အပိုင်း ၆၂
Viewers 18k

Chapter 62

 - ပို၍အရေးကြီးသည်က တစ်လုတ်မှမစားလိုက်ရခြင်းပင်


ထုံရွှယ်လူက ဘာပြောရမည်မသိဖြစ်သွားသည်။

"ရှင်ပြန်ရောက်လာတာ မြန်လှချည်လား..."


ထိုစကားက ဝမ်ရူကွေ့၏နားထဲတွင်တော့ အလွန်သာယာနာပျော်ဖွယ်ကောင်းနေလေသည်။

"ဟုတ်တယ်...ကျွန်တော် ကားကို ပြန်ထားပြီးပြီးချင်း ချက်ချင်းပြန်လာတာ..."


ပြောနေရင်းဖြင့် ဝမ်ရူကွေ့က တမင်ပြောစရာမလိုပဲ ထုံရွှယ်လူ၏လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်သည်။


ယောင်္ကျားတွေဆိုတာ တကယ်ကို လေ့ကျင့်ပေးဖို့လိုတာပါပဲလား...


ဝမ်ရူကွေ့က သူ့ဘာသာသူ အသိစိတ်ဖြင့် သူမ၏လက်ထဲမှ ပစ္စည်းများကို လှမ်းယူလိုက်သောကြောင့် ထုံရွှယ်လူ အလွန်ကျေနပ်သွားမိသည်။


ထုံရွှယ်လူသည် တံခါးကိုပိတ်၍ အိမ်ထဲသို့ လျှောက်ဝင်လာရင်းဖြင့် မေးလိုက်သည်။

"ဪ ဟုတ်သားပဲ...ခုနက ကြက်ကို အပြင်ကနေအစာကျွေးရမယ်လို့ပြောနေတာ ကြားလိုက်သလိုပဲ..."


ဝမ်ရူကွေ့၏မျက်ခွံများက တစ်ချက် လှုပ်သွားကာ ပြန်ဖြေလိုက်သည်။

"ရဲဘော်ထုံရဲ့ အိမ်သစ်တက်ပွဲအတွက် မိတ်ဆွေတစ်ယောက်‌ဆီကနေ ကျွန်တော် ကြက်နှစ်ကောင်ယူလာ‌ပေးတာ..."


ထုံရွှယ်လူက ထုံကျားရှင်းရှိသည့်ဘက်သို့ လှမ်းကြည့်လိုက်ရာ အခန်းထောင့်၌ အလွန်ကြောက်လန့်နေသည့်ပုံဖြင့် ဝပ်နေသော ကြက်မတစ်ကောင်ကို မြင်လိုက်ရသည်။


ထုံမျန်မျန်က အလွန်အံ့ဩသွားသကဲ့သို့ ထိုကြက်အိုမကြီးကို မျက်လုံးများပြူးကာ ကြည့်လိုက်သည်။


ထုံမျန်မျန်တို့ ယခင်နေခဲ့သော ခြံဝန်းသည် လူများလွန်း၍ ကြက်များရှိနေလျှင် အလွန်နံစော်နေမည်ဖြစ်သည်။ ထို့ကြောင့် မည်သူကမျှ ကြက်မမွေးကြချေ။ ယခုမှာ ထုံမျန်မျန်တစ်ယောက် သက်ရှိထင်ရှားဖြစ်နေသောကြက်ကို ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်းဖြစ်သည်။


ထုံရွှယ်လူက ထုံမျန်မျန်ကို ကြည့်နေရာမှ အကြည့်လွှဲလိုက်သည်။

"ကျေးဇူးတင်ပါတယ်ရှင်...အဲဒီလောက်အထိ လုပ်ပေးစရာမလိုပါဘူး...ဒါပေမယ့် ရှင် ခုနက ကြက်နှစ်ကောင်လို့ပြောလိုက်တာလား...နောက်တစ်ကောင်ရော..."


ဝမ်ရူကွေ့: "ကျွန်တော် သတ်လိုက်ပြီ...အခု မီးဖိုထဲမှာ ထားထားတယ်..."


ထုံရွှယ်လူ၏မျက်လုံးများ  တောက်ပသွားကြသည်။

"ကောင်းလိုက်တာ...ရှင့်ကို ဒီလိုတွေကူညီပေးတာကို ကျေးဇူးတင်တဲ့အနေနဲ့ အစားအစာကောင်းကောင်းချက်ကျွေးချင်နေတာနဲ့ အတော်ပဲ...ဒါဆို ကျွန်မ သစ်အယ်သီးနဲ့ကြက်သား...ကြက်သွန်ဖြူနဲ့ဂေါ်ဖီကြော်...ခရမ်းချဉ်သီးနဲ့ ကြက်ဥစွပ်ပြုတ်လုပ်လိုက်မယ်...ကွက်တိပဲ..."


ထုံရွှယ်လူ၏ဟင်းအမယ်များကို ကြားသောအခါ ဝမ်ရူကွေ့လည်း မနေနိုင်ပဲ တံတွေးမြိုချလိုက်မိသည်။

"ဟုတ်ကဲ့..."


ပစ္စည်းများအားလုံးကို မီးဖိုထဲ၌ နေရာချပြီးသောအခါ ထုံရွှယ်လူက ထုံကျားမင်အား ကူလုပ်ပေးရန် ခေါ်လိုက်သည်။


ဝမ်ရူကွေ့က သူလည်း ကူလုပ်ပေးပါမည်ဟုပြောသော်လည်း ထုံရွှယ်လူက လက်မခံပဲ ငြင်းလိုက်သည်။


ထို့နောက် ထုံမျန်မျန်ကိုခေါ်ကာ ဝမ်ရူကွေ့အား ဧည့်ခန်းသို့ ခေါ်သွားခိုင်းလိုက်သည်။


***


မီးဖိုထဲ၌ သစ်သားခြောက်များနှင့် ကောက်ရိုးများရှိနေ၍ နောက်ရက်များမှ သေချာစုစည်းချည်နှောင်ရမည်ဖြစ်သည်။


ထုံရွှယ်လူသည် ထုံကျားမင်အား ဟင်းသီးဟင်းရွက်များကို ရေဆေးခိုင်း၍ ကြက်သွန်ဖြူ အခွံနွှာခိုင်းကာ သူမကိုယ်တိုင်ကတော့ ကြက်ကို စကိုင်ရန် ပြင်လိုက်သည်။


ကြက်က သတ်ပြီးသားဖြစ်၍တော်သေးသည်။ မဟုတ်လျှင် ထုံရွှယ်လူသည် ကြက်အရှင်လတ်လတ်ကိုတော့ သတ်ရဲမည်မဟုတ်ချေ။


ဤကြက်ကိုကြည့်ရသည်မှာလည်း အလွန်အရသာရှိမည့်ပုံပေါ်နေသည်။ အနာဂတ်မှ မွေးမြူရေးခြံများမှ ကြက်များနှင့်မတူပဲ ဤကြက်သည် အသားများ၍ နူးညံ့သည့်ပုံပေါ်ကာ အသားကလည်း ပွယောင်းယောင်းမဟုတ်ပဲ လေးလေးပင်ပင်ရှိသည်။


ကြက်သားနှင့် သစ်အယ်သီးပေါင်းဟင်းလျာအကြောင်းစဉ်းစား၍ ထုံရွှယ်လူသည် သွားရည်ပင်ကျတော့မလိုဖြစ်သွားသည်။


ထုံရွှယ်လူသည် ကြက်၏လည်ပင်းနှင့် ဖင်အဆီဖူးကိုဖယ်ကာ အသားများကို သေးသေးတုံးလိုက်သည်။ ထို့နောက် ရေဆေးကာ သွေးအရသာပျောက်ရန် ရှလကာရည်နှင့်စိမ်ထားလိုက်သည်။


ထို့နောက် ဟင်းလျာကို စပြင်လိုက်သည်။ အိုးထဲသို့ ဆီကိုအရင်စထည့်၍ ဆီပူလာသောအခါမှ ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ လေးညှင်းပွင့် စသော အမွှေးနံ့သာများကိုထည့်ကာ မွှေးလာသည့်အထိ ကြော်ပြီးမှ ကြက်သားများကိုထည့်လိုက်သည်။ အသားများ အရောင်ပြောင်းသည်အထိ မွှေပြီးမှ ပဲငံပြာရည်နှင့် သကြားအနည်းငယ်ထည့်လိုက်သည်။ ထို့နောက် ရေထည့်ကာ မီးကိုမြှင့်၍ အဖုံးအုပ်ကာ အချိန်အတန်ကြာ တည်ထားလိုက်သည်။ ရေဆူလာသည့်အခါမှ သစ်အယ်သီးများကိုထည့်လိုက်သည်။


ချက်နေသည့်အချိန်တွင် သစ်အယ်သီးများ၏အနံ့အရသာက ကြက်သားထဲသို့ စိမ့်ဝင်သွားသည်။ အမွှေးနံ့သာများနှင့်အတူ အနှစ်က ပျစ်လာသောအခါ ကြက်သားနှင့် သစ်အယ်သီးများက အရသာရှိမည့် နီညိုရောင် ပြောင်းသွားကြသည်။


ဟင်း၏ရနံ့က အိမ်တစ်ခုလုံး ပျံ့နှံ့နေလေသည်။


ထုံရွှယ်လူသည် ဟင်းထဲသို့ ကြက်သွန်မြိတ်ဖြူးလိုကိသောအခါ ကြက်သွန်မြိတ်၏ အစိမ်းတောက်တောက်အရောင်က ကြက်သားနှင့် သစ်အယ်သီးကို ပို၍ ကြွသွားအောင် ပံ့ပိုးပေးလိုက်သကဲ့သို့ဖြစ်သွားသည်။


ဟင်းလျာသည် အမြင်ရော၊ အနံ့ရော အရသာပါ ပြီးပြည့်စုံနေလေသည်။


ထုံရွှယ်လူသည် ကြက်သားပန်းကန်ကို ထုံကျားမင် လက်ထဲထည့်၍ ပြောလိုက်သည်။

"ဒီဟာကို ဧည့်ခန်းဆီယူသွားပြီး အပေါ်က နောက် ပန်းကန်ပြားတစ်ခုနဲ့ ထပ်ဖုံးထားလိုက်..."


ကြက်သားဟင်းပန်းကန်မှ အနံ့ကြောင့် ထုံကျားမင်သည်လည်း တံတွေးတစ်ချက်မြိုချလိုက်မိသည်။ ဟင်း၏အနံ့ကိုရသောအခါ နောက်ဖေးခြံထဲ၌ ကြက်မနှင့်ဆော့နေသော ထုံကျားရှင်းသည်လည်း ချက်ချင်းပင် ပြေးချလာလေသည်။


"အနံ့က မွှေးနေတာပဲ...ကျွန်တော် အရသာ အရင်မြည်းကြည့်လို့ရမလားဟင်..."


ထုံကျားရှင်းက တံတွေးမြိုချ၍ပြောလိုက်သည်။ ထုံကျားရှင်းသည် သူ့ကိုယ်သူ ဗိုက်မဆာသေးဟု ထင်နေသော်လည်း ဟင်း၏အနံ့ကိုရပြီးသောအခါ ဗိုက်ဆာလွန်း၍ နွားခေါင်းနှစ်ခုလောက်ကိုပင် စားနိုင်လိမ့်မည်ဟု ခံစားရမိသည်။


ထုံကျားမင်က ခေါင်းခါလိုက်သည်။

"မမြည်းရပါဘူး..."


ထုံကျားရှင်းကလည်း အရှုံးမပေးပဲ ဟင်းအနံ့ကိုရှူ၍ ဧည့်ခန်းအထိ လိုက်သွား‌လေသည်။



ဧည့်ခန်းထဲ၌ ဝမ်ရူကွေ့နှင့် ထုံမျန်မျန်တို့သည် တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လျက်ရှိသည်။


ကလေးနှစ်ယောက်ဝင်လာသည်ကိုမြင်မှ ဝမ်ရူကွေ့လည်း သက်ပြင်းချလိုက်နိုင်တော့သည်။


ဝမ်ရူကွေ့သည် ကလေးများနှင့် မည်ကဲ့သို့ ဆက်ဆံရမည်ကိုမသိပေ။ အထူးသဖြင့် ထုံမျန်မျန်ကဲ့သို့ နူးနူးညံ့ညံ့ကလေးမလေးများဆိုလျှင် ပို၍ပင်ဆိုးသေးသည်။


သစ်အယ်သီးနှင့် ကြက်သားပေါင်း ချက်ပြီးသောအခါ ထုံရွှယ်လူသည် ကြက်သွန်ဖြူဂေါ်ဖီထုပ်ဟင်းနှင့် ခရမ်းချဉ်သီးနှင့်ကြက်ဥစွပ်ပြုတ်ကို အမြန်ချက်လိုက်သည်။


ထိုဟင်းများချက်ပြီးသောအခါ ဝမ်ရူကွေ့ပြန်လျှင် ယူသွားရန် စပျစ်သီးခြောက်ကိတ်မုန့်ပါလုပ်ပေးလိုက်ရန် စဉ်းစားလိုက်သည်။


ထို့ကြောင့် စပျစ်သီးခြောက်များကို ရေဆေး၍ အစေ့ထုတ်ကာ ပျော့သွားစေရန် ပေါင်းအိုးထဲသို့ ထည့်ထားလိုက်သည်။ ခဏအကြာတွင် ပြန်ထုတ်၍ ထုချေကာ သကြား၊ ဂျုံ၊ တဆေးတို့နှင့် ဆတူရောလိုက်သည်။ ထို့နောက် ရေနွေးနွေးထည့်၍ ဂျုံမှုန့်များမှ ဂျုံလုံးဖြစ်သွားသည်အထိ ရောနယ်လိုက်သည်။


ပြီးနောက် ထိုနယ်ထားသည့် ဂျုံအနှစ်ကို အငွေ့တထောင်းထောင်းထနေသည့် ပန်းကန်လုံးထဲသို့ ထည့်လိုက်ပြီးမှ ခြံထဲသို့ဆင်း၍ လက်ဆေးကာ အခြားလူများနှင့် ညစာတူတူစားရန် ဧည့်ခန်းထဲသို့ ဝင်လာလိုက်သည်။


ဧည့်ခန်းထဲ၌ ထုံကျားမင်နှင့် ထုံကျားရှင်းတို့က ထမင်းအဆင်သင့်ခူးထားကြပြီဖြစ်၍ အားလုံးက ထုံရွှယ်လူကိုစောင့်နေကြသည်။


ထုံကျားရှင်းသည် အလွန်အမင်း ဗိုက်ဆာနေပြီဖြစ်သောကြောင့် လည်ပင်းကို ဆွဲဆန့်နိုင်သမျှ ဆွဲဆန့်၍ တံခါးဆီသို့ မျှော်ကြည့်ကာ မျိုချစရာတံတွေးပင် မရှိတော့ ဟု တွေးနေမိသည်။


ထုံရွှယ်လူလျှောက်လာသည်ကို မြင်သောအခါ ထုံကျားရှင်း၏မျက်လုံးများက သူခိုး၏မျက်လုံးများကဲ့သို့ တောက်ပသွားကြသည်။


ထုံရွှယ်လူ၏မျက်နှာလေးက မီးအပူဟပ်၍ နီနီလေးဖြစ်နေသည်ကိုမြင်သောအခါ ဝမ်ရူကွေ့သည် မပြန်ပဲ ထမင်းစားဖို့သဘောတူလိုက်မိသည်ကို နောင်တရသွားမိသည်။


သူသာမနေလျှင် ထုံရွှယ်လူတစ်ယောက် စားစရာ ဤမျှအများကြီး လုပ်စရာလိုမည်မဟုတ်ပေ။


ထုံရွှယ်လူကတော့ ဤမျှလောက်သောအလုပ်ကို ပင်ပန်းသည်ဟုမထင်ပေ။ ထုံရွှယ်လူသည် ဟင်းချက်ရသည်ကိုပျော်၍ သူမ ချက်ထားသောဟင်းများကို အခြားလူများက အားရပါးရစားသောက်နေကြသည်ကို မြင်ရလျှင်လည်း ကြည်နူးနေသူဖြစ်သည်။


လူတိုင်း သူမကိုလှမ်းကြည့်နေကြသည်ကို မြင်သောအခါ ထုံရွှယ်လူက သူမ၏ နီရဲသောနှုတ်ခမ်းများကိုကွေး၍ ပြုံးကာ ပြောလိုက်သည်။

"ဘာဖြစ်လို့ အကုန်လုံးက ဝိုင်းကြည့်နေကြတာလဲ...စားကြတော့လေ..."


ထုံကျားရှင်းက ပျော်ရွှင်စွာ အော်လိုက်သည်။

"ရေး...ညစာ စားရတော့မယ်..."


သစ်အယ်သီးနှင့် ကြက်သားပေါင်းပန်းကန်ကိုကြည့်၍ ဝမ်ရူကွေ့သည် ထုံရွှယ်လူအတွက် ကြက်သားတစ်တုံးလောက် ထည့်ပေးချင်နေသော်လည်း အခြားလူများပါ ဘေး၌ ထိုင်နေကြသောကြောင့် ထိုအကြံကို လက်လျှော့လိုက်သည်။


ထုံရွှယ်လူက သစ်အယ်သီးတစ်ဖတ်ကို လှမ်းယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။ သစ်အယ်သီးသည် နူးညံ့၍ အရသာရှိကာ အလွန်စား၍ကောင်းနေလေသည်။


"ကြက်သားတွေ ထပ်ထည့်စားဦးလေ ရဲဘော်ဝမ်...သစ်အယ်သီးတွေလည်း စားလို့ကောင်းတယ်..."


"စားပါမယ်..."


ဝမ်ရူကွေ့က ကြက်သားတစ်တုံးကိုလှမ်းယူ၍ ကိုက်လိုက်သည်။


ကြက်သားသည်လည်း နူးညံ့၍ ပြည့်ဝလှသော အရသာက ပါးစပ်ထဲသို့ အရသာရှိစွာ ဝင်သွား၍ စား၍ ကောင်းလွန်းလှသည်။


ထုံကျားရှင်းကတော့ အစားကောင်းဆိုလျှင် စားပြီးသားဖြစ်သည်။ သူသည် ဟင်းပန်းကန်ထဲမှ အနှစ်များကို သူ၏ပန်းကန်ထဲသို့ လောင်းထည့်ကာ ကြက်သားတစ်ကိုက်ကိုက်လိုက် ထမင်းတစ်လုပ်စားလိုက် လုပ်နေလေသည်။ သူသည် ဤမျှ မပျော်ရွှင်ရသည်မှာ အတော်ကြာပြီဟုလည်း စဉ်းစားနေမိသည်။


"စားလို့ကောင်းလိုက်တာ...ဝက်သားပေါင်းက ကမ္ဘာပေါ်မှာ အရသာအရှိဆုံးအသား လို့ကျွန်တော်ထင်ထားတာ...ဒါပေမယ့် သစ်အယ်သီးကြက်သားပေါင်းက ဝက်သားပေါင်းထက် ပိုစားကောင်းနေတာပဲ..."


"ဒီလိုမျိုး နေ့တိုင်းစားချင်လိုက်တာ..."


ထုံကျားရှင်းက ပြောနေသော်လည်း အခြားလူများကတော့ အစားကိုသာစားနေကြ၍ မည်သူမှ အဖက်မလုပ်ကြပေ။


ဝမ်ရူကွေ့ကတော့ ဘာမှမပြောသော်လည်း ထုံကျားရှင်းပြောသည်ကို စိတ်ထဲမှ သဘောတူနေမိသည်။


သစ်အယ်သီးကြက်သားပေါင်းက အလွန်အရသာရှိလှကာ ကြက်သွန်ဖြူနှင့် ဂေါ်ဖီထုပ်ကလည်း ကြွပ်ကြွပ်ရွရွနှင့် စားကောင်း၍ ခရမ်းချဉ်သီးနှင့်ကြက်ဥစွပ်ပြုတ်ကလည်း အနံ့နှင့်ပင် ဆွဲဆောင်နေလေသည်။


ရုတ်တရက်ဆိုသလို ဝမ်ရူကွေ့သည် မပြန်ပဲ ထမင်းစားရန် သဘောတူလိုက်ခြင်းကို နောင်တမရတော့ပေ။


သို့သော် သူမစားလိုက်ရသည့် ငါးနှင့်ဂေါ်ဖီချဉ်ဟင်းအကြောင်းကိုစဉ်းစားရင်း ပို၍ ဒေါသထွက်လာမိသည်။


နာရီဝက်ခန့်ကြာသောအခါ စားပွဲပေါ်မှ ပန်းကန်များအားလုံး ပြောင်ရှင်းသွားတော့သည်။


ထုံကျားရှင်းသည် ခုံနောက်မှီကို မှီကာ ဗိုက်ကိုပွတ်ရင်းဖြင့် လောကကြီးက ပျော်ရွှင်စရာကောင်းပေစွ ဟု တွေးနေမိလေသည်။


ယခင်က နေ့တိုင်း ကန်စွန်းဥပြုတ်နှင့် ဟင်းသီးဟင်းရွက်များသာစားနေရသောဘဝသည် တကယ့်ဘဝမဟုတ်ပေ။


ညစာစားပြီးကြသောအခါ စပျစ်သီးခြောက်ကိတ်မုန့်လည်း ကျက်နေပြီဖြစ်သည်။


အအေးခံပြီးသောအခါ ထုံရွှယ်လူက လှီး၍ ဝမ်ရူကွေ့ကို လှမ်းပေးလိုက်သည်။

"ဒါ စပျစ်သီးခြောက်ကိတ်မုန့်ပါ...ကျွန်မတို့ကို အစစ အရာရာ လိုက်ကူညီပေးလို့ လက်ဆောင်အနေနဲ့ပေးတာ လက်ခံပါနော်...ဒီနေ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါတယ်..."


ဝမ်ရူကွေ့၏အကူအညီသာမပါလျှင် ဤမျှကောင်းမွန်သောနေရာကို ထုံရွှယ်လူ ငှားနိုင်မည်မဟုတ်ချေ။


ဝမ်ရူကွေ့က ဤနေရာကို ကြိုတင်၍ မရှင်းလင်းထားလျှင်လည်း အိမ်ပြောင်းရသည်မှာ ဤမျှ လွယ်ကူမည်မဟုတ်ချေ။


ဝမ်ရူကွေ့ ကားငှား၍ သူတို့ပြောင်းရွှေ့သည်ကို မကူညီလျှင်လည်း သူတို့၏ပစ္စည်းများကို သယ်ရန် အခေါက်ပေါင်းမည်မျှ သွားလာနေရမည်မသိချေ။


ဝမ်ရူကွေ့က ကြက်ဖနှင့်ကြက်မနှစ်ကောင်ကို မယူလာလျှင်လည်း ယနေ့ဟင်းလျာ၌ အသားပါမည်မဟုတ်ချေ။


ဝမ်ရူကွေ့ပေါ်၌ ထုံရွှယ်လူ၏အကြွေးများစွာတင်နေကာ နောက်မှ တဖြည်းဖြည်းပြန်ဆပ်သွားရပေမည်။


ထုံရွှယ်လူက မီးဖိုထဲ၌ စပျစ်သီးခြောက်ကိတ်မုန့်ဖုတ်လိုက်သည်ကို ဝမ်ရူကွေ့မသိလိုက်ချေ။


ထုံရွှယ်လူနှင့် အချိန်အနည်းငယ် တူတူရှိပြီးသောအခါ ထုံရွှယ်လူသည် အခြားမိန်းကလေးများကဲ့သို့ ကိန်းကြီးခန်းကြီးနှင့် တစ်သီးတစ်သန့်မနေတတ်မှန် ဝမ်ရူကွေ့သတိထားလာမိသည်။


ကိတ်မုန့်ကိုလှမ်းယူရင်းဖြင့် ဝမ်ရူကွေ့သည် ပြုံးကာ ပြောလိုက်သည်။

"ညစာအတွက် ကျေးဇူးတင်ပါတယ်...ဟင်းတွေက အရမ်းအရသာရှိတယ်ခင်ဗျ..."


ထုံရွှယ်လူက အပြင်ကိုလှမ်းကြည့်ကာ ပြောလိုက်သည်။

"ရဲဘော်ဝမ် မြန်မြန်ပြန်တော့ရင်ကောင်းမယ်...တော်ကြာဘတ်စ်ကား လွတ်သွားဦးမယ်..."


"ဟုတ်ကဲ့..."