အပိုင်း ၆၅
Viewers 18k

Chapter 65

- ထိုမိန်းမ၌ ဘာအကြံအစည်တွေ ရှိနေပါလိမ့်




"မမထုံ...ကိုကိုကျားမင်...ညီမလေးမျန်မျန်...သမီးဆော့ဖို့‌လာခဲ့တာ..."


သူ့နာမည်တစ်ခုတည်းကွက်ကျန်ခဲ့သော ထုံကျားရှင်းက ဟင်း ခနဲ နှာခေါင်းထဲမှ လေမှုတ်ထုတ်လိုက်သည်။


ထုံရွှယ်လူက ထုံမျန်မျန်ကိုခေါ်ကာ တံခါးဆီသို့သွားလိုက်သည်။


သစ်သားတံခါးကိုဖွင့်လိုက်သည်နှင့် ဝေ့ကျူးကျူး၏ လုံးတစ်နေသောခန္ဓာကိုယ်လေးက ပြေးဝင်လာသည်။ 

"ဟဲလို မမထုံ...မနက်စာစားပြီးပြီလားဟင်..."


ထုံရွှယ်လူက ပြုံး၍ပြောလိုက်သည်။

"အခုပဲစားပြီးတာ...ညီမလေးရော..."


ဝေ့ကျူးကျူးက သူမ၏ လုံးဝန်းနေသော ဗိုက်လေးကိုပွတ်ကာပြောလိုက်သည်။

"သမီးရောပဲ...သမီးက နိုးတည်းက ဒီကိုလာချင်နေတာ...ဒါပေမယ့် ဖွားဖွားက ဒီလောက်အစောကြီးမသွားရဘူးလို့ပြောလို့..."


ထုံရွှယ်လူက ဝေ့ကျူးကျူး၏ခေါင်းလေးကိုပွတ်၍ ပြောလိုက်သည်။

"ဘယ်အချိန်ချိန်လာလာရပါတယ်...သွား သွား...မျန်မျန်နဲ့သွားကစားတော့..."


ဝေ့ကျူးကျူးသည် အနည်းငယ် ဟန်ဆောင်ပန်ဆောင်နိုင်သော်လည်း ယဉ်ကျေး၍ အခြားလူများ၏စကားကိုနားထောင်တတ်သည်ဟု ထုံရွှယ်လူထင်မိသည်။ ကလေးမလေးက အလွန်ဆိုးသွမ်းနေသော ကလေးတော့မဟုတ်ပါချေ။


ဝေ့ကျူးကျူးက ထုံမျန်မျန်၏လက်ကို ပျော်ရွှင်စွာလှမ်းကိုင်ကာပြောလိုက်သည်။

"သွားဆော့ကြရအောင် ညီမလေး..."


ထုံမျန်မျန်ကလည်း သူမ၏ခေါင်းကိုငြှိမ့်ကာ ပျော့ပျောင်းသည့်အသံလေးနှင့်ပြောလိုက်သည်။

"မမကျူးကျူးကို ရှောင်လျှိုကို လိုက်ပြမယ်..."


ဝေ့ကျူးကျူးက စပ်စုလိုက်သည်။

"ရှောင်လျှိုက ဘယ်သူလဲ..."


ထုံမျန်မျန်: "မျန်မျန်တို့အိမ်က ကြက်လေးလေ...ဟိုမှာကြည့်လိုက်..."


ထိုကြက်၌ နာမည်ရှိသည်ကို ထုံရွှယ်လူ ပထမဆုံးအကြိမ်အဖြစ် ယခုမှပင် သိလိုက်ရသည်။


မြေးမလေး၏နောက်ကျောကိုကြည့်၍ ရှန်ဝမ်ရုံက ပြုံးလိုက်သည်။

"မနေ့က အဖွားတို့အိမ်ပြန်ရောက်တည်းက ကျူးကျူးက ဒီကိုလာချင်နေတာလေ...အရင်ကဆို ဘယ်တုန်းကမှ အိပ်ယာထဲက မထွက်ချင်တဲ့ကလေးက အခုတော့ သူ့ဘာသာသူ ထလို့..."


"ဪ ဟုတ်သားပဲ...အဖွား ရွှေဖရုံသီးနဲ့ အစေ့လေးတွေနည်းနည်းလည်းယူလာသေးတယ်...ခြံထဲမှာ စိုက်ထားလို့ရတာပေါ့...ဒါဆိုရင် နောက်ဆို ဟင်းသီးဟင်းရွက်တွေအကုန်ကို ဈေးကနေ ဝယ်နေရာမလိုဘူး..."


ရှန်ဝမ်ရုံက ပြောရင်းဖြင့် ရွှေဖရုံသီးနှင့် အစေ့များကို ထုံရွှယ်လူကိုလှမ်းပေးလိုက်သည်။


ထုံရွှယ်လူကလည်း ခြံထဲ၌ ဟင်းသီးဟင်းရွက်အချို့စိုက်မည် စိတ်ကူးထားသောကြောင့် ဝမ်းသာအားရ ပြောလိုက်သည်။

"အို ကောင်းလိုက်တာ...ကျေးဇူးတင်ပါတယ် အဖွားရှန်...ဒါပေမယ့် ရွှေဖရုံသီးကိုတော့ ပြန်ယူသွားပါရှင်..."


ရှန်ဝမ်ရုံ: "ရွှေဖရုံသီးက အဖွားတို့နောက်ဖေးခြံထဲမှာတင် စိုက်ထားတာ...အဖွားတို့ဖြင့် စားလို့တောင်မ‌ကုန်ဘူး ယူထားလိုက်ပါကွယ်...အချင်းချင်းပဲ အားနာနေစရာမလိုပါဘူး..."


ထုံရွှယ်လူက ခဏမျှစဉ်းစား၍ ပြောလိုက်သည်။

"ဟုတ်ကဲ့ ဒါဆိုလည်း ယူထားလိုက်ပါမယ်...ဧည့်ခန်းထဲမှာ ထိုင်ပါဦးနော် အဖွား...ကျွန်မ အားလုံးအတွက် ရွှေဖရုံသီးကိတ်မုန့်လေး သွားလုပ်လိုက်ဦးမယ်..."


ရှန်ဝမ်ရုံ၏မျက်လုံးများက အရောင်လက်သွားသည်။

"သမီးက ရွှေဖရုံသီးကိတ်မုန့် လုပ်တတ်တာလား...အဖွားကြည့်လို့ရမလား..."


အဖွားရှန်၏မျက်နှာပေါ်မှ သိချင်စိတ်ပြင်းပြသည့်အကြည့်ကိုမြင်သောအခါ ထုံရွှယ်လူလည်း ပြုံး၍ ခေါင်းငြှိမ့်ပြလိုက်သည်။

"ဟုတ် ရတာပေါ့...အဖွားက အိမ်မှာ မုန့်အချိုတွေ သိပ်မလုပ်ဖြစ်ဘူးလား..."


ရှန်ဝမ်ရုံက ပြုံးလိုက်သည်။

"ဟင်းချက်တာက ကျူးကျူးရဲ့အဖိုးပဲချက်တာ...အဖွားက ဘာမှမချက်ဘူး..."


ထုံရွှယ်လူသည် အဖွားရှန်၏လက်များကိုကြည့်လိုက်သည်။ အဖွားရှန်၏လက်များသည် ဖြူဖွေးနူးညံ့၍ သွယ်လျနေသည်။ သူမအရွယ် အဖွားအိုများ၌ ရှိတတ်သော မှဲ့ခြောက်အစက်များ၊ ထောင်နေသောအကြောများ စသဖြင့် ဘာတစ်ခုမှမရှိချေ။ အဖွားရှန်သည် သူမ၏တစ်သက်လုံး အလုပ်ပင်ပင်ပန်းပန်းမလုပ်ရပဲ အချစ်ခံလာရသူဖြစ်ပေမည်။


မည်မျှပင် ကံကောင်းလိုက်သည့်အမျိုးသမီးပါလဲ။


ထုံရွှယ်လူသည် ထုံကျားမင်နှင့် ထုံကျားရှင်းတို့ကို ပန်းကန်ဆေးခိုင်းလိုက်၍ ခြံထဲသို့ဆင်းကာ ‌အစေ့များကိုစိုက်ရန် မြေကြီးများကိုတူးဆွလိုက်သည်။ ထို့နောက်တွင်မှ ရွှေဖရုံသီးကိုပိုက်ကာ ရှန်ဝမ်ရုံကိုခေါ်၍ မီးဖိုထဲသို့ ဝင်လာလိုက်သည်။


ထုံရွှယ်လူသည် ရွှေဖရုံသီးကို မပေါင်းခင် အရင် အခွံခွာ၍ လှီးလိုက်သည်။ ထို့နောက် ပေါင်းအိုးထဲထည့်၍ ပေါင်းပြီးသောအခါ အနှစ်များဖြစ်သွားအောင် ထုချေ၍ သကြားနှင့် ပီလောပီနံဂျုံမှုန့်ပိုထည့်လိုက်သည်။ ထို့နောက် ရွှေဖရုံသီးဂျုံလုံးဖြစ်သွားစေရန် ရောနယ်လိုက်သည်။


ထိုဂျုံလုံးကို အလုံးသေးသေးလေးများဖြစ်အောင် လုံးပြီးမှ အပြားဖြစ်အောင်ပြန်လုပ်လိုက်သည်။ ထို့နောက်တွင်တော့ ဂျုံပြားလေးများသည် ကြော်ရန် အဆင်သင့်ဖြစ်နေကြလေပြီ။


ကျွမ်းကျင်စွာလုပ်ကိုင်နေသော ထုံရွှယ်လူကိုကြည့်၍ ရှန်ဝမ်ရုံက နှစ်နှစ်ကာကာ ချီးကျူးလိုက်သည်။

"တော်လိုက်တာ...အရင်တုန်းကလည်း အဖွား ရွှေဖရုံသီးကိတ်မုန့်လုပ်ဖူးပေမယ့် အဆင်မပြေပါဘူး...ဂျုံလုံးကို ခွဲလို့မရတာနဲ့...ဆီအိုးထဲထည့်လိုက်တာနဲ့ တူးသွားရတာနဲ့...နောက်ဆုံးကျတော့ စားလို့ရတာ ဘာမှတောင်မကျန်တော့ဘူး..."


ထုံရွှယ်လူလုပ်ထားသည့် ရွှေဖရုံသီးကိတ်မုန့်များကတော့ အကုန်ရွှေအိုရောင်သမ်းနေသည်။ လုံးဝန်းသော ရွှေဖရုံသီးကိတ်မုန့်များကို စီတန်းလိုက်သောအခါ အလွန်ပင် ကြည့်၍လှနေလေသည်။


ထုံရွှယ်လူက ပြုံး၍ပြောလိုက်သည်။

"အဖွားက အရမ်းမြှောက်လွန်းနေပါပြီ...သမီးလည်း ခဏခဏလုပ်ပြီးမှ ဒီလို အဆင်ပြေလာတာပါ..."


ယခုထိ မိဘများ၏အရိပ်အယောင်ကို မမြင်ရသေးသောကြောင့် ရှန်ဝမ်ရုံသည် ခဏမျှရပ်ကာ ပြောလိုက်သည်။

"ကလေး...အဖွားကိုစပ်စုတယ်တော့မထင်ပါနဲ့...ဒါပေမယ့် သမီးတို့ရဲ့ မိဘတွေက တူတူမလိုက်လာကြဘူးလား..."


ရှန်ဝမ်ရုံ ထိုသို့မေးတော့မည်ကို ထုံရွှယ်လူ မျှော်လင့်ပြီးသားဖြစ်သည်။ ထို့ကြောင့် နှုတ်ခမ်းများက အနည်းငယ် တင်းစေ့သွားသော်လည်း ဝမ်းနည်းသောမျက်နှာလေးဖြင့် ထုံမိသားစု၏အခြေအနေကို အကျဉ်းချုပ်ပြောပြလိုက်သည်။


ထုံတကျွင်းနှင့် ဇနီးတို့၏ မတော်တဆဖြစ်မှု၊ ကျယ်ကျင်းဟွာတစ်ယောက် "ရူးသွပ်သွားမှု" နှင့် ထုံရွှယ်လူက အနားမှ အစိုးရပိုင်စားသောက်ဆိုင်၌အလုပ်လုပ်သူတစ်ဦးနှင့် အလုပ်ချင်းလဲလာခဲ့ကြောင်း စသဖြင့် ပြောလိုက်သည်။


သို့သော် ထုံရွှယ်လူသည် အရေးမပါသည်ဟုထင်သောကြောင့် မွေးကင်းစကလေးအရွယ်၌ ကလေးချင်းလဲခံခဲ့ရကြောင်းကိုတော့ ထည့်မပြောလိုက်ပေ။


ထုံမိသားစု၌ နောက်ကြောင်းတစ်ခုခုတော့ရှိမည်ဟု ရှန်ဝမ်ရုံထင်ထားသော်လည်း ဤကဲ့သို့ ဝမ်းနည်းစရာကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။


"ဒါဆို သမီးတစ်ယောက်တည်း မောင်နှမတွေကို ရှာကျွေးနေရတာ အရမ်းခက်ခဲမှာပေါ့နော်..."

ရှန်ဝမ်ရုံသည် ထုံရွှယ်လူအား ကြင်နာစွာကြည့်ရင်းဖြင့် မေးလိုက်သည်။

"ဪ ဟုတ်သားပဲ...မနက်ဖြန် သမီးက အလုပ်သွားပြီး မောင်လေးနှစ်ယောက်က ကျောင်းသွားရင် မျန်မျန်ကို ဘယ်လိုထားခဲ့မှာလဲ..."


ထုံရွှယ်လူကပြောလိုက်သည်။

"ကျွန်မ အလုပ်လုပ်‌တဲ့နေရာဆီကို ခေါ်သွားဖို့ စိတ်ကူးထားပါတယ်..."


ရှန်ဝမ်ရုံ: "ဖြစ်ပါ့မလား...ပထမဆုံးအလုပ်စဝင်တဲ့နေ့တည်းက ကလေးလေးနဲ့ပေါ်လာရင် မ‌န်နေဂျာက ကြိုက်ပါ့မလား..."


ထုံရွှယ်လူက ခပ်အေးအေးပင်ပြုံးကာပြောလိုက်သည်။

"ဒါပေမယ့် မျန်မျန့်ကို အိမ်မှာ တစ်ယောက်တည်းလည်း ထားခဲ့လို့မဖြစ်ဘူးလေ..."


ရှန်ဝမ်ရုံပြောနေသည်ကို ထုံရွှယ်လူလည်း တွေးမိသော်လည်း ထုံမျန်မျန်ကို အလုပ်သို့ခေါ်သွားရုံမှလွဲ၍ အခြားနည်းလမ်းများလည်း စဉ်းစားမရချေ။


ရှန်ဝမ်ရုံက ခဏမျှစဉ်းစားကာပြောလိုက်သည်။

"ကျူးကျူးလေးက မျန်မျန်နဲ့ဆော့ရတာ အရမ်းပျော်နေတာ...သမီး အဆင်ပြေမယ်ဆိုရင် မျန်မျန့်ကိုအဖွားတို့အိမ်မှာ ထားခဲ့လို့ရပါတယ်...အဖွားတို့ ကြည့်ထားပေးပါတယ်..."


ထုံရွှယ်လူက လှိုက်လှဲစွာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် အဖွားရှန်...ဒါပေမယ့် မျန်မျန်က လူနည်းနည်းကြောက်တတ်ပြီး ကျွန်မကို တော်တော်ကပ်တဲ့ကလေးမို့လို့ သူ ဘယ်လိုလုပ်ချင်လဲဆိုတာ ခဏနေရင် မေးကြည့်လိုက်ပါဦးမယ်..."


ရှန်ဝမ်ရုံ၏ ကူညီပေးရန် ကမ်းလှမ်းမှုကို ထုံရွှယ်လူ တော်တော်လေး ကျေးဇူးတင်သွားမိငည်။


သို့သော် သူတို့သည် ယခုမှ စတွေ့သူများဖြစ်သောကြောင့် မျန်မျန့်ကိုတစ်ယောက်တည်း ထားခဲ့ရန်တော့ စိတ်မချနိုင်သေးပေ။


ဝေ့မိသားစုအကြောင်းကို အနီးအနား၌ စုံစမ်းကြည့်ရန် ထုံရွှယ်လူ စဉ်းစားလိုက်သည်။ သူတို့သာ လူကောင်းများဖြစ်ပါက မျန်မျန့်ကို သူတို့အိမ်၌ထားခဲ့ရန်အကြံသည် မဆိုးလှပေ။


ခဏအကြာမှာပင် ရွှေဖရုံသီးကိတ်မုန့်များက အဆင်သင့်ဖြစ်သွာကြသည်။ ကိတ်မုန့်များသည် ရွှေအိုရောင်သမ်း၍ ပြောင်လက်ကာ အလွန်စားချင်စဖွယ်ကောင်းနေသည်။


ရှန်ဝမ်ရုံက တစ်ခုကောက်ယူကာ မြည်းကြည့်လိုက်သည်။ ကိတ်မုန့်သည် နူးညံ့၍ ရွှေဖရုံသီး၏အရသာနှင့်အတူ အချိုအရသာက ပါးစပ်ထဲသို့ ပျော်ဝင်၍ ချက်ချင်းပင် နောက်တစ်ခုကို ထပ်စားချင်စိတ်ဖြစ်သွားသည်။


ရှန်ဝမ်ရုံက ထုံရွှယ်လူအား ချီးကျူးလိုက်ပြန်သည်။

"ချိုပေမယ့် အရမ်းကြီးချိုရဲနေတာလည်းမဟုတ်ဘူး...အဖွား ရွှေဖရုံသီးကိတ်မုန့်တွေ အများကြီးစားဖူးပေမယ့် အားလုံးထဲမှာ ဒီဟာက အရသာအရှိဆုံးပဲ..."


ဝေ့ကျူးကျူး၊ ထုံမျန်မျန်နှင့် အခြားကလေးများလည်း ကိတ်မုန့်များကို မြိန်‌ရည်ရှက်ရည်စားကြသည်။


ကိတ်မုန့်များကို အများကြီးလုပ်ထားသောကြောင့် ရှန်ဝမ်ရုံပြန်သွားသောအခါ ထုံရွှယ်လူသည် လမ်းထဲရှိ အခြားမိသားစုများကိုပါ ဝေပေးရန် မုန့်များကို ထုပ်ပိုးလိုက်သည်။


အခြားမိသားစုများသည် ထုံရွှယ်လူတို့နေသည့်နေရာနှင့် အနည်းငယ်ဝေးသော်လည်း ဝေ့မိသားစုအကြောင်းကိုတော့ သိကြလေသည်။


ဝေ့မိသားစုသည် စစ်တပ်မိသားစုဖြစ်၍ ရှန်ဝမ်ရုံ၌ သားနှစ်ယောက်ရှိကာ သားအငယ်က အနောက်မြောက်ပိုင်း၌ စစ်ဗိုလ်ဖြစ်နေသည်ကို သိလိုက်ရသည်။


သားအကြီးကတော့ စစ်မြေပြင်၌ကျဆုံးကာ ချွေးမကလည်း သားအကြီးနှင့် မရှေးမနှောင်းမှာပင် ဆုံးသွားခဲ့ကြောင်းလည်းသိလိုက်ရသည်။


အဖွားရှန်၏သားအကြီး၌ သားတစ်ယောက် သမီးတစ်ယောက်ကျန်ခဲ့၍ ထိုကလေးများကို အဖွားဝမ်နှင့် သူ့ယောင်္ကျားတို့ကပင် ကြည့်ရှုစောင့်ရှောက်နေကြရလေသည်။


အဖွားဝမ်တို့၏ မြေးအကြီးက မြို့တော်မှ လုပ်သားနှင့်စစ်သားတက္ကသိုလ်သို့ ဝင်ခွင့်ရသောအခါ အဖွားရှန်တို့ကလည်း မြေးကိုစိတ်မချပဲ မြေးမငယ်လေးနှင့်အတူ  မြို့သို့ လိုက်နေကြခြင်းဖြစ်သည်။


ထိုအကြောင်းများကိုကြားပြီးသောအခါ ထုံရွှယ်လူသည် ဝေ့မိသားစုအား ထုံမျန်မျန့်ကို ကူ၍ ကြည့်ရှုစောင့်ရှောက်ပေးရန် စိတ်ချလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။


ဤကဲ့သို့ မျိုးချစ်စိတ်ပြင်းပြသော မိသားစုလက်ထဲသို့ မျန်မျန့်ကိုထည့်ရန် အဘယ်ကြောင့် စိတ်မချရပါမည်နည်း။


ထုံရွှယ်လူသည် မအိပ်ခင်၌ ပဲသီးစိမ်းများကို ရေစိမ်ခဲ့ကာ နောက်တစ်နေ့မနက်၌ ပဲသီးစိမ်းကိတ်မုန့်လုပ်ရန် အရုဏ်တက်တည်းက ထလိုက်သည်။


နံနက်စာစားပြီးသောအခါ ထုံရွှယ်လူသည် ပဲသီးစိမ်းကိတ်မုန့်များကိုယူ၍ ထုံမျန်မျန်ကိုခေါ်ကာ ဝေ့မိသားစုအိမ်သို့လျှောက်လာလိုက်သည်။ ထုံရွှယ်လူက ပဲသီးစိမ်းကိတ်မုန့်များကို ယူလာသည်ကိုမြင်သောအခါ အဖွားရှန်က မနေနိုင်ပဲ အနည်းငယ် ဆူလိုက်မိသေးသည်။

"ဒီတစ်ခါပဲနော်...နောက်ဆို ဘာပစ္စည်းမှ မယူလာပါနဲ့တော့..."


အဖွားရှန်သည် ကိုယ်တိုင်ထမင်း ဟင်းမချက်သော်လည်း ပဲသီးစိမ်းမုန့်များလုပ်ရန် သကြားများစွာလိုသည်ကို သိသေးသည်။ ထုံရွှယ်လူတို့ မိသားစုအခြေအနေနှင့်ဆိုလျှင် တတ်နိုင်သမျှ နေရာတိုင်း၌ ချွေတာစုဆောင်းသင့်သည်မဟုတ်လား။


ထုံရွှယ်လူက ပြုံးကာပြောလိုက်သည်။

"လုပ်ရတာ ဘာမှမခက်ပါဘူးအဖွားရယ်...ပြီးတော့ မျန်မျန်ကလည်း ဒီမုန့်ကိုကြိုက်တယ်လေ..."


ထိုသို့ပြောပြီးသောအခါ ထုံရွှယ်လူသည် အဖွားရှန်အား လဝက်စာ ထမင်းစားလက်မှတ်များနှင့် နေ့လယ်စာဖိုးပိုက်ဆံအနည်းငယ်ကိုပေးလိုက်သည်။


အဖွားရှန်က လက်မခံချင်သော်လည်း ထုံရွှယ်လူ၏ခေါင်းမာနေပုံကို မြင်သောအခါ လက်ခံလိုက်ရလေသည်။


ထုံရွှယ်လူက ထုံမျန်မျန်ရှေ့၌ ဒူးထောက်ကာ ထုံမျန်မျန်၏ခေါင်းလေးကိုပွတ်လိုက်သည်။

"အဖွားရှန်အိမ်မှာ ကောင်းကောင်းနေပြီး မမကျူးကျူးနဲ့‌ ဆော့နေခဲ့နော်...လိမ္မာတဲ့ကလေးလေးဖြစ်ပေးမယ်မဟုတ်လား...မမ အလုပ်က ပြန်လာရင် မျန်မျန့်ကို ပြန်လာခေါ်မယ်နော် ဟုတ်ပြီလား..."


ဤအကြောင်းကို ညတည်းက မျန်မျန့်အား ထုံရွှယ်လူ ပြောပြီးပြီဖြစ်သည်။


ပေါင်မုန့်လုံးလေးက ရင့်ကျက်ပြီးသားဖြစ်ပါသည်။ သူမ၏အစ်မကို လွမ်းသည့်စိတ်သာရှိသည်။


ထုံမျန်မျန်သည် ထုံရွှယ်လူကိုဖက်ကာ မျက်နှာချင်းပွတ်လိုက်သည်။

"ဟုတ်ကဲ့...မမ မြန်မြန်ပြန်ခဲ့နော်...မျန်မျန့်ကို စိတ်ပူအောင်မလုပ်ပါနဲ့..."


မျန်မျန်၏အသံက ချွဲနွဲ့၍ မျက်လုံးများကလည်း ထုံရွှယ်လူကို အားကိုးသည့်အရိပ်အယောင်များဖြင့် ပြည့်နေသည်။


ထုံရွှယ်လူက မျန်မျန်၏ပါးလေးကို နမ်းကာပြောလိုက်သည်။

"ဟုတ်ပါပြီရှင်...မမ အလုပ်က ပြီးပြီးချင်း မြန်မြန်ပြန်ခဲ့ပါ့မယ်..."