အပိုင်း ၆၇
Viewers 16k

🍵Chapter 67

ထုံရွှယ်လူက ထိုနေရာတွင်ထိုင်ကာ အလွန်တည်ငြိမ်နေပုံပေါ်သော်လည်း သူမရင်ထဲတွင် အလွန်စိတ်လှုပ်ရှားနေ၏။



ထုံရွှယ်လူက ‌အောက်နှုတ်ခမ်းကိုဖိကိုက်ကာ ထစ်ထစ်အအ‌ဖြင့် ပြောလာသည်။

“ဒီနေ့ကျွန်မက ဒီကိုအစောကြီးလာခဲ့ပြီး တံခါးဖွင့်တာကိုစောင့်နေတာပါ၊ ပြီးတော့ ရဲ‌ဘော်ထန်ရောက်လာတာဘဲ၊ သူက ကျွန်မကို အပေါ်အောက်စုံဆန်ကြည့်ပြီးတော့ လက်ညိုးငေါက်ငေါက်ထိုးပြီး....ကျွန်မကိုရုပ်ရည်လေးနည်းနည်းရှိရုံနဲ့ ရှင့်...ရှင့်ကိုဆွဲဆောင်ဖို့မကြိုးစားနဲ့ဆိုပြီး သတိပေးသွားတယ်”


လျှိုတုံချန်မျက်နှာက နီရဲတက်လာကာ ထန်ရှောင်ယန်ကို လှည့်ကြည့်လိုက်သည်။ 


အနောက်မှသူမက နှာခေါင်းပွချည်ရှုံ့ချည်ဖြစ်လာကာ မယုံနိုင်သလိုပုံစံက သူမမျက်နှာပေါ်တွင် ထင်ဟပ်နေ၏။


ထုံရွှယ်လူက သူမကို စကားပြောခွင့်မပေးချေ။ သူမက ဆက်ပြော၏။

“သူမက ရှင့်အပေါ်စိတ်ဝင်စားနေတာမလို့ ဘာမှမကြံစည်ဖို့တောင် ပြောခဲ့တယ်၊ မဟုတ်ရင် ကျွန်မကို အစိုးရပိုင်စားသောက်ဆိုင်ကနေ မောင်းထုတ်မယ်တဲ့”


“သူပြောတာကို ကြားလိုက်ရတော့ ကျွန်မအရမ်းဒေါသထွက်သွားတာ၊ ကျွန်မတို့နှစ်ယောက်က အခုမှတစ်ခါလောက်ဘဲ တွေ့ဖူးသေးတာလေ ကျွန်မဘာမှမလုပ်ရပါဘူး၊ သူက ကျွန်မကို ပေါ်တင်ကြီးသိက္ခာချနေတာ၊ ပြီးတော့ ရှင်တို့က ခယ်မ/ခဲအိုဆက်ဆံရေးဆိုတာကို မသိခဲ့ဘူး၊ ရှင်တို့နှစ်ယောက်က.....”


ထုံရွှယ်လူက ထိုနေရာတွင်ရပ်လိုက်ကာ သူတို့နှစ်‌ယောက်ကို အံ့အားသင့်သွားပြီးနောက် အထင်သေးသွားသည့်ပုံစံဖြင့် ကြည့်လိုက်သည်။


သူမက ထိုသို့သောကိစ္စရပ်များအား လုပ်ဆောင်မည်ဆိုလျှင် ဆရာကျ၏။


“……”


“……”

သူတို့သုံးယောက်ကြားတွင် တိတ်ဆိတ်မှုတစ်ခုကြီးစိုးလာ၏။


ထန်ရှောင်ယန်က သတိပြန်ဝင်လာသောအခါ ဒေါသဖြင့် နှာခေါင်းကတောင် နီရဲတက်လာသည်။

“နင်လျှောက်ပြောနေတာ၊ ငါအဲ့လိုမျိုးတစ်ခါမှမပြောဖူးဘူး နင်ကသာ‌အကြောင်းအရင်းမရှိ အရင်ဆုံးစအော်တာလေ”


“နင်အခုဘဲ အကြောင်းအရင်းမရှိဘူးလို့ ပြောခဲ့တယ်နော်၊ဟုတ်တယ် ငါတို့ကြားမှာဘာကိစ္စမှမရှိဘူးလေ၊ ငါကဘာအကြောင်းပြချက်မှမရှိဘဲ နင့်ကိုအော်ရမှာလဲ”


“အဲ့ဒါက ဘာလို့လဲဆိုတော့....ဘာလို့လဲ‌ဆိုတော့နင်က.......”


ထန်ရှောင်ယန်၏မျက်နှာက နီမြန်းကာ စကားထစ်လာပြီး ဘာမှကောင်းကောင်းမပြောနိုင်ချေ။


သူမဘက်က ထုံရွှယ်လူကို အရင်ဆုံးအော်ခဲ့ခြင်းဖြစ်သော်ငြား ထိုကိစ္စကို သူမ၏ခဲအိုအားမသိစေရဲပေ။


ထို့အပြင် သူမက လျှိုတုံချန်မျက်လုံးထဲရှိ သူမ၏ပုံရိပ်ကိုအတော်လေး ဂရုစိုက်ပေသည်။ ထုံရွှယ်လူက သူမကိုရုပ်ဆိုးသည်ဟုပြောခဲ့သည်အား လျှိုတုံချန်ကို ပြန်မပြောပြချင်ပေ။


လျှိုတုံချန်၏မျက်နှာက ချက်ပြုတ်ခံလိုက်ရသောပုစွန်လို နီရဲတက်လာသည်။

“ရဲဘော်ထုံ မင်းအထင်မလွဲပါနဲ့၊ ရဲဘော်ထန်နဲ့ငါ့ကြားမှာ ဘာကိစ္စမှမရှိပါဘူး၊ ငါက သူမကို ညီမလေးတစ်ယောက်လိုဘဲတွေးတာပါ”


ထုံရွှယ်လူက သူ့ကို သံသယရှိသလိုကြည့်လိုက်သည်။

“ဒါပေမယ့် ခုနက ရဲဘော်ထန်ပြောခဲ့တာကျတော့ ဒီလိုမဟုတ်ပါဘူး.......”


“သူမက ကောင်းကောင်းမတွေးတတ်လို့ပါ၊ သူမ‌ရဲ့အဓိပ္ပါယ်မရှိလျှောက်ပြောနေတာတွေကို နားမထောင်နဲ့ ထန်ရှောင်ယန် မင်းရဲဘော်ထုံကို အခုချက်ချင်းတောင်းပန်လိုက်”


ထန်ရှောင်ယန်က ဒီထက်ပိုပြီးဒေါသမထွက်နိုင်တော့ချေ။

“ခဲအို ငါမဟုတ်.....”


လျှိုတုံချန်ကို သူမပြောသည်ကို နားမထောင်ဘဲ ခက်ထန်စွာအော်လိုက်သည်။

“ငါ့ကိုအဲ့လိုမခေါ်စမ်းနဲ့ မင်းမတောင်းပန်နိုင်ဘူးဆိုရင် ဒီမှာအလုပ်လာမလုပ်နဲ့တော့”


ထန်ရှောင်ယန်က အလွန်အနိုင့်ကျင့်ခံရသလိုခံစားမိသော်လည်း မတတ်နိုင်ဘဲ တောင်းပန်ရန်လုပ်လိုက်ရလေသည်။


သူမက ထုံရွှယ်လူအား ယောင်ကိုင်းနေသောမျက်လုံးများဖြင့် စိုက်ကြည့်ကာ တောင်းပန်လိုက်သည်။

“တောင်းပန်ပါတယ် ရဲဘော်ထုံ ၊ ငါနင့်ကို ရန်မလုပ်ခဲ့သင့်ဘူး ကျေးဇူးပြုပြီး ငါ့ကိုခွင့်လွှတ်ပေးပါ”


ထုံရွှယ်လူက အလွန်သ‌ဘောပေါက် နားလည်သည့် ပုံစံဖြင့်ပြောလာသည်။

“နင့်အမှားကို နင်သိသွားလို့ ငါဝမ်းသာပါတယ်၊ရဲဘော်ထန်က ငါ့ကိုတောင်းပန်ပြီးပြီဆိုမှတော့ ဖြစ်ခဲ့သမျှအရာအားလုံးကို ငါမေ့ပစ်လိုက်မှာပါ ”


လျှိုတုံချန်၏မျက်နှာက နီမြန်းနေဆဲပင်။

“ရဲဘော်ထုံ မင်းခုနကပြောခဲ့တာလေ ကျေးဇူးပြုပြီး.....ကျေးဇူးပြုပြီးအခြားသူတွေကို လျှောက်မပြောလို့ရမလား”


ထုံရွှယ်လူက လက်သုံးချောင်းထောင်ကာ ကျိန်ဆိုပြလိုက်သည်။

“ကျွန်မထုံရွှယ်လူက ကျိန်ဆိုပါတယ်၊ အကယ်၍သာ အဲ့ဒီစကားတွေကို အခြားသူစီပြောပြခဲ့ရင် မိုးကြိုးပစ်ခံရပါစေ၊ ကျွန်မက ဒီကို လူတွေကိုဝန်ဆောင်မှု‌ပေးဖို့ရောက်လာတာပါ အတွင်းပိုင်းကိစ္စတွေကိုရင်ဆိုင်ဖို့မဟုတ်ပါဘူး၊ အဲ့လိုဖြစ်မှာမဟုတ်ဘူး‌ဆိုတာကို စိတ်ချထားလို့ရပါတယ် မန်နေဂျာလျှို”


သူမစကားကိုကြားသောအခါ လျှိုတုံချန်က စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။

“ကောင်းပါပြီ ရဲဘော်ထုံ ဒါဆို ငါစိုးရိမ်နေစရာမလိုတော့ဘူးပေါ့ မင်းကရဲဘော်ကောင်းတစ်ယောက်ပါ ငါဒါကို စိတ်ထဲမှတ်ထားပါ့မယ်”


ထိုသို့ပြောပြီးနောက် သူက ထန်ရှောင်ယန်ကို အေးစက်စွာလှည့်ကြည့်လိုက်သည်။

“ရဲဘော်ထန် ဒီနေ့မှာ မင်းကပြဇာတ်လုပ်ပြီး မွှေနှောက်ဖို့ကြိုးစားခဲ့တဲ့အတွက် မင်းစီကနေ အမှတ်သုံးမှတ်လျှော့လိုက်တယ်”


အစိုးရပိုင်စားသောက်ဆိုင်မှ အလုပ်သမားအားလုံးတွင် အဆင့်သတ်မှတ်မှုများရှိကာ သူတို့၏လုပ်ဆောင်မှုများကို စားသောက်ဆိုင်မန်နေဂျာမှ အမှတ်ပေးခြင်းဖြစ်သည်။


နှစ်တစ်နှစ်၏အဆုံးတွင် အမှတ်အမြင့်ဆုံးရှိနေသူက ဆုရမည်ဖြစ်ကာ အမှတ်အနိမ့်ဆုံးသူကမူ လူရှေ့တွင်ဝေဖန်သုံးသပ်ခံရမည်ဖြစ်ပြီး နှစ်မဆုံးခင်တွင် ကိုယ့်ကိုကိုယ်ပြန်လည်ဆန်းစစ်မှုသုံးသပ်ချက်ကို တင်ပြရ‌မည်ဖြစ်သည်။


ထိုစကားကိုကြားသောအခါ ထန်ရှောင်ယန်က သွေးအန်လုမတက်ဖြစ်သွားသည်။

“ခဲအ.....မန်နေဂျာလျှို ကျွန်မက........”


“ဘာမှထပ်မပြောနဲ့တော့၊ ဒီလိုဘဲဆုံးဖြတ်လိုက်ပြီ”


လျှိုတုံချန်က ရုန့်ရင်းစွာ သူမကိုဖြတ်ပြောပြီး စကားကိုရပ်စေလိုက်သည်။


လျှိုတုံချန်က ထုံရွှယ်လူ၏စကားများကိုသံသယမဝင်ရသည့်အကြောင်းမှာ သူ့မိန်းမ‌ဆုံးသွားပြီးနောက် ခြောက်လတောင်မရှိသေးသောအချိန်တွင် သူ၏ယောက္ခမက သူ့အား မိသားစုတစ်ခုထပ်ထူထောင်ချင်သေးလားဟု မေးလာခဲ့၍ဖြစ်သည်။


ထိုအချိန်တွင် သူကအရက်အနည်းငယ်သောက်ထားသဖြင့် ယောက္ခမဖြစ်သူ၏ ဆိုလိုရင်းကို ချက်ချင်းသဘောမပေါက်ခဲ့ပေ။ သူ၏ယောက္ခမက သူနောက်အိမ်ထောင်ပြုမည်ဆိုပါက နောက်မိန်းမသည် ကလေးများအပေါ်ကောင်းလိမ့်မည်မဟုတ်ဟု ဆိုခဲ့သည်။


သို့သော်ငြား သူကထန်ရှောင်ယန်ကို နောက်အိမ်ထောင်အဖြစ် လက်ထပ်လိုက်လျှင်မူ ကိစ္စများကကွာခြားသွားလိမ့်မည်။ ထန်ရှောင်ယန်က ကလေးနှစ်ယောက်၏အဒေါ်ဖြစ်သဖြင့် သေချာပေါက်ပင် ကလေးများအား သူ၏ကလေးများလို ဆက်ဆံလိမ့်မည်။


ထိုစကားများကိုကြားသောအခါ သူသောက်ထားသောအရက်များက ချက်ချင်းဆိုသလို ပျောက်ကွယ်သွားသည်။ သူက ယောက္ခမ၏အကြံကို တစ်ခါတည်းငြင်းဆိုလိုက်သည်။ ဒီကိစ္စက ဒီလိုနှင့်ပြီးသွားပြီဟုထင်ခဲ့သော်ငြား နောက်နှစ်ရက်ကြာသောအခါ ထန်ရှောင်ယန်က သူ့အပေါ်ခံစားချက်များရှိနေသည်ဟု ဝန်ခံလာခဲ့ပြန်သည်။


သူက တစ်ခါလက်ထပ်ထားဖူးသော်လည်း အစိုးရပိုင်စားသောက်ဆိုင်၏ မန်နေဂျာဖြစ်သည်။ သူ့အနေဖြင့် ထိုရုပ်ဆိုးဆိုးထန်ရှောင်ယန်ကို ဘယ်တော့မှသဘောတူမည်မဟုတ်ပေ။


သူက ငယ်ရွယ်လှပပြီး ယဉ်ကျေးမှုရှိသော မိန်းမများကိုသာ သဘောကျသည်။ ထန်ရှောင်ယန်တွင်ရှိနေသော တစ်ခုတည်းသောအချက်မှာ မိန်းမဖြစ်နေခြင်းသာ။


သူကချက်ချင်းပင် ထန်ရှောင်ယန်အား ဆူငေါက်ကာ ဒီကိစ္စကိုနောက်တစ်ခါ ဘယ်တော့မှထပ်မပြောတော့ရန် သတိပေးလိုက်၏။


ထန်ရှောင်ယန်က အနိုင့်ကျင့်ခံနေရသလို ခံစားမိသွားသည်။


ပြန်လည်မသင့်မြတ်ချင်သလို ခံစားမိသဖြင့် ထုံရွှယ်လူကို စိုက်ကြည့်နေပြီးနောက် လျှိုတုံချန်ထွက်သွားသောအခါမှ မေးလိုက်သည်။

“နင်အဲ့ဒါကို ဘယ်ကကြားလာတာလဲ”


ထုံရွှယ်လူက ထန်ရှောင်ယန်ကို ပြုံးပြလိုက်သည်။

“အိုးးးငါကဒီအတိုင်းပြောလိုက်တာ အဲ့ဒါကအမှန်ဆိုတာ ငါမသိခဲ့ဘူး”


ထန်ရှောင်ယန် : “……”


သူတို့စကားပြောနေချိန်တွင် အစိုးရစားသောက်ဆိုင်၏အလုပ်သမားများရောက်လာကြသည်။


သူတို့နှစ်ယောက်က အပြင်တွင်ရပ်နေသည်ကိုမြင်သောအခါ ကြောင်သွားကြ၏။

“နင်တို့နှစ်‌ယောက်က ဘာရပ်လုပ်နေကြတာလဲ”


ထုံရွှယ်လူက ပြုံးကာ သူတို့ကိုနှုတ်ဆက်လိုက်သည်။

“ကျွန်မနာမည်က ထုံရွှယ်လူပါ၊ ရဲဘော်စုနဲ့အလုပ်နေရာလဲလိုက်တဲ့တစ်ယောက်ပါ၊ အားလုံးနဲ့တွေ့ရတာ ဝမ်းသာပါတယ်နော်”


ရောက်လာသူများထဲမှ တစ်ယောက်သည် စားဖိုမှူးမုန့်ဟု အမည်ရ၏။


စားဖိုမှူးမုန့်က အသက်ငါးဆယ်အရွယ်ရှိပြီး အရပ်ရှည်ကာခပ်ဝဝပုံစံရှိ၏။ သူ၏ဝဖိုင့်မှုများသည် အလုပ်မှရလာခြင်းဖြစ်မှန်း သိသာ၏။


သူက ထုံရွှယ်လူကို တစ်ချက်ကြည့်ကာ အသိအမှတ်ပြုသလို အသံပြုလိုက်ပြီး အထဲဝင်သွားသည်။


သူ့နောက်တွင်မူ လူငယ်တစ်ယောက်ဖြစ်သည်။ ထိုသူကအရပ်ရှည်ကာ ကလန်ကလားနိုင်ပြီး အသက်၁၅၊၁၆အရွယ်လောက်ရှိမည်ထင်ရ၏။


သူက ထုံရွှယ်လူ၏နှုတ်ဆက်စကားကိုကြားသောအခါ ပြုံးပြလာပြီးနောက် စားဖိုမှူးမုန့်၏နောက်မှ လိုက်ကာ အထဲဝင်သွားသည်။


စုရှူယင်က ထုံရွှယ်လူကို ထိုလူငယ်အကြောင်းပြောပြခဲ့ဖူး၏။ ထိုလူငယ်၏အမည်မှာ ကောင်းဝေ့ဖျင်ဖြစ်သည်။ သူက စားဖိုမှူးမုန့်၏ တပည့်ဖြစ်ကာ အသက်၁၄နှစ်အရွယ်ကတည်းက အစိုးရပိုင်စားသောက်ဆိုင်တွင် အလုပ်သင်အဖြစ်ဝင်လုပ်နေခြင်းဖြစ်သည်။


အခြားသူများက အထဲဝင်သွားသည်ကို မြင်သောအခါ ထုံရွှယ်လူက ထန်ရှောင်ယန်ကို တစ်ချက်ကြည့်ပြီးနောက် သူမလည်း အနောက်မှလိုက်ဝင်သွားလိုက်သည်။


အမှန်တွင် သူမက လျှိုတုံချန်နှင့် ထန်ရှောင်ယန်တို့ကြားမှ ကိစ္စများကို ဒီအတိုင်းပြောချင်သလိုပြောလိုက်ခြင်းမဟုတ်ပေ။ စုရှူယင်က သူမကိုပြောပြခဲ့ခြင်းဖြစ်သည်။


ထန်ရှောင်ယန်တစ်ယောက် လျှိုတုံချန်ကိုဖွင့်ပြောသောနေ့တွင် စုရှူယင်ကစားသော‌က်ဆိုင်တွင် တစ်ခုခုကျန်ခဲ့သဖြင့် ပြန်လာယူသောအခါ ထန်ရှောင်ယန်က လျှိုတုံချန်အားဖက်ထားသည်ကို မြင်ခဲ့ခြင်းဖြစ်သည်။


သူမက ထုံရွှယ်လူအပေါ်ကျေးဇူးတင်သဖြင့် ပြောပြခဲ့ခြင်းဖြစ်ကာ ထန်ရှောင်ယန်တစ်ယောက် သူမအပေါ်တွင်လုပ်ခဲ့သည့် မနှစ်မြို့ဖွယ်ကိစ္စများအားလုံးကို လက်စားချေလိုသည့် ဆန္ဒကလည်း တစ်စိတ်တပိုင်းပါပေသည်။


ထုံရွှယ်လူက ဤသတင်းလေးတစ်ခုသည် ဒီလိုသိပ်မကြာခင်မှာဘဲ အလွန်အသုံးဝင်လာမည်ဟု မထင်ထားခဲ့ပေ။


ထုံရွှယ်လူဆိုင်ထဲဝင်သွားပြီးနောက်တွင် ထန်ရှောင်ယန်ကလည်း ခြေဆောင့်ကာ အထဲလိုက်ဝင်သွားသည်။


လျှိုတုံချန်က လူစုံသောအခါ ယနေ့အတွက်ဟင်းလျာများကို ကြေညာလိုက်သည်။


ဒီနေ့ကသောကြာနေ့ဖြစ်ကာ ပုံမှန်အတိုင်းဆိုလျှင် ဒီနေ့အတွက်ဟင်းလျာများက ဖက်ထုပ်နှင့်ဝက်သားနှပ်ဖြစ်သည်။


လျှိုတုံချန်က ယနေ့အတွက်ဟင်းလျာများကို ကြေညာပြီးသောအခါ လူများကိုလိုက်ကြည့်ပြီးနောက် ကောင်းဝေ့ဖျင်ဆီ၌အကြည့်ရပ်သွားသည်။

“ဝေ့ဖျင်က ဝက်သားယူဖို့ ငါနဲ့အတူလိုက်ခဲ့”


ကောင်းဝေ့ဖျင်က ခေါင်းမညိတ်ရသေးခင်တွင် စားဖိုမှူးမုန့်ကလည်ချောင်းရှင်းကာ ဝင်ပြောလာသည်။

“ရှောင်ကောင်းက ဒီနေ့အရမ်းအလုပ်များနေတာ၊ ငါသူ့ကို ဘယ်လိုဟင်းရွက်လှီးရမလဲဆိုတာကို သင်ပေးရဦးမှာ”


ထိုစကားကိုကြားသောအခါ လျှိုတုံချန်က မျက်မှောင်ကြုတ်လိုက်သည်။

“ဝက်သားသွားယူတာက အရမ်းမကြာပါဘူး၊ သွားပြီးပြန်လာမှသူ့ကိုသင်ပေးလိုက်လို့မရဘူးလား”


စားဖိုမှူးမုန့်က ငြီးငြူလိုက်သည်။

“မန်နေဂျာလျှိုအတွက်တော့ ပြောရတာလွယ်မှာပေါ့၊ ခင်ဗျားပြန်ရောက်လာတာနဲ့ ဒီကစားစရာတွေကို အကုန်စချက်ပြုတ်ရတော့မှာ သူ့ကိုသင်ပေးဖို့အချိန်ကဘယ်မှာရှိတော့မှာလဲ”


ဝါးးးလုပ်ကြ ရန်ဖြစ်ကြ။။

ထုံရွှယ်လူက ဘေးဘက်၌ထိုင်ကာ တည်ငြိမ်နေပုံပေါ်သော်လည်း သူမရင်ထဲတွင်အလွန်စိတ်လှုပ်ရှားနေ၏။