပစ္စည်းဖြစ်ပြီး ပေကျင်း ၊ ရှန်ဟိုင်းအစရှိသောမြိုကြီးများတွင်သာ ရှားရှားပါးပါးဝယ်ယူ၍ရပေသည်။
Decron အမှတ်တံဆိပ် အ၀တ်တစ်ထည်အတွက် နာရီပေါင်းများစွာ တန်းစီရန် လိုအပ်ပြီး အလွန်တရာလည်း ဈေးကြီးသည်။အင်္ကျီတစ်ထည်လျှင် ၁၅ ယွမ်အထက်ရှိပြီး သာမန်အလုပ်သမားတစ်ဦး၏တစ်လဝင်ငွေ ယွမ် ၃၀နှင့် မတိမ်းမယိမ်းဖြစ်သော ပမာဏပင်။လူအများစုမှာ အဝတ်တစ်ထည်အတွက်နှင့် ထိုသို့သောပိုက်ဆံပမာဏအား အသုံးမပြုလိုကြပေ။အရှင်းလင်းဆုံးပြောရလျှင် Decron သည် ခေတ်သစ်ကမ္ဘာမှ LV နှင့် Gucci အမှတ်တံဆိပ်များသဖွယ်ဖြစ်သည်။
အရှေ့တွင်ရပ်နေသောအမျိုးသမီးမှာ Decron အမှတ်တံဆိပ်အဝတ်အစားများကို ဆင်ယင်ထားပြီး ဆိုလိုသည်မှာ သူမက လူချမ်းသာအသိုင်းအဝိုင်းမှ ဟူ၍ပင်။
ထုံရွှယ်လူတစ်ယောက် ယင်းအမျိုးသမီးအား စူးစမ်းနေမိစဉ်တွင် ထိုတစ်ဦးကလည်း သူမကို လေ့လာနေခဲ့သည်။၎င်းအမျိုးသမီး၏မျက်ဝန်းများထဲ၌ အံ့အားသင့်မှုအချို့ဖြတ်ပြေးသွားပြီး ထို့နောက်တွင် သူမက အနည်းငယ်မျက်မှောင်ကြုတ်သွားခဲ့သည်။
အိမ်ရှင်မိန်းကလေးကို တစ်နေရာရာတွင် မြင်ဖူးသလိုခံစားနေရသော်လည်း မည်သည့်နေရာတွင် တွေ့ခဲ့မှန်း မမှတ်မိတော့ပေ။
ရှန်ဝမ်ရုံက ဆက်လက်တွေးတောမနေတော့ဘဲ နူးညံ့စွာ ပြုံးပြလိုက်ပြီး " ကျွန်မခင်ပွန်းရဲ့ မျိုးရိုးနာမည်က ' ဝေ့ ' ပါ ... ကျွန်မကတော့ ' ရှန် ' မျိုးရိုးပါ ... မြေးနှစ်ယောက်နဲ့ ဘေးအိမ်မှာ နေပါတယ် " ဟု မိတ်ဆက်လိုက်သည်။
သူမက စကားပြောနေစဉ်တွင် ညာဘက်ရှိ ခြံငယ်လေးအား ညွှန်ပြခဲ့လေ၏။ရှန်ဝမ်ရုံနေထိုင်သည့်အိမ်မှာ ထုံရွှယ်လူတို့၏နေရာမှ ၅ - ၆ မီတာအကွာတွင် ရှိသည်။
ထုံရွှယ်လူက ရှန်ဝမ်ရုံညွှန်ပြသောနေရာသို့ကြည့်လိုက်ပြီး " မင်္ဂလာပါ အန်တီ ... ကျွန်မက ထုံရွှယ်လူပါ ... မွေးချင်းတွေနဲ့ ဒီနေ့ပဲပြောင်းလာတာဆိုတော့ အထုပ်တွေဖြည်နေရတုန်းမလို့ အိမ်နီးချင်းတွေကို မနှုတ်ဆက်ရသေးတာပါ ... " ဟု ပြောလိုက်လေ၏။
သူမ၏အသိများထဲတွင် ထုံမျိုးရိုးများမရှိသဖြင့် ရှန်ဝမ်ရုံတစ်ယောက် အနည်းငယ် အံ့သြသွားသည်။
သို့သော်လည်း ဤအိမ်ရှင်မိန်းကလေးသည် သူမ၏မောင်နှမများကိုသာ ပြောပြပြီး မိဘများအကြောင်းကိုတော့ စကားမဟပေ။မိဘများမရှိကြတော့သည့် သဘောဖြစ်သလော။ထိုသို့ဖြစ်ခဲ့ပါလျှင် ဤလိုနေရာမျိုးအား မည်ကဲ့သို့ ငှားရမ်းဝယ်ယူနိုင်လေမည်နည်း။
ရှန်ဝမ်ရုံ၏ခေါင်းထဲတွင် မေးခွန်းများစွာ ရှိနေခဲ့သော်လည်း ထုတ်မေးလိုက်ပါက ယဉ်ကျေးမှုမရှိရာကျလွန်းသွားပေမည်။