အပိုင်း ၆၁
Viewers 21k

Chapter 61

 - ချောမောသော မျက်နှာက အရှေ့တွင် ပေါ်လာသည်  

 - 


 " အဖွားတို့လည်း ဒီနှစ်ထဲပဲ ပြောင်းလာတာ ... ဒီအိမ်ကလည်း တစ်ချိန်လုံးလွတ်နေတာလေ ... အခု‌ မိန်းကလေးတို့လည်းရောက်လာပြီဆိုတော့ ရှေ့လျှောက်ကို အချင်းချင်းမှီခိုပြီး ကောင်းကောင်းနေသွားကြတာပေါ့ ... "


ရှန်ဝမ်ရုံက ပြောပြောဆိုဆိုဖြင့် သူမ ယူလာသော သစ်အယ်သီးများအား ထုံရွှယ်လူ့ထံပေးအပ်လိုက်သည်။

" အမျိုးတွေဆီက ရထားတဲ့ သစ်အယ်သီးတွေပါ ... နူးညံ့ပြီး အရမ်းစားလို့ကောင်းတယ် ... "


ထုံရွှယ်လူသည် ဤလိုအရာမျိုးကို အားနာပါးနာ

ငြင်းဆိုနေမည့်လူစားမျိုးမဟုတ်ပေ။ဤအရပ်၌နေမည်ဆိုလျှင် အချင်းချင်းစားကောင်းသောက်ဖွယ်များ မျှဝေကြသည်ကဖြစ်သင့်သောအရာပင်။


ထို့ကြောင့်ပင် သူမက ရှန်ဝမ်ရုံ၏သစ်အယ်သီးများအား အပြုံးဖြင့်လက်ခံခဲ့သည်။

" ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ အဖွားရှန် ... သစ်အယ်သီးတွေက ဆောင်းဦးမှာ အရသာအရှိဆုံးပဲလေနော် ... "


ရှန်ဝမ်ရုံသည်လည်း ထုံရွှယ်လူ၏ပုံစံအား ပို၍ပင် သဘောကျသွားတော့လေ၏။

ယင်းအချိန်တွင် လူကောင်ထွားထွားနှင့်ကလေးမတစ်ယောက်က ရုတ်ချည်းဆိုသလိုပင် တစ်ဖက်ခြံထဲမှ ပြေးထွက်လာသည်။

" ဖွားဖွား ... ဘယ်သွားနေတာလဲ ... ကျူးကျူးနိုးတော့ ဖွားဖွားကိုမတွေ့ဘူး ... "


ရှန်ဝမ်ရုံကတော့ သူမ၏မြေးမဖြစ်သူအား လှမ်းကြည့်ပြီး ပြုံးနေခဲ့လေသည်။

" မြန်မြန်မပြေးနဲ့ ... ချော်မလဲအောင်ဂရုစိုက်ဦး ... "


ထိုစကားဆုံးသည်နှင့်တစ်ပြိုင်နက် ဝေ့ကျူးကျူးမှာ ပြေးနေခဲ့ရာမှ ရုတ်ချည်းဆိုသလိုပင် ရပ်တန့်ပစ်လိုက်၏။ထို့နောက်တွင် သူမက မြေပြင်ပေါ်လှဲချကာ နှစ်ပတ်ခန့်လှိမ့်ပြီး အဖွားဖြစ်သူအား ပက်ချွဲနှပ်ချွဲလှမ်းပြောလာသည်။

" သမီး ချော်လဲသွားပြီ ဖွားဖွား ... ဖက်ထားပေးပါဦး ... "


ထုံရွှယ်လူ "……"


ဤကလေးမသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သရုပ်ဆောင်တတ်နေပြီဖြစ်လေ၏။ကြီးပြင်းလာပြီးနောက်တွင်တော့ ဆိုနိုင်ဖွယ်ရာ မရှိတော့ပေ။


မည်သို့ပင်ဆိုပါစေ သူမ၏သရုပ်ဆောင်ချက်က အနည်းငယ်လစ်ဟာနေသေးသည်။


ရှန်ဝမ်ရုံမှာ ဤသို့သောအခြေအနေမျိုးအား နေသားကျနေပြီဖြစ်သည်။သူမက ပြုံးရယ်လျက်ပင် မြေးမဖြစ်သူထံသို့သွား၍  မြေပြင်ပေါ်မှ ကောက်ယူပွေ့ချီလိုက်လေ၏။

" မြေကြီးက အရမ်းညစ်ပတ်တယ် ... ဒီတိုင်းလှဲချလိုက်လို့ ဘယ်ဖြစ်မလဲ ... အဝတ်အစားတွေလဲရတော့မယ် ... "

 

ထိုအခါ ဝေ့ကျူးကျူးက နှုတ်ခမ်းတစ်‌တောင်ခန့်စူကာ " ချော်လဲတာပါဆို ဖွားဖွားကလည်း ... အင်္ကျီက နည်းနည်းပါးပါး ခါလိုက်ရင်ရပါတယ် ... " ဟု စောဒဂ တက်လာသည်။


" ဒါနဲ့ ဖွားဖွားက ဘယ်သူနဲ့စကားပြောနေတာလဲဟင် ... "


" အိမ်နီးချင်းအသစ်တစ်ယောက် ခုလေးတင်ပြောင်းလာ‌တာလေ ... ဖွားဖွားက လာနှုတ်ဆက်တာ ... "


" ဟိုက မမလှလှလား .... "


ဝေ့ကျူးကျူးက ထုံရွှယ်လူ့အား ပြိုးပြိုးပြက်ပြက်အကြည့်များဖြင့် ကြည့်လာတော့သည်။

" မမက အရမ်းလှတာပဲ ... ဟိုဘက် မြန်မြန်လေးသွားရအောင် ဖွားဖွား ... သမီး မမလှလှကို ကြည့်ချင်တယ် ... "


ထိုအခါ ရှန်ဝမ်ရုံက မြေးမဖြစ်သူအား ပွေ့ချီကာ ထုံရွှယ်လူ့အနားသို့ ချဉ်းကပ်လာပြီး ကူရာကယ်ရာမဲ့သောအပြုံးဖြင့် " စိတ်ထဲတော့ မထားပါနဲ့ ... ဒီကလေးက လှတဲ့သူတွေ လှတဲ့ပစ္စည်းတွေဆိုရင် အရမ်းသဘောကျတတ်တာမလို့ပါ ... " ဟု ပြောကြားလာခဲ့သည်။


လူတိုင်းလိုလိုမှာ ဤကဲ့သို့ပင်မဟုတ်ပါလော။

အပေါ်ယံကိုကြည့်ရှု၍သာ ကောက်ချက်ချတတ်သောထုံရွှယ်လူသည်လည်း ထိုကလေးမအား အပြည့်အဝနားလည်သည်။

" မမလည်း လှတဲ့သူတွေကိုကြိုက်တယ် ... "


ထိုစကားကို ကြားသောအခါ ဝေ့ကျူးကျူး၏ မျက်လုံးများက ပို၍ပင် တောက်ပလာတော့၏။

" သမီး သိနေတယ် ...လှတဲ့လူတွေ အချင်းချင်းဆိုတော့ အတွေးလည်းတူတာပေါ့ ... ဘိုးဘိုးပြောတာကတော့ အဲဒါမျိုးကို စိတ်တူကိုယ်တူလို့ခေါ်တယ်တဲ့ ... "


ထုံရွှယ်လူသည် ကလေးမလေး၏မိုးထိုးနေသောယုံကြည်မှုကြောင့် ရယ်မောမိသွားခဲ့သည်။မည်မျှပင် ရယ်စရာကောင်းလိုက်သောကလေးလေးနည်း။


ရှန်ဝမ်ရုံမှာတော့ နေရခက်စွာဖြင့်သာ ပြုံးနေခဲ့လေ၏။


ထိုအချိန်တွင် ထုံကျားရှင်းက အိမ်ထဲမှထွက်လာခဲ့ပြီး ဝေ့ကျူးကျူးတစ်ယောက် ထုံကျားရှင်းအား လှမ်းမြင်သွားတော့သည်။တစ်ချိန်တည်းမှာပင် သူမက အဖွားဖြစ်သူထံမှ ရုန်းကန်လာလေ၏။

" မြန်မြန်ချပေးပါ ...  အဖွား ... အစ်ကိုကြီးချောချောလေးတစ်ယောက် တွေ့လိုက်တယ် ... "


ထိုစကားကြားသောအခါ ထုံကျားရှင်းခမျာ ခေတ္တဆွံ့အသွားတော့သည်။သူ့အား အလွန်ချောသည်ဟု ဆိုလိုက်ခြင်းဖြစ်သလော။ဤကလေးမထံတွင် မြင့်မားသောအကြိုက်ပုံစံရှိပေသည်။


ဝေ့ကျူးကျူးမှာ အသက် ၆ နှစ်ရှိပြီဖြစ်ပြီး ကလေးအများစုထက် အရပ်အနည်းငယ်ပိုရှည်သဖြင့် ရုန်းကန်လာချိန်တွင်မူ ရှန်ဝမ်ရုံလည်း သေချာထိန်းမထားနိုင်တော့ပါ။

ဝေ့ကျူးကျူးသည် သူမအဖွား၏ရင်ခွင်ထဲမှ ခုန်ထွက်လာပြီး ထုံကျားရှင်းရှိရာသို့ တန်းတန်းမတ်မတ်ဦးတည်သွားသည်။

 " မင်္ဂလာပါ အစ်ကိုကြီး ... ညီမလေးနာမည်က ဝေ့ကျူးကျူးပါ ... အစ်ကိုကြီး နာမည်ရောဘယ်လိုခေါ်လဲ ... "


" ဝေ့ကျူးကျူး ... "

ထုံကျားရှင်းမှာ ဝေ့ကျူးကျူး၏အမည်အား တစ်ကိုယ်တည်းရေရွတ်ကြည့်နေခဲ့ရာမှ ယင်းနောက်တွင် ဝါးလုံးကွဲမတတ်ရယ်မောလာတော့လေ၏။


" မင်းမိဘတွေက ကျူးကျူးလို့ နာမည်ပေးထားလို့တော်သေးတာပေါ့ ... ဝေ့ကျူးသာဆိုရင် ဝက်စာကျွေးတယ်ဆိုတဲ့အဓိပ္ပါယ်ပေါက်နေပြီ ဟားဟားး .... "


ထုံရွှယ်လူ "……"

ကလေးငယ်အား ဤကဲ့သို့အလွန်အကျွံစနောက်သည်မှာ မျက်ကွယ်ပြု၍ရသောကိစ္စမဟုတ်ပေ။ကနဦးက အရှက်ရသူမှာ ရှန်ဝမ်ရုံဖြစ်ခဲ့သော်လည်း ယခုတွင်တော့ သူမကိုယ်တိုင်အရှက်ရနေလေပြီ။


" တောင်းပန်ပါတယ် ... ကျားရှင်းက တစ်ခါတလေ စဉ်းစဉ်းစားစားပြောတတ်တာမဟုတ်ဘူး ... ပြီးမှ သေချာဆုံးမထားလိုက်ပါ့မယ် ... "


ထိုအခါ ရှန်ဝမ်ရုံက ပြုံးလျက် လက်ယမ်းပြကာ" မဟုတ်တာပဲ ... ရပါတယ် ... ကလေးတွေရဲ့ ပြဿနာပဲ ... သူတို့ဘာသာသူတို့ ဖြေရှင်းပါစေ ... " ဟုပြောလာခဲ့လေ၏။


သို့သော်လည်း ဝေ့ကျူးကျူးမှာ စိတ်ထိခိုက်လွယ်သူမဟုတ်ပေ။

" အစ်ကိုကြီးက ချောလို့ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးလိုက်မယ် ... ဒါပေမဲ့ အခုထိ နာမည်ပြောမပြသေးဘူး‌နော် ... "


ထုံကျားရှင်းက ချောင်းဟန့်လိုက်ပြီး အထာကိုင်နေ‌ခဲ့လေသည်။

" ဘာလို့ ငါ့နာမည်ကိုပြောပြရမှာလဲ ... မင်းက လှလည်းမလှဘူး ... "

 

" အစ်ကိုကြီးက ချောပေမဲ့ မျက်လုံးမကောင်းဘူးထင်တယ် ... ညီမလေးက အရမ်းလှတာပါနော် ... ပြီးတော့ နာမည်ပြောမပြရင် ဘယ်လိုလုပ်ပြီးတော့ သူငယ်ချင်းလုပ်လို့ရတော့မှာလဲ ... "


ထိုအခါ ထုံကျားရှင်းက လက်ပိုက်လျက် မေးငေါ့လိုက်သည်။

" မိန်းကလေးတွေနဲ့ အပေါင်းအသင်းမလုပ်ချင်ဘူး ... "


 “……”


ထိုစကားကို ကြားသောအခါ ထုံရွှယ်လူ၏နှုတ်ခမ်းသားများက လှုပ်ယမ်းသွားခဲ့လေ၏။

ထုံကျားရှင်းကဲ့သို့သော တုတ်ထိုးအိုးပေါက်ပြောဆိုတတ်သည့်သူမှာ အတိတ်ဘဝ၌ မည်သို့အိမ်ထောင်ဖက်ရှာတွေ့ခဲ့မှန်း ထုံရွှယ်လူ နားမလည်နိုင်လောက်အောင်ဖြစ်နေသည်။


ထိုအချိန်တွင် ထုံကျားမင်က အိမ်ထဲမှ ရုတ်တရက်ထွက်လာခဲ့သည်။

" ကျားရှင်း ... သိပ်ပြီးတော့ရိုင်းစိုင်းမနေနဲ့ ... "


ထုံကျားရှင်းမှာ အောင့်သက်သက်ခံစားလာခဲ့ရသော်လည်း ဒုတိယအစ်ကိုကြီး၏တင်းမာသောအကြည့်ကြောင့် ချက်ချင်းပင် ငြိမ်ဝပ်ပြားသွားခဲ့လေသည်။ဤသို့ဖြင့် တောင်းပန်စကားဆိုလုဆဲဆဲမှာပင် ဝေ့ကျူးကျူးက သူ့အား တွန်းဖယ်လွှတ်ကာ အနောက်မှ ထုံကျားမင်ထံသို့ ဦးတည်သွားသည်။


ဝေ့ကျူးကျူးက အချိုသာဆုံးပြုံးလျက် ထုံကျားမင်အား နှုတ်ဆက်စကားဆိုခဲ့လေ၏။

 " မင်္ဂလာပါ အစ်ကိုကြီး ... ညီမလေးက ဝေ့ကျူးကျူးပါ ... အစ်ကိုကြီးနာမည်ကရော ဘယ်လိုခေါ်လဲ ... "


ထုံကျားရှင်း "…… "


" အစ်ကို့နာမည်က ထုံကျားမင် ... ဟိုတစ်ယောက်က အစ်ကို့ညီလေး ထုံကျားရှင်းလို့ခေါ်တယ် ... "

 

ဝေ့ကျူးကျူးက ထုံကျားမင်အား သူမ၏မျက်လုံးများ လခြမ်းပုံစံဖြစ်သွားသည်အထိပြုံးပြလိုက်လေ၏။

" အစ်ကိုကြီးက ရုပ်ချောရုံတင်မကဘူး ... အသံလေးကလည်း နားထောင်လို့ကောင်းတာပဲ ...  အစ်ကိုကြီးက အရမ်းသဘောကောင်းတာပဲ ... "


ထုံရွှယ်လူတစ်ယောက် အလိုလိုအထင်ကြီးမိသွားသည်။ဤလိုအသက်အရွယ်၌ပင် စကားကို စီကာပတ်ကုံးပြောဆိုတတ်နေပါက ကြီးပြင်းလာပြီးနောက်တွင်မူ အစ်ကိုကြီးချောချောလေးများ ဝိုင်းဝိုင်းလည်နေရော့မည်။


ထုံကျားမင်မှာ ဤကဲ့သို့သော တည့်တိုးဆန်မှုအား မတွေ့ကြုံခဲ့ဖူးသည့်အတွက် မျက်နှာများနီရဲလာတော့သည်။

ထိုအချိန်တွင် ထုံမျန်မျန်က အိမ်ထဲမှ လှုပ်စိလှုပ်စိဖြင့်ထွက်လာပြီး " အစ်မကြီးပြောတာမှန်ပါတယ် .... ဒုတိယမြောက်အစ်ကိုကြီးက အရမ်းကောင်းတယ် ... " ဟု ထောက်ခံလိုက်လေ၏။


ထုံမျန်မျန့်ကိုတွေ့လိုက်သောအခါတွင် ဝေ့ကျူးကျူး၏မျက်လုံးများက ထပ်မံတောက်ပလာပြန်သည်။

" ညီမလေးကအရမ်းလှတာပဲ ... ဒုတိယမြောက်အစ်ကိုကြီးလိုပဲ အရမ်းကြည့်ကောင်းတယ် ... "


ထိုအခါ ပေါင်မုန့်လုံးလေး၏မျက်နှာက နီရဲလာ‌တော့သည်။

 " အစ်မကြီးလည်း အရမ်းလှပါတယ် ... "


" ငါအရမ်းလှတာ သိတယ်လေ ... ဒါပေမဲ့ အိမ်က အစ်ကိုကတော့ ရုပ်ဆိုးတယ် ... ဒီလိုမျိုး အစ်ကိုအစ်မချောချောလေးတွေရှိတာကို အားကျလိုက်တာ ... "


ထိုအချိန်တွင် ထုံမျန်မျန်၏မျက်လုံးများ ပြူးကျယ်သွားတော့လေ၏။

" အစ်မကြီးရဲ့အစ်ကိုက တတိယမြောက်အစ်ကိုကြီးထက်ကို ရုပ်ပိုဆိုးတာလား ...  "


 ထုံကျားရှင်း "……"


" ဟုတ်တယ် ...  ငါ့အစ်ကိုက အဲထက်ကိုပိုဆိုးတယ် ... "


ထုံမျန်မျန့်ခမျာ ပါးစပ်အဟောင်းသားဖြစ်သွားတော့လေသည်။

" တတိယအစ်ကိုကြီးထက် ဘယ်သူကများ ရုပ်ပိုဆိုးနိုင်တော့မှာလဲ ... "


 ထုံကျားရှင်း “……………”


ဤလောက်အထိ ပျစ်ပျစ်နှစ်နှစ်ပြောရန် လိုအပ်ပါသလော။ထုံကျားရှင်းခမျာ နှလုံးသားတစ်ခုလုံး အပိုင်းပိုင်းကွဲအက်သွားသလို ခံစားလိုက်ရတော့သည်။


ကလေးများ၏စကားဝိုင်းကိုနားထောင်နေရင်း ထုံရွှယ်လူမှာတော့ မျက်ရည်ထွက်လုမတတ်ရယ်မောနေခဲ့ရသည်။


ရုပ်ရည်ချောမောသောထုံမိသားစုကြောင့် ဝေ့ကျူးကျူးမှာ အိမ်ပြန်ချင်စိတ်ပင်မရှိတော့ပေ။

" ဖွားဖွား ... သမီး ဒီမှာပဲ ကစားချင်တယ် ... "


" အစ်ကိုတွေ အစ်မတွေက အခုသန့်ရှင်းရေးလုပ်နေတာကို မမြင်ဘူးလား ကျူးကျူးရဲ့ ... သမီးက ဒီမှာနေရင် အနှောက်အယှက်ဖြစ်မှာပေါ့ ... သန့်ရှင်းရေးလုပ်ပြီးမှ နောက်တစ်ကြိမ်ပြန်လာလေ ... နော် ... "


ထိုအခါ ဝေ့ကျူးကျူးက ခေတ္တတွေးတောလိုက်ပြီး " အဲဒါဆိုလည်း မနက်ဖြန်မှ ပြန်လာကြမယ် ဖွားဖွား ... " ဟု ပြန်လည်ဖြေကြားလိုက်သည်။


 ***


ရှန်ဝမ်ရုံနှင့်ဝေ့ကျူးကျူးတို့ အိမ်ပြန်သွားသောအခါ ထုံရွှယ်လူသည် အခန်းထဲသို့ပြန်ဝင်ခဲ့သည်။ထို့နောက်တွင် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီသို့ မသွားရောက်မီ ဆံပင်ကို ဦးစွာဖြီးသင်လိုက်လေ၏။

မထွက်ခွာမီတွင် ထုံရွှယ်လူသည် ထုံကျားမင်အား ထမင်းချက်ပြီး သစ်အယ်သီးအခွံနွှာထားရန်မှာကြားခဲ့သည်။


ဈေးဝယ်ထွက်ချိန်တိုင်းတွင် ထုံရွှယ်လူသည် ထိုခေတ်ထိုအခါက ကုန်ပစ္စည်းရှားပါးမှုဒဏ်ကို အလူးအလဲခံစားရလေ့ရှိသည်။ဤဘက်ခေတ်၌ သူမအား ဦးစားပေးနေရာဖယ်ပေးမည့်သူလည်းမရှိသောကြောင့် သူမသည် ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီ၌ တစ်နာရီနီးပါး တန်းစီနေခဲ့ရသည်။


နောက်ဆုံးတွင်မူ ဟင်းရွက်စိမ်းတစ်စည်း ၊ ဂေါ်ဖီနှစ်ထုပ် ၊ ခရမ်းချဉ်သီးသုံးလုံးကို ဝယ်ယူနိုင်ခဲ့လေ၏။ထောက်ပံ့ရေးနှင့်တင်ပို့ရောင်းချရေးကော်မတီရှိအသားများအားလုံးမှာလည်း ရောင်းကုန်သွားပြီး ကြက်ဥများသာ ကျန်ရှိတော့သည်။


ယခင်တစ်‌ကြိမ် အဖြစ်အပျက်ပြီးကတည်းက ထုံရွှယ်လူမှာ မှောင်ခိုဈေးသို့ နောက်တစ်ကြိမ်မသွားဝံ့တော့ပေ။သူမသည် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥများကိုသာ ဝယ်ယူနိုင်ခဲ့ပြီး အိမ်ပြန်လမ်းတွင် ဟင်းလျာကောင်းကောင်းချက်ပြုတ်ရန် ဟင်းအမယ်မစုံသည့်အတွက် နောင်တရနေမိခဲ့သည်။


အိမ်ရှေ့သို့ရောက်သောအခါတွင် ထုံကျားရှင်း၏ ရွှင်မြူးသောအသံကို ကြားလိုက်ရလေ၏။

" မိုက်လိုက်တာဗျာ ... နောက်ဆိုရင် ကြက်ဥတွေရလာမှာပဲ ...  ဒုတိယအစ်ကိုကြီး ... နောက်နောင် ကြက်စာကျွေးတာကို ကျွန်တော်တာဝန်ယူမယ် ... "

 

ထုံရွှယ်လူမှာ ယင်းစကား၏အဓိပွါယ်ကိုနားမလည်နိုင်ဘဲ သိလိုစိတ်အပြည့်ဖြင့် တံခါးခေါက်ကြည့်လိုက်တော့သည်။

" မျန်မျန်ရေ ... မမပြန်လာပြီ ... "


ထိုအခါ အတွင်းထဲမှ ခြေသံထွက်ပေါ်လာ၏။ထုံရွှယ်လူမှာ ထုံကျားမင်အားတွေ့ရမည်ဟုထင်ထားခဲ့သော်လည်း ထို့အစား ဝမ်ရူကွေ့၏ချောမောသောမျက်နှာကသာ သူမ၏အရှေ့တွင် ပေါ်လာခဲ့လေသည်။