Chapter 166
ချန်ဖုန်းက ငြိမ်းချမ်းစွာ စားနေဆဲဖြစ်သည်။ သူ ရေသောက်နေစဉ် ကျိယွီရှောင်က ပါးစပ်ကို ဖွင့်ကာ ရှယ်ယာအကြောင်း မေးလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ရေသီးလုနီးပါးဖြစ်သွားပြီး ချက်ချင်း ကန့်ကွက်လိုက်သည်။
"မရဘူး..."
ကျိယွီရှောင် အံ့ဩသွားသည်။
"အန်တီက ကျွန်တော်ပြောတာ မှားတယ်ထင်လို့လား..."
ဤအချိန်တွင် ချန်ဖုန်းက ထိုစကားကိုအလျင်အမြန် မပြောလိုက်သင့်ကြောင်း နားလည်သွားသည်။ သူက အားတင်းကာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"ယွီရှောင် ဒီလိုကုမ္ပဏီစတော့ရှယ်ယာကိစ္စမျိုးက အရမ်းကြီးလွန်းတယ်...အလွယ်တကူဆုံးဖြတ်လို့ ရတဲ့ကိစ္စ မဟုတ်ဘူး..."
အဖေလင်းလည်း ၀င်ပြောလိုက်၏။
"ဟုတ်တယ် ယွီရှောင်...ဒီလိုကိစ္စမျိုးက လွယ်လွယ်ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူး..."
ကျိယွီရှောင် ထေ့ငေါ့လိုက်၏။
"ဦးလေးလည်း ဒီကိစ္စက အရေးကြီးတာကို သိတာပဲ...ဒီလိုကိစ္စကြီးကြီးမှာ ချင်းချင်းက ဘာလို့ ပါ၀င်ဖို့ အရည်အချင်းမရှိရမှာလဲ...ဒီလိုဖြစ်နေတာတောင် ဦးလေးက ချင်းချင်းကို ချစ်တယ်လို့ ပြောနေတာလား...သားနှစ်ယောက်ရှိတာ...တစ်ယောက်မှာ ရှယ်ယာတွေ ရှိပြီး နောက်တစ်ယောက်မှာ ရှယ်ယာတွေ မရှိဘူး...ဘယ်သူကမှ ဦးလေး ချင်းချင်းကို တကယ်ချစ်တယ်လို့ တွေးမှာ မဟုတ်ဘူး...ကြည့်ရတာ ကျွန်တော်တို့က အဲ့ဒါနဲ့ မထိုက်တန်ပုံပဲ...ဒီလိုဆို ဦးလေးရဲ့အချစ်ကို ကျွန်တော်တို့ကို မပေးပါနဲ့တော့..."
“ယွီရှောင် မင်းစကားတွေက…”
အဖေလင်း ရှက်ရွံ့သွားသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို အမြန်ဖြောင်းဖြလိုက်သည်။
"ထားလိုက်ပါ ယွိရှောင်...ငါ့အဖေက ငါ့ကို ချစ်ပါတယ်...ဒါပေမဲ့ ရှယ်ယာလိုကိစ္စမျိုးက ကိုင်တွယ်ရခက်ခဲတယ်လေ...ငါက ဘာမှမသိဘူး...ငါ့ကို ရှယ်ယာတွေပေးလည်း အသုံး၀င်မှာ မဟုတ်ဘူး..."
"ဦးလေး ကြားလား..."
ကျိယွီရှောင် အဖေလင်းကို ကြည့်လိုက်သည်။
"သူက ဦးလေးနဲ့ပတ်သတ်ပြီး ဒီလိုတွေးနေတာ...သူက ဒါကို သူ့အမှားလို့ တွေးနေတာ....ချင်းချင်းက ဦးလေးကို အရမ်းချစ်တာ၊ အရမ်းဂုဏ်ယူတာ...ဒါတောင် ဦးလေးက သူ့ကို ဒီလိုဆက်ဆံသေးတယ်နော်...."
ကျိယွီရှောင် သက်ပြင်းချလိုက်သည်။
"ကျွန်တော့်ချစ်သူကို ဘယ်တော့မှ ဒီလိုနာကျင်ခွင့်မပြုဘူး...ချင်းချင်းက ကြင်နာတတ်ပြီး သည်းခံ နိုင်တဲ့သူ...ဒါပေမဲ့ ကျွန်တော်ကတော့ အဲ့လိုမဟုတ်ဘူး...ကျွန်တော် ဆက်မစားနိုင်တော့ဘူး...ဦးလေး ချင်းချင်းကို ရှယ်ယာတွေ ပေးဖို့ဆန္ဒရှိလာမှပဲ ကျန်တဲ့ကိစ္စတွေ ဆက်ပြောကြတာပေါ့...ဆန္ဒမရှိလာရင်တော့ ကျွန်တော်တို့အချင်းချင်း မသိသလိုပဲ နေကြတာပေါ့...အချင်းချင်း အဆက်အသွယ် ဖြတ်ကြတာပေါ့..."
လင်းလော့ချင်း ထိတ်ထိတ်ပျာပျာ ဖြစ်သွားသည်။
"ဘယ်လိုပြောလိုက်တာလဲ ယွီရှောင်...အဲ့လိုမပြောပါနဲ့...သူက ငါ့အဖေပဲ...အဖေ ယွီရှောင်ကို ကူဖျောင်းဖြပေးပါဦး..."
ထိုစကားကို ကြားသောအခါ အဖေလင်းလည်း အမြန်ဝင်ပြောလိုက်သည်။
"ယွီရှောင် အဲ့...အဲ့လို မလုပ်ပါနဲ့...အားလုံးက မိသားစုတွေပဲလေ...ဘယ်လိုလုပ် မသိသလိုနေရမှာလဲ...ဘယ်လိုလုပ် အဆက်အသွယ်ဖြတ်ရမှာလဲ..."
ကျိယွီရှောင် ထေ့ငေါ့ရယ်လိုက်ပြီး ဝှီးချဲလ်ကိုတွန်းလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို အမြန်တားလိုက်၏။
သို့သော် ကျိယွီရှောင်က လင်းလော့ချင်းကို ဆွဲယူပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။
"မင်းက ဘာလို့ ဒီလောက်အရတာလဲ...."
ထိုအခါ လင်းလော့ချင်းက ချော့မော့ဖြောင်းဖြနေသည့်အမူအရာဖြင့် ပြောလိုက်သည်။
"သူက ငါ့အဖေလေ..."
"ငတုံးလေး..."
ကျိယွီရှောင်က လင်းလော့ချင်းမျက်နှာကို ပွတ်သပ်လိုက်သည်။
"စိတ်ချ...ငါ ဒီမှာရှိနေသရွေ့ မင်းအဖေဖြစ်နေရင်တောင် မင်းကို အနိုင်ကျင့်လို့ မရဘူး..."
"ဒါပေမဲ့..."
ကျိယွီရှောင်က လင်းလော့ချင်းနှုတ်ခမ်းထက်ကို လက်ညှိုးဖြင့် ထိလိုက်သည်။
"ထပ်မပြောနဲ့တော့...မင်းက...မင်းလေးက အရမ်းကြင်နာတတ်လွန်းတယ်...."
ချန်ဖုန်း : “……”
ချန်ဖုန်း ပျို့အန်ချင်နေပြီဖြစ်သည်။ သူက ကုမ္ပဏီရှယ်ယာများကို တောင်းနေသည့် ကျိယွီရှောင်မျက်နှာပေါ် အန်ချပစ်ချင်နေလေသည်။
လင်းလော့ချင်းမှာ အရည်အချင်းရှိမရှိ သူ မမြင်ဘူးလား...
သို့သော် အဖေလင်း၏အတွေးကမူ ကွာခြား၏။
သူက ကျိယွီရှောင်ကို ကောင်းကောင်း နားလည်နိုင်လေသည်။
ကျိယွီရှောင်က ဘာမှ ဂရုမစိုက်ဘူး...သူ့အဖေရင်းကိုတောင် ဂရုမစိုက်ဘူး...လင်းလော့ချင်းနဲ့ ပတ်သတ်နေသရွေ့ မိသားစုဆက်ဆံရေးကိုတောင် ဂရုမစိုက်ဘူး...သူ့ဦးနှောက်ထဲမှာ လင်းလော့ချင်းကို ချစ်တဲ့အချစ်တွေပဲ ရှိနေတာ...
အဖေလင်း သက်ပြင်းချလိုက်ပြီး ဘာမှဆက်မပြောနိုင်တော့ပေ။
ကျိလဲ့ယွီကမူ ကျိယွီရှောင်၏စကားကို ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။
ဟုတ်တယ်...ဟုတ်တယ်...သူ့အဒေါ်က အရမ်းကြင်နာတတ်တာ...ရှုရှု ကာကွယ်ပေးဖို့ လိုတယ်...
ကျိလဲ့ယွီက ထိုင်ခုံပေါ်မှ ဆင်းကာ ကျိယွီရှောင်နှင့်အတူ ထွက်သွားချင်သော်လည်း သူ့အဒေါ်နှင့်ဦးလေး၏အချစ်မြင်ကွင်းကို မနှောင့်ယှက်ချင်သောကြောင့် ဘေး၌သာ နာခံစွာ ကြည့်နေလိုက်သည်။
လင်းဖေး:"..."
လင်းဖေးက သူ့နဖူးသူ ထပ်ထိလိုက်သည်။
သူ ထိုမြင်ကွင်းကို ဆက်မကြည့်နိုင်တော့သောကြောင့် အေးစက်စွာ ပြောလိုက်သည်။
"ကျွန်တော်တို့ ပြန်တော့မှာလား..."
အဖေလင်း :"???"
မဟုတ်ဘူးလေ...မင်းက ငြိမ်ငြိမ်လေး ထိုင်နေရမှာ...ဘာလို့ အဲ့လိုပြောရတာလဲ...
"ဖေးဖေး လူကြီးတွေ စကားပြောနေတယ်လေ...ကလေးတွေ ၀င်မနှောင့်ယှက်သင့်ဘူး..."
အဖေလင်း ပြောလိုက်သည်။
ထိုအချိန်တွင် ကျိလဲ့ယွီက ခေါင်းကို မော့ကာ အဖေလင်းကို ကြည့်လိုက်ပြီး ချိုမြိန်စေးကပ်သောအသံဖြင့် မေးလိုက်သည်။
"ဘိုးဘိုး ရှယ်ယာဆိုတာက ဘာလဲဟင်..."
အဖေလင်း :"..."
အဖေလင်း ပြုံးကာ ပြောလိုက်သည်။
"သား နားမလည်လောက်ဘူး...သား ကြီးလာရင် နားလည်လာလိမ့်မယ်...."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး ထပ်မေးလိုက်သည်။
"သူတို့က ကောင်းတဲ့ဟာလား.."
"ဟုတ်တာပေါ့..."
"ကောင်းတဲ့ဟာဆိုရင် ဘာဖြစ်လို့ ပါးပါးကို မပေးတာလဲ...ပါးပါးက ဘိုးဘိုးအပေါ် အရမ်းကောင်းတဲ့ဟာကို...ဘိုးဘိုးက ပါးပါးရဲ့အဖေ မဟုတ်ဘူးလား...ဘာလို့ အဲ့ဟာကို ပါးပါးကို မပေးတာလဲ..."
လင်းလော့ချင်း :"..."
လင်းလော့ချင်း စိတ်ထဲ လက်မထောင်ပြလိုက်သည်။
သားလေး မင်းက အရမ်းတော်တာပဲ...
ထို့နောက် သူက ကျိယွီရှောင်၏ရင်ခွင်ထဲမှ ထရပ်လိုက်ပြီး တိုးတိုးပြောလိုက်သည်။
"ရှောင်ယွီ အဲ့လိုမပြောနဲ့..."
ကျိယွီရှောင် လှောင်ရယ်လိုက်သည်။
"ဦးလေးက ကလေးလောက်တောင် နားမလည်နိုင်ဘူးပဲ...ဦးလေး ချင်းချင်းကို ချစ်တယ်ဆိုတာကို ဘာကိုကြည့်ပြီး ယုံပေးရမှာလဲ..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင်၏စကားဆုံးသွားသည့်နေရာမှ ဆက်ပြောလိုက်သည်။
"ဘိုးဘိုး ပါးပါးကို မချစ်ဘူးလား..."
"ချစ်တာပေါ့..."
အဖေလင်း အမြန် ငြင်းဆန်လိုက်သည်။
"ချစ်ရင် အကောင်းဆုံးတွေကို ပါးပါးဆီ ပေးသင့်တယ်..."
ကျိလဲ့ယွီ အပြုံးကြီးကြီး ပေးလိုက်သည်။
"ဒီလိုဆို ဘိုးဘိုး ပါးပါးကို အဲ့ဟာ ဘယ်အချိန်ပေးမှာလဲ..."
အဖေလင်း :' ဘယ်အချိန်က ရှယ်ယာပေးမယ်လို့ ပြောလိုက်မိလို့လဲ...'
ချန်ဖုန်းက မကျေမနပ် ပြောလိုက်၏။
"ရှောင်ယွီ ပေါက်ကရတွေ မပြောနဲ့...လူကြီးတွေ စကားပြောနေတာကို ၀င်မပါနဲ့..."
"အန်တီက အတော်မပေးချင်ပုံပဲနော်..."
ကျိယွီရှောင် မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"ရှောင်ယွီက ဒီအတိုင်းပြောနေတာကို ဘာလို့ ပိတ်ပင်နေတာလဲ...ဘာလဲ...ချင်းချင်းကို ရှယ်ယာတွေ မပေးချင်လို့လား..."
ချန်ဖုန်းက ကိုးရို့ကားယားနိုင်စွာ ရယ်မောလိုက်သည်။
"ဘာတွေပြောနေတာလဲ ယွီရှောင်...ကလေးက ဒီလိုကိစ္စတွေကို ဂရုမစိုက်သင့်ဘူးထင်လို့ အဲ့လိုပြောလိုက်တာပါ..."
"အန်တီက ကလေးတွေကိုတောင် စကားပြောခွင့် မပေးချင်တော့ဘူးလား ဟမ်..."
ချန်ဖုန်း : "..."
ကျိလဲ့ယွီက အပြစ်ကင်းစင်စွာ မျက်တောင်ခတ်လိုက်သည်။
"သားပြောတာ မှားသွားလို့လားဟင်..."
"မမှားဘူး..."
ကျိယွီရှောင်က နူးညံ့စွာ ပြောလိုက်သည်။
"သွားရအောင် ရှောင်ယွီ...ဒယ်ဒီနဲ့အပြင်မှာ ထွက်စားရအောင်..."
"သားတို့ ဘိုးဘိုးနဲ့ အတူမစားကြဘူးလား..."
ကျိလဲ့ယွီက တုံ့ဆိုင်းစွာ ပြောလိုက်သည်။
အဖေလင်းလည်း ၀င်ပြောလိုက်၏။
"ဟုတ်တယ်...ထမင်းဝိုင်းက အဆင်သင့်ဖြစ်နေပြီ...အတူစားကြရအောင်..."
"မလိုပါဘူး...ဦးလေးက ချင်းချင်းကို မချစ်ဘူး...ဒီလိုနေရာမျိုးမှာ ဆက်နေစရာ အကြောင်းမရှိဘူး...ရှောင်ယွီ သွားကြရအောင်..."
"ဟုတ်..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်ပြီး အဖေလင်းဘက်လှည့်ကာ ပြောလိုက်သည်။
"ဘိုးဘိုးက ပါးပါးကို မချစ်ရင် သားလည်း ဘိုးဘိုးကို မချစ်ဘူး..."
အဖေလင်း :"..."
အဖေလင်း စောဒကတက်လိုက်သည်။
"အဲ့လိုမဟုတ်ဘူးရှောင်ယွီ...ဘိုးဘိုး သားပါးပါးကို ချစ်ပါတယ်..."
ပြောပြီးနောက် သူက လင်းလော့ချင်းကို ကြည့်လိုက်သည်။
"လော့ချင်း အဖေ သားကိုချစ်တာကို သိတယ်မလား..."
လင်းလော့ချင်းက ကြေကွဲစွာ ခေါင်းငြိမ့်လိုက်သည်။
"အဖေ အန်တီနဲ့သာ အတူတူစားလိုက်ပါ...ကျွန်တော်တို့ကတော့ ပြန်လိုက်တော့မယ်..."
ထို့နောက် သူက နာကျင်နေသည့်ပုံဖြင့် ကျိယွီရှောင်၏ဝှီးချဲလ်ကို တွန်းလိုက်သည်။
ထိုအခါ ကျိလဲ့ယွီကလည်း လင်းဖေးကို ဆွဲကာ လင်းလော့ချင်းနောက် လိုက်သွားလိုက်လေသည်။
အဖေလင်းက ထိုင်ခုံပေါ် ပစ်လဲကျသွားလေသည်။
'ဘာဖြစ်သွားတာလဲ...'
ဘာဖြစ်လို့ စကားဝိုင်းက ရှယ်ယာအကြောင်းအပေါ် ရောက်သွားရတာလဲ...
ချန်ဖုန်းက အဖေလင်းကို ကြည့်နေပြီး နှလုံးသားထဲ၌ စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေလေသည်။
သူ လင်းလော့ချင်းကို ရှယ်ယာတွေ မပေးနိုင်ဘူး...
လုံး၀မပေးနိုင်ဘူး...
လင်းလော့ချင်းနှင့် ကျိယွီရှောင်က ကားထဲ ၀င်လိုက်သည်။
လင်းဖေးက သူတို့ လင်းအိမ်မှ ထွက်လာသည်နှင့် လင်းလော့ချင်း၏မျက်နှာထက်မှ ၀မ်းနည်းမှုများ ပျောက်ကွယ်သွားပြီး ပျော်ရွှင်မှုများ အစားထိုး၀င်ရောက်လာသည်ကို သတိပြုမိလိုက်သည်။
လင်းဖေး :"..."
ဒီနေ့ ဘာတွေဖြစ်နေတာလဲ...
ထူးဆန်းလိုက်တာ...
လင်းလော့ချင်းက လင်းဖေး၏သံသယများကို သတိမမူမိပေး သူက လင်းဖေးနှင့်ကျိလဲ့ယွီကို ဘာစားချင်လဲ မေးလိုက်ပြီး ဟော့ပေါ့ဆိုင်သို့ ခေါ်သွားလိုက်သည်။
ကျိလဲ့ယွီက ဟော့ပေါ့ကို ပျော်ရွှင်စွာ စားနေလေသည်။ လင်းလော့ချင်းက ကျိလဲ့ယွီကို ကြည့်ကာတွေးလိုက်သည်။
'သူက တကယ် လင်းလော့ကျင်းကို ပြဿနာမရှာခဲ့ဘူးလား...'
တကယ်ထူးဆန်းတယ်...
လင်းလော့ကျင်းကို ကျိလဲ့ယွီ တွန်းလိုက်တာ မဖြစ်နိုင်ဘူး...ဒီလိုလက်စားချေမှုမျိုးက သေးငယ်လွန်းတယ်...ဒါက ကျိလဲ့ယွီရဲ့ပုံစံ မဟုတ်ဘူး...ဒါ့အပြင် လင်းဖေးကလည်း ဒီမှာရှိနေတာ...
ကျိလဲ့ယွီက လင်းဖေးရှိနေရင် အဲ့လိုမျိုးတွေ လုပ်မှာမဟုတ်ဘူး...
ပြီးတော့ ဒီအတောအတွင်း ကျိလဲ့ယွီရဲ့စိတ်ရှည်မှုက အတော့်ကို တိုးတက်လာတာ...
လင်းလော့ချင်းက ထိုသို့တွေးမိပြီးနောက် စိတ်သက်သာရာ ရသွားပြီး ကျိလဲ့ယွီ၏ပန်းကန်ထဲသို့ အမဲသားဖတ် ထည့်ပေးလိုက်သည်။
ကျိလဲ့ယွီက လင်းလော့ချင်းကို မော့ကြည့်လိုက်ပြီး ချိုမြိန်စွာ ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ် ပါးပါး..."
"ရပါတယ်...."
တစ်ချိန်တည်းမှာပင် ချန်ဖုန်းက ရေချိုးခန်းတံခါးနားတွင် 'ဘုန်းခနဲ' ပစ်လဲကျသွားလေသည်။
သူက မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့ခန္ဓာကိုယ်ကလည်း နာကျင်နေလေသည်။ ထို့နောက် သူက အိမ်ထိန်းကို အော်ခေါ်လိုက်သည်။
"အန်တီ၀မ် ဘယ်ရောက်နေတာလဲ...ဒီမှာ ဘာဖြစ်လို့ ချောနေရတာလဲ..."
အန်တီ၀မ်က ကြမ်းသုတ်အ၀တ်ကို ကိုင်ကာ အမြန်ပြေးလာပြီး ကြမ်းပြင်ကို သုတ်ပေးလိုက်လေသည်။
"အခု သုတ်လိုက်ပါမယ်..."
"ဒီအကြောင်းကို ငါက နင့်ကို သတိပေးဖို့ လိုသေးတာလား..."
ချန်ဖုန်းက ဒေါသထွက်စွာ ပြောလိုက်ပြီး ရေချိုးခန်းထဲသို့ ဒေါသတကြီး ၀င်သွားလိုက်သည်။ သူက ရှယ်ယာကိစ္စကို စိတ်ပူနေဆဲဖြစ်လေသည်။
လင်းလော့ချင်းကို ကျိယွီရှောင်နဲ့ လက်မထပ်ခိုင်းခဲ့သင့်ဘူး...သူ အမှားလုပ်မိသွားတယ်...ဒါတွေက သူ့အမှားတွေပဲ...
အဖေလင်းလည်း ရှယ်ယာကိစ္စကို စိုးရိမ်နေလေသည်။
ကိစ္စတွေက ဒီအထိရောက်လာပြီ...ဒီအထိရောက်လာဖို့ သူ အများကြီး ပေးဆပ်ခဲ့ရတယ်...လင်းလော့ချင်းနဲ့ အဆက်အသွယ်ဖြတ်လိုက်ရင် ဒါတွေအကုန်လုံး အလကားဖြစ်သွားမှာ...ဒါပေမဲ့လည်း သူ့ရှယ်ယာတွေကို မပေးချင်ဘူး...လင်းလော့ကျင်းရဲ့ရှယ်ယာထဲကပဲ နည်းနည်းဖဲ့ပေးလိုက်ရမလား...
သူ အချိန်အတော်ကြာ ရုန်းကန်နေသော်လည်း မဆုံးဖြတ်နိုင်သေးပေ။ ထို့ကြောင့် သူက လင်းလော့ကျင်းကို သင်ခန်းစာပေးရန် အပေါ်ထပ်သို့ တက်သွားလိုက်သည်။
ဒီအသုံးမကျတဲ့သားမိုက်...
သူ့အတွက်သာ မဟုတ်ရင် သူက ဘာလို့ လင်းလော့ချင်းကို ဆယ်သန်းပေးရမှာလဲ...
အရိုက်ခံဖို့ပဲ တန်တယ်...
“ဒီလ မင်းမုန့်ဖိုး မရတော့ဘူး...နောက်လတွေ နောက်လတွေလည်းပဲ မရတော့ဘူး...ကိုယ့်ကိုကိုယ်ဘာမှားလဲ ပြန်သုံးသပ်နေ..."
အဖေလင်းက ဒေါသထွက်စွာ ပြောလိုက်သည်။
လင်းလော့ကျင်း :"???"
သူ ဒီနေ့ ကံဆိုးနေသလိုပဲ...
တစ်နေ့လုံး အိမ်အောက်မဆင်းဘဲ၊ အခန်းပြင်မထွက်ဘဲနေတာ...နောက်ဆုံး တစ်ခါလေးဆင်းသွားမိပါတယ်... ပစ်လဲကျသွားတယ်...ဒါကို သူ့အဖေက မနှစ်သိမ့်ပေးတဲ့အပြင် လာဆူနေတယ်...
ဒါက သူ့အဖေလား...
သူက တုံEထက်တောင် ပိုမှားယွင်းနေပြီ...(DouE from Chinese play)
လင်းမိသားစုသုံးယောက်က စိုးရိမ်ကြောင့်ကြနေကြစဉ် လင်းလော့ချင်းနှင့်ကျိယွီရှောင်က အိမ်သို့ ပျော်ရွှင်စွာ ပြန်လာကြလေသည်။
လင်းဖေးက လင်းလော့ချင်း သူ့ကို ရေလာချိုးပေးသည့်အချိန်ကို စောင့်နေပြီး သူ သိချင်သည့်မေးခွန်းကို မေးလိုက်သည်။
"ရှုရှုတို့နှစ်ယောက်က ဒီနေ့အဘိုးအိမ်မှာ ခါတိုင်းနဲ့မတူကြဘူးနော်..."
လင်းလော့ချင်း :"..."
ဒါက နည်းနည်းရှက်စရာကောင်းသလိုပဲ...
လင်းလော့ချင်း ပြုံးလိုက်ပြီး ရှက်ရွံ့စိတ်ကို ဖုံးကွယ်ကာ ရှင်းပြလိုက်သည်။
"ဒါက မင်းအဘိုးကို လှည့်စားဖို့ပဲ...လူကြီးတွေက ရှုပ်ထွေးတယ်လေ...သူတို့က အခြားလူတွေကိုအကြောင်းအမျိုးမျိုးကြောင့် လိမ်ညာကြရတယ်...မင်းအဘိုးက မင်းအမေနဲ့မင်းကို ဂရုမစိုက်ဘူးလေ...ဒါကြောင့် ငါက သူ့ကို လိမ်ညာရတာပဲ...ငါ့ဆီက မသင်နဲ့...ဒါက မကောင်းတဲ့အကျင့်ပဲ..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး မေးလိုက်သည်။
"ရှယ်ယာဆိုတာက ဘာလဲ..."
လင်းလော့ချင်းက လင်းဖေး၏မေးခွန်းကြောင့် အံ့ဩသွားလေသည်။
"မင်းအဘိုးက ကုမ္ပဏီပိုင်ရှင်လေ...ကုမ္ပဏီက ငွေရှာတဲ့နေရာမလား...ကုမ္ပဏီရှယ်ယာတွေနဲ့ မင်းက ကုမ္ပဏီကို ဘာလုပ်မယ်၊ ဘာမလုပ်ဘူးဆိုပြီး ၀င်ဆုံးဖြတ်လို့ရတယ်...ပြီးတော့ ရှယ်ယာတွေကလည်း မင်း ငွေတွေလည်း ရနေမှာ...မင်းကြီးလာရင် ပိုနားလည်လာလိမ့်မယ်..."
"ရှုရှု အဲ့ဒါကို လိုချင်လို့လား..."
လင်းဖေး မေးလိုက်သည်။
"မလိုချင်ပါဘူး...ဒါပေမဲ့ မင်းက သူတို့ကို ရသင့်တယ်...မင်းအဘိုးကုမ္ပဏီက မင်းအဘွားနဲ့အတူ တည်ထောင်ထားတာလေ...ချန်ဖုန်းနဲ့လင်းလော့ကျင်းတို့နဲ့ မသက်ဆိုင်ဘူး...ဒါတွေက မင်းအမေပိုင်သင့်တဲ့ဟာ...မင်းအမေက ထွက်သွားတော့ ဒါတွေက မင်းပိုင်သင့်တဲ့ဟာ ဖြစ်သွားပြီ...ဖေးဖေး မင်း အဘိုးဆီက ရသမျှဟာတွေ အားလုံးက ငါ့ဟာတွေ မဟုတ်ဘူး...မင်းဟာတွေပဲ...ဒါပေမဲ့ မင်းက ငယ်သေးတယ်...အဲ့ဒါကြောင့် ငါက အဲ့ဒါတွေကို အရင်ထိန်းသိမ်းပေးထားရတာ...မင်းကြီးလာရင် ငါ မင်းကို ပြန်ပေးမယ်..."
လင်းဖေး စိတ်ရှုပ်သွားသည်။
"ဘာလို့လဲ...ကျွန်တော့်အမေပိုင်သင့်တဲ့ဟာဆို ရှုရှုလည်း ပိုင်သင့်တဲ့ဟာပဲလေ...ရှုရှုက အမေ့မောင်လေးပဲ..."
'ငါက သူ့မောင်လေးအစစ်မှ မဟုတ်တာ...'
လင်းလော့ချင်း တွေးလိုက်သည်။
'သူနဲ့ မသက်ဆိုင်တဲ့အရာတွေကို မလိုချင်ဘူး...ဒါ့အပြင် ဒါတွေကို လင်းဖေးကို ပေးလိုက်တော့အနာဂတ်မှာ လင်းဖေး လုပ်ငန်းလုပ်ဖို့ အရင်းအနှီး ရလာတာပေါ့...'
"ငါ့ဟာက မင်းဟာပဲလေ...မင်းဟာတွေ ဖြစ်လာမှာပဲ..."
လင်းလော့ချင်း ပြုံးကာ ပြောလိုက်ပြီး လင်းဖေးနဖူးကို ပွတ်သပ်လိုက်သည်။
"ငါတို့ဖေးဖေးက သူဋ္ဌေးလေးဖြစ်နေပြီပဲ..."
လင်းဖေးက ရှက်ရွံ့စွာ နောက်ဆုတ်လိုက်သည်။
ရှယ်ယာဆိုတာက ဘာလဲသေချာမသိပေမဲ့ လင်းလော့ချင်းက အဲ့ဒါတွေကို လိုချင်နေတယ်...
အနာဂတ်မှာ သူ့မှာ ရှယ်ယာတွေရှိလာရင် လင်းလော့ချင်းကို ပေးရမယ်...
"အဘိုးက ရှုရှုကို ရှယ်ယာတွေ ပေးမှာလား..."
လင်းဖေး မေးလိုက်သည်။
"ပေးမှာပေါ့..."
လင်းလော့ချင်းတွင် မှန်းဆချက်တစ်ခုရှိလေသည်။
အဖေလင်းက ဒီလောက်ရင်းနှီးမြှုပ်နှံထားတာကို ဒီအချိန်မှာ ရပ်လိုက်မှာ မဟုတ်ဘူး...သူ မရပ်နိုင်
သရွေ့ သူ(လင်းလော့ချင်း)က ထပ်ရနေဦးမှာပဲ...
ထို့နောက် လင်းလော့ချင်းက လင်းဖေးကို ရေချိုးပေးလိုက်ပြီး အိပ်ရာပေါ်သို့ ချီသွားကာ နဖူးကို နမ်းလိုက်သည်။
"Goodnight..."
“Good night..."
လင်းဖေးလည်း ပြန်နှုတ်ဆက်လိုက်သည်။
လင်းလော့ချင်း အိပ်ခန်းထဲသို့ ပြန်ရောက်သောအခါ အဖေလင်းက သူ့ထံ Wechatမတ်ဆေ့ခ်ျ ပို့ထားသည်ကို တွေ့လိုက်ရလေသည်။
သို့သော် လင်းလော့ချင်းက ယင်းကို ဂရုမစိုက်ပေ။
၀က်တွေကို သတ်ဖို့ဆိုရင် နည်းနည်းချင်းစီ အစာကျွေးဆွဲဆန့်ပြီး သတ်တာ ပိုကောင်းတယ်မလား...
သူက အဖေလင်းထံမှ Wechat မတ်ဆေ့ခ်ျများ၊ ဖုန်းကောလ်များကို အကြောင်းမပြန်ပေ။
ထိုအခါ အဖေလင်းက စိတ်မရှည်တော့ပေ။
ရက်အနည်းငယ်အတွင်း အဖေလင်းနှင့်ချန်ဖုန်းက ရှယ်ယာကိစ္စနှင့် ပတ်သတ်ပြီး စကားများရန်ဖြစ်ကြလေသည်။
ချန်ဖုန်းက လင်းလော့ကျင်း၏ရှယ်ယာတစ်၀က်ကို လင်းလော့ချင်းအား ပေးမည့်အကြောင်း ကြားသောအခါ ထိတ်လန့်သွားလေသည်။
အဖေလင်းရဲ့ရှယ်ယာတွေကို ခွဲပေးရင်တောင် အတော်လက်ခံနိုင်ဖို့ကြိုးစားရမှာကို...
ဘာ...သူ့သားရဲ့ရှယ်ယာကို ခွဲပေးမှာတဲ့...
သူ့သားဟာကိုလေ...
သူ့ဟာမဟုတ်ဘဲ သူ့သားဟာကိုတဲ့...
"ကျွန်မ လက်မခံနိုင်ဘူး...ရှင်သာ အဲ့လိုလုပ်ရင် ရှောင်ကျင်းက ဘယ်လိုတွေးမလဲ...သူ့အတွက်ကို ရှင် ထည့်မစဉ်းစားဘူးလား..."
"ဒါပေမဲ့ ငါ အဲ့လိုမှ မလုပ်ရင် ကျိယွီရှောင်နဲ့အဆက်အသွယ်ဖြတ်ရလိမ့်မယ်..."
"ဒါဆိုလည်း ဖြတ်လိုက်ပေါ့..."
ချန်ဖုန်းက သူ့ကို အကြံပေးလိုက်သည်။
"ဒီအတိုင်းထားလိုက်ကြရအောင်...ကုန်သွားတဲ့ပိုက်ဆံတွေကိုလည်း ဒီအတိုင်းထားလိုက်ပြီးအချင်းချင်း မသိသလိုနေလိုက်ကြတာပေါ့..."
"ဘာဖြစ်လို့ အဲ့လိုလုပ်ရမှာလဲ...သူက လော့ချင်းကို အရမ်းချစ်တာ...လော့ချင်းက ငါ့ကို ဂရုစိုက်တယ်...ငါရှယ်ယာတွေ ပေးလိုက်ရင် လော့ချင်းက ငါ သူ့ကို ချစ်တယ်ဆိုတာကို ယုံကြည်သွားမှာပဲ...အဲ့အချိန်ကြရင် သူက ကျိယွီရှောင်ရှေ့မှာ ငါတို့အတွက် ပြောပေးလိမ့်မယ်...ဒီလိုဆို ငါတို့အတွက် အကျိုးကျေးဇူးတွေ အများကြီးရလာမှာ..."
“သူက လော့ချင်းကို ရှင်းရီရဲ့CEOခန့်ထားတာ...ဒါက သူ လော့ချင်းကို တကယ်ချစ်တယ်ဆိုတာကို ပြနေတာပဲ...လော့ချင်းက ငါ့ကို အဖေတစ်ယောက်အဖြစ် အသိအမှတ်ပြုနေသရွေ့ ကျိယွီရှောင်က ငါ့ကို သေချာပေါက် ကူညီပေးမှာပဲ..."
"လော့ချင်းက အဲ့လိုမဖြစ်လာရင် ဘယ်လိုလုပ်မလဲ..."
ချန်ဖုန်း ပြောလိုက်သည်။
"မဖြစ်နိုင်ဘူး...သူက ငါ့ကို အဖေလို့ ခေါ်နေသေးတာကို မမြင်ဘူးလား...သူက ငါ့ဆီကအချစ်ကိုတောင့်တနေတုန်းပဲ...ငါ သူ့ကို နှင်ထုတ်လိုက်တာတောင် ပြန်လာချင်နေတုန်းပဲမလား...အခုထိ သူက မပြောင်းလဲသေးဘူး..."
ချန်ဖုန်းက ခေါင်းကို ပြင်းပြင်းထန်ထန် ခါလိုက်သည်။
"အဆင်မပြေဘူး...လော့ကျင်းအတွက် တရားမမျှတဘူး..."
"ကျွန်မအတွက်ရော တရားမမျှတဘူး...ကျွန်မ ပိုက်ဆံတွေ ဒီလောက်ပေးလိုက်တာတောင် ဘာမှပြန်မရဘူး..."
အဖေလင်း ခေါင်းခါလိုက်သည်။
"ငါ ပြောသလိုသာလုပ်..."
နှစ်ယောက်သား စကားများငြင်းခုံရန်ဖြစ်နေကြပြီး သူတို့ မသိလိုက်မီမှာပဲ နွေဦးပွဲတော်သို့ ရောက်လာလေသည်။
ကျိယွီရှောင်က နှစ်သစ်ကူးအကြိုတွင် အဖေကျိထံမှ ဖုန်းကောလ်တစ်ကောလ် ရရှိခဲ့လေသည်။
"မနက်ဖြန် အားလပ်ရက်ပဲ...ရှောင်ယွီကို ပြန်ခေါ်လာဖို့ မမေ့နဲ့..."
ကျိယွီရှောင်က ပြတင်းပေါက်အပြင်ရှိ အမှောင်ထုကို ကြည့်လိုက်ကာ တစ်ခဏခန့် တိတ်ဆိတ်သွားပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ဒါက သူ့အဖေနဲ့ နောက်ဆုံး အတူကျင်းပမဲ့ နှစ်သစ်ကူးနေ့ဖြစ်နိုင်တယ်...
ရှောင်ယွီက သူ့အဘိုးကို နောက်ဆုံးတစ်ခေါက် တွေ့ရတာလည်း ဖြစ်နိုင်တယ်...
သူ သူ့ကိုယ်သူအတွက် ၀မ်းမနည်းပါဘူး...ဒါပေမဲ့ ကျိလဲ့ယွီအတွက်တော့ ၀မ်းနည်းမိတယ်...
ကျိယွီရှောင်၏စကားကို ကြားသောအခါ အဖေကျိ စိတ်သက်သာရာရသွားသည်။
သူတို့ ပြန်လာသရွေ့ သူ့မှာ ကျိလဲ့ယွီကို ဆွဲဆောင်ဖို့ နည်းလမ်းတွေရှိတယ်...
ဒီတစ်ခါတော့ ကျိလဲ့ယွီကို ထိန်းထားနိုင်ရမယ်...