🍵Chapter 66
- ထိုမိန်းမ၌ ဘာအကြံအစည်တွေ ရှိနေပါလိမ့်
-
ထုံမျန်မျန်နှင့် ဝေ့မိသားစုဝင်များကို လက်ပြနှုတ်ဆက်ပြီးသောအခါ ထုံရွှယ်လူသည် အစိုးရပိုင်စားသောက်ဆိုင်ရှိရာသို့ ထွက်လာခဲ့လိုက်သည်။
ထုံရွှယ်လူနေသည့်နေရာနှင့် အစိုးရပိုင်စားသောက်ဆိုင်မှာ မိနစ်လေးဆယ်ခန့် လျှောက်ရသည့်ခရီး ဝေးသော်လည်း စားသောက်ဆိုင်သို့သွားသည့် ဘတ်စ်ကားမရှိသောကြောင့် မတတ်နိုင်ပေ။
သို့သော်ကံကောင်းစွာပင် ဤနေရာသို့ ရောက်ပြီးတည်းက လမ်းလျှောက်ခြင်းနှင့် ထုံရွှယ်လူ အသားကျနေပြီဖြစ်သည်။
အစိုးရပိုင်စားသောက်ဆိုင်သည် မနက် ဆယ်နာရီ၌ ဖွင့်သောကြောင့် ကိုးနာရီမတိုင်ခင် ဆိုင်သို့ရောက်နေရမည်ဟု စုရှုယင်က ထုံရွှယ်လူအား ပြောဖူးသည်။
ရာသီဥတုက နွေရာသီကုန်ခါနီးဖြစ်သောကြောင့် လမ်းလျှောက်ပြီးသောအခါ ချွေးအနည်းငယ် ပြန်လာသည်။
စားသောက်ဆိုင်သို့ရောက်သောအခါ တံခါးက သော့ခတ်ထားဆဲဖြစ်၍ အထဲ၌လည်း မည်သူမှ မရှိသေးသည်ကို တွေ့လိုက်ရသည်။
ထုံရွှယ်လူသည် အပြင်၌ စောင့်ရုံမှလွဲ၍ အခြားလုပ်စရာမရှိတော့ချေ။
ဆယ်မိနစ်ခန့်စောင့်ပြီးသောအခါ ပုကွကွနှင့် လုံးဝန်းသောခန္ဓာကိုယ်တစ်ခုက ဆိုင်ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။
ထိုခန္ဓာကိုယ်ပိုင်ရှင်က ထုံရွှယ်လူအားမြင်သောအခါ ပြောလိုက်သည်။
"ရဲဘော်ထုံက အရမ်းလှတာပဲနော်...အရင်ခေတ်တုန်းကသာဆိုရင် ရဲဘော်ထုံက ညဉ့်ငှက်မလေး ဖြစ်နေမယ်ထင်တယ်..."
ဘုရားရေ...
ထန်ရှောင်ယန် ဘယ်လိုစကားတွေ ပြောနေတာပါလိမ့်...
ထုံရွှယ်လူက ထန်ရှောင်ယန်အား မော့ကြည့်ကာ ပြန်ပြောလိုက်သည်။
"ဒါဆိုရင် အစ်မကလည်း အရပ်ပုလွန်းလို့ ပန်ကိတ်တွေရောင်းနေရမယ်ထင်တယ်..."
ထုံရွှယ်လူက ထန်ရှောင်ယန်အား ဝူတလန်နှင့် တူသည်ဟုပြောကာ လှောင်ပြောင်လိုက်ခြင်းဖြစ်သည်။ ထိုမျှလောက်ကိုတော့ ထန်ရှောင်ယန် နားလည်ပါသေးသည်။
ထန်ရှောင်ယန်သည် ဒေါသထွက်လွန်း၍ ပါးစပ်သည်ပင် တွန့်ကွေးသွားလေသည်။
ထန်ရှောင်ယန်၏တစ်မိသားစုလုံးက အရပ်ပုကြခြင်းဖြစ်သည်။ အဓိကအားဖြင့် ခန္ဓာကိုယ်အောက်ပိုင်းက ပိုပုနေခြင်းဖြစ်သည်။ ထို့ကြောင့် အခြားလူများနှင့် အရပ်တူနေလျှင်တောင်မှ ထန်ရှောင်ယန်က ပို၍ ပုသည်ဟု ထင်ရတတ်သည်။
ဖြစ်ချင်တော့ ထန်ရှောင်ယန့်မိခင်၏ မျိုးရိုးနာမည်ကလည်း ဝူ ဖြစ်နေသည်။ ထို့ကြောင့် ထန်ရှောင်ယန်တို့မိသားစုက အခြားလူများနှင့် ရန်ဖြစ်တိုင်း ထန်ရှောင်ယန်တို့အား ဝူတလန်၏မျိုးဆက်များ ဟု စော်ကားခေါ်ဝေါ်ကြသည်။
ထိုသို့အခေါ်ခံရခြင်းကို ထန်ရှောင်ယန် အလွန်စိတ်ဆိုးလေသည်။
ထို့ကြောင့် ထန်ရှောင်ယန်သည် သူမ၏ မို့မို့အစ်အစ်မျက်လုံးများကို ဝေ့၍ ထုံရွှယ်လူကို လက်ညှိုးငေါက်ငေါက်ထိုးကာ ဆူလိုက်သည်။
"ငါကတော့ နင့်ကို လူစိတ်ရှိတဲ့ လူထင်လို့...အခုတော့ နင်က ဟိုဟာမ စုရှုယင်နဲ့ ဘာမှမကွာပါလား...ဒါကို နင်က ဒီမှာ လာလုပ်ရဲသေးတယ်ပေါ့..."
ထုံရွှယ်လူက လှောင်ရယ်ရယ်လိုက်သည်။
"ရှင့်ရဲ့ စိတ်ပုတ်နေတဲ့မျက်နှာကြီးကိုလည်းကြည့်ပါဦး...ရှင့်ကိုမြင်တာနဲ့ ခွေးတွေကဟောင်ပြီး ဝက်တွေက သေးနဲ့ပန်းမှာ...ဒါတောင်မှ ရှင်လည်း အလုပ်ကို လာရဲသေးတာပဲ...ကျွန်မက ဘာဖြစ်လို့ မလာရဲရမှာလဲ..."
"နင် နင်..."
ဤယဉ်ကျေးသိမ်မွေ့ပုံပေါက်သည့် ထုံရွှယ်လူသည် ဤမျှ နှုတ်သီးကောင်းလျှာပါး ပြောတတ်လိမ့်မည်ဟု ထန်ရှောင်ယန် မထင်ထားမိပေ။
ထန်ရှောင်ယန်၏လေးထောင့်မျက်နှာသည် ဒေါသထွက်လွန်း၍ အနီရောင်နှင့် အစိမ်းရောင်များ ပြောင်းသွားလေသည်။
"တ နင် နင်နဲ့ ဘာဖြစ်နေလဲ...ရှင်က ရုပ်ဆိုးတာနဲ့ပဲ ကျွန်မက ရှင့်ကို ပြန်မအော်တော့ဘူးလို့ ထင်နေတာလား...ရှင့်ကို အခုတည်းကပြောထားမယ်နော်...ကျွန်မကို နောက်ထပ်ဒီလိုလာလုပ်လို့ကတော့ ဒီတစ်မြို့လုံး ရှင်ဘယ်လောက်ရုပ်ဆိုးတယ်ဆိုတာ သိသွားစေရမယ်..."
ထုံရွှယ်လူသည် စုရှုယင်နှင့် အလုပ်နေရာလဲလိုက်တည်းက ထန်ရှောင်ယန်က မည်ကဲ့သို့လူမျိုးဖြစ်သည်ကို ခန့်မှန်းထားမိပြီးဖြစ်သည်။
နှစ်ပေါင်းများစွာ လက်ဖက်စိမ်းဖြစ်လာရသောကြောင့် ထုံရွှယ်လူသည် လူများကို အကဲခတ်ရာ၌ အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။
အချို့သောလူများက ပါးစပ်စွာသော်လည်း စိတ်ရင်းကကောင်းကြသည်။ အချို့လူများကတော့ စိတ်ကိုက ပုတ်သိုးနေကြခြင်းဖြစ်သည်။
ထန်ရှောင်ယန်က ဒုတိယလူအမျိုးအစားဖြစ်သည်။
ထိုကဲ့သို့သောလူမျိုးသည် ထုံရွှယ်လူဘက်ပါလာစေရန် ဆွဲဆောင်ဖို့ပင် မတန်ချေ။
ထန်ရှောင်ယန်သည် ဒေါသထွက်လွန်း၍ နှာခေါင်းများက မျောက်ဝံကဲ့သို့ ရှုံ့ပွရှုံ့ပွဖြစ်ကာ ရင်ဘတ်ကလည်း နိမ့်ချည်မြင့်ချည်ဖြစ်နေသည်။
ထုံရွှယ်လူကတော့ ထိုမိန်းမကြီးကို ဂရုစိုက်မနေတော့ပဲ အရှေ့၌ရှိသော စားသောက်ဆိုင်ကိုသာ လှမ်းကြည့်လိုက်သည်။
အစိုးရပိုင်စားသောက်ဆိုင်များ၌ပင် အနိမ့်စား၊ အလယ်အလတ်နှင့် အဆင့်မြင့်ဆိုင်ဟူ၍ အတန်းအစားအမျိုးမျိုးခွဲခြားထားသေးသည်။ ယခု ထုံရွှယ်လူ လုပ်ရမည့်ဆိုင်က အလယ်အလတ်နှင့် အဆင့်မြင့်တို့၏ ကြားအဆင့်၌ရှိသောဆိုင်ဖြစ်သည်။
ထုံရွှယ်လူ၏ရှေ့တည့်တည့်၌ အနီရောင်သစ်သားတံခါးရှိ၍ တံခါးရှိ မှန်ပြတင်းပေါက်မှ ချောင်းကြည့်လိုက်သောအခါ သပ်ရပ်စွာ ခင်းကျင်းထားသော စားပွဲများနှင့် ခုံများကိုမြင်လိုက်ရသည်။ ထုံရွှယ်လူက အကြမ်းဖျင်း ရေတွက်ကြည့်လိုက်သောအခါ စားပွဲ ၁၀ လုံး အလုံး ၂၀ ခန့်ရှ်သည်ဖြစ်သောကြောင့် အတော်အတန်ကြီးသော
စားသောက်ဆိုင်တစ်ခုဖြစ်လေသည်။
နံရံလေးဖက်၌ စာတစ်လုံးစီရေးထားသည်။
"ကိုယ့်အား ကိုယ်ကိုး" နှင့် "အလုပ် ကြိုးစား" ဟူ၍ဖြစ်သည်။
တံခါး၏အပေါ်၌ ဆိုင်းဘုတ်တစ်ခုချိတ်ထား၍ "အစိုးရပိုင်စားသောက်ဆိုင်" ဟူသည်ကို ကြီးမားသော စာလုံးများဖြင့် ရေးထားသည်။ ဆိုင်၏တစ်ဖက်၌ တရုတ်နိုင်ငံအလံပင်လွှင့်ထူထားသောကြောင့် ကြည့်ရသည်မှာ အလွန်ခေတ်ဆန်နေလေသည်။
ရန်ဖြစ်ပြီးနောက် ထုံရွှယ်လူက အေးအေးဆေးဆေးပင် ဘေးဘီသို့ကြည့်နေသည်ကိုမြင်သောအခါ ထန်ရှောင်ယန် ပို၍ပင် ဒေါသထွက်သွားမိသည်။
သို့သော် ထန်ရှောင်ယန်သည် မျက်လုံးကို အနည်းငယ်ဝေ့လိုက်၍ မျက်နှာ၌လည်း ကျေနပ်အားရသည့် အပြုံးတစ်ခု ပေါ်လာသည်။
ထုံရွှယ်လူက လှည့်ကြည့်လိုက်သောအခါ ထန်ရှောင်ယန်၏မျက်နှာပေါ်မှအပြုံးကို မြင်လိုက်ရသောကြောင့် အနည်းငယ် မျက်မှောင်ကြုတ်သွားမိသည်။
ထိုမိန်းမ ဘာတွေများ ကြံစည်နေပြန်ပြီလဲ ဟု စဉ်းစားလိုက်မိသော်လည်း အရေးတော့မကြီးပါ။ ဖြစ်ပျက်လာမှသာ ရဲရဲဝံ့ဝံ့ရင်ဆိုင်လိုက်ပေတော့မည်။
🍵🍵🍵🍵
၉နာရီထိုးသည့်အခါတွင်တော့ အစိုးရပိုင်စားသောက်ဆိုင်၏မန်နေဂျာ လျှိုတုံချန် ရောက်ရှိလာတော့သည်။
လျှိုတုံချန်သည် အသက် ၃၅-၃၆ နှစ်ခန့်ရှိ၍ ထန်ရှောင်ယန်ကဲ့သို့ပင် အရပ်ပုပု တုတ်တုတ်ခိုင်ခိုင်ရှိကာ လေးထောင့်မျက်နှာ၊ ထူထဲသောမျက်ခုံးနှင့် ကြီးမားသောမျက်လုံးတို့ ပိုင်ဆိုင်လေသည်။
လျှိုတုံချန်၏မျက်နှာကိုသာမြင်ရပါက သန်စွမ်းကြံ့ခိုင်၍ အရပ် ၁.၈ မီတာမြင့်သော ကြီးမားသည့်လူကြီးတစ်ဦးဟု ထင်မြင်မိနိုင်သည်။ သို့သော် လျှိုတုံချန်၏မျက်နှာမှာ အရပ် ၁.၆ မီတာသာမြင့်သော ခန္ဓာကိုယ်ပေါ်၌ တည်ရှိနေလေသည်။ ထို့ကြောင့် လျှိုတုံချန်ကိုကြည့်ရသည်မှာ မျက်နှာနှင့် ခန္ဓာကိုယ်က လိုက်ဖက်မနေချေ။
လျှိုတုံချန်ကို မြင်သောအခါ ထန်ရှောင်ယန်၏မျက်လုံးများက လင်းလက်သွားကြသည်။ ထန်ရှောင်ယန်သည် လျှိုတုံချန်နားသို့ ပြေးသွားကာ ပြောလိုက်သည်။
"အစ်ကိုကြီး...နောက်ဆုံးတော့ ရောက်လာပြီပဲ...အစ်ကိုကြီးသာမလာရင် ညီမ ဒီမှာ အနိုင်ကျင့်ခံနေရတော့မှာ..."
{T/N: လျှိုတုံချန်က ထန်ရှောင်ယန်၏ ခဲအိုဖြစ်သောကြောင့် အစ်ကိုကြီး ဟု ခေါ်ခြင်းဖြစ်သည်။}
ထန်ရှောင်ယန်က လျှိုတုံချန်အား အစ်ကိုကြီးဟု သုံးနှုန်းခေါ်ဆိုလိုက်ပုံကို ထုံရွှယ်လူ မအံ့ဩတော့ချေ။ ထိုကဲ့သို့ နောက်ခံကောင်းကောင်းမရှိပါက ထန်ရှောင်ယန် ဤမျှ စိတ်ကြီးဝင်ကာ မာနကြီးနေမည်မဟုတ်ပေ။
လျှိုတုံချန်က ကြားသောအခါ မကြည်မလင်ပုံနှင့် မျက်မှောင်ကြုတ်လိုက်သည်။
"အလုပ်ချိန်အတွင်းမှာ ငါ့ကို အဲဒီလိုမခေါ်ပါနဲ့လို့ ဘယ်နှခါပြောရမလဲ..."
ထန်ရှောင်ယန်က ခန္ဓာကိုယ်ကို ယို့ယို့လေးလုပ်၍ မူနွဲ့စွာပြောလိုက်သည်။
"ကျွန်မ သိပါတယ် အစ်ကိုကြီးကလည်း...ဒါပေမယ့် အလုပ်ချိန်ကမှ မစသေးပဲ..."
ထိုကဲ့သို့ မူနွဲ့ချွဲပျစ်စွာ ပြောနိုင်သည့်အရည်အချင်း လူတိုင်း၌ မရှိချေ။
ထန်ရှောင်ယန်လုပ်နေပုံကိုကြည့်၍ ထုံရွှယ်လူသည် မနက်စာ နည်းနည်းပဲစားလာမိသည်ကို ကျေးဇူးတင်သွားမိသည်။ မဟုတ်လျှင် အန်ထွက်မိတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။
လျှိုတုံချန်ကတော့ ထန်ရှောင်ယန်လုပ်နေပုံကို စိတ်ပျက်စရာဟု ထင်ပုံမရချေ။
"ပြောပါဦး...ဘယ်သူက နင့်ကို အနိုင်ကျင့်ပြန်ပြီလဲ..."
ထန်ရှောင်ယန်သည် သူမ၏ တိုတုတ်သည့် လက်ချောင်းများဖြင့် ထုံရွှယ်လူကို ထိုးကာ ပြောလိုက်သည်။
"အဲဒီ အလုပ်သမားအသစ်ပေါ့...ကျွန်မကိုလေ ဘာအကြောင်းမှမရှိပဲနဲ့လည်း လာအော်တယ်...ပြီးတော့ ဒီပတ်ဝန်းကျင်ကိုလည်း ကျွန်မအကြောင်းတွေ လိုက်ပြောမှာမို့လို့ သူခိုင်းသမျှကို ကျွန်မက လိုက်လုပ်ရမယ်ဆိုပြီးပြောတယ်..."
ဒုက္ခပါပဲ...
ထိုမိန်းမသည် မဟုတ်တရုတ် လီဆယ်ပြောဆိုခြင်း၌ ကျွမ်းကျင်လှချေလား။
ထုံရွှယ်လူသည် ထန်ရှောင်ယန်၏ ကောက်ကျစ်စဉ်းလဲမှုကို လျှော့တွက်လိုက်မိလေသည်။
ထန်ရှောင်ယန်၏စကားကိုကြားမှပင် ထုံရွှယ်လူ ရှိနေသည်ကို လျှိုတုံချန် သတိထားလိုက်မိသည်။ ထုံရွှယ်လူ၏မျက်နှာကိုမြင်သောအခါ လျှိုတုံချန် အလွန်အံ့ဩသွားလေသည်။
သို့သော်လည်း ထုံရွှယ်လူက မည်မျှပင် ချောမောလှပနေပါစေ ထုံရွှယ်လူကို သူ သိပ်ကြည့်၍မရပေ။
လျှိုတုံချန်သည် ရှန်ရှုယင်အား သူ၏အစ်မနှင့် နေရာလဲစေချင်ခဲ့ခြင်းဖြစ်သည်။
လျှိုတုံချန်၏ မိဘများသည် စောစီးစွာ ကွယ်လွန်သွားကြ၍ အစ်မကပင် လျှိုတုံချန်အား ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။ အစ်မသည် လျှိုတုံချန်အား ကျောင်းထားပေးရန် လက်ထပ်ခွင့်တောင်းခံလာခြင်းများစွာကို ပယ်ချခဲ့ကာ ယောင်္ကျားတမျှ အလုပ်ကြမ်းများလုပ်ကိုင်ခဲ့ရသည်။
နောက်ဆုံး လျှိုတုံချန် A&M တက္ကသိုလ်သို့ ဝင်ခွင့်ရကာ ဘွဲ့ရပြီးနောက် အစိုးရပိုင် စားသောက်ဆိုင်၌ အလုပ်ရမှပင် မိသားစုဒုက္ခများ အေးငြိမ်းခဲ့ရသည်။
ယခုလည်း လျှိုတုံချန်သည် မန်နေဂျာတစ်ယောက်ဖြစ်နေသော်လည်း အစိုးရပိုင်စားသောက်ဆိုင်၌ အလုပ်နေရာရှားပါးလွန်း၍ အစ်မကို အလုပ်သွင်းပေးရန် အလွန်ခက်ခဲနေသည်။
လျှိုတုံချန်သည် နေရာတစ်နေရာလပ်ရန်စောင့်နေသည်မှာ ကြာပြီဖြစ်၍ ယခုအခွင့်အရေးရသည့်အခါတွင်တော့ ထုံရွှယ်လူက ယူသွားလေတော့သည်။
ထို့ကြောင့် လျှိုတုံချန်သည် ထုံရွှယ်လူအား ကြည့်မရဖြစ်နေခြင်းဖြစ်သည်။
ထန်ရှောင်ယန်ပြောသည်ကို နားထောင်ပြီးသောအခါ လျှိုတုံချန်က အသံမာမာနှင့်ပြောလိုက်သည်။
"ရဲဘော်ထုံ...မင်းက ဘာတွေ ပြဿနာရှာချင်နေတာလဲ...မင်းက လုပ်ဖော်ကိုင်ဖက်အချင်းချင်း သင့်မြတ်အောင်နေမယ်တော့စိတ်မကူးပဲ စရောက်တည်းက ပြဿနာကို မီးမွှေးရှာချင်နေတာလား...အစိုးရပိုင်စားသောက်ဆိုင်ဆိုတာ မင်းလို လူမျိုးကို မကြိုဆိုဘူးဆိုတာ မင်းသိထားပါ..."
လျှိုတုံချန်သည် စကတည်းကပင် ထုံရွှယ်လူအား မကောင်းမြင်လိုက်ပေပြီ။
ထုံရွှယ်လူကတော့ သူတို့နှစ်ယောက်ကိုကြည့်သာကြည့်၍ ဘာမှမပြောပေ။
ထန်ရှောင်ယန်က ခါးကိုထောက်၍ ပြောလိုက်သည်။
"ဟဲ့ ထုံ...ငါ့အစ်ကိုကြီး နင့်ကို စကားပြောနေတာ နင်မကြားဘူးလား...အခုမှကြောက်နေပြီလား...ဒါဆိုလည်း ခုနတုန်းက ဘာကိစ္စ ငါ့ကို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တာလဲ..."
ထုံရွှယ်လူက ယခုထိ ဘာမှမပြောသေးပေ။
လျှိုတုံချန်က မျက်မှောင်ကြုတ်၍ တာဝန်ရှိသူတစ်ယောက်၏လေသံနှင့်ပြောလိုက်သည်။
"ရဲဘော်ထုံရွှယ်လူ...မင်း ဒီလို ဘာမှမပြောပဲ ဆက်နေနေမယ်ဆိုရင် အစိုးရပိုင်စားသောက်ဆိုင်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ မင်းကို အပြစ်ပေးရလိမ့်မယ်..."
ထုံရွှယ်လူသည် ထိုအခါမှသာ သကြားမုန်လာကဲ့သို့ နီရဲနေသောပါးနှစ်ဖက်နှင့် ဖြည်းညှင်းစွာမော့ကြည့်လိုက်သည်။
"မန်နေဂျာလျှို...ကျွန်မ စကားမပြောချင်လို့ မပြောပဲနေတာမဟုတ်ပါဘူး...ကျွန်မ အမှန်ကိုပြောလိုက်ရင် မန်နေဂျာ့ကို အရှက်ရသွားစေမှာစိုးလို့ပါ..."
ထုံရွှယ်လူ၏စကားကိုကြားသောအခါ လျှိုတုံချန်က ပို၍ပင် မျက်မှောင်ကြုတ်လိုက်သည်။
"ဘာ အမှန်လဲ...ပြောမှာသာပြောစမ်းပါ..."
ထန်ရှောင်ယန်က သူမ၏မျက်လုံးအစ်အစ်များနှင့် ထုံရွှယ်လူအားကြည့်ကာ အော်ပြောလိုက်သည်။
"သူပြောတာကို နားထောင်မနေနဲ့ အစ်ကိုကြီး...သူ မဟုတ်တာတွေပြောပြီး ကျွန်မကို စွပ်စွဲတော့မှာ..."
ထုံရွှယ်လူ: "ရဲဘော်ထုံ...ကျွန်မတောင် ဘာမှမပြောရသေးပဲနဲ့ ရှင်က ကျွန်မကို မဟုတ်တာတွေပြောတယ်ဆိုပြီးစွပ်စွဲနေတာပဲ...လူသတ်သမားတောင်မှ သက်သေမပေါ်မချင်း သူ့ကိုယ်သူ ကာကွယ်ခွင့်ရှိတယ်မဟုတ်ဘူးလား..."
လျှိုတုံချန်က အနောက်သို့လှည့်၍ ထန်ရှောင်ယန်အားပြောလိုက်သည်။
"မင်း တိတ်တိတ်နေစမ်း..."