Chapter 165
လင်းဖေးက သူထွက်သွားသည်ကိုကြည့်ကာ ကျိလဲ့ယွီထံသို့ ပြန်လှည့်လိုက်သည်။ ကျိလဲ့ယွီမှာ သူ့၏ ကြောက်လန့်သော ဟန်ဆောင်မှုကို ဖယ်ထုတ်လိုက်ပြီဖြစ်ကာ သူ့ကိုယ်သူ ကျေနပ်နေဟန်ရသည်။
"ငါတို့လဲ သွားရအောင်..."
သူက သူမြင်ချင်သည်ကို မြင်ခဲ့ပြီး ဖြစ်သည်။ ဤသို့ဖြင့် ကျိလဲ့ယွီက ကျေနပ်သွားလေသည်။
လင်းဖေးက သတိပေးလိုက်သည်။
"မင်း ကြမ်းပြင်ကို မသန့်ရှင်းရသေးဘူးနော်..."
"ရပါတယ်..."
"မင်းကို သိသွားလိမ့်မယ်..."
လင်းဖေးက ထပ်မံ သတိပေးလိုက်သည်။
"ဒါပေမဲ့ သားက ဒီနေ့ ခဏလာလည်တဲ့ ကလေးတစ်ယောက်ပဲလေ..."
ကျိလဲ့ယွီက လင်းဖေးထံ သူ့မျက်တောင်များကို တဖျပ်ဖျပ်ခတ်ပြီး အပြစ်ကင်းစွာဆိုလိုက်သည်။
"အဲ့ဒါတွေက သားနဲ့ ဘာဆိုင်လို့လဲ..."
လင်းဖေး - ...
လင်းဖေးက ကျိလဲ့ယွီက မှန်သည်ကို သဘောပေါက်သွားလေသည်။
ဘယ်သူက ကျိလဲ့ယွီကို သံသယဝင်မှာလဲ... သူက အရမ်းငယ်သေးတယ်... ပြီးတော့ အရမ်း အပြုအမူကောင်းပြီး ချစ်စရာကောင်းတာကို... သူဆိုရင်တောင် သူက ကျိလဲ့ယွီလုပ်သမျှကို သေချာမမြင်ခဲ့ဖူးဆိုရင် ကျိလဲ့ယွီက ဒါမျိုးလုပ်မယ်ဆိုတာ ယုံမှာ မဟုတ်ဘူး...
ကျိလဲ့ယွီက သူ့ကို ဆွဲလိုက်သည်။
"သွားစို့... သွားစို့... သားတို့အကြာကြီးဖြစ်နေရင် ပါးပါးစိတ်ပူနေလိမ့်မယ်..."
လင်းဖေးက လင်းလော့ချင်း သူတို့ကို လာရှာမည်ကို စိုးရိမ်နေမိသည်။ ထိုသို့ဖြစ်လာပါက သူကတစ်ခုမှ ရှင်းပြနိုင်မည် မဟုတ်ပါပေ။ လင်းဖေးက ကျိလဲ့ယွီနောက်လိုက်ကာ ပြန်သွားရန်သာ တတ်နိုင်တော့သည်။
လင်းမိသားစုကိုမူ လင်းဖေးက သူတို့ကို သိပ်ချစ်ခြင်း တွယ်တာခြင်းမရှိ၍ သူက ဂရုမစိုက်ပါပေ။
အစပိုင်းတွင် ကျိလဲ့ယွီက စားပြီးနောက် ဆီများကို ရှင်းရန် စီစဉ်ထားပေသည်။ သူ့လက်စားချေခြင်းနှင့် ပံုစံများက အမြဲလိုလို ပြစ်မှတ်ရှိပေသည်။ ကျိဟွမ်ကဲ့သို့ပင်။ ကျိဟွမ်လဲပြီးနောက် တခြားသူများ ချော်မလဲစေရန် ကျိလဲ့ယွီက တိပ်များကို တစ်ခုပြီးတစ်ခုသွားပြန်ခွာပေသည်။
သို့သော် ကျိလဲ့ယွီ ယနေ့ ရောက်လာသည့်အချိန်မှစ၍ အဖေလင်းနှင့် ချန်ဖုန်း၏ လင်းဖေးအပေါ် မျက်နှာသာမပေးသည့် သဘောထားကို အာရုံခံမိသည်။ သို့ဖြစ်၍ သူတို့က လင်းဖေးကိုမကြိုက်လျှင် ကျိလဲ့ယွီလည်း သူတို့ကို မကြိုက်ပါပေ။
သူတို့လဲလား မလဲလားက သူ့အတွက် ဘာအရေးပါလို့လဲ... ဘယ်သူက ဂရုစိုက်မှာလဲ...
ကျိလဲ့ယွီက သူတို့ ချော်လဲလျှင် ပို၍ပင် သဘောကျမိမည်ဖြစ်ရာ ထိုလူများအတွက် သန့်ရှင်းရန် အလွန်ပျင်းနေလေသည်။
သူရဲ့ ကိုကိုဖေးဖေးက အကောင်းဆုံးပဲ... သူ့ကို မကြိုက်တဲ့လူတွေ ဘယ်လိုလုပ်ပြီး ရှိနေတာလဲ...
မုန်းစရာကြီး...
လင်းလော့ချင်းက လင်းလော့ကျင်းမှာ ထော့နဲ့ထော့နဲ့ဖြင့် ပြန်လာသည်ကို မြင်ရာ ဘာဖြစ်ခဲ့သလဲဆိုသည်ကို သိချင်နေမိသည်။
သူက လင်းလော့ကျင်းအော်သံကို ကြားခဲ့ရသည်။
အဲ့တော့ ဘာဖြစ်ခဲ့တာလဲ...
သူ ကျိလဲ့ယွီတစ်ခုခုထပ်လုပ်မည်ကို စိုးရိမ်ကာ မေးလိုက်သည်။
"မင်း ဘာဖြစ်တာလဲ.."
"မင်းကိစ္စမဟုတ်ဘူး..."
လင်းလော့ကျင်း၏ အောက်ပိုင်းမှာ နာကျင်နေဆဲဖြစ်သည်။ ယခုတွင် သူက လင်းလော့ချင်း မေးသည်ကို ကြားသောအခါ လင်းလော့ချင်းမှာ ဝမ်းသာနေသည်ဟု ခံစားရပြီး မာဆတ်ဆတ်ဆိုလိုက်သည်။
ကျိယွီရှောင်က စားပွဲပေါ်သို့တူကို အသံအကျယ်ကြီးဖြင့် ချလိုက်ပြီး သူ့ကို ခေါင်းမော့ကြည့်လိုက်သည်။
အဖေလင်း၏ နှလံးသားက အေးစက်သွားပြီး ချက်ချင်းပင် အော်ဟစ်လိုက်သည်။
"မင်း အစ်ကိုကို အဲ့လိုပြောရသလား... မင်းအစ်ကိုက စိတ်ပူလို့လေ... မင်းကအဲ့ဒါကို ဘယ်လိုလုပ်ပြီး အဲ့လိုပြောရဲတာလဲ... မြန်မြန် တောင်းပန်လိုက်စမ်း..."
လင်းလော့ကျင်းက နစ်နာသည်ဟု ခံစားရပေသည်။
"တောင်းပန်ရမယ်... ကျွန်တော်က ဘာမှားလို့လဲ..."
"ထားလိုက်တော့... ထားလိုက်တော့..."
ချန်ဖုန်းက အလျင်အမြန်ပင် အခြေအနေကို ဖျန်ဖြေပေးရန် ကြိုးစားလိုက်သည်။
"ငါတို့ အားလုံးက မိသားစုတွေပဲ... ကောင်းကောင်းပြောလို့ရပါတယ်... ရှောင်ကျင်း ဘာဖြစ်တာလဲ..."
"ဘာမှမဟုတ်ပါဘူး... ချော်လဲတာပါ..."
လင်းလော့ကျင်းက သူ့ကို မှိုင်ထွေကာ ပြန်ဖြေလိုက်သည်။
ချန်ဖုန်းက စိုးရိမ်တကြီး မေးလိုက်သည်။
"မင်းက ဘယ်အရွယ်မို့လဲ... အခုထိ ချော်လဲနေသေးလား... ဟုတ်ပြီ... ဒီနားလာ ထိုင်တော့..."
ထိုအချိန်မှ လင်းလော့ကျင်းက ထိုင်လိုက်သည်။
လင်းလော့ချင်းက လင်းလော့ကျင်း ချော်လဲသည်ဟုကြားသောအခါ ကျိလဲ့ယွီနှင့် မဆိုင်လောက်ဟု တွေးလိုက်သည်။ မည်သို့ပင်ဆိုစေ ကျိလဲ့ယွီ၏ စရိုက်နှင့် စွဲလမ်းမှုအရဆိုလျှင် ကိစ္စများက ချော်လဲသည်လောက် မရိုးရှင်းနိုင်ပါပေ။ လင်းလော့ချင်းမှာ ကျိလဲ့ယွီ တုံ့ပြန်ပါက လင်းလော့ချင်း၏ ခြေထောက်နှစ်ဖက်စလုံး ကျိုးသွားမည်ကို စိုးရိမ်ခဲ့ပေသည်။ သူက တခြားသူများကို မသန်မစွမ်းဟု ခေါ်ရဲမည် မဟုတ်တော့ပါပေ။
ွဤသည်က ကျိယွီရှောင်၏ ပုံစံနှင့် ပိုတူပေသည်။
လင်းလော့ချင်းက သက်ပြင်းချလိုက်ကာ ထို့နောက်တွင် ကျိလဲ့ယွီနှင့် လင်းဖေးတို့က ရင်းနှီးလှသော အပြုအမူဖြင့် ထွက်လာသည်ကို တွေ့လိုက်ပေသည်။
"လက်ဆေးခဲ့ကြပြီလား..."
သူက မေးလိုက်သည်။
ကျိလဲ့ယွီက ခေါင်းညိတ်ပြလိုက်သည်။ လင်းဖေးနှင့်အတူ သူတို့နှစ်ဦးက ကျိယွီရှောင်နှင့် လင်းလော့ချင်းဘေးတွင် ဝင်ထိုင်လိုက်သည်။
ကျိလဲ့ယွီက သူ့လက်ကို ဆန့်ကာ လက်သေးသေးလေးများကို ဖြန့်ကာ လင်းလော့ချင်းနှင့် ကျိယွီရှောင်ကို ပြလိုက်သည်။
"သန့်သွားပြီ..."
ကျိယွီရှောင်က သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"အင်း..."
အဖေလင်းက ၄င်းကိုမြင်ကာ ကျိလဲ့ယွီ၏ ပန်းကန်ထဲသို့ အသားအနည်းငယ် ထည့်ပေးလိုက်သည်။
"ဒီမှာ ကလေး... ဒါလေး စားလိုက်ဦး... ဒါက ချိုတယ်... ကလေးတွေ ကြိုက်မှာ..."
ကျိလဲ့ယွီက ချက်ချင်း ပြုံးပြလိုက်သည်။
"ကျေးဇူးပါ အဘိုး..."
"ရပါတယ်..."
အဖေလင်းက အပြုံးနှင့် ဆိုလိုက်သည်။
ကျိလဲ့ယွီ၏အသံမှာ အာတာပူစီကဲ့သို့ နူးညံ့ကာ ပေါ့ပါးပေသည်။
"ဘိုးဘိုးက အရမ်းကောင်းတာပဲ... ဒါပေမဲ့ ဦးဦးက ဘာလို့ အရမ်းကြမ်းတမ်းနေရတာလဲဟင်..."
ထို့နောက်သူက လင်းလော့ကျင်းကို အလန့်တကြား လှမ်းကြည့်ကာ ချက်ချင်း အကြည့်လွှဲလိုက်သည်။
ကျိယွီရှောင်က သူ့စကားများကိုကြားသောအခါ သူ့မျက်လုံးများက ချက်ချင်း အေးစက်သွားလေသည်။
"သူဘာလုပ်ခဲ့လို့လဲ..."
သူက ကျိလဲ့ယွီကို မေးလိုက်သည်။
ကျိလဲ့ယွီက ဝမ်းနည်းနေပုံရပေသည်။
"သူက သားကိုအော်တယ်... သားလက်ဆေးနေတုန်းက သူချော်လဲသွားတာ... သားက အဆင်ပြေရဲ့လားလို့မေးတာကို သားကို အော်တယ်..."
ကျိယွီရှောင်မှာ လင်းမိသားစုသုံးယောက်ပေါ် ထင်မြင်ချက်ကောင်းကောင်း မရှိပေ။ ယခုတွင် သူက ကျိလဲ့ယွီ ပြောသည်ကိုကြားရာ ချက်ချင်းပင် အေးစက်စွာ ချောင်းဟန့်လိုက်သည်။
"ခင်ဗျားတို့က အထင်ကြီးစရာပါပဲ... ကလေးကို အနိုင်ကျင့်ကြတယ်..."
လင်းလော့ကျင်း - ...
လင်းလော့ကျင်းက ကျိလဲ့ယွီက ဤကိစ္စကို ကျိယွီရှောင်အား ပြောလိုက်မည်ဟု မထင်ထားပဲ ကူကယ်ရာမဲ့ဆိုလိုက်သည်။
"ငါက တမင်လုပ်တာ မဟုတ်ပါဘူး... အဲ့တုန်းက ငါက ချော်လဲသွားတော့ စိတ်အခြေအနေ မကောင်းနေလို့ပါ... ငါ့စကားတွေက အဲ့လာက်လဲ မဟုတ်ပါဘူး..."
"အဲ့တော့ မင်းက ခံစားချက်မကောင်းတာနဲ့ပဲ ရိုင်းစိုင်းတယ်ပေါ့... သခင်လေး လင်း မင်းက တကယ်ပဲ အထင်ကြီးစရာပဲ... မင်းက မင်းကိုယ်မင်း ကမ္ဘာကြီးအလယ်မှာ ထားထားတာပဲ..."
ထို့နောက် သူက အဖေလင်းထဲသို့ ကြည့်လိုက်သည်။
"အစပိုင်း ချင်းချင်းက ဦးလေးက မိသားစု တွေ့ဆုံပွဲလုပ်ပြီး လက်ဆုံစားချင်တာ ရှားတယ်လို့ပြောလို့ ကျွန်တော်မှာ ကန့်ကွက်စရာမရှိခဲ့ဘူး... ဒါပေမဲ့ အခုကိစ္စတွေကို မြင်တော့ အဲ့ဒါကို မေ့လိုက်လို့ရပြီ.... ဦးလေးရဲ့ သခင်လေးလင်းမှာ စိတ်ထားတစ်ခုရှိနေပုံပဲ.. သူက နောက်ထပ် ခံစားချက်မကောင်းနေဘူးလားဆိုတာ ဘယ်သူသိမှာလဲ... နောက်ဆို သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲဆိုတာ မသိတော့မှာတောင် စိုးတယ်..."
အဖေလင်းက သူ့ကိုကြားသောအခါ ချက်ချင်းပင် ဖျောင်းဖျလိုက်သည်။
"အဲ့ဒါက တကယ်ကို ရှောင်ကျင်းရဲ့အမှားပါ... ယွီရှောင်... စိတ်မဆိုးပါနဲ့... ငါ ရှောင်ကျင်းကို ရှောင်ယွီကို တောင်းပန်ခိုင်းလိုက်ပါမယ်..."
ထို့နောက် သူက ကျိလဲ့ယွီကို နှစ်သိမ့်ကာ ပြောရန်မမေ့ပါပေ။
"ရှောင်ယွီ မကြောက်နဲ့နော်... မင်းဦးဦးက မကောင်းတဲ့ ရည်ရွယ်ချက်မရှိပါဘူး... သူက တကယ်တော့ မင်းကိုကြိုက်ပါတယ်..."
ကျိလဲ့ယွီက ကြောက်လန့်နေကာ ဝမ်းနည်းနေဆဲဖြစ်ဟန်ရသည်။
"တကယ်လား..."
"ဒါပေါ့..."
အဖေလင်းက ကျိလဲ့ယွီကို နှစ်သိမ့်ပြီးနောက် နောက်လှည့်ကာ လင်းလော့ချင်းကို ချက်ချင်း ဆူလိုက်သည်။
"မင်းက ဘာကြောင်နေသေးတာလဲ... မြန်မြန် ရှောင်ယွီကို တောင်းပန်လိုက်စမ်း..."
လင်းလော့ကျင်း - ...
လင်းလော့ကျင်းက ကျိလဲ့ယွီကို ကြည့်ကာ သူ့အမူအရာက ဝမ်းနည်းလာပြီး သူ့ကိုယ်သူ နစ်နာသည်ဟု ခံစားလိုက်ရသည်။
လူကြီးတစ်ယောက်ဖြစ်တဲ့ သူက ကလေးလေးကို တောင်းပန်ရမယ်... ဘာကို မူတည်ပြီးလဲ...
သူက သူ့မျက်နှာကို ထပ်ပြီး မလိုချင်တော့ဘူးလား...
သူက ထရပ်ကာ ဖော်ပြလိုက်သည်။
"ကျွန်တော် မစားတော့ဘူး... အခန်းထဲ ပြန်သွားတော့မယ်..."
"အဲ့နားမှာရပ်ပြီး ရှောင်ယွီကို တောင်းပန်လိုက်စမ်း..."
အဖေလင်းက ဒေါသတကြီး အော်လိုက်သည်။
လင်းလော့ကျင်းက သူ့ကို လျစ်လျူရှုကာ အပေါ်ထပ်သို့ တိုက်ရိုက်သွားလိုက်လေသည်။
အဖေလင်းမှာ သူ့ကို ရိုက်မရ၍ ခံပြင်းနေသော်လည်း ကျိယွီရှောင် ရှိနေဆဲဖြစ်ပြီး ဘာမှမလုပ်နိုင်ပါပေ။ သူက စိတ်ထိန်းကာ ကျိယွီရှောင်ကို ရှက်ရွံ့စွာဆိုရန်သာ တတ်နိုင်ပေသည်။
"ယွီရှောင်... စိတ်မဆိုပါနဲ့... ငါသူ့ကို ဒီည ကောင်းကောင်း စည်းကမ်းတင်းကြပ်လိုက်ပါမယ်..."
ကျိလဲ့ယွီက မျက်တောင်ခတ်ပြီး အပြစ်ကင်းစွာ ခေါ်လိုက်သည်။
"အဘိုး..."
အဖေလင်းက ချက်ချင်း တုံ့ပြန်လိုက်သည်။
"ဟေး... ဘာလို့လဲ ကလေး..."
"ဦးဦးက သားဒယ်ဒီကို တကယ်မုန်းနေတာလားဟင်...."
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ..."
အဖေလင်းက အပြုံးနှင့် ဆိုလိုက်သည်။
"ကလေး... မင်းက ငယ်သေးတယ်... မင်း နားမလည်တာတွေ အများကြီး ရှိနေသေးတယ်..."
"ဒါပေမဲ့..."
ကျိလဲ့ယွီက မျက်နှာမဲ့ကာ သူ့၏ မျက်ခုံးလေးများကို စုကြုံ့လိုက်ပြီ စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ဆိုလိုက်သည်။
"သားတို့ သူ့ကို လွန်ခဲ့တဲ့ နှစ်ရက်က ကုန်တိုက်မှာတွေ့တယ်... သူက သားဒယ်ဒီကို မကောင်းပြောပြီး သူ့သူငယ်ချင်းကဆို ဒယ်ဒီကို အရမ်းသနားစရာကောင်းတဲ့ ဘဝမှာနေနေရတာလားဆိုပြီးမေးတယ်... သူတို့က ဒယ်ဒီကိုတောင် ရိုက်တော့မလို့..."
လင်းလော့ချင်း - ...
သူက ဒါကို တမင်လုပ်နေတာပဲ ဖြစ်ရမယ်... တခြားကလေးတွေက မရည်ရွယ်ပဲ ပြောတာဖြစ်နိုင်ပေမဲ့ ကျိလဲ့ယွီကတော့ သေချာပေါက်ကို ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ...
အဲ့တော့ သူက သူ့အတွက် အတင်းပြောပေးပြီး သူ့ကို တရားမျှတမှုရအောင် ကူညီပေးနေတာပေါ့...
လင်းလော့ချင်းက ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပါပေ။ တစ်ဖက်တွင် သူက ကျိလဲ့ယွီမှာ မည်သို့ဖြင့် ဤမျှ အသက်ငယ်ငယ်လေးနှင့် လျှို့ဝှက်စီမံရာတွင် အလွန်ကျွမ်းကျင်နေသည်ကို မတွေးပဲ မနေနိုင်ပါပေ။
သူက မူရင်းဝတ္ထုထဲတွင် ဗီလိန်ဖြစ်သည်မှာ အံ့ဩစရာမရှိတော့ဘူး။
တခြားတစ်ဖက်တွင် ကျိလဲ့ယွီက သူ့အတွက် တရားမျှတမှုကို ယူဆောင်လာပေးနိုင်ရန်အတွက် လင်းလော့ကျင်း၏လုပ်ရပ်များအကြောင်း ဖော်ထုတ်ပြောပေးသည်ကို ကျေနပ်နေမိသည်။
နွေးထွေးပြီး တော်လိုက်တဲ့ ကလေးလေး...
ကြည်နူး အားရစရာပဲ...
သူက ပူပေါင်း သရုပ်ဆောင်ရန် မမေ့ပဲ တားမြစ်သောအသံဖြင့် ခေါ်လိုက်သည်။
"ရှောင်ယွီ..."
သူက ခေါင်းအသာခါပြကာ ကျိလဲ့ယွီကို ထပ်မပြောရန် အချက်ပြလိုက်၏။
ကျိလဲ့ယွီမှာ လင်းလော့ချင်းက သူ့အဖေလင်းကို မသိစေလိုသည်ဟု ထင်ကာ အလျင်အမြန်ပင် သူ့ပါးစပ်ကို ပိတ်ကာ ဆိုလိုက်သည်။
"တောင်းပန်ပါတယ်..."
"သား... သားက သူ ဒယ်ဒီနဲ့ သားကို မကြိုက်ဘူးလို့ထင်လို့ပါ... သားက သူ့ကို စကားပြောချင်ပေမဲ့ သူက သားကို လျစ်လျူရှုထားရုံတင်မကဘူး သားအပေါ်လည်း ကြမ်းကြမ်းတမ်းတမ်းဆက်ဆံသေးတယ်..."
"ရပါတယ်..."
လင်းလော့ချင်းက ညင်သာစွာ ဆိုလိုက်သည်။
"သူအဲ့လို လုပ်တာက သူမှားတာလေ... စိတ်မဆိုးပါနဲ့... ပါးပါးက သူ့အစား သားကိုတောင်းပန်မယ်... ဟုတ်ပြီလား..."
ကျိလဲ့ယွီက ခေါင်းခါလိုက်သည်။
"ပါးပါး... သားအပေါ် ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတာက ပါးပါး မဟုတ်ဘူးလေ... ပါးပါး တောင်းပန်စရာမလိုပါဘူး... သားစိတ်မဆိုးပါဘူး..."
သူက ထိုသို့ဆိုနေစဉ်တွင် သူ့ပါးပါးက အရမ်းကြင်နာတတ်သည်ဟု တွေးလိုက်သည်။ သို့သော် ၄င်း အဆင်ပြေပေသည်။ သူသာ မကြင်နာပါက ဒယ်ဒီကို သူ(jly)ကိုယ်တိုင် ကာကွယ်နိုင်မည် မဟုတ်ပါပေ။
သူက ၄င်းကို တွေးနေစဉ်တွင် အဖေလင်းကို ချောင်းကြည့်လိုက်သည်။ သူက ဤမျှ ပြောဆိုပြီးပြီ ဖြစ်သည်။
အဲ့လူကြီးက တုံ့ပြန်မှုပြပြီး တစ်ခုခု လုပ်သင့်နေပြီ မဟုတ်ဘူးလား...
အဖေလင်းမှာ ဤကိစ္စကို လင်းလော့ကျင်း၏ ပါးစပ်မှ သိထားပြီး ဖြစ်သည်။ အဆုံးတွင် လင်းလော့ကျင်းက အမှန်တရားတစ်ခုလုံးကို မပြောဝံ့ပေ။ သို့ဖြစ်၍ အဖေလင်းက ကျိလဲ့ယွီဘက်မှ ဤကိစ္စကို ကြားလိုက်သောအခါ သူက သွေးတိုးလာသည်ဟုပင် ခံစားလိုက်ရပေသည်။
သူ့မှာ ဘယ်လိုသားမျိုး ရှိနေတာလဲ...
သူက ဘယ်လို ပြဿနာရှာရမလဲပဲ သိတယ်...
သူက အဖေကျိအား အချစ်ကြောင့် ဦးနှောက်မရှိတော့သူ ကျိယွီရှောင်ကို ပျိုးထောင်ရ၍ သနားရန်သာ သိပေသည်။ သို့သော် သူကိုယ်တိုင်သည်လည်း သူ့အပေါ်တွင် ဝန်ထုတ်ဝန်ပိုးတင်ရန်သာသိသော သားတစ်ယောက်ကို ပျိုးထောင်နေရသည်။
သူကိုယ်တိုင်ကလည်း အဖေကျိနဲ့ ဘာမှ မကွာဘူးမဟုတ်လား...
သူက ကျိယွီရှောင်ကို မြှောက်ပင့်ရန် အချိန်များစွာ ဖြုန်းထားရသည်။
အဲ့ဒါမှပဲ ကျိယွီရှောင်က သူနဲ့ လင်းလော့ချင်းရဲ့ ဆက်ဆံရေးကို ထည့်တွက်ပြီး သူ့ကုမ္ပဏီကို ကျိအုပ်စုနဲ့ ပူးပေါင်းဖို့ ခွင့်ပြုမှာ မဟုတ်လား...
လင်းလော့ကျင်းမှာ အမှန်ပင် အထင်ကြီးဖွယ်ပင်။ သူက အမှန်တကယ်တွင် ကျိယွီရှောင်ရှေ့တွင် လင်းလော့ချင်းကို တိုက်ခိုက်ဝံ့ပေသည်။
ကျိယွီရှောင်က အိမ်ပြန်လာရန် တွန့်ဆုတ်နေသည်မှာ အံ့ဩစရာမရှိသလို သူတို့က လင်းလော့ချင်းကို လုံလုံလောက်လောက် ချစ်ပေးသည်ဟု မခံစားရသည်မှာ အံ့ဩစရာမရှိပါပေ။
သူဆိုရင်လည်း လင်းလော့ချင်းကို အိမ်ပြန်ဖို့ ခွင့်ပြုမှာမဟုတ်ဘူး...
ကျိယွီရှောင်က အချစ်ကြောင့် ကန်းနေပြီးဖြစ်သည်။ လင်းလော့ချင်း၏ လက်ထဲတွင် ကြိုးကိုင်ခံရပြီး အပြည့်အဝ ရစ်ပတ်ခံနေရသော အရူးတစ်ယောက်ဖြစ်သည်။
အဖေလင်းက သူ့နားထင်များက နာကျင်မှုဖြင့် တဒုတ်ဒုတ်မြည်လာသည်ဟုခံစားလိုက်ရ၏။
သူ့၁၀သန်း... လင်းလော့ကျင်း ငတုံးကောင်...
"သူက အဲ့သူငယ်ချင်းရဲ့ သွေးထိုးခံရတာဖြစ်မယ်... ရှောင်ယွီ သားက ငယ်သေးတယ်... သားနားမလည်ဘူး... သားကြီးလာရင် နားလည်လာလိမ့်မယ်... သားဦးဦးက သားဒယ်ဒီကို သဘောကျပါတယ်... တကယ်ပါ..."
သူက ကျိလဲ့ယွီကို ညင်သာသောအသံဖြင့် ရှင်းပြလိုက်သည်။
ကျိလဲ့ယွီက သူ့ခေါင်းကို အပြစ်ကင်းသည့် အမူအရာဖြင့် ညိတ်ပြလိုက်သည်။
"အွန်း... အဲ့ဒါဆို သားကြီးလာရင် ဦးဦးနဲ့ လာဆော့မယ်နော်..."
"ဟုတ်တယ်..."
အဖေကျိက ပြန်ဖြေလိုက်သည်။
ထို့နောက် သူက လင်းလော့ချင်းကိုကြည့်လိုက်သည်။
"လော့လော့ ခေါင်းထဲမထည့်နဲ့... ငါမင်းညီကို ကောင်းကောင်း ကြပ်မတ်ပြီး မင်းကို တောင်းပန်ခိုင်းလိုက်မယ်..."
"ရပါတယ်... အဖေ..."
လင်းလော့ချင်းက အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။
"ဘယ်လိုလုပ်ပြီး ရမှာလဲ... ငါကတော့ လုံးဝ မရဘူးလို့ထင်တယ်..."
ကျိယွီရှောင်က အေးစက်စွာ နှာမှုတ်လိုက်သည်။
"သူက လွန်ခဲ့တဲ့ နှစ်ရက်က မင်းကို အနိုင်ကျင့်ချင်ပြီး အခုကျတော့ ရှောင်ယွီကို အနိုင်ကျင့်ချင်နေတယ်... နောက်ထပ်နှစ်ရက်နေရင် သူက လာပြီး တံခါးကိုကန်ဖွင့်ပြီး ငါ့မျက်နှာကို လာရိုက်လိမ့်မယ်... သူက တကယ်ကို အထင်ကြီးစရာပဲ... ဦးလေးလင်းမှာ တကယ်ကို အထင်ကြီးစရာ သားတစ်ယောက်ရှိတာပဲ..."
အဖေလင်း၏ ခေါင်းက ကြီးလားပေသည်။
"ယွီရှောင်... ငါသူ့ကို ဒီည ကောင်းကောင်း သင်ပေးလိုက်မယ်လို့ ကတိပေးပါတယ်... ငါသူ့ကို ဆက်ပြီး ထောင်လွှားပြီး ရဲတင်းခွင့် မပြုတော့ပါဘူး..."
"ဦးလေးလင်း... ဦးလေးရဲ့ ကတိတွေကို ကျွန်တော်ကတော့ မယုံရဲတော့ဘူး... ဘာပဲဖြစ်ဖြစ် ဦးလေးက ချင်းချင်းကို တန်ဖိုးထားတယ်... ချင်းချင်းကို ချစ်တယ်လို့ပြောတယ်... ဒါပေမဲ့ ဦးလေးနဲ့ နေ့တိုင်း ပြောဆိုဆက်ဆံနေတဲ့ ဦးလေးရဲ့သားက ချင်းချင်းကို ဒီလိုမျိုး ပြုမူတယ်... လူတိုင်းက ပတ်ဝန်းကျင်နဲ့ သူတို့အတူနေတဲ့ လူတွေရဲ့ လွှမ်းမိုးမှုကို ခံရတာ... ချင်းချင်းကို ချစ်တဲ့ လူတစ်ယောက်က ချင်းချင်းအပေါ် လက်ပါတဲ့ လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်ဆိုတာ ကျွန်တော် ဘယ်လိုယုံရမှာလဲ..."
လင်းလော့ချင်းက ဟန်ဆောင်ကာ နားချလိုက်သည်။
"ရှောင်ယွီ ထပ်မပြောနဲ့တော့..."
"ဘာလို့လဲ... ငါမင်းကို အရမ်းသဘောကျတယ်လေ... ငါက မင်းကို မနာကျင်စေဘူး... အဲ့ဒါကို သူတို့က မင်းကိုတောင် လက်ပါချင်တဲ့ သတ္တိရှိနေတာ... ငါ့ရှေ့မှာတောင်လေ... သူက အရည်အချင်းရော မီှရဲ့လား... သူက သူ့အစ်ကိုကို ဒီလိုမျိုးပြုမူဖို့က သင့်တော်ရဲ့လားဆိုတာတောင် တွေးဖို့ မရပ်ဘူးလေ..."
"အဲ့ဒါက တကယ်ကို မသင့်တော်ဘူးပေါ့..."
အဖေလင်းက ရုတ်တရက် ပြောလိုက်သည်။
"အဲ့ဒါကို ဦးလေးက ကြည့်နေပြီး ခွင့်ပြုထာယ်လား..."
"ငါသူ့ကို ဒီည သေချာပေါက် ဆုံးမမယ်လို့ ပြောတယ်လေ..."
"ကောင်းပြီ သူအကောင်းဆုံး သင်ယူနိုင်အောင် ဦးလေးက ဘယ်လိုမျိုး စည်းကမ်းတွေ သင်ခန်းစာတွေ ပေးရမလဲ ဆိုတာ သိရဲ့လား..."
ကျိယွီရှောင်က မေးလိုက်သည်။
"ဘယ်လိုမျိုးလဲ...."
အဖေလင်းက မေးမြန်းလိုက်သည်။
"ဦးလေးက သူ့အစ်ကိုကို ဂရုစိုက်တယ်ဆိုတာကို သူသိအောင် လုပ်ရမယ်... သူ့ကို တန်ဖိုးထားရမယ်... ချင်းချင်းနဲ့ဆိုရင် သူက လိုက်မပြိုင်ရဘူး... သူက သူ့အစ်ကိုထက်အရင် တစ်ခုခု ပြောဖို့ရော လုပ်ဖို့ရော မတွေးသင့်ဘူး..."
"ဒါပေါ့..."
အဖေလင်းက ခေါင်းညိတ်ပြလိုက်သည်။
"အဲ့ဒါဆိုရင် ဦးလေးကုမ္ပဏီရဲ့ ရှယ်ယာ တချို့ကို ချင်းချင်း နာမည်နဲ့တင် မဟုတ်ပဲ သူ့လက်ထဲကိုပါ လွှဲပေးလိုက်သင့်တယ်... သူမှာက ဘာရှယ်ရာမှမရှိဘူး... ဒါပေမဲ့ ချင်းချင်းက ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဝက်ကိုပိုင်ထားတယ်... အဲ့ဒါဆို သူက ဒီလိုမျိုး ပြုမူရဲသေးရဲ့လား..."
လင်းလော့ချင်း - ...
သူ ဘာကို ကြားလိုက်တာ...
ကုမ္ပဏီရဲ့ ရှယ်ယာတစ်ဝက်ဟုတ်လား...
ကျိယွီရှောင် မင်းက အထင်ကြီးလောက်ပါတယ်...
မင်းက တစ်ခါတည်းနဲ့ ဒီလောက်အများကြီး တောင်းရဲတယ်...
လင်းလော့ချင်းမှာ နားမလည်နိုင်သည်ကို ဖုံးကွယ်ထားရန်သာတတ်နိုင်တော့သည်။
ပိုက်ဆံမည်သို့တောင်းရမလဲဆိုသည်ကို သိသည့်ကျိယွီရှောင်နှင့် ယှဉ်ပါက သူက မူကြိုကလေးအဆင့်သာရှိပြီး ဘာမှမဟုတ်တော့ပေ။