အပိုင်း ၆၈
Viewers 16k

🍵Chapter 68

-“မင်းကချစ်သူကောင်မလေးမရှိတော့ သိမှာမဟုတ်ပါဘူး”



‌ဒီလိုစားသောက်ဆိုင်လေးမှာ အတွင်းရေးပြသနာတွေရှိလိမ့်မယ်လို့ ဘယ်သူကထင်မှာတဲ့လဲ။


ပျော်စရာဘဲ။


အခုချိန်သည် ခပ်မြန်မြန်မိတ်ဆက်ရန်အတွက် အချိန်ကောင်းဖြစ်သည်။ အစိုးရပိုင်စားသောက်ဆိုင်တွင် ရာထူးအမြင့်ဆုံးသူမှာ မန်နေဂျာဖြစ်သည်။ သူ၏အဓိကတာဝန်မှာ ကုန်ကြမ်းပစ္စည်းများကို ဝယ်ယူရမှာဖြစ်ပြီး ထိုဘက်ပိုင်းတွင် နံပါတ်တစ်တာဝန်ရှိသူဖြစ်သည်။


မန်နေဂျာအောက် တစ်ဆင့်နိမ့်သောသူမှာ စားဖိုမှူးဖြစ်သည်။ စားဖိုမှူးသည် အစိုးရပိုင်စားသောက်ဆိုင်တွင် ဒုတိယရာထူးအကြီးဆုံးဖြစ်သည်။


အခုချိန်တွင် ထိုပထမရာထူးအကြီးဆုံးသူနှင့် ဒုတိယရာထူးအကြီးဆုံးသူတို့က မသင့်မြတ်ဘဲ တစ်နေရာထဲတွင် သေးမပေါက်မည်မှာ သိသာနေ၏။ ဇာတ်လမ်းတွေအများကြီးလာဦးမှာဘဲ။


လျှိုတုံချန်က စားဖိုမှူးမုန့်ကို လုံးဝကြီးဆန့်ကျင်လိုတာမျိုးမရှိပေ။ သူတို့နှစ်ယောက်က အချင်းချင်းအချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက်တွင် လျှိုတုံချန်က အကြည့်လွှဲကာ ထုံရွှယ်လူနှင့် ထန်ရှောင်ယန်တို့ကိုကြည့်လိုက်သည်။ နောက်ဆုံးတွင် လျှိုတုံချန်က မပျော်မရွှင်နှင့်ပင် သူတစ်ယောက်ထဲ ထွက်သွားလေသည်။


ထုံရွှယ်လူက အလွန်လှလွန်း၏။ သူမကိုခေါ်သွားခြင်းက အလိုမရှိသောကောလဟလများကို ဖြစ်စေလိမ့်မည်။


ထို့အပြင် ခုနကဖြစ်ပျက်ခဲ့သော အကြောင်းအရာများကြောင့် အခုချိန်တွင် သူ မတွေ့ချင်ဆုံးသောသူမှာ ထုံရွှယ်လူဖြစ်သည်။


ထန်ရှောင်ယန်နှင့်ဆိုပါက သူကသွားတောင်မသွားချင်တော့ပေ။ သူ့အနေဖြင့် နောက်ထပ်မလိုအပ်သည်များ မဖြစ်လာစေရန်အလို့ငှာ ထန်ရှောင်ယန်အား ချက်ချင်းပင် တစ်နေရာရာသို့ ရွှေ့ပြောင်းသွားစေရန် ဆုတောင်းရုံသာလုပ်နိုင်သည်။


လျှိုတုံချန်ထွက်သွားပြီးနောက်တွင် စားဖိုမှူးမုန့်က ထရပ်ကာပြောလာသည်။

“ရှောင်ကောင်း ငါနဲ့လိုက်ခဲ့ ဟင်းရွက်တွေကို ဘယ်လိုလှီးရမလဲဆိုတာ သင်ပေးမယ်”


“ဟုတ်ကဲ့ပါ ဆရာ”


စုရှူယင်က ထုံရွှယ်လူကို ပြောပြခဲ့ဖူး၏။ ကောင်းဝေ့ဖျင်က စားသောက်ဆိုင်တွင် အလုပ်လုပ်နေသည်မှာ နှစ်နှစ်ကျော်ပြီဖြစ်သော်ငြား ယာယီအလုပ်သမားသာဖြစ်နေဆဲဖြစ်သည်။


ထို့အပြင် ပြီးခဲ့သည့်နှစ်နှစ်အတွင်းတွင် သူသင်ယူခဲ့သည့်အရည်အချင်းဟူ၍ အသားကိုဘယ်လိုလှီးဖြတ်ရမလဲဆိုတာလောက်သာဖြစ်သည်။


ဆိုလိုရင်းမှာ စားသောက်ဆိုင်သို့အသားရောက်လာပါက ခုတ်ထစ်၊လှီးဖြတ်ရန်မှာ သူ့တာဝန်သာဖြစ်သည်။


အခုတွင် စားဖိုမှူးမုန့်က ဟင်းရွက်လှီးနည်းများကို သူ့ကိုသင်ပေးတော့မည်ဖြစ်သဖြင့် ကောင်းဝေ့ဖျင်က‌ ပျော်မဆုံးဖြစ်နေ၏။ သူက ဖြိုးဖြိုးဖြောက်ဖြောက်ခြေသံများဖြင့် စားဖိုမှူးနောက်မှလိုက်ကာ မီးဖိုချောင်ထဲဝင်သွားသည်။


ထိုသည်ကိုမြင်သောအခါ ထုံရွှယ်လူက ကောင်းဝေ့ဖျင်အတွက် ခံစားမိသွားသည်။ အကယ်၍သူမသာ ထိုသို့လေ့ကျင့်ပေးခံရမည်ဆိုပါက အစောကြီးကတည်းက ထွက်သွားလောက်ပြီဖြစ်သည်။


စားဖိုမှူးမုန့်နှင့် ကောင်းဝေ့ဖျင်တို့ မီးဖိုချောင်ထဲဝင်သွားသောအခါ စားသောက်သည့်ဧရိယာတွင် ထုံရွှယ်လူနှင့် ထန်ရှောင်ယန်သာကျန်ခဲ့သည်။


ထန်ရှောင်ယန်က သူမကိုစိုက်ကြည့်လာသည်။

“နင်ကဘာရပ်လုပ်နေတာလဲ မြန်မြန်သွားပြီး စားပွဲတွေကို သန့်ရှင်းရေးလုပ်လိုက်လေ”


ထုံရွှယ်လူက သူမကို အေးစက်စက်တစ်ချက်ကြည့်လိုက်သည်။

“ငါတို့တွေ ခွဲပြီးလုပ်မယ်၊ ငါကဒီဘက်ကိုသန့်ရှင်းရေးလုပ်လိုက်မယ် နင်က အဲ့ဒီဘက်ကိုလုပ်လိုက်”


ထန်ရှောင်ယန်က အလွန်အံ့ဩသွားကာ မျက်လုံးအိမ်ထဲမှ မျက်လုံးများကထွက်ကျတော့မတတ်ပြူးထွက်လာ၏။

“နင်က လူသစ်ဆိုတော့ ဒါတွေကနင်လုပ်ရမှာတွေဘဲ၊ ငါကပိုက်ဆံနဲ့စားစရာလက်မှတ်တွေကို သိမ်းဖို့အတွက်ဘဲ တာဝန်ရှိတာ”


ထုံရွှယ်လူက ပြုံးလိုက်သည်။

“အဲ့ဒါက ငါ့ကိုသတိပေးလိုက်တာဘဲ၊ ပိုက်ဆံသိမ်းထားနဲ့ ပန်းကန်ဆေးဝာာတွေကိုလည်း ငါတို့အလှည့်ကျလုပ်ကြမယ်၊ တကယ်လို့နင်မကျေနပ်ရင် မန်နေဂျာကိုသွားတိုင်လိုက်”


အစိုးရစားသောက်ဆိုင်မှ စားပွဲထိုးတစ်ယောက်သည် ပိုက်ဆံသိမ်းရသည့်တာဝန်အပြင် ပန်းကန်ဆေးရန်ပါ တာဝန်ရှိ၏။


စုရှူယင်ရှိနေတုန်းကဆိုလျှင် စားပွဲထိုးခြင်းနှင့် ပန်းကန်ဆေးခြင်းများကို သူမတစ်ယောက်တည်းသာ ဒိုင်ခံတာဝန်ယူခဲ့ရသည်။ ထန်ရှောင်ယန်လုပ်သမျှမှာ ပိုက်ဆံနှင့်လက်မှတ်များကို သိမ်းခြင်းသာဖြစ်သည်။ စုရှုယင်က သဘောမကျသော်လည်း ထန်ရှောင်ယန်တွင်နောက်ခံရှိသဖြင့် မတတ်နိုင်ဘဲ ခေါင်းငုံ့ကာငြိမ်ခံနေခဲ့ရ၏။


ထုံရွှယ်လူက အစကတည်းက ထန်ရှောင်ယန်နှင့် ဆက်ဆံရေးကောင်းရှိရန် မတွေးခဲ့ပေ။ သို့သော်ထန်ရှောင်ယန်က ပထမရက်ကတည်းက ဒီလိုနင်းခြေလာမည်ဟုလည်း မထင်ထားခဲ့ပေ။ ထိုသို့ဆိုလျှင် သူမဘက်ကလည်း အယောင်ပြရိုသေပေးရန်မလိုတော့ချေ။


ထန်ရှောင်ယန်၏ပါးများက ဖောင်းကားလာကာ ဖားတစ်ကောင်နှင့်တူလာ၏။


အတိတ်တုန်းကဆိုလျှင် သူမက သေချာပေါက် လျှိုတုံချန်ဆီသွားတိုင်မည်ဖြစ်သော်ငြား မနက်ကဖြစ်ခဲ့သောအရာများကြောင့် သူမကထပ်မလုပ်ရဲတော့ချေ။


ထုံရွှယ်လူက သူမကိုအာရုံမစိုက်တော့ဘဲ အရှေ့ဘက်ခြမ်းမှ စားပွဲနှင့်ထိုင်ခုံများကို သန့်ရှင်းရေးလုပ်လိုက်သည်။


အကုန်ပြီးသောအခါ ထိုင်ပြီးအနားယူလိုက်၏။


ထုံရွှယ်လူက တကယ်ပင် ကျန်သည့်တစ်ခြမ်းအား သန့်ရှင်းရေးမလုပ်သည်ကို မြင်သောအခါ ထန်ရှောင်ယန်က ဒေါသထွက်လွန်းသဖြင့် အော်တောင်အော်လိုက်ချင်သည်။


သို့သော် သူမက လျှိုတုံချန်ဆူသည်ကို မခံလိုသဖြင့် မကျေမနပ်ဖြင့်ပင် သန့်ရှင်းရေးစလုပ်လိုက်သည်။

 

မီးဖိုချောင်ထဲမှနေ၍ ဤမြင်ကွင်းများမြင်လိုက်ရသော စားဖိုမှူးမုန့်က ပြုံးကာပြောလိုက်သည်။

“နောက်ဆုံးတော့ ငါတို့ဆီမှာ ဉာဏ်ကောင်းတဲ့ သူတစ်ယောက်ရှိလာပြီဘဲ”


ကောင်းဝေ့ဖျင်က မုန်လာဥဖြူကို ဂရုတစိုက်လှီးကာမေးလာ၏။

“သူမကို ထန်ရှောင်ယန်က မန်နေဂျာနဲ့သွားတိုင်မှာမစိုးရိမ်ဘူးလား”


စားဖိုမှူးမုန့်က ခေါင်းပြောင်ပြောင်ကြီးကိုပွတ်ကာ ပြော၏။

“အဲ့ဒီကောင်မလေးက ဉာဏ်ပြေးတဲ့ပုံစံပါ၊ ငါတို့တွေစိုးရိမ်ပေးနေစရာတောင် မလိုဘူးလို့ထင်တယ်”


သို့သော် ကောင်းဝေ့ဖျင်ကမူ စားဖိုမှူးမုန့်အား အပြည့်အဝသဘောမတူပေ။


ထန်ရှောင်ယန်က တစ်ကိုယ်ကောင်းဆန်ကာ ပျင်းရိသောသူဖြစ်ပြီး လူတိုင်းကမမြင်ချင်ယောင်ဆောင်ထားကြသည့် အကြောင်းအရင်းမှာ သူမ၏ခဲအိုက မန်နေဂျာဖြစ်နေသောကြောင့်ဖြစ်သည်။ စုရှူယင်အလုပ်လုပ်စဉ်ကာလများအတွင်းတွင် ထန်ရှောင်ယန်၏ အနိုင့်ကျင့်မှုများကြောင့် အကြိမ်ပေါင်းများစွာ ငိုခဲ့ရပေသည်။


သို့သော်ငြား ထန်ရှောင်ယန်က ထုံရွှယ်လူကို မန်နေဂျာလျှိုအားပြန်မတိုင်ခဲ့ပေ။ အမှန်တွင် သူမကတစ်နေ့လုံး မန်နေဂျာလျှိုနှင့် ဝေးဝေးတွင်နေခဲ့၏။


ကောင်းဝေ့ဖျင်က အံ့အားသင့်သွားကာ ဤစားပွဲထိုးအသစ်က အလွန်အံ့ဩစရာကောင်းသည်ကို တွေ့လိုက်ရသည်။


သူမက အလုပ်ဆင်းသည့် ပထမဆုံးနေ့တွင်ပင် ထန်ရှောင်ယန်ကို ကိုင်တွယ်လိုက်နိုင်၏။


***

အစိုးရပိုင်စားသောက်ဆိုင်သည် နေ့လယ်စာနှင့် ညစာကိုသာရောင်းချပြီး မနက်စာမရောင်းချေ။


လျှိုတုံချန်က အသား၊ဟင်းသီးဟင်းရွက်များဖြင့် ပြန်ရောက်လာသောအခါ မီးဖိုချောင်က စတင်အလုပ်များလာသည်။


အခုတွင် ထုံရွှယ်လူက ထန်ရှောင်ယန်နှင့် ဆက်ဆံရေးမကောင်းသဖြင့် သူမအနေဖြင့် အခြားသူများနှင့် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရမည်ဖြစ်သည်။


သူမက မီးဖိုချောင်သို့သွားကာ မေးလိုက်သည်။

“စားဖိုမှူးမုန့် အကူအညီလိုတာများရှိလား၊ ကျွန်မက ဟင်းရွက်တွေကိုဆေးဖို့ကူညီပေးနိုင်ပါတယ်”


ခုတ်ထစ်လှီးဖြတ်ခြင်းနှင့် ချက်ပြုတ်ခြင်းသည် စားဖိုမှူးမုန့်၏ အလုပ်ဖြစ်သည်။ သူ၏ခွင့်ပြုချက်မရှိပါက ဘယ်သူကမှထိခွင့်မရှိပေ။


ထုံရွှယ်လူက ဒီနေရာသို့အခုမှရောက်ခြင်းဖြစ်သဖြင့် သူမချက်ပြုတ်နိုင်သည်ကို အခြားသူများအား မသိစေချင်သေးပေ။ သူမအနေဖြင့် စားဖိုမှူးမုန့်က သူမအပေါ်ခက်ထန်လာမှာကိုအလိုမရှိပေ။


ကောင်းဝေ့ဖျင်က ခေါင်းခါပြတော့မည့်အချိန်တွင် စားဖိုမှူးမုန့်က ဝင်ပြောလာ၏။

“ကောင်းပြီလေ ရှောင်ကောင်းနဲ့အတူ ဟင်းရွက်တွေကိုဆေးလိုက်ပါ”


ထိုစကားကိုကြားသောအခါ ကောင်းဝေ့ဖျင်၏ပါးစပ်က အံ့ဩမှုဖြင့် အတိုင်းသားဟသွားသည်။


ပုံမှန်အားဖြင့်ဆိုလျှင် စားဖိုမှူးမုန့်က အခြားလူများကို မီးဖိုချောင်ထဲသို့ ဝင်ခွင့်မပေးပေ။ တစ်ခါတုန်းကဆိုလျှင် ထန်ရှောင်ယန်က အထဲဝင်လာကာ စားဖိုမှူးမုန့်ချက်ပြုတ်သည်ကို ကြည့်ချင်သော်ငြား အော်ထုတ်ခံလိုက်ရသည်။


ဤစားပွဲထိုးအသစ်လေးသည် အလုပ်ဆင်းသည့်ပထမဆုံးနေ့တွင် ထန်ရှောင်ယန်ကို ဖိနှိပ်ထားနိုင်ရုံသာမက စားဖိုမှူးမုန့်နှင့်ပါ မိတ်ဆွေဖွဲ့နိုင်နေ၏။


အရမ်းအံ့ဩဖို့ကောင်းလိုက်တာ။

ထုံရွှယ်လူကိုကြည့်လာသော ကောင်းဝေ့ဖျင်၏အကြည့်များသည် လေးစားမှုများဖြင့် ပြည့်နှက်နေ၏။


ထုံရွှယ်လူ:“??”


အဲ့ဒီတလက်လက်တောက်နေတဲ့ မျက်လုံးတွေက ဘာလဲ။


ထန်ရှောင်ယန်က ထုံရွှယ်လူတစ်ယောက်မီးဖိုချောင်ထဲသို့ဝင်သွားသည်ကို မြင်သောအခါ အအော်ခံရပြီး မောင်းထုတ်ခံရမည်ကို စောင့်နေလိုက်သည်။ သူမစောင့်ပြီးရင်းစောင့်နေသော်လည်း ဘာမှမဖြစ်လာပေ။ ထိုအစား မီးဖိုချောင်ထဲမှ ရယ်သံများကိုကြားလိုက်ရသည်။


? ?

သူမက သိချင်လွန်းသဖြင့် သူမ၏နှလုံးသားကို ပုရွက်ဆိတ်များ ကိုက်နေသလို ခံစားမိနေ၏။


သူမကို စားဖိုမှူးမုန့်က ချက်ပြုတ်နေချိန်တွင် မီးဖိုချောင်ထဲလာခွင့်မပြုဟု သတိပေးထားသော်ငြား အခုချိန်တွင် သူမကအလွန်သိချင်နေပြီဖြစ်သည်။


သူမက မီးဖိုချောင်ဆီသို့ လျှောက်သွားလိုက်သည်။ အထဲသို့ ခြေတစ်လှမ်းသာလှမ်းလိုက်သည့်အချိန်တွင် စားဖိုမှူးမုန့်က သူမဘက်လှည့်ပြီး ရက်စက်စွာကြည့်လာ၏။

“နင့်ကိုနင် ဒီမှာဘာလုပ်နေတယ်လို့ ထင်နေတာလဲ”


ထန်ရှောင်ယန်၏လက်များကတုန်နေသော်ငြား သူမ၏လည်ပင်းကိုတောင့်ကာ အားတင်းပြောလိုက်သည်။

“သူမကျတော့ရော ၊ဘယ်လိုဖြစ်လို့ သူမကျတော့ အထဲကိုဝင်ခွင့်ရတာလဲ”


စားဖိုမှူးမုန့်က အရိုးခုတ်သည့်ဓားကိုကိုင်ပြီး ခက်ထန်သောအကြည့်ဖြင့်ပြောလာ၏။

“ငါကသူမဒီမှာရှိတာကိုသဘောကျတယ်လေ၊ နင့်မှာဘာပြသနာရှိလို့လဲ”


ထန်ရှောင်ယန်  “……” 

ဒေါသထွက်လိုက်တာ။


ဟင်းရွက်များဆေးပြီးသောအခါ ထုံရွှယ်လူက မီးဖိုချောင်မှထွက်လာလိုက်သည်။ သူမက စားပွဲများရှိသည့်နေရာသို့ပြန်သွားကာ ထန်ရှောင်ယန်နှင့် အချင်းချင်းစိုက်ကြည့်ခြင်းကို ဆက်လုပ်လိုက်သည်။


လျှိုတုံချန်က သူ့တာဝန်ပြီးသောအခါ အနားယူသွား၏။ ညနေမတိုင်ခင်ထိ သူပြန်ရောက်လာမှာမဟုတ်ပေ။


ဟင်းရွက်လှီးသံများသည် မီးဖိုချောင်မှ အဆက်မပြတ်ထွက်ပေါ်နေ၏။ ဖက်ထုပ်နှင့် ဝက်သားနှပ်များကို အရင်ချက်ပြုတ်ကာ အခြားဟင်းရွက်များကိုမူ ဆေးကြောပြီးအသင့်လုပ်ထားလိုက်သည်။ မှာယူသူများရှိလာမှ ဟင်းရွက်များကို ချက်ပြုတ်မှာဖြစ်သည်။


11ခွဲရောက်သော် ထန်ရှောင်ယန်က ရုတ်တရက်ထရပ်လိုက်ပြီး နေ့လယ်စာဘူးကိူဆွဲကာ အစားအစာပေးသည့် ပြတင်းပေါက်ဆီသို့သွားလိုက်သည်။


ထန်ရှောင်ယန်၏အပြုအမူကိုမြင်မှသာ ထုံရွှယ်လူက နေ့လယ်စာစားချိန်ရောက်သည်ကို သိသွား၏။သူမလည်းဘဲ နေ့လယ်စာဘူးကိုယူကာ လိုက်သွားလိုက်သည်။


စားဖိုမှူးမုန့်က ထန်ရှောင်ယန်ကို အရင်ဆုံးထမင်း၊ ဟင်းရွက်များနှင့် ဖက်ထုပ်သုံးခု ထည့်ပေးလိုက်သည်။ ထို့နောက် သူက ဝက်သားနှပ်တစ်ဇွန်းကိုခပ်လိုက်ပြီး ထိုအခါကသာ တကယ့်ပြပွဲအတွက်အချိန်ကျလာခြင်းဖြစ်သည်။


သူ့လက်က လေဖြတ်နေသလိုပင် တုန်ယင်နေကာ ‌ဇွန်းထဲတွင် ဝက်သားနှစ်တုံးသာကျန်တော့မှ ထန်ရှောင်ယန်၏ နေ့လယ်စားဘူးထဲရောက်သွား၏။


ထန်ရှောင်ယန်: “……”

ထိုအရာကိုမြင်သောအခါ ထုံရွှယ်လူက အသံထွက်ရယ်မိမတတ်ဖြစ်သွားသည်။


ထန်ရှောင်ယန်က ဒေါသထွက်လာရာ သူမ၏နှာခေါင်းကတောင် တွန့်လိမ်မတတ်ဖြစ်သွားသည်။


သို့သော်ငြား ထန်ရှောင်ယန်က ချက်ချင်းမထွက်သွားပေ။ ထုံရွှယ်လူက အသားဘယ်နှစ်တုံးရမည်ကို သူမသိချင်၏။


စားဖိုမှူးမုန့်က အရာအားလုံးကို တူညီစွာထည့်ပေးသော်လည်း ဝက်သားနှပ်ကိုမူ ခြွင်းချက်ဖြစ်သည်။ ရုတ်တရက်ဆိုသလိုပင် သူ့လက်က မတုန်တော့ဘဲ ထုံရွှယ်လူအား ဝက်သားနှပ်တစ်ဇွန်းအပြည့်ထည့်ပေးလာ၏။


“…………”

ထန်ရှောင်ယန်က အံကြိတ်လိုက်မိသည်။

“ဒါကမတရားဘူး စားဖိုမှူးမုန့် ဘာလို့သူမကအသားအများကြီးရပြီး ကျွန်မကိုကျနှစ်တုံးဘဲထည့်ပေးတာလဲ”


စားဖိုမှူးမုန့်က နှုတ်ခမ်းစေ့ကာ နှာရှုပ်လိုက်သည်။

“အဲ့ဒါက ငါ့ကိုစိတ်ချမ်းသာစေလို့လေ နင်ကဘာလုပ်ချင်လို့လဲ”


ထန်ရှောင်ယန် “………………”


ထန်ရှောင်ယန်က အစိုးရစားသောက်ဆိုင်တွင်ရှိခဲ့သည့် သုံးနှစ်အတွင်းတွင် ဤကဲ့သို့မုန်းတီးမှုမျိုးကို မခံစားခဲ့ဖူးပေ။


သူမက နေ့လယ်စာဘူးကိုကိုင်ကာ မျက်ရည်များကျလာ၏။


“ငိုမယ်ဆို အခြားနေရာမှာသွားငို၊ ငါ့ရှေ့မှာလာပိတ်မနေနဲ့”


ထန်ရှောင်ယန်က နေ့လယ်စာဘူးကိုကိုင်ပြီး တစ်ဖက်သို့လျှောက်သွားကာ ထိုနေရာတွင်ဆက်ငိုလာ၏။


ထိုအရာကိုမြင်သောအခါ ထုံရွှယ်လူက ချက်ချင်းပင် ဆုံးဖြတ်ချက်ချလိုက်သည်။


သူမက စားဖိုမှူးမုန့်၏အဖွဲ့တွင်ပါကာ စားဖိုမှူးမုန့်ဆီမှ စားသောက်စရာကောင်းများကို ရယူရမည်ဟူ၍ပင်။