အပိုင်း ၆၄
Viewers 16k

Chapter 64

 မလုပ်ပါနဲ့..ကျူးကျူးမြင်သွားရင်မကောင်းဘူး




ဝမ်ရူကွေ့က ကျိုးရန်ကို လာခေါ်ခိုင်းလိုက်သည်။


ကားထဲသို့ ဝမ်ရူကွေ့ရောက်ရောက်ချင်းမှာပင် ကျိုးရန်၏ မေးခွန်းများပြည့်နေသောအကြည့်နှင့်ရင်ဆိုင်လိုက်ရသည်။


ဝမ်ရူကွေ့က သတိမထားမိသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

"လာကြိုပေးလို့ ကျေးဇူးပါကွာ..."


ကျိုးရန်က ကျစ်ခနဲ စုတ်သပ်၍ ပြောလိုက်သည်။

"ဒီရက်ပိုင်းအတွင်း မင်း ဘာတွေဖြစ်နေတာလဲ ရူကွေ့...ဘာဖြစ်လို့ ရုတ်တရက်ကြီး ခွင့်တွေအများကြီးယူတာလဲ...ကြင်ယာဖက် ထပ်သွားတွေ့နေပြန်ပြီလား..."


ဝမ်ရူကွေ့က နှုတ်ခမ်းများကို တင်းတင်းစေ့၍ ပြောလိုက်သည်။

"မဟုတ်ပါဘူး..."


ကျိုးရန်ကတော့ ယုံသည့်ပုံမပေါ်ပေ။

"မင်းကိုယ်မင်းလည်း ပြန်ကြည့်ပါဦး...တွေ့တဲ့မိန်းကလေးကို မကြိုက်ပြန်ဘူးလား...ငါ့အမြင်ကို ပြောရမယ်ဆိုရင်တော့ မင်း ဂျီးများနေတာကိုရပ်သင့်ပြီ...မင်းက လူတစ်ယောက်နဲ့ တစ်ယောက်ကိုတောင် ခွဲသိတာမဟုတ်ပဲနဲ့...မင်း ဘယ်သူနဲ့ယူယူ အရေးမှမကြီးပဲ..."


ဝမ်ရူကွေ့က ခပ်အေးအေးပင်ပြောလိုက်သည်။

"အရေးကြီးတာပေါ့ကွ..."


မိန်းကလေးကို အခြားလူများနှင့်ပင် ခွဲ၍မသိလျှင် ထိုမိန်းကလေးအကြောင်းကို ပိုသိ‌လာအောင် မည်သို့ လုပ်ရပါမည်နည်း။ 


ထို့အပြင် အိမ်ထောင်ပြုခြင်းသည် သားသမီးများမွေးရန်အတွက်သာမဖြစ်သင့်ပဲ စိတ်ဝိဉာဉ်နှစ်ခု ပေါင်းစပ်ခြင်းလည်း ဖြစ်သင့်ပေသည်။


သို့သော် ထုံးစံအတိုင်း ထိုအကြောင်းများကို ကျိုးရန်အားရှင်းပြရန် ဝမ်ရူကွေ့၌ ဆန္ဒမရှိပါချေ။


ကျိုးရန်ကလည်း ဤအကြောင်းကိုဆက်ပြောရန် စိတ်ပါတော့ပုံမပေါ်ချေ။


ကျိုးရန်သည် ကားမောင်းနေရင်းဖြင့် ခွေးကဲ့သို့ နှာခေါင်းကို တရှုံ့ရှုံ့လုပ်ကာ မေးလိုက်သည်။

"မင်း အိမ်ကနေ ဘာမုန့်တွေသယ်လာတာလဲ..."


စပျစ်သီးခြောက်ကိတ်မုန့်ကိုကိုင်ထားသော ဝမ်ရူကွေ့၏လက်များက ခဏမျှ တန့်သွားသည်။

"စပျစ်သီးခြောက်ကိတ်မုန့်ပါ..."


"ဪ အဲဒါကြောင့် စပျစ်သီးခြောက်အနံ့ ရနေတာကိုး..."

ကျိုးရန်က ပြုံး၍ပြောလိုက်သည်။

"ငါ ဒီည ညစာစားတာ မဝတာနဲ့ အတော်ပဲ...ငါ့ကို တစ်တုံးလောက်ပေးပါဦး..."


အိတ်ကိုကိုင်ထားသော ဝမ်ရူကွေ့၏လက်များက ပို၍ တင်းကျပ်သွားကာ ကျိုးရန် တောင်းနေသည်ကိုငြင်းလိုက်သည်။

"မပေးဘူး..."


မပေးဘူး?

မပေးဘူး ဟုတ်လား!?


ကျိုးရန်သည် အံ့ဩသွားလွန်းသဖြင့် ပါးစပ်ပင် ဟောင်းလောင်းပွင့်သွားသည်။

"မင်း ဘာတုန်းက ဒီလောက် တွန့်တိုတတ်သွားတာလဲ ရူကွေ့...စပျစ်သီးခြောက်ကိတ်မုန့်လေးတစ်တုံးပဲတောင်းမိတာကို...ငါကတော့ ညကြီးမိုးချုပ် မင်းကို ဘူတာအထိတောင်လာကြိုရတာကို မင်းက ကိတ်မုန့်လေးတစ်တုံးတောင်မပေးချင်ဘူးပေါ့...မင်း ငါ့ကို လာနောက်နေတာလား..."


ဝမ်ရူကွေ့: "မနက်ဖြန်ကျရင် မင်းကို ကန်တင်းမှာ လိုက်ကျွေးပါ့မယ်ကွာ..."


"ကန်တင်းမှာ သွားစားတဲ့လူ ဘယ်နှယောက်များရှိလို့လဲ..."


ကျိုးရန်အတွက် ထိုစပျစ်သီးခြောက်ကိတ်မုန့်လေးတစ်တုံးလောက်က ဘာမှမပြောပလောက်သော်လည်း ဝမ်ရူကွေ့၏အပြုအမူက အလွန်ထူးဆန်းနေသောကြောင့် ဆက်ပြောနေမိခြင်းဖြစ်သည်။


ကျိုးရန်က ဝမ်ရူကွေ့က အကြိမ်အနည်းငယ်မျှ လှည့်ကြည့်ကာ ပြောလိုက်သည်။

"ရူကွေ့...မင်း ဒီလောက်တော့ ကျေးဇူးကန်းဖို့မကောင်းဘူး...မင်းဆီမှာလည်း ကိတ်မုန့်တွေ အများကြီးရှိနေတာပဲကို...ငါ့ကို တစ်တုံးလောက်ပေးတော့ ဘာဖြစ်သွားမှာမို့လို့လဲ..."


ဝမ်ရူကွေ့က ထပ်၍ငြင်းလိုက်ပြန်သည်။

"မင်း ကန်တင်းမှာမစားချင်ရင်လည်း အစိုးရပိုင်စားသောက်ဆိုင်မှာ ငါကျွေးပါ့မယ်..."


ကျိုးရန် ပို၍ပင် အံ့ဩသွားရလေတော့သည်။


ကျိုးရန်သည် ဝမ်ရူကွေ့နှင့် သိခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ ဝမ်ရူကွေ့ကို စေတနာကောင်း၍ ရက်ရောတတ်သူတစ်ဦးအနေနဲ့ သိထားခဲ့သည်။ ဝမ်ရူကွေ့သည် အိမ်မှပါလာသော အရသာရှိသည့်အစားအသောက်များကို အခြားလူများနှင့် အမြဲဝေမျှ၍စားတတ်သည်။ ယခုတွင်တော့ ဝမ်ရူကွေ့တစ်ယောက် မည်သို့ဖြစ်သွားပါသနည်း။


အကြောင်းရင်းမှာ ထိုစပျစ်သီးခြောက်ကိတ်မုန့်ကြောင့်ဖြစ်မည်ဟု ကျိုးရန်တွေးလိုက်သည်။


ဌာနသို့ပြန်ရောက်သည်အထိ ကျိုးရန်သည် ဝမ်ရူကွေ့ဆီမှ ကိတ်မုန့်တစ်တုံးလေးမျှပင် တောင်း၍ မရခဲ့ပေ။


အလွန်ပင် ထူးဆန်းပါပေသည်။


****


လောင်စာဆီထောက်ပို့ဌာနဝန်းထဲတွင်..


အမေထုံက ညစာစားရင်းနှင့် ထုံကျန်းကျန်း၏ပြောင်းလဲသွားမှုအကြောင်းကို အခြား ထုံမိသားစုဝင်များကို ပြောပြနေသော်လည်း မည်သူကမှ မယုံကြချေ။


ချိုင်ချွန်းလန်က အဆီများများပါသော အသားတစ်ဖတ်ကို ပါးစပ်ထဲသို့ထည့်ကာပြောလိုက်သည်။

"အမေ တကယ်ပြောနေတာလား...ကြားရတာတော့ မယုံနိုင်စရာတွေပဲ..."


ထုံကျန်းကျန်းကို လယ်ထဲသို့ ပို့ပြီးနောက်မှ သူတို့တစ်မိသားစုလုံး ထုံကျန်းကျန်းကို သွားတွေ့ပြီးကြပြီဖြစ်သည်။


ထိုအခါတုန်းက ထုံကျန်းကျန်းက သူတို့အကုန်လုံးကို ငရဲသို့သာသွားသေရန်ကြိမ်ဆဲခဲ့သည်ကို လူတိုင်း အမှတ်ရနေဆဲဖြစ်နေသည်။ ထို့ကြောင့် အမေထုံပြောနေသည်ကို ဘယ်သူမှမယုံကြပေ။


အမေထုံက သူမ၏ ဒုတိယမြောက်ချွေးမကို မျက်နှာတင်းတင်းဖြင့်ကြည့်ကာ ပြောလိုက်သည်။

"ငါက ဒီလိုကိစ္စမျိုးကို မဟုတ်တရုတ်လုပ်ကြံပြီးပြောမယ်လို့ နင်ကထင်နေတာလား...ကျန်းကျန်းက ဖြစ်သမျှတွေကို ခေါင်းအေးအေးနဲ့စဉ်းစားဖို့ အချိန်လေးပဲ နည်းနည်းလိုနေတာပါ...နင် အပြင်မှာ ကျန်းကျန်းမကောင်းကြောင်းတွေ လျှောက်ပြောလို့မရတော့ဘူးနော်..."


အမေထုံ၏ ဒုတိယမြောက်ချွေးမသည် ပါးစပ်ဖွာသူဖြစ်သည်။ ထုံရွှယ်လူရှိစဉ်တုန်းကလည်း ထုံရွှယ်လူ၏မကောင်းကြောင်းများကို အခြားလူများကို လျှောက်ပြောတတ်သည်။ ထုံကျန်းကျန်းရောက်လာသောအခါတွင်လည်း ထုံကျန်းကျန်းမကောင်းကြောင်းများကိုပြောနေသည်မှာ မပြီးတော့ပေ။


ဤကဲ့သို့ အခြားလူများမကောင်းကြောင်းကိုလျှောက်ပြောနေတတ်သော မိန်းမတစ်ယောက်ကို ပတ်ဝန်းကျင်က မည်သို့ထင်ကြမည်နည်း။ အသိစိတ်မရှိသည့် ခပ်ညံ့ညံ့မိန်းမတစ်ဦး ဟုသာ ထင်ကြမည်ဖြစ်သည်။


သူမ၏ယောက္ခမကြီးက ဤကဲ့သို့ တိုက်ရိုက်ကြီးပြောလာမည်ဟု မထင်ထားခဲ့သောကြောင့် ပန်ကိတ်နှင့်တူသော ချိုင်ချွန်းလန်၏မျက်နှာသည် သကြားမုန်လာကဲ့သို့ နီရဲသွားလေသည်။

"ကျွန်မပြောသမျှက အမှန်တွေကြီးပါပဲ..."


အမေထုံက အဖက်လုပ်၍ပင် စကားပြန်မပြောတော့ပေ။ ကျန်ရှိနေသည့် သူမ၏သားနှစ်ယောက်နှင့် ချွေးမအကြီးကိုသာ ပြောလိုက်သည်။

"သူ အရင်က လုပ်ခဲ့တာတွေက မှားတယ်ဆိုတာ ကျန်းကျန်းလည်း အခုနားလည်နေပါပြီ...အဲဒါကြောင့် နောက်ကျရင် အဲဒီအတိတ်ကကိစ္စတွေကြောင့် ကျန်းကျန်းကို မကောင်းမမြင်စေချင်ဘူး..."


အစ်ကိုကြီးထုံက ပြောလိုက်သည်။

"အမေပြောတာ မှန်တယ်...ကျန်းကျန်းလည်း အခု အမြင်မှန်ရနေပါပြီ...ကျန်းကျန်းကိုလယ်တောဆီ ပို့လိုက်တာ အရမ်းမှန်တဲ့ဆုံးဖြတ်ချက်လို့ ကျွန်တော်ထင်တယ်..."


အစ်ကိုကြီးထုံ ဝင်ပြောလိုက်ပြီးသောအခါတွင်တော့ အမေထုံပြောနေသည်များကညအမှန်ဖြစ်မည်ဟု အခြားလူများလည်း လက်ခံလာကြသည်။


အဖေထုံကလည်း ကျေနပ်သွားသည့်ပုံဖြင့်ပြောလိုက်သည်။

"မင်းတို့အမေပြောတာမှန်တယ်...ကျန်းကျန်းက သူ့ရဲ့ အရင်တုန်းက လုပ်ရပ်တွေက မှားမှန်းသိနေပြီမို့လို့ သူ့ရဲ့ အစ်ကိုနဲ့ ယောင်းမတွေဖြစ်တဲ့ မင်းတို့ကလည်း သူ့ကို ခွင့်လွှတ်ကြရမယ်...တကယ်တော့လည်း ကျန်းကျန်းက မင်းတို့ရဲ့ ညီမအရင်းပဲမဟုတ်လား..."


သားနှစ်ယောက်နှင့် ချွေးမများက ‌သဘောတူထောက်ခံလိုက်ကြသည်။


ထုံကျန်းကျန်း တောင်းဆိုလိုက်သည့် အခြားအရာအတွက်တော့ အားလပ်ရက်များပြီးမှ အခြား ထုံမိသားစုများထံသွားလိုက်မည်ဟု အမေထုံစဉ်းစားလိုက်သည်။



အခြားထုံမိသားစုအကြောင်း စဉ်းစားမိသောအခါ အမေထုံ၏အတွေးထဲသို့ ထုံရွှယ်လူ ရောက်လာသည်။


အမေထုံသည် ကလေးချင်းလဲခံရသည့်အကြောင်းမသိခင်အထိ ထုံရွှယ်လူကို အလွန်ချစ်ခဲ့သည်။ ထုံကျန်းကျန်းပြန်ရောက်လာသောအခါ အမေထုံ၏နှလုံးသားသည် နှစ်ခြမ်းကွဲသွားသကဲ့သို့ ခံစားခဲ့ရသည်။


ထုံရွှယ်လူသည် သူမ၏သမီးအရင်းမဟုတ်သော်လည်း နှစ်ပေါင်းများစွာ သမီးအရင်းကဲ့သို့ ချစ်ခဲ့ရသောကြောင့် ထုံရွှယ်လူအား ထွက်မသွားစေချင်မ်ပေ။


သို့သော် ထုံရွှယ်လူနှင့် ထုံကျန်းကျန်း ပဋိပက္ခဖြစ်ကာ ထုံကျန်းကျန်းကို လယ်တောသို့ ပို့လိုက်ရသည့်အခါတွင်တော့ အမေထုံ၏စိတ်‌ ပြောင်းစပြုလာသည်။


အထူးသဖြင့် ပိန်လှီ၍ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ထုံကျန်းကျန်းကိုမြင်ရသည့်အခါ ပို၍ပင် စိတ်မကောင်းဖြစ်သွားမိသည်။ ထုံကျန်းကျန်း ဤသို့ဖြစ်နေရသည်မှာ ထုံရွှယ်လူ၏အပြစ်မဟုတ်မှန်းသိသော်လည်း စိတ်ထဲ၌တော့ အနည်းငယ် မကျေမနပ်ဖြစ်နေမိသည်။


သို့သော် အမေထုံသည် ထိုအကြောင်းကို မည်သူ့ကိုမှတော့ မပြောပြဖြစ်ချေ။


ထိုအချိန်၌ ဝေ့ မိသားစုသည်လည်း ထုံရွှယ်လူနှင့် သူမ၏မောင်နှမများအကြောင်းပြောနေလေသည်။


ရှန်ဝမ်ရုံက သူ၏ယောင်္ကျားကိုပြောပြနေသည်။

"ဘေးအိမ်ကို ကလေးလေးတွေ ပြောင်းလာကြတာ...အငယ်ဆုံးလေးဆို ၃ ၄ နှစ်လောက်ပဲရှိသေးတယ်ထင်တယ်...မိဘတွေကိုလည်း အခုထိမတွေ့သေးတော့ မရှိကြတော့ဘူးထင်တယ်..."


မိဘများသာရှိနေသေးပါက သူတို့မပါပဲနှင့် အိမ်ပြောင်းခြင်းကိစ္စကို ဤမျှငယ်ရွယ်သောကလေးများနှင့်သာ လွှဲထားကြမည်မဟုတ်ချေ။


ဝေ့ကျီကောင်းက သစ်အယ်သီးများကို အခွံခွာ၍ ရှန်ဝမ်ရုံနှင့် သူတို့၏မြေးမလေး၏ပန်းကန်များထဲသို့ ထည့်ပေးနေသည်။

"ဒါဆို အဲဒီကလေးတွေကြီးပဲ ဒီကို ဘယ်လိုပြောင်းလာကြတာလဲ...လူကောင်းတွေရော ဟုတ်ကြရဲ့လား..."


တစ်အိမ်နှင့်တစ်အိမ်က အလွန်ကပ်နေကြသောကြောင့် ယခု‌ပြောင်းလာသူများက လူကောင်းမဟုတ်လျှင် သူတို့၏ မြေးမလေးအပေါ်လွှမ်းမိုးသွားမည်ကို စိုးရိမ်နေမိသည်။


အဖိုးဝေ့၏စကားကိုကြားသောအခါ ဝေ့ကျူးကျူးက ပန်းကန်လုံးထဲ ခေါင်းစိုက်နေရာမှ သူမ၏ ပါးဖောင်းဖောင်းနှင့်မျက်နှာကိုမော့ကာ ပြောလိုက်သည်။

"ကောင်းတာပေါ့...မမထုံရော သူ့ရဲ့ မောင်တွေနဲ့ ညီမရောက အကုန် ချောကြတယ်...စိတ်ထားလည်း ကောင်းကြမှာ..."


‌သူ၏မြေးမလေးစကားကြောင့် အဖိုးဝေ့ အံ့ဩသွားမိသည်။

"လူတစ်ယောက်ကို ရုပ်ရည်ပဲကြည့်ပြီး စိတ်ထ ကောင်းလား မကောင်းဘူးလားဆိုတာ ဆုံးဖြတ်လို့မရဘူး သမီးရဲ့...တစ်ယောက်ယောက်က ရုပ်လေးချောနေရုံနဲ့ စိတ်ထားက ကောင်းနေတာမဟုတ်သလို ရုပ်မလှတဲ့လူတိုင်းကလည်း လူဆိုးတွေမဟုတ်ဘူး...ဒါကို သမီးလေး ခေါင်းထဲ မှတ်ထားရမယ်နော်..."


ဝေ့ကျူးကျူးက ခေါင်းငြှိမ့်ပြလိုက်သည်။

"ဟုတ်ကဲ့...ဒါပေမယ့် မမထုံနဲ့ သူ့ရဲ့ မောင် ညီမ တွေက တကယ်လူကောင်းတွေပါ..."


ထိုသို့ပြောပြီးသောအခါ ဝေ့ကျူးကျူးသည် တူကို ပစ်ချ၍ ခုံပေါ်မှ ခုန်ချကာ ကလေးစာအုပ်များဖတ်ရန် ထွက်သွားလေတော့သည်။


အဖိုးဝေ့တစ်ယောက် ဘာပြောရမည်မသိဖြစ်၍ ကျန်ခဲ့လေသည်။


ရှန်ဝမ်ရုံက သူမ၏ယောင်္ကျားကိုကြည့်ကာ ပြုံးလိုက်သည်။

"အဲဒီကလေးတွေက တကယ်ကို ချောကြတာ...အကြီးဆုံးမလေးဆို ပိုချောတယ်...ရေထဲကပွင့်နေတဲ့ ခေါင်ရမ်းပန်းလေးလိုပဲ...အဲဒီကလေးမလေးကိုကြည့်ရတာ တစ်နေရာရာမှာ ရင်းနှီးဖူးသလိုပဲ...စဉ်းစားကြည့်တော့လည်း ထွက်မလာဘူး..."


ဝေ့ကျီကောင်း: "စိတ်ပူမနေပါနဲ့...မှတ်ဉာဏ်ဆိုတာ အဲဒီလိုပဲ...စဉ်းစားလေ ပိုမေ့လေပဲ...မေ့မေ့ပျောက်ပျောက်ထားလိုက်မှ သတိရလာလိမ့်မယ်..."


ထိုသို့ပြောပြီးသောအခါ အဖိုးဝေ့သည် အဖွားရှန်နားသို့တိုး၍ ပါးကို နမ်းလိုက်‌သည်။


အဖွားရှန်၏မျက်နှာသည် ရုတ်တရက် ချက်ထားသောပုစွန်ကဲ့သို့ ရဲတက်သွားသည်။ ထို့နောက် အဖိုးဝေ့ကိုတွန်းကာပြောလိုက်သည်။

"ဘာတွေလုပ်နေတာလဲ...ကျူးကျူးမြင်သွားရင်ဘယ်လိုလုပ်မလဲ..."


အဖိုးဝေ့က သွားကိုဖြီး၍ ပြောလိုက်သည်။

"မမြင်ပါဘူးကွာ..."


အဖွားရှန်လည်း ချစ်ခြင်းမေတ္တာများပြည့်ဝနေသော အကြည့်ဖြင့် အဖိုးဝေ့အားပြုံးကာ ကြည့်လိုက်လေသည်။


***


ဝမ်ရူကွေ့ပြန်သွားပြီးသောအခါ ထုံရွှယ်လူတို့သည် အထုပ်များမဖြည်သေးပဲ ရေချိုးကာ စောစောအိပ်ယာဝင်လိုက်ကြသည်။


ထုံကျားရှင်းသည် အိမ်မပြောင်းခင်ကတော့ သူ၏ကိုယ်ပိုင်အခန်းရတော့မည်ကိုပျော်နေသော်လည်း အိပ်ချိန်ရောက်သောအခါ ကြောက်နေပြီး ထုံကျားမင်၏အခန်းထဲမှ ခြေတစ်လှမ်းမခွာဖြစ်နေသည်။


နောက်ဆုံးတော့လည်း ညီအစ်ကိုနှစ်ယောက်သည် တစ်ခန်းတည်းပင် အိပ်လိုက်ရပေတော့သည်။


နောက်တစ်နေ့သည် နေသာ၍ သာယာသောနေ့တစ်နေါဖြစ်သည်။


ထုံရွှယ်လူသည် ခွင့်တစ်ရက်ကျန်သေးသောကြောင့် အလုပ်သို့ ကတိုက်ကရိုက် သွားစရာမလိုသေးချေ။


ခြံထဲ၌လည်း ရှင်းလင်းစရာများ များစွာကျန်သေး၍ ဒီနေ့ အပြီးလုပ်မည်ဟု ထုံရွှယ်လူ စဉ်းစားလိုက်သည်။


ထုံကျားမင်က စောစောထကာ လူတိုင်းအတွက် နံနက်စာအဖြစ် ဆန်ပြုတ်နှင့် အချဉ်ဖောက်ထားသော ဟင်းသီးဟင်းရွက်များ ပြင်ဆင်ထားပေးသည်။


ထုံရွှယ်လူနိုးလာသောအခါ ကြက်ဥအနည်းငယ်ထပ်ကြော်လိုက်သည်။


ကြက်ဥကြော်များကိုမြင်မှ ထုံကျားရှင်း၏စူပုပ်နေသောမျက်နှာလည်း ပြေလျော့သွားသည်။


အားလုံး နံနက်စာ စားပြီးကြသောအခါ ခြံဝန်းထဲမှ သစ်သားတံခါးခေါက်သံကို ကြားလိုက်ကြရလေသည်။