အပိုင်း ၆၃
Viewers 16k

Chapter 63

- ပို၍အရေးကြီးသည်က တစ်လုတ်မှမစားလိုက်ရခြင်းပင်(၂)


ဝမ်ရူကွေ့ တကယ်လည်း ပြန်ရတော့မည်ဖြစ်သည်။


ဝမ်ရူကွေ့သည် သုတေသနဌာနမှ သုံးရက်မျှ ခွင့်ယူထားသည်ဖြစ်သောကြောင့် ယနေ့ည ပြန်ကိုပြန်သွားရတော့မည်။ မနက်ဖြန်ရောက်လျှင် အကြီးအကဲက သူ့ကို လာရှာတော့မည်ကို ဝမ်ရူကွေ့မလိုလားပေ။


ဝမ်ရူကွေ့ကို တံခါးနားထိ လိုက်ပို့ရင်း ထုံရွှယ်လူက တာ့တာပြကာ ပြောလိုက်သည်။

"နောက်လည်း အချိန်မရွေး ညစာလာစားနော်...ကျွန်မ ကောင်းကောင်းချက်ကျွေးပါမယ်..."


နေက ဝင်ကာစပြုနေပြီဖြစ်သောကြောင့် အနီရောင်အလင်းရောင်များ ရောင်ပြန်ဟပ်ကာ ထုံရွှယ်လူ၏ပါးများက ပါးနီဆိုးထားသကဲ့သို့ နီနီလေးဖြစ်နေသည်။


ထုံရွှယ်လူ၏ပြုံးနေသောမျက်နှာလေးကိုကြည့်၍ ဝမ်ရူကွေ့၏နှလုံးသားက အခုန်မြန်လာသည်။

"ဟုတ်ကဲ့..."


ထို့နောက် ဝမ်ရူကွေ့သည် ကိုယ့်ကိုယ်ကိုယ် အားတင်း၍ တစ်ဖက်သို့ လှည့်လိုက်သည်။


ဝမ်ရူကွေ့ လမ်းကြားထဲသို့ ကွေ့ဝင်ကာ ပျောက်ကွယ်သွားသည့်အခါမှ ထုံရွှယ်လူလည်း တံခါးကို ပိတ်လိုက်သည်။


ဤခေတ်အခါတွင် ပစ္စည်းများက ရှားပါးလွန်းလှသည်ဖြစ်သောကြောင့် မိသားစုတိုင်းနီးပါးက ကိုယ့်ရိက္ခာကိုယ်ရအောင် စုဆောင်းထားတတ်ကြသည်။ စစ်တပ်ဝန်းထဲ၌လည်း ထိုသို့ပင်ဖြစ်သည်။


ခြံဝန်းထဲ၌ ဟင်းသီးဟင်းရွက်များစိုက်ပျိုးသည့်နေရာ၊ ကြက်ငှက်များမွေးမြူသည့်နေရာ စသည်ဖြင့် အပိုင်းပိုင်းခွဲထားသည်။ နေရာများက သိပ်မကျယ်သော်လည်း မိသားစုတစ်စုချင်းစီက ထိုကဲ့သို့ နေရာမျိုး တစ်ခု နှစ်ခုခန့်တော့ ထားထားတတ်ကြသည်။


ဝမ်မိသားစု၌လည်း ကြက်နှစ်ကောင်ရှိသည်။  ထိုကြက်များကို ကြက်ပေါက်လေးဘဝထဲက အဖိုးဝမ် မွေးမြူထားခြင်းဖြစ်သည်။


အဖိုးဝမ်သည် ထိုကြက်များကို ရှောင်ဝူ(နံပါတ် ၅) နှင့် ရှောင်လျှို(နံပါတ် ၆) ဟူ၍ပင် နာမည်ပေးထားလိုက်သေးသည်။


နေ့တိုင်း ညစာစားပြီးချိန် အဖိုးဝမ် လမ်းလျှောက်ထွက်သောအခါ ထိုကြက်ခြံနားသို့သွား၍ ထိုကြက်များကို သွားကြည့်တတ်သည်။


သို့သော် ယနေ့တွင် အဖိုးဝမ် ကြက်ခြံနားသို့ရောက်သောအခါ ရှောင်ဝူနှင့် ရှောင်လျှိုတို့ မရှိတော့သည်ကို တွေ့လိုက်ရလေသည်။


အဖိုးဝမ်လည်း စိတ်ပူသွားမိသည်။

"ရှောင်ဇုန်း...ရှောင်ဝူနဲ့ ရှောင်လျှို ဘယ်ရောက်သွားလဲ...ငါ ရှာနေတာ မတွေ့ပါလားကွ..."


ဦးလေးဇုန်းလည်း နေရာအနှံ့လိုက်ရှာသော်လည်း ရှောင်ဝူနှင့် ရှောင်လျှိုတို့ကို အစအနပင်မတွေ့ရတော့ချေ။ ကြက်များမပြောနှင့် ကြက်ဥများပင်မတွေ့တော့ချေ။ ဦးလေးဇုန်းလည်း စိတ်ပူသွားမိတော့သည်။

"ဗိုလ်မှူး...ရှောင်ဝူနဲ့ ရှောင်လျှိုကို ကြက်အိမ်ထဲမှာလည်း မတွေ့ဘူး...ကြက်ခြံနားက လှောင်အိမ်တွေမှာလည်း ကျွန်တော်လိုက်ရှာသေးတယ်...မရှိဘူး..."


"ဒါဆိုလည်း မင်းက ဒီမှာရပ်ပြီး ဘာလုပ်နေသေးတာလဲ...ရှောင်ဝမ့်ဆီ မြန်မြန်သွားမေးလေ..."


"ဟုတ်ကဲ့ ဗိုလ်မှူး..."


ဦးလေးဇုန်းသည် အလွန်လျင်မြန်သောအရှိန်ဖြင့် ပြေးသွားသောကြောင့် လေပွေထသွားသကဲ့သို့ ဖြစ်သွားသည်။ ဦးလေးဇုန်းသည် စစ်သား ရှောင်ဝမ်ဆီသို့ သွားလိုက်သည်။


ရှောင်ဝမ်သည် ကြက်ခြံများကို ဦးစီးရသူဖြစ်သည်။ သူသည် ကြက်ခြံများ၏သန့်ရှင်းရေးနှင့် စာရင်းအင်းများကို တာဝန်ယူသည်။ ဦးလေးဇုန်းရောက်သွားသောအခါ ရှောင်ဝမ်က ညစာစားနေလေသည်။


ဦးလေးဇုန်း၏မေးခွန်းကိုကြားသောအခါ ရှောင်ဝမ်က မျက်လုံးပြူးသွားသည်။


"ဦးလေးဇုန်းတို့ မသိဘူးလား...ဗိုလ်မှူးက စွပ်ပြုတ်သောက်ဖို့ ကြက်သားလိုချင်တယ်လို့ ရူကွေ့ကပြောလို့ ကျွန်တော်တောင် ကူပြီး ကြက်ကိုသတ်ပေးလိုက်သေးတယ်...သူ အိမ်ကို ပြန်မယူလာဘူးလား..."


ဦးလေးဇုန်းက လန့်သွားမိသည်။

"ကြက် ဘယ်နှကောင်တောင် သတ်လိုက်တာလဲ...ပြီးတော့ ဘာလုပ်ဖို့လဲ..."


ဦးလေးဇုန်းကိုကြည့်၍ တစ်ခုခုတော့မှားနေပြီဖြစ်ကြောင့် ရှောင်ဝမ် သတိထားလိုက်မိသည်။

"ကျွန်တော့်ကိုတော့ ရှောင်ဝူ တစ်ကောင်ကိုပဲ သတ်ခိုင်းတာ...နောက်တော့ ရှောင်လျှိုကိုပါ ခေါ်သွားတယ်...သူ ဘယ်ဆက်သွားလဲတော့ ကျွန်တော်လည်း မသိဘူး..."


ဦးလေးဇုန်းမျက်နှာက ဖြူဖျော့သွားကာ လက်များက တုန်ယင်စပြုလာသည်။ သူ ဘာပြောရတော့မည်မသိတော့ချေ။


ရှောင်ဝူက သေသွားပြီဖြစ်ကာ ရှောင်လျှိုကတော့ ပျောက်နေချေပြီ။


အဆောင်ထဲမှ လမ်းလျှောက်၍ ထွက်လာပြီး အပြင်ရောက်သည်နှင့်တစ်ပြိုင်နက် ဦးလေးဇုန်းသည် သွေးရူးသွေးတန်း ပြေးသွားလေတော့သည်။


"ဗိုလ်မှူး...ပြဿနာတော့တက်ကုန်ပြီ..."


***


ရှောင်ဝူ အသတ်ခံလိုက်ရသည်ကို ကြားသောအခါ အဖိုးဝမ်သည် ဒေါသထွက်လွန်း၍ နှလုံးပင်ရပ်တော့မလိုဖြစ်သွားသည်။

"အဲဒီကောင်စုတ်လေး ဘာတွေ လျှောက်လုပ်နေတာလဲ..."


ထိုမေးခွန်းကို ဦးလေးဇုန်းလည်း မဖြေတတ်ပါချေ။


ပထမကတော့ ဝမ်ရူကွေ့သည် ခွင့်တစ်ရက်ယူထားသည်ဟုပြောသည်။ ထို့နောက် ရုတ်တရက် ခွင့်ပိုယူထားသည်ဟု ပြောပြန်လေသည်။ ဘာတွေဖြစ်နေကြောင်းမေးသောအခါတွင်လည်း ဌာနချုပ်၌ဖြစ်နေသည့်ကိစ္စများကို ပြော၍မရ ဟုသာ ပြန်ပြောသည်။


ထို့ကြောင့် ဦးလေးဇုန်းနှင့် အဖိုးဝမ်တို့သည် ဝမ်ရူကွေ့တစ်ယောက် မနက်အစောကြီးထွက်သွား၍ ညမှောင်မှ ပြန်ပြန်လာသည်ကို ထိုင်၍သာကြည့်နေကြရ၍ ဘာဖြစ်နေမှန်းလည်း မမေးရဲကြချေ။


ယခုတွင်‌တော့ ဝမ်ရူကွေ့သည် ရှောင်ဝူကိုသတ်၍ ရှောင်လျှိုကိုပါ ယူသွားလေတော့သည်။ ဤကိစ္စကတော့ တော်တော်လွန်သွားပြီဖြစ်သည်။


သို့သော် အဖိုးဝမ်ရှေ့၌ သူတွေးနေမိသည်ကို ထုတ်ပြော၍မရသောကြောင့် ဦးလေးဇုန်းက ဖျောင်းဖျသည့်သဘောဖြင့်သာပြောလိုက်သည်။

"စိတ်လျှော့ပါ ဗိုလ်မှူးရယ်...ရူကွေ့လည်း သူ့ဟာနဲ့သူ ကိစ္စရှိလို့နေမှာပါ...ဌာနချုပ်က လိုလို့ ယူသွားတာဖြစ်ရင်ဖြစ်မှာပေါ့..."


အဖိုးဝမ်သည် ဒေါသထွက်လွန်း၍ သူ၏မုတ်ဆိတ်ကပါ တဆတ်ဆတ်တုန်နေလေသည်။

"ဌာနချုပ်က လိုမလားကွ...ရူကွေ့က ရူပဗေဒနဲ့ စက်မှုအင်ဂျင်နီယာကို လေ့လာနေတာလေ...တိရစ္ဆာန်ကုဆရာဝန်မှမဟုတ်တာ..."


တိရစ္ဆာန်ဆရာဝန်ဖြစ်သည်ဆိုလျှင်တောင် ကြက်လေးရှောင်ဝူကို သတ်ရန်မလိုပေ။


ပို၍ အရေးကြီးသည်က အဖိုးဝမ်သည် ရှောင်ဝူ၏အသားကို တစ်ဖဲ့တစ်ကိုက်မျှပင် မစားလိုက်ရပေ။


ဤကဲ့သို့အလုပ်ခံရသည်ကတော့ အဆင်မပြေပါချေ။



ဦးလေးဇုန်းပင် ဘာပြောရမည်မသိဖြစ်သွားသည်။

"ညမှပဲ ရူကွေ့ကို မေးကြည့်ကြတာပေါ့..."


အဖိုးဝမ်ကတော့ စိတ်ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။ ရူကွေ့သာ အကြောင်းပြချက်ကောင်းကောင်းမပေးနိုင်လျှင် သေချာပေါက် ရိုက်နှက်ဆုံးမလိုက်မည်ဟု တွေးထားသည်။


သို့သော်လည်း ညရောက်သောအခါ ရူကွေ့က အိမ်ပြန်မလာတော့ဟု ဖုန်းဆက်၍ လှမ်းပြောလေသည်။


ထိုစကားကိုကြားသောအခါ အဖိုးဝမ်သည် ဒေါသထွက်လွန်း၍ ဖုန်းကို မျိုချတော့မိမတတ်ပင် ဖြစ်သွားသည်။

"ကောင်စုတ်လေး...မင်း အခုချက်ချင်း အိမ်ပြန်ခဲ့စမ်း..."


ဝမ်ရူကွေ့: "အဖိုး...ဒီည ဌာနချုပ်ကို ကျွန်တော် မဖြစ်မနေ ပြန်ရမှာမို့လို့ပါ...အိမ်ပြန်လာဖို့ အချိန်မရှိတော့ဘူး..."


အဖိုးဝမ်ကတော့ ဒေါသအလိပ်လိုက်ထွက်နေသည်။

"ဒါဆိုလည်း ငါ့ကိုပြောစမ်း...ရှောင်ဝူနဲ့ ရှောင်လျှိုတို့ ဘာဖြစ်သွားကြတာလဲ..."


ဝမ်ရူကွေ့က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။

"အဖိုး...ရှောင်ဝူနဲ့ ရှောင်လျှိုတို့က အိမ်ပြန်လာလို့မရတော့ဘူး...နောက်မှ အဖိုးကို ကြက်အသစ်နှစ်ကောင် ပြန်ဝယ်ပေးမယ်နော်..."


အဖိုးဝမ်က သူ၏တုတ်ကောက်ကို ကြမ်းပြင်ပေါ်သို့ဆောင့်ချလိုက်သည်။

"ဒါက ရိုးရိုးကြက်တွေအကြောင်းပြောနေတာမဟုတ်ဘူးကွ...ရှောင်ဝူနဲ့ ရှောင်လျှိုတို့အကြောင်းပြောနေတာ...သူတို့ ကြက်ပေါက်လေးတွေဘဝတည်းက ငါမွေးလာတာ...နှစ်ကောင်လုံးက ငါ့ကလေးတွေလိုဖြစ်နေပြီ..."


ဖုန်းလိုင်းတစ်ဖက်မှ တိတ်ဆိတ်သွားသည်။


အချိန်တော်တော်ကြာသည့်အခါမှ ဝမ်ရူကွေ့၏ ခပ်အေးအေးပြောသံက ဖုန်းတစ်ဖက်မှ ပေါ်ထွက်လာသည်။

"အဖိုး...ရှောင်ရီ(နံပါတ် ၁)...ရှောင်အာ(နံပါတ် ၂)...ရှောင်စန်း(နံပါတ် ၃)...ရှောင်ရှီ(နံပါတ် ၄) တို့ကိုလည်း အဖိုးရဲ့ကလေးတွေလိုပဲလို့ပြောခဲ့တာပဲမဟုတ်ဘူးလား...ပြီးတော့လည်း အဖိုးပဲ သူတို့ကို စွပ်ပြုတ်ထဲထည့်လိုက် ဟင်းပေါင်းအိုးထဲထည့်လိုက် လုပ်ခဲ့တာပဲလေ..."


အဖိုးဝမ်လည်း ရုတ်တရက်ဘာပြောရမည်မသိဖြစ်သွားသည်။ ခဏနေမှ ပြောလိုက်သည်။

"ဒါကတော့ တူမလားကွ...ရှောင်ရီနဲ့ တခြားအကောင်တွေက ရှောင်ဇုန်းမွေးထားတာလေ...သူတို့တွေက ရှောင်ဇုန်းရဲ့ကလေးတွေ...ရှောင်ဝူနဲ့ရှောင်လျှိုတို့ကကျ ငါကိုယ်တိုင်မွေးထားတာကွ..."


ဦးလေးဇုန်း: "...."


ဒါဆို ကျွန်တော့်ရဲ့ကြက်တွေကတော့ စားလို့ရတယ်ပေါ့...


ဝမ်ရူကွေ့: "အဖိုး...ကျွန်တော် ကြက်တွေကို ရဲဘော်ထုံကိုပေးလိုက်တာ...သူက ဒီနေ့ပဲ ‌အိမ်ပြောင်းလို့လေ...နောက်မှ အဖိုးရဲ့ကြက်တွေကို အလျော်ပြန်ပေးပါ့မယ်..."


ထိုစကားကို အဖိုးဝမ်ကြားသောအခါ ကြက်တွေကို ခေါင်းထဲမရှိတော့ပေ။

"ရဲဘော်ထုံ ဟုတ်လား...မြက်နုလေးကိုပြောတာလား..."


"အင်း..."


အဖိုးဝမ်က ပို၍ပင် ဒေါသထွက်သွားလေသည်။

"အဲဒါကို ဘာဖြစ်လို့ ငါ့ကို ကြိုမပြောတာလဲကွ..."


ဟိုတစ်နေ့တုန်းက စားရသော ဂေါ်ဖီချဉ်နှင့် ငါးက အလွန်စား၍ကောင်းသောကြောင့် ရှောင်ဝူသည် စွပ်ပြုတ်ဖြစ်သွားသည်ဖြစ်စေ ကြက်ပေါင်းဖြစ်သွားသည်ဖြစ်စေ အလွန်စား၍ကောင်းမည်ဖြစ်ကြောင်း အဖိုးဝမ်သိလိုက်သည်။


သူ့အဖိုး ဘာအကြောင်းစဉ်းစားနေသည်ကို ကြိုမြင်မိသော ဝမ်ရူကွေ့သည်လည်း ခေါင်းထဲမှ စဉ်းစားလိုက်သည်။ (အဖိုးအကြောင်းသိလို့ ကြိုမပြောတာပေါ့...)


*****

အဖိုးဝမ်သည် နောက်ရက်အနည်းငယ်ကြာသည်အထိ ဒေါသထွက်နေဆဲဖြစ်သည်။


အကြောင်းမသိသည့်လူများကတော့ အဖိုးဝမ်တစ်ယောက် ရှောင်ဝူနှင့်ရှောင်လျှိုတို့ကို ဆုံးရှုံးလိုက်ရ၍ စိတ်မကောင်းဖြစ်နေသည်ဟု ထင်ကြပေလိမ့်မည်။ သို့သော် အဖိုးဝမ်သည် မြက်နုလေးချက်ပေးသော ရှောင်ဝူကို မစားရသောကြောင့် မကျေမနပ်ဖြစ်နေကြောင်းကို ဦးလေးဇုန်းသာသိလေသည်။


ဝမ်ရူကွေ့သည် အဖိုးဝမ်နှင့် ဖုန်းပြောပြီး၍ ဖုန်းကိုချကာ အနောက်သို့လှည့်လိုက်သည့်အချိန်မှာပင် မီးသီးထက်ပို၍ လင်းထိန်နေသော ဖူကျန့်ယိ၏မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသည်။


ဖူကျန့်ယိ: "ဝမ်ရူကွေ့ မင်းတစ်ခုခုတော့ ထူးခြားနေတယ်..."


ဝမ်ရူကွေ့က စပျစ်သီးခြောက်ကိတ်မုန့်များပါသော အိတ်ကို ကောက်ယူကာ ပြောလိုက်သည်။

"ငါ နောက်ကျနေပြီ...ငါ့ကို ဘူတာမှာပဲချခဲ့တော့...အဲဒီကျမှ တစ်ယောက်ယောက် လာခေါ်လိမ့်မယ်..."


ဤအချိန်၌ ဘူတာသို့သွားသောရထားများမရှိတော့ချေ။ ထို့ကြောင့် ဝမ်ရူကွေ့သည် ရဲစခန်းသို့လာကာ ဖူကျန့်ယိအား လိုက်ပို့ခိုင်းနေရခြင်းဖြစ်သည်။


ဖူကျန့်ယိက ဝမ်ရူကွေ့၏ပခုံးကိုလှမ်းကိုင်ကာ လူမိုက်ကဲ့သို့ ပြုံးလိုက်သည်။

"ငါ မင်းကို လိုက်ပို့မှာပါ...ဒါပေမယ့် အပေးအယူတော့ရှိတယ်...မင်းနဲ့ ရဲဘော်ထုံတို့ ဘာတွေဖြစ်နေကြတယ်ဆိုတာကို ပြောပြမှ လိုက်ပို့ပေးနိုင်မယ်..."


ဝမ်ရူကွေ့က ဖူကျန့်ယိ၏လက်ကို တွန်းဖယ်ကာ မျက်နှာတည်တည်နှင့်ပြောလိုက်သည်။

"ငါ့အပေါ်တင်နေတဲ့ မင်းရဲ့အကြွေးတွေ..."


ဖူကျန့်ယိလည်း ဒေါသထွက်သွားတာ ခုန်ဆွခုန်ဆွဖြစ်သွားသည်။

"အေးပါ အေးပါ...ငါ ဘာမှမမေးတော့ပါဘူး ဟုတ်ပြီလား..."


ဝမ်ရူကွေ့တစ်ယောက် တစ်နေ့ထက်တစ်နေ့ ပိုပို၍ဆိုးနေလေသည်။ ယခင်က ဝမ်ရူကွေ့သည် ထိုသို့မဟုတ်ပေ။


ဖူကျန့်ယိသည် ဟိုတစ်နေ့က ထုံရွှယ်လူ သူ့ကို လှည့်စားခဲ့သည်ကို ရုတ်တရက် သတိရသွားသည်။


ဝမ်ရူကွေ့ ယခုကဲ့သို့ဖြစ်နေသည်မှာ ထိုမိန်းကလေးကြောင့်များလား။ ထို ထုံရွှယ်လူသည် ဝမ်ရူကွေ့ကို ချုပ်ကိုင်ကာ ခိုင်းချင်တိုင်းခိုင်းနေသည်လား။


သို့သော် ဝမ်ရူကွေ့က သူ၏ပျော့ကွက်ကိုကိုင်ထားသောကြောင့် ဖူကျန့်ယိလည်း ဘာမှဆက်မမေးရဲတော့ချေ။ ရဲကားကိုမောင်း၍ ဝမ်ရူကွေ့ကို ဘူတာ၌သာ ချပေးလိုက်သည်။


ဝမ်ရူကွေ့လည်း ဖူကျန့်ယိကို ကျေးဇူးတင်ကြောင်းပြောကာ စပျစ်သီးခြောက်ကိတ်မုန့်များကို နည်းနည်းပင် မျှဝေရန် စိတ်ကူးမရှိပဲ ထွက်သွားလေတော့သည်။


ထွက်သွားသော ဝမ်ရူကွေ့၏နောက်ကျောကိုကြည့်၍ ဖူကျန့်ယိသည် သွားကိုက်နေသူကဲ့သို့ အံသွားကိုလျှာနှင့်ထိုး၍ ကျန်ခဲ့လေသည်။