အပိုင်း ၁၆၇
Viewers 35k

Chapter 167



လင်းလော့ချင်းက ကျိယွီရှောင်၏နှစ်သစ်ကူးအကြိုတွင် ကျိအိမ်ပြန်မည့်ကိစ္စကို မအံ့ဩပေ။ အဆုံးတွင် သူက ကျိယွီရှောင်၏အဖေဖြစ်ပြီး မည်သို့ပင် စကားများရန်ဖြစ်ခဲ့ပါစေသားအဖကြား ဆက်ဆံရေးကို မဖြတ်တောက်လိုက်သရွေ့ ပြန်သွားရမည်ဖြစ်သည်။


ကျိယွီရှောင်က ထိုကိစ္စကို စိတ်မဝင်စားကြောင်း သူ ခံစားမိသည်။ သူက အနည်းငယ် စိတ်မကောင်းဖြစ်နေပုံပေါ်လေသည်။ ဤကဲ့သို့ ဆွေမျိုးများ၊ မိတ်ဆွေများ ပြန်လည်ဆုံစည်းကြသည့်အားလပ်ရက်တွင် ကျိယွီရှောင်က သူ့အစ်ကိုကို သတိရနေပုံပေါ်၏။


နောက်ဆုံးတွင် မိသားစုပြန်လည်ဆုံစည်းကြသည့်နေ့ ဖြစ်သော်လည်း အစ်ကိုနဲ့မရီးက လောကကြီးထဲမှ ထွက်သွားပြီဖြစ်လေသည်။


"ငါတို့ မနက်ဖြန် အဲ့ကို မသွား‌ခင် မင်းအစ်ကိုကို သွားတွေ့ကြမလား...နှစ်သစ်ကူးမှာ အတူသွားနှုတ်ဆက်ကြရအောင်လေ..."


လင်းလော့ချင်း ပြောလိုက်သည်။


ကျိယွီရှောင်ကလည်း မူလက သူ့အစ်ကိုကို သွားတွေ့ရန် စီစဉ်ထားခြင်းဖြစ်ပြီး လင်းလော့ချင်းက ထိုသို့ပြောလာသောအခါ အံ့အားသင့်သွားလေသည်။


"မင်းက သူ့ကို တွေ့ချင်လို့လား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။


"နှစ်သစ်ပဲလေ...မင်း သူ့ကို အရမ်းလွမ်းနေတာမလား..."


ထိုစကားကို ကြားသောအခါ ကျိယွီရှောင်၏မျက်လုံးများက နူးညံ့သွားလေသည်။ သူ့မျက်လုံးများက လရောင်အောက်တွင် ကြည်လင်တောက်ပနေ၏။


"ဟုတ်တယ်...ငါ လွမ်းနေတာ..."


ယမန်နှစ်က ဤအချိန်တွင် သူ့အစ်ကိုနှင့်နှစ်သစ်ကူးကို မည်သည့်နေရာတွင် ကုန်ဆုံးမည်ကို ဆုံးဖြတ်နေကြဆဲဖြစ်လေသည်။ ကျိယွီလင်းက သူ့တွင် အချိန်မရှိသောကြောင့် ကျိလဲ့ယွီကိုသာ သူသွားချင်သည့်နေရာသို့ အတူခေါ်သွားရန် ပြောခဲ့သည်။


သို့သော် ယခုနှစ်တွင်မူ သူနှင့်ကျိလဲ့ယွီသာ ကျန်တော့လေသည်။


"ငါနဲ့အတူလိုက်ခဲ့လေ...မင်း သူ့ကို မတွေ့ရသေးဘူးမလား..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး ကျိယွီရှောင် ရှေ့ရပ်လိုက်ကာ ကျိယွီရှောင်၏ပေါင်ပေါ်လက်တင်၍ ခေါင်းကို မှီလိုက်ကာ ကျိယွီရှောင်ကို မော့ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ငါလည်း မင်းနဲ့အတူလိုက်ဖို့ စီစဉ်ထားတာပါနော်..."


ကျိယွီရှောင်က လင်းလော့ချင်း၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။


"ရှောင်ယွီရော အတူသွားမှာလား..."


လင်းလော့ချင်း မေးလိုက်သည်။


"မသွားဘူး..."


ကျိလဲ့ယွီက မကြာသေးမီကမှ ပျော်ရွှင်နေခဲ့ခြင်းဖြစ်ပြီး သူ့ကို ခေါ်သွားလျှင် ထိုအချိန်က မြင်ကွင်းအား ပြန်သတိရလာမည်ကို စိုးရွံ့မိလေသည်။


"ငါတို့ နေ့လည်စာစားပြီးရင် သွားရအောင်...ပြီးရင် စောစောပြန်လာကြတာပေါ့..."


"အင်း..."


လင်းလော့ချင်း သဘောတူလိုက်သည်။


ထို့နောက် သူက ကျိယွီရှောင်၏ပေါင်ပေါ်တွင် လဲအိပ်လိုက်လေသည်။


ကျိယွီရှောင်က လရောင်အောက်တွင် လင်းလော့ချင်း၏နူးညံ့သော မျက်နှာတစ်ခြမ်းကို တွေ့နေရလေသည်။


ညလေညှင်းအောက်ရှိ လင်းလော့ချင်း၏သွင်ပြင်ကို ကြည့်ကာ ကျိယွီရှောင်က တဖြည်းဖြည်းစိတ်သက်သာရာရလာလေသည်။


ထို့နောက် သူက ကူရာမဲ့စွာ ခါးကိုင်းလိုက်သည်။ လင်းလော့ချင်းက မသိစိတ်အရ ခေါင်းမော့ကြည့်လိုက်သောအခါ ကျိယွီရှောင်က သူ့ကို နမ်းလာလေသည်။


အနမ်းက ရေသဖွယ် သိမ်မွေ့အေးမြပြီး ကိလေသာတဏ္ဍာများ မပါ၀င်ပေ။ အဆုံးမရှိသော နူးညံ့‌မှုများနှင့် အထီးကျန်မှုများသာ ပါ၀င်လေသည်။


လင်းလော့ချင်းက တစ်ဖက်လူ၏ပခုံးကို ဆုပ်ကိုင်လိုက်ပြီး အနမ်းကို ပြန်တုံ့ပြန်လိုက်သည်။


လရောင်က အကန့်အသတ်မဲ့ပြီး ကြယ်စင်ကမြေပေါ် သက်ဆင်းလာလေသည်။


နောက်တစ်နေ့နေ့လည်စာစားပြီးသောအခါ ကျိယွီရှောင်နှင့်လင်းလော့ချင်းက ဆင်ခြေပေး၍ ကျိယွီလင်း၏သင်္ချိုင်းဆီသို့ ထွက်လာကြလေသည်။


ရာသီဥတုက အလွန်အေးနေလေသည်။ လင်းလော့ချင်းက ကျိယွီလင်း၏အုတ်ဂူပေါ်ရှိ ဓာတ်ပုံကိုကြည့်လိုက်သည်။


ဓာတ်ပုံထဲရှိ လူငယ်က ငယ်ရွယ်ချောမောလေသည်။ သူ့၏လှပ‌သောဖီးနစ်မျက်လုံးများက မာနကြီးကာ ယုံကြည်ချက်ရှိသည့်ပုံပေါ်နေသော်လည်း မျက်၀န်းထဲ၌မူ နွေဦးလေပြည်သဖွယ် နူးညံ့နွေးထွေးမှုများ ရှိနေလေသည်။


ကျိယွီ‌လင်းက မြင့်မြတ်ပြီး ကြင်နာတတ်သည့်သူဖြစ်လေသည်။ ထို့ကြောင့် ညီဖြစ်သူ ကျိယွီရှောင်က သူ့ကို မေ့မရနိုင်ခဲ့ပေ။ ထို့အပြင် သူ့အစ်ကို၏သွေးသားလည်း စောင့်ရှောက်ပေးရန် ဆန္ဒရှိလေသည်။ မတော်တဆအကူအညီရရှိခဲ့သည့် စုထုံပင်လျှင် ကျိယွီလင်းကို မမေ့နိုင်ခဲ့ပေ။ 


သူက ထိုသို့သောလူနှင့် မတွေ့လိုက်ရသည်မှာ သနားစရာကောင်းလေသည်။


လင်းလော့ချင်းက အနည်းငယ် စိတ်မသက်မသာ ဖြစ်နေလေသည်။ သေခြင်းတရား၏ရှေ့မှောက်တွင် အရာအားလုံးက အားအင်ကင်းမဲ့စွာ အရှုံးပေးခဲ့ရသည်။


ကြင်နာတတ်သောလူတစ်ယောက်က လောကကြီးထဲမှ ဤသို့ထွက်သွားခဲ့ရလေသည်။


လင်းလော့ချင်းက ဝှီးချဲလ်ပေါ်တွင် ထိုင်နေသည့်ကျိယွီရှောင်ကို လှည့်ကြည့်လိုက်သည်။ ကျိယွီရှောင်က ကျိယွီလင်း၏အုတ်ဂူကို သေချာစိုက်ကြည့်နေလေသည်။


လင်းလော့ချင်းက ကျိယွီရှောင်၏၀မ်းနည်းမှုများကို ခံစားမိလေသည်။


'ကျွန်တော့်မှာ အသိစိတ်ရှိတယ်အစ်ကို...ဒီကိစ္စရဲ့နောက်ကွယ်ကလူကို ကျွန်တော် သေချာပေါက်ရှာပြီး အစ်ကိုနဲ့မရီးအတွက် လက်စားချေပေးမယ်...'


ကျိယွီရှောင်၏စိတ်ထဲတွင် အမုန်းတရားများ၊ ဒေါသများနှင့် ပြည့်နေလေသည်။


သို့သော် ကျိယွီလင်း၏မျက်လုံးထဲမှ နူးညံ့မှုများကို မြင်သောအခါ သူ့နှလုံးသားက တဖြည်းဖြည်း ပြန်တည်ငြိမ်လာလေသည်။


လောကမှာ အသုံးမ၀င်ဆုံးအရာက ဒေါသပဲ...ဒေါသက အရာအားလုံးကို ဖြေမရှင်းပေးနိုင်ဘူး...သူက မလိုအပ်တဲ့ခံစားချက်တွေကို မလိုအပ်ဘူး...


"ကျွန်တော် ရှောင်ယွီကို ကောင်းကောင်း ဂရုစိုက်ပေးပါမယ်..."


ကျိယွီရှောင် နူးညံ့စွာ ပြောလိုက်သည်။


ထို့နောက် သူက လင်းလော့ချင်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။


"သူက လင်းလော့ချင်းလေ...ကျွန်တော့်ရဲ့ဇနီး...ကျွန်တော်တို့ လက်ထပ်ပြီးသွားပြီ...ကျွန်‌တော်တို့ ရှောင်ယွီကို အတူဂရုစိုက်လိုက်ပါမယ်..."


သူက ကျိယွီလင်းကို ပြောလိုက်သည်။ 


လင်းလော့ချင်းကလည်း တိတ်တဆိတ် ခေါင်းငြိမ့်လိုက်လေသည်။


ကျိယွီလင်း၏အုတ်ဂူထက်ရှိ ဓာတ်ပုံက သူတို့ကို အသိအမှတ်ပြုနေသည့်ပုံပေါ်လေသည်။


လင်းလော့ချင်းက ပြုံးလိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။


"ကျွန်တော် ရှောင်ယွီကို ဂရုစိုက်ပေးပါမယ်..."


ဒါ့အပြင် ကျိယွီရှောင်ကိုလည်း ဂရုစိုက်ပေးပါမယ်...


ဒါ့ကြောင့် စိတ်ချလက်ချ အနားယူပါ အစ်ကို...


ထို့နောက် သူက ကျိယွီရှောင်ကို တွန်းကာ သင်္ချိုင်းထဲမှ ထွက်လေလေသည်။


လမ်းက နွေဦးပွဲတော်ဖြစ်သည့်အတွက် အလွန် သက်၀င်လှုပ်ရှားနေလေသည်။ လူတိုင်းကနှစ်သစ်ကူးပွဲတေ်ကို ဆင်နွှဲနေကြသည်။ သို့သော် ကျိယွီရှောင်၏မျက်နှာထက်တွင်မူ ပျော်ရွှင်မှုအရိပ်အယောင်များ မရှိပေ။


မိသားစုပြန်လည်ဆုံစည်းရခြင်း၏စိတ်လှုပ်ရှားပျော်ရွှင်မှုများက အခြားလူများနှင့်သာ သက်ဆိုင်သည်။ သူနှင့် မသက်ဆိုင်ပေ။ ဤတစ်‌ခေါက်က သူ နောက်ဆုံးအကြိမ် အိမ်ပြန်ခြင်းဖြစ်လေသည်။


လမ်းပေါ်တွင် အဖေတစ်ယောက်က ကလေးကို ပွေ့ချီကာ ချော့မူနေသည်ကို မြင်လိုက်ရသောအခါ သူ့နှလုံးသားက အေးစက်သွားလေသည်။


ကျိယွီရှောင်နှင့်လင်းလော့ချင်းက အချိန်မဖြုန်းတော့ပေ။ သူတို့က နာရီအနည်းငယ်အကြာတွင် ကျိမိသားစုအိမ်ဟောင်းသို့ သွားရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။


လင်းလော့ချင်းက လင်းဖေးအတွက် ကုတ်အင်္ကျီတစ်ထည်ကို ရွေးချယ်ပေးထားလေသည်။ ကျိလဲ့ယွီသည်လည်း လင်းဖေးနှင့်ဆင်တူကုတ်အင်္ကျီကို ၀တ်ဆင်ထားပြီး အလွန်ချစ်စရာကောင်းနေလေသည်။


"သွားကြရအောင်..."


လင်းလော့ချင်းက သူတို့ကို တံခါးဆီ ခေါ်သွားလိုက်သည်။


ကျိမိသားစု‌က နှစ်သစ်ကူးအကြိုကာလကို အမြဲအတူကျင်းပလေ့ရှိပြီး ကျိမိသားစု၀င်များက အိမ်ဟောင်းသို့ တစ်ယောက်သို့တစ်ယောက် ရောက်လာကြလေသည်။


လင်းလော့ချင်းနှင့်ကျိယွီရှောင် ရောက်လာသောအခါ ကျိယွီရှောင်က လင်းလော့ချင်းကို ရှင်းရီ၏စီအီအိုအဖြစ် ခန့်အပ်ထားသည့်အတွက် လူများက သူတို့ကို မကျေမနပ်ကြည့်နေကြလေသည်။


ကံကောင်းစွာဖြင့် လင်းလော့ချင်းနှင့်လင်းဖေးက ယင်းတို့ကို ဂရုမစိုက်တတ်ပေ။ ကျိလဲ့ယွီကသာလျှင် သူတို့၏အကြည့်များကြောင့် မကျေမနပ်ဖြစ်နေလေသည်။


အဖေကျိက သူတို့ရောက်လာသည်ကို မြင်သောအခါ သူတို့ဆီ လျှောက်လာပြီး ကျိလဲ့ယွီကို ပွေ့ချီကာ နမ်းလိုက်သည်။


"ရှောင်ယွီ ရောက်လာပြီပဲ...အဖိုးရဲ့ပေါင်ပေ့လေး..."


ကျိလဲ့ယွီက အဘိုးကျိကို ပြုံးကာ ကြည့်နေသော်လည်း နှလုံးသားကမူ အေးစက်နေလေသည်။


ကျိရှင်းနှင့်ကိစ္စတွင် အဘိုးကျိက သူ့ကို မသင်္ကာစွာ မေးကတည်းက အဘိုးကျိအတွက် သူ့ခံစားချက်များက အေးစက်သွားပြီဖြစ်သည်။


အဘိုးကျိက သူ့အဘိုးဖြစ်ပြီး သူ့ကို ချစ်သည့်အတွက် ချစ်ပေးခဲ့သော်လည်း ယခုမူ အဘိုးကျိကို မချစ်တော့ချေ။ သို့သော် အဘိုးကျိက သူ့ဦးလေး၏အဖေဖြစ်သောကြောင့် ကျိယွီရှောင် မျက်နှာမပျက်စေရန် မချစ်သော်လည်း အောင့်ကာ နမ်းရမည်ဖြစ်သည်။


အဖေကျိက ယင်းတို့ကို မသိခဲ့ပေ။ သူက ကျိလဲ့ယွီကို ပွေ့ဖက်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။


"ရှောင်ယွီ အခုတလော ဘာလုပ်နေလဲ...ဘာလို့ ဘိုးဘိုးကိုတွေ့ဖို့ မလာတာလဲ...ဘိုးဘိုးက သားကိုလွမ်းနေတာ..."


ကျိလဲ့ယွီက ကလေးဆန်စွာ ပြောလိုက်သည်။


"သားလည်း ဘိုးဘိုးကို လွမ်းတယ်..."


ထိုစကားကို ကြားသောအခါ အဖေကျိက ၀မ်းသာသွားလေသည်။


"ဒါဆို ရှောင်ယွီ ဘိုးဘိုးနဲ့ အတူခဏလာနေပါလား...ဘိုးဘိုးက ရှောင်ယွီကို ကစားဖို့ခေါ်သွားပေးမယ်လေ..."


"ရပါတယ်...သား ဒယ်ဒီနဲ့ပဲ အတူသွားလိုက်မယ်..."


“သားဒယ်ဒီဘေးမှာ တခြားလူတွေ ရှိနေပြီ...သူက သားနဲ့အတူ ကစားသွားတော့မှာ မဟုတ်ဘူး..."


"ဒါဆို ပါးပါးကို ခေါ်သွားမယ်လေ..."


ထို့နောက် ကျိလဲ့ယွီက အဘိုးကျိ၏ပေါင်ပေါ်မှ ခုန်ဆင်းလိုက်ကာ ကျိယွီရှောင်ဘေးသို့ ပြေးသွားလိုက်ပြီး ကျိယွီရှောင်ကို ပွေ့ဖက်လိုက်သည်။


ကျိယွီရှောင်က အဖေကျိကို ကြည့်လိုက်ပြီး ကျိလဲ့ယွီကို ပေါင်ပေါ် ပွေ့တင်လိုက်သည်။


'အခုထိ စိတ်မလျှော့နိုင်သေးဘူးလား...ကျိလဲ့ယွီရဲ့ရှယ်ယာတွေကို အလွှတ်မပေးနိုင်သေးဘူးလား...'


ကံကောင်းလို့ သူ့အစ်ကိုက သေတမ်းစာရေးပေးခဲ့တာ...မဟုတ်ရင် ဦးလေးဖြစ်တဲ့သူက အဖေကျိကို ယှဉ်နိုင်မှာ မဟုတ်ဘူး...


အဖေကျိက ကျိယွီရှောင်၏အကြည့်ကြောင့် စိတ်တိုသွားပြီး လင်းဖေးနှင့်လင်းလော့ချင်းက သူ့ကို ဂရုမစိုက်ကြသည့်အတွက် ပိုမိုစိတ်တိုလေသည်။


အခြားကျိမိသားစု၀င်များက သားအဖနှစ်ယောက် ပြဇာတ်ကို စိတ်၀င်တစားကြည့်နေကြလေသည်။


ကျိယွမ်၏မိသားစုက တွေ့ဆုံပွဲသို့ အချိန်အတော်ကြာမှ ရောက်လာလေသည်။ ကျိမူကို အထွေထွေမန်နေဂျာခန့်လိုက်သည့်အတွက် ကျိယွမ်၏အဖေက အမြဲ မ‌‌ကျေမနပ်ဖြစ်နေပြီး နှစ်သစ်ကူးအကြိုတွေ့ဆုံပွဲကို တမင်တကာနောက်ကျမှ လာခြင်းဖြစ်သည်။


ကံကောင်းစွာနှင့် လူတိုင်းက ညစာစားနေကြပြီး သူတို့ကို အာရုံမစိုက်ကြပေ။


လူအုပ်စုက စားပွဲဝိုင်းရှည်တစ်ဖက်တစ်ချက်စီတွင် ထိုင်၍ စားသောက်နေကြပြီး ကျိယွီလင်းနှင့်သူ့ဇနီးတို့မှလွဲ၍ ကျန်လူများ အားလုံးစုံညီနေပြီဖြစ်သည်။ သူတို့က ကျိယွီလင်းတို့ကို သတိရမိသွားသော်လည်း မည်သူကမှ အစပြုကာ ထုတ်ပြောမည်မဟုတ်ပေ။


ကျိယွီရှောင်က တိတ်တဆိတ်စားသောက်နေပြီး လင်းဖေး ၊ကျိလဲ့ယွီနှင့် လင်းလော့ချင်း၏ပန်းကန်ထဲသို့ အစားအစာများကို အခါ‌အားလျော်စွာ ထည့်ပေးနေလေသည်။


ဤတစ်ခေါက်က နောက်ဆုံးအကြိမ် ထမင်းလက်စုံ စားခြင်းဖြစ်ပြီး နောက်နှစ်တွင် ဤအိမ်ကို ထပ်လာတော့မည်မဟုတ်ပေ။


သူက သူ့အဖေကို ကြည့်လိုက်သည်။ အဖေကျိ၏မျက်နှာက တည်ငြိမ်နေလေသည်။


သူက ကမ္ဘာပေါ်ရှိ သာမာန်အဖေတစ်ယောက်များကဲ့သို့ပင်ဖြစ်သည်။


သို့သော် အမှန်တကယ်တွင်မူ သူက အခြားအဖေများနှင့် ကွဲပြားလေသည်။ သူ့နှလုံးသားက သာမာန်အဖေများထက် ကြောက်စရာကောင်းလေသည်။


ကျိယွီရှောင်က တူကို ချလိုက်ပြီး ပါးစပ်ကိုသုတ်လိုက်သည်။


လင်းလော့ချင်းလည်း စားပြီးလုနီးပါးဖြစ်ပြီး ကလေးနှစ်ယောက်၏ပန်းကန်ထဲသို့ စားစရာများ ထည့်ပေးလိုက်ကာ တူကို ချလိုက်သည်။


မကြာမီ လူတိုင်းစားပြီးသွားကြပြီဖြစ်သည်။


ညစာစားပြီးနောက် ကျိမိသားစု၀င်များက အချင်းချင်း နှုတ်ဆက်စကားဆိုကာ အလျှိုလျှိုပြန်သွားကြပြီဖြစ်သည်။


အဖေကျိက သူတို့ကို မတားခဲ့ပေ။ သူက ကျိယွီရှောင်ကို ကြည့်ကာ ပြောလိုက်သည်။


"မင်း အိမ်ပြန်လာတာ အတော်ရှားတယ်...ဒီည ဒီမှာပဲ အိပ်လိုက်..."


ကျိယွီရှောင်လည်း စဉ်းစားပြီးနောက် သဘောတူလိုက်သည်။


သူက နောက်ဆုံးတစ်ခေါက်ပြန်လာခြင်းဖြစ်သည့်အတွက် သူနှင့်သူ့အစ်ကို၏အခန်းကို ပြန်ကြည့်ချင်လေသည်။ ယင်းက သူ အရွယ်ရောက်ကြီးပြင်းလာခဲ့သည့်အခန်းဖြစ်သည်။


အဖေကျိက ဒဏ်ရာရပြီးနောက် ဒေါသကြီးနေသည့် သားဆီမှ ငြိမ်းချမ်းသည့်လေသံကို ကြားလိုက်ရသောအခါ ခံစားသွားရလေသည်။


ကျိယွီရှောင်က အချိန်တိုင်း ဒီအတိုင်းလေးဖြစ်နေရင် သိပ်ကောင်းမှာပဲ...


ကျိယွီရှောင်ရဲ့ဒေါသက လျော့သွားရင် ပိုကောင်းမယ်...


ကျိယွီရှောင်က နူးညံ့သွားရင် ပိုကောင်းမယ်...


သူက ဘာလို့ သူ့အစ်ကိုလို မဖြစ်နိုင်ရတာလဲ...


သူ့အစ်ကိုနဲ့တူရင် ဘယ်လောက်ကောင်းလိုက်မလဲ...


အဖေကျိက ကျိယွီလင်းအကြောင်းကို တွေးမိသွားပြီး ၀မ်းနည်းသွားလေသည်။ နှစ်သစ်ကူးအကြိုအားလပ်ရက်ဖြစ်သော်လည်း သူ့သားနှင့် မဆုံစည်းနိုင်တော့ပေ။


သူ့သားနှစ်‌ယောက်တွင် သူက ကျိယွီလင်းကို အချစ်ဆုံးဖြစ်လေသည်။ ကျိယွီလင်းက အလွန်နူးညံ့သိမ်‌မွေ့ကာ သိတတ်သည့်သူဖြစ်သည်။


သူမသေသေးရင် ပိုကောင်းမှာပဲ...


"မနှစ်က ဒီအချိန်မှာ မင်းအစ်ကိုက ဒီမှာ ရှိနေခဲ့တာ..."


အဖေကျိက သက်ပြင်းချကာ ပြောလိုက်သည်။


ကျိယွီရှောင်က အဖေကျိ၏စကားကို ကြားသောအခါ ဒေါသများ ထကြွလာပြီး အဖေကျိကို ဒေါသတကြီး ကြည့်လိုက်သည်။


အဖေကျိ စိတ်ရှုပ်သွားလေသည်။ သူက ကျိယွီလင်းကို ဆုံးရှုံးလိုက်ရသည့် သူ့စိတ်ကို အခြားသူကို ပြောပြချင်သော်လည်း ကျိယွီရှောင်က‌ သူ့ကို ဒေါသတကြီးကြည့်လာလေသည်။


ကျိယွီရှောင်က ဒါကို နားမထောင်ချင်ဘူးလား...


ကျိယွီရှောင်က ဝှီးချဲလ်ကို တွန်းလိုက်ပြီး ထမင်းဝိုင်းမှ ထွက်သွားလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်နောက်သို့ အမြန်လိုက်သွားလိုက်သည်။ ကျိယွီရှောင်က စိတ်ကို ထိန်းကာ ကျိလဲ့ယွီနှင့်လင်းဖေးကို နူးညံ့စွာ ပြောလိုက်သည်။


"သွားကြရအောင်..."


ကျိလဲ့ယွီက ချက်ချင်း ထိုင်ခုံပေါ်မှ ဆင်းကာ ကျိယွီရှောင်နောက် လိုက်သွားပြီး လင်းဖေးလည်းနောက်မှ လိုက်သွားလေသည်။


ကျိယွီရှောင်က ဝှီးချဲလ်ကို ရှေ့မှ ဦးဆောင်တွန်းသွားလိုက်သည်။


ဤနေရာတွင် ဓာတ်လှေကားမရှိချေ။ ကျိယွီရှောင်က သူ့ကို လင်းလော့ချင်းက ပွေ့ချီမည်ကို ကလေးများအား မတွေ့စေချင်သောကြောင့် နောက်လှည့်လိုက်ပြီး ကျိလဲ့ယွီ၏ခေါင်းကို ပုတ်ကာ ပြောလိုက်သည်။


"မင်းရဲ့အခန်းကို မှတ်မိသေးလား..."


"မှတ်မိသေးတယ်..."


ကျိလဲ့ယွီ ပြန်ဖြေလိုက်သည်။


"ဒါဆို အဲ့အခန်းကို မင်းကိုကို့ကို လိုက်ပြလိုက်လေ..."


"ဟုတ်..."


ကျိလဲ့ယွီက လင်းဖေးကို ဆွဲကာ အပေါ်တက်သွားလိုက်သည်။


ကျိယွီရှောင်က ကလေးနှစ်ယောက် ပျောက်ကွယ်သွားသည့်အချိန်ထိ စောင့်နေပြီး သူတို့ကို မမြင်နိုင်သည့် နေရာရောက်သွားမှ လင်းလော့ချင်းအား သူ့ကို ပွေ့ချီခွင့်ပြုလိုက်သည်။


လင်းလော့ချင်းက ကျိယွီရှောင်ကို ပွေ့ချီလိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်နေလေသည်။ 


အဖေလင်းက သူ့အဖေအရင်း မဟုတ်သင့်အတွက် သူက ဘာမှမခံစားရသော်လည်း အဖေကျိကမူကျိယွီရှောင်၏အဖေရင်းဖြစ်လေသည်။ 


ကျိယွီရှောင်က သူ့အတွက် သေချာပေါက် ခံစားနေရမှာပဲ...


ကျိယွီရှောင်က ဘယ်လိုကိစ္စကို ရှာတွေ့ခဲ့တာပဲဖြစ်ဖြစ် သူ့အဖေနဲ့ပတ်သတ်နေသရွေ့ နာကျင်နေရမှာပဲ...


အထူးသဖြင့် သူ့အစ်ကိုနဲ့ပါ ပတ်သတ်နေရင်ပေါ့...


လင်းလော့ချင်းက ကျိယွီရှောင်ခံစားနေရမည့် နာကျင်မှုများကို စိတ်ပင်မကူးနိုင်ပေ။ သူက ကျိယွီရှောင်ကို နှစ်သိမ့်ပေးချင်လေသည်။


သူက ကျိယွီရှောင်ကို ပွေ့ကာ လှေကားတစ်ထစ်ချင်းစီတက်သွားပြီး နောက်ဆုံးအဆင့်သို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။


"ကျိယွီရှောင်..."


သူ ကျိယွီရှောင်ကို ခေါ်လိုက်သည်။


ကျိယွီရှောင်က မျက်လုံးကို ပင့်ကာ ကြည့်လိုက်၏။


"ဘာ..."


စကားမဆုံးမီ လင်းလော့ချင်းက ခေါင်းငုံ့ကာ ကျိယွီရှောင်၏နှုတ်ခမ်းကို နမ်းလိုက်လေသည်။


ကျိယွီရှောင် အနည်းငယ် အံ့ဩသွားသည်။ လင်းလော့ချင်းက ဤအခြေအနေတွင် သူ့ကို နမ်းလာလိမ့်မည်ဟု မထင်ထားခဲ့ချေ။


လင်းလော့ချင်းက သူ့ကို ကြယ်သဖွယ်တောက်ပသော မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်နေလေသည်။


"Happy New Year..."


လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။


"ဒီနှစ်က ငါတို့အတူရှိနေတဲ့ ပထမဆုံးနှစ်ပဲ...နောက်နှစ်တွေလည်း အတူရှိနေကြရအောင်..."


ကျိယွီရှောင်က အမှောင်ထုထဲတွင် ပိတ်မိနေရာမှာ အမှောင်ထုက ကွဲအက်လာပြီး လင်းလော့ချင်း၏ခေါင်းကို ကိုင်ကာ ပြန်နမ်းရှိုက်လိုက်သည်။


ကောင်းကင်ထက်ရှိ ကြယ်ရောင်များက သူတို့အပေါ် ဖြာကျနေလေသည်။


*******


စာရေးသူမှာ ပြောစရာရှိပါတယ်...


သူတို့နှစ်ယောက်ကို ပြန်ရှာရန်လာသည့် ရှောင်ယွီက မျက်လုံးကို အမြန်ကာလိုက်ပြီး ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည့် လင်းဖေး၏မျက်လုံးကိုလည်း ကာပေးလိုက်သည်။


ဖေးဖေး :"???"


ရှောင်ယွီ :ကိုကို အဲ့ဒါကို ကြည့်လို့မရဘူး...ကလေးတွေက အဲ့ဒါကို ကြည့်လို့မရဘူး...


ဖေးဖေး :"..."