Chapter 168
ကျိယွီရှောင်က သူ့အခန်းဆီ မသွားမီ သူ့အစ်ကို၏အခန်းဆီသို့ ဦးစွာ သွားလိုက်လေသည်။
ကျိယွီလင်း၏အခန်းက အလွန်သန့်ရှင်းနေပြီး ကျိယွီလင်း ရှိနေစဉ်က အတိုင်းပင်ဖြစ်သည်။
ကျိယွီရှောင်က ဝှီးချဲလ်ကို အခန်းထဲ တွန်းသွားပြီး စားပွဲ၊ အိပ်ရာဘေးရှိ စားပွဲနှင့် ဗီရိုထံ သွားလိုက်လေသည်။ အတိတ်ရှိမြင်ကွင်းအားလုံးက သူ့စိတ်ထဲ ပေါ်လာ၏။ သူတို့နှစ်ယောက် ငြင်းခုံကြတိုင်း ကျိယွီလင်းက သူ့ကို ကူရာမဲ့စွာ အရှုံးပေးရလေ့ရှိလေသည်။
သူက စားပွဲပေါ်မှ ကျိလဲ့ယွီကို မွေးပြီး မကြာမီ အတူတွဲရိုက်ထားသည့် နှစ်ယောက်တွဲဓာတ်ပုံကို ယူကြည့်လိုက်သည်။
ဓာတ်ပုံထဲရှိ အမျိုးသားက ချောမောပြီး အမျိုးသမီးက လှပလေသည်။ မရီး၏လက်ထဲတွင် ကျိလဲ့ယွီအသေးလေးကို ပွေ့ချီထားခဲ့သည်။ ပုံထဲတွင် ကျိလဲ့ယွီအသေးလေးက ကင်မရာကို မျက်လုံးဝိုင်းကြီးဖြင့် စူးစမ်းကြည့်နေခဲ့၏။
သူတို့က အလွန်ပျော်ရွှင်နေကြသော်လည်း ယင်းက အတိတ်သာ ဖြစ်လေသည်။
လင်းလော့ချင်းက ကျိယွီရှောင်ဘေးတွင် တိတ်တဆိတ်ရပ်ကာ ကြည့်နေခဲ့သည်။
ညက အလွန်တိတ်ဆိတ်နေခဲ့သည်။ ကျိယွီရှောင် ဤညက ထူးထူးခြားခြား တိတ်ဆိတ်နေသလို ခံစားရလေသည်။
နှစ်သစ်ကူးနေ့ဖြစ်သော်လည်း သူ့တွင် စိတ်လှုပ်ရှားမှုများ မရှိချေ။
မီးရှုးမီးပန်းတွေက ဘယ်မှာလဲ...ဗျောက်အိုးတွေက ဘယ်မှာလဲ...
အဲ့ဒါတွေ အားလုံး မနှစ်က ရှိခဲ့ပေမဲ့ ဒီနှစ်တော့ မရှိဘူး...
ကျိယွီရှောင်က သက်ပြင်းချလိုက်ပြီး ဓာတ်ပုံကို စားပွဲပေါ် ပြန်တင်လိုက်ကာ သူ့နှင့်ရင်းနှီးနေသည့်အခန်းကို တုံ့ဆိုင်းစွာ ကြည့်လိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို သူ့အခန်းနှင့် မိတ်ဆက်ပေးနေလေသည်။
"ဒါက သားအခန်း..."
လင်းဖေးက အခန်းကို ခံစားချက်မဲ့စွာ ကြည့်လိုက်သည်။
"အွန်း..."
ကျိလဲ့ယွီက မပျော်ရွှင်ပေ။ သူက သူ့မိဘများကို သတိရနေလေသည်။ နှစ်တိုင်း သူတို့က အတူတူပြန်လာလေ့ရှိပြီး သူ ဤအိမ်ကို ရောက်တိုင်း သူ့မိဘများက သူ့ဘေးတွင် ရှိနေခဲ့လေသည်။
"သားမိဘတွေအခန်းက ဒီအခန်းဘေးမှာလေ..."
ကျိလဲ့ယွီက နူးညံ့စွာ ပြောလိုက်သည်။
လင်းဖေးက သူ့ကို ကြည့်လိုက်ပြီး လက်မြှောက်ကာ တစ်ဖက်လူ၏ခေါင်းကို ထိလိုက်သည်။
"ဒါပေမဲ့ ဒီနှစ်တော့ သားတို့ နှစ်သစ်ကို အတူတူကို ဖြတ်သန်းလို့ မရတော့ဘူး..."
လင်းဖေးက ကျိလဲ့ယွီ၏ခေါင်းကို ထပ်ထိကာ နှစ်သိမ့်ပေးလိုက်သည်။
ကျိလဲ့ယွီက အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးနောက် လင်းဖေးလက်မောင်းထဲ ပစ်လဲချလိုက်သည်။
"ဖက်ပေး..."
လင်းဖေးက ကျိလဲ့ယွီကို ပွေ့ဖက်ပေးလိုက်သည်။ သူ့အမေနှင့်ကျိလဲ့ယွီမိဘများက ကောင်းကင်တွင် ဆက်ရှင်သန်နေဆဲဖြစ်လေသည်။
သူက ကျိလဲ့ယွီကို ပွေ့ဖက်ထားစဉ် ရုတ်တရက် ခြေသံကို ကြားလိုက်ရပြီး လင်းလော့ချင်း၏ခြေသံမဟုတ်သောကြောင့် ကျိလဲ့ယွီကို လွှတ်ပေးလိုက်ကာ တံခါးကို ကြည့်လိုက်သည်။
အဖေကျိ ရောက်လာခြင်းဖြစ်လေသည်။ သူက ကျိလဲ့ယွီ၏အခန်းထဲတွင် လင်းဖေးကို တွေ့လိုက်ရသည့်အတွက် အံ့အားသင့်သွားသော်လည်း ယင်းကို ထုတ်မပြခဲ့ပေ။
"ရှောင်ယွီ ဘိုးဘိုး ဘာယူလာလဲကြည့်..."
သူက ချောကလက်ကိတ်မုန့်ကို ကိုင်ထားလေသည်။
"ဒါက သားအကြိုက်ဆုံးကိတ်မုန့်လေ..."
ထို့နောက် သူက ကျိလဲ့ယွီထံသို့ လျှောက်သွားလိုက်သည်။
ကျိလဲ့ယွီက တကယ့်ကို အချိုစားရသည်ကို နှစ်သက်ပြီး ကိတ်မုန့်ကို မြင်သောအခါ စားချင်လာလေသည်။
"ကျေးဇူးတင်ပါတယ် ဘိုးဘိုး..."
"ရပါတယ်..."
အဖေကျိက ပြုံးကာ ပြောလိုက်သည်။
"ဘိုးဘိုးက အခန်းထဲမှာ သားအတွက် တခြားအရသာရှိတာတွေ ပြင်ဆင်ပေးထားတယ်...ဘိုးဘိုးရဲ့အခန်းကို သွားကြရအောင်..."
"ကိုကိုရောပါလား..."
ကျိလဲ့ယွီက လင်းဖေးကို ဆွဲကာ ပြောလိုက်သည်။
"ပါတာပေါ့..."
"ဒါဆို သား ဒယ်ဒီတို့ကို သွားပြောလိုက်ဦးမယ်..."
''မလိုပါဘူး...ဘိုးဘိုးက သားဒယ်ဒီကို ပြောပြီးပြီ..."
အဖေကျိ ပြောလိုက်သည်။
"သွားကြရအောင်..."
ထိုအခါ ကျိလဲ့ယွီက သံသယကင်းမဲ့စွာဖြင့် အဖေကျိ၏အခန်းထဲသို့ လိုက်သွားလေသည်။
အဖေကျိက လင်းဖေးကို အိပ်ခန်းထဲတွင် ထားခဲ့ပြီး ကျိလဲ့ယွီကို အိပ်ခန်းနှင့်ဆက်သွယ်ထားသည့် စာဖတ်ခန်းငယ်ဆီသို့ ခေါ်သွားလိုက်သည်။
"ဒီမှာ ခဏစောင့်နေနော်...အဘိုးက ရှောင်ယွီကို ပြောစရာရှိသေးလို့..."
အဖေကျိက လင်းဖေး၏လက်ထဲသို့ ကိတ်မုန့်ပန်းကန်ကို ပေးလိုက်ပြီး လင်းဖေးကို ချွေးသိပ်ပေးလိုက်သည်။
လင်းဖေးက ခေါင်းငြိမ့်လိုက်ပြီး အခန်းထဲရှိ ဆိုဖာပေါ်တွင် ထိုင်ချလိုက်လေသည်။
ကျိလဲ့ယွီက ခေါင်းရှုပ်နေလေသည်။
လင်းဖေးကရော အတူနားထောင်လို့ မရဘူးလား...
သူက လင်းဖေးနဲ့ နေချင်တာကို...
အဖေကျိက ပြင်ဆင်ထားသည့်အချိုပွဲကို စားပွဲငယ်လေးပေါ် တင်လိုက်ပြီး ထိုင်ခုံတွင် ထိုင်လိုက်သည်။
"လာ လဲ့လဲ့...ဒါတွေ အားလုံးက ဘိုးဘိုး သားအတွက် ပြင်ဆင်ပေးထားတာ..."
ကျိလဲ့ယွီက ဆန့်ကျင်ဘက်တွင် ၀င်ထိုင်လိုက်ပြီး စားပွဲပေါ်မှ အချိုပွဲများကို ကြည့်လိုက်သည်။
လင်းဖေးတွင် ကိတ်မုန့်တစ်လုံးသာ ရှိသောကြောင့် သူက တစ်၀က်ကို စားပြီး ကျန်တစ်၀က်ကို လင်းဖေးကို ပေးရန် ဆုံးဖြတ်လိုက်လေသည်။
ကျိလဲ့ယွီက အစာသွပ်ထားသည့် ပေါင်မုန့်ကို စားနေစဥ် အဘိုးကျိက သူ့ကို ကြင်နာစွာဖြင့် ဒိန်ချဉ်လှမ်းပေးလာလေသည်။
ကျိလဲ့ယွီက ပိုခေါင်းရှုပ်သွားသော်လည်း ဘာမှ မပြောခဲ့ပေ။
အဖေကျိက ကျိလဲ့ယွီကို ချစ်ခင်စွာ ကြည့်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"လဲ့လဲ့ ဘိုးဘိုးနဲ့မတွေ့ရတာ အတော်ကြာနေပြီနော်..."
"သားက ကျောင်းတက်နေရတာကို..."
ကျိလဲ့ယွီက ခေါင်းကိုစောင်းကာ ပြောလိုက်သည်။
"အဲ့လိုဆိုရင်တောင် ဘိုးဘိုးဆီ လာလည်ရမှာပေါ့...ဘိုးဘိုးက ရှောင်ယွီကို လွမ်းနေတာ..."
"ဟုတ်..."
ကျိလဲ့ယွီက ၀တ်ကျေတမ်းကျေ ဖြေလိုက်သည်။
"လဲ့လဲ့ ကြည့်ဦး...အိမ်ကြီးက အကြီးကြီးပဲ...ဘိုးဘိုး တစ်ယောက်တည်း ဒီအိမ်မှာ နေနေရတာ...ဘိုးဘိုးက သနားစရာမကောင်းဘူးလား..."
"နောက်ကြရင် သားက ဘိုးဘိုးဆီ မကြာမကြာလာလည်မယ်နော်..."
ကျိလဲ့ယွီက ၀တ်ကျေတမ်းကျေ ပြောနေဆဲဖြစ်၏။
အဖေကျိက ရယ်မောလိုက်ပြီး ပြောလိုက်၏။
"လဲ့လဲ့ မနက်ဖြန် မပြန်ဘဲ ဘိုးဘိုးအိမ်မှာ ခဏလောက် နေပါ့လား..."
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
"သားက ဒယ်ဒီနဲ့အတူနေချင်တာ..."
"သားက သားဒယ်ဒီကိုပဲ ဂရုစိုက်တာလား...သားဘိုးဘိုးကိုရော ဂရုမစိုက်ဘူးလား..."
ကျိလဲ့ယွီ :'မစိုက်ပါဘူး...'
သို့သော် သူက ချိုမြိန်စွာ ပြန်ဖြေလိုက်သည်။
"စိုက်တာပေါ့..."
"ဒါဆို ဘိုးဘိုးနဲ့နေလေ..."
"ဒါပေမဲ့ ဒယ်ဒီက လူနာလေ...လူနာတွေက ပိုဂရုစိုက်ပေးဖို့လိုတယ်..."
"ဒါပေမဲ့ အခု သားဒယ်ဒီမှာ ရှုရှုလင်း ရှိနေပြီမလား...သားဒယ်ဒီကို စိတ်ပူစရာမလိုတော့ဘူး...သူက သားဒယ်ဒီကို ဂရုစိုက်ပေးလိမ့်မယ်..."
ကျိလဲ့ယွီက အဖေကျိကို တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
အဖေကျိက ဆက်ပြောလိုက်၏။
"သားဒယ်ဒီက သားကို အရင်က အချစ်ဆုံးဖြစ်ခဲ့ပေမဲ့ အခုအဲ့လိုမဟုတ်တော့ဘူး...သူ့မှာ ရှုရှုလင်းရှိနေပြီ...သူက ရှုရှုလင်းကို အချစ်ဆုံးဖြစ်သွားပြီ...သားအဖေကျိယွီလင်းက သားအတွက် ချန်ထားပေးခဲ့တဲ့အရာတွေကို သူက ရှုရှုလင်းကို ပေးနေတာ..."
“ရှင်းရီက ကုမ္ပဏီသေးသေးလေးဆိုပေမဲ့ သားက ငယ်သေးလို့သာ မသိတာ...အဲ့ဒါက ဘယ်လောက်အရေးကြီးလိုက်လဲ...လဲ့လဲ့ အဲ့ဟာတွေ အားလုံးက သားဟာတွေပဲ...အခု အဲ့ဒါကို သားမပိုင်တော့ဘူး...သူက ရှုရှုလင်းကို ပေးလိုက်ပြီ...နောက်ကြရင် သူက သားပိုင်တဲ့အရာတွေကို ရှုရှုလင်းနဲ့လင်းဖေးကို ထပ်ပေးနေဦးမှာပဲ...အဲ့အချိန်ကျရင် သားမိဘတွေ ထားခဲ့တဲ့အရာမှန်သမျှ သားမှာ ဘာတစ်ခုမှ ရှိတော့မှာ မဟုတ်ဘူး..."
ကျိလဲ့ယွီက သူ့ကို ကျိဟွိုက်ပြောခဲ့သောစကားများကို ပြန်ကြားယောင်လာလေသည်။
"သား ဘာသိလို့လဲ...ဆိုရိုးစကားရှိတယ်...မိထွေးရှိရင် ပထွေးပါရှိတယ်တဲ့...သားအဖေနှစ်ယောက် လုံးက သားနဲ့သွေးသားတော်စပ်ကြတာ မဟုတ်ဘူး...သားအဖေက သားကို အခုချစ်နေပေမဲ့ နောက်ကြရင် သားကို ဂရုစိုက်တော့မှာမဟုတ်ဘူး...သားမိဘတွေရဲ့အမွေအားလုံးက သူတို့ဆီ ရောက်သွားမှာ..."
အဖေကျိကလည်း ယခု ကျိဟွိုက်လိုပင် ပြောနေလေသည်။
"သား လင်းဖေးကို အရမ်းကြိုက်တာပဲလေ...သားက အရင်ကတည်းက သခင်ငယ်လေးဖြစ်လာတော့ ငွေရဲ့အရေးပါပုံကို မသိဘူး...လင်းဖေးက ကလေးဆိုပေမဲ့ အတွေးတွေက နက်ရှိုင်းတဲ့သူ...သူ ဘာတွေတွေးနေလဲ ဘယ်သူမှ မသိဘူး...သားက ရိုးသားလွန်းတယ်...သားက သူ့ပြိုင်ဘက်မဟုတ်ဘူး....သူတို့နှစ်ယောက်က သားရဲ့ပစ္စည်းတွေကို ဖဲ့ယူနေပြီး အချိန်တန်ရင် သားအတွက် ဘာမှရှိတော့မှာ မဟုတ်ဘူး...ဒါတွေကိုသာ တမလွန်က သားမိဘတွေမြင်ရင် ၀မ်းနည်းလို့ဆုံးမှာမဟုတ်ဘူး..."
ထို့နောက် အဖေကျိက ကျိလဲ့ယွီ၏မျက်လုံးထဲမှ အကြောက်တရားများကို ကြည့်လိုက်သည်။
ကျိလဲ့ယွီက မှိန်ဖျော့နေသော ပယင်းရောင်မျက်လုံးဖြင့် မေးလိုက်သည်။
"ဒီလိုဆို သား ဘာလုပ်ရမှာလဲ..."
အဖေကျိက ကျိလဲ့ယွီကို နှစ်သိမ့်ပေးလိုက်၏။
"မကြောက်နဲ့ကလေး...သားမှာ သားအဘိုးတစ်ယောက်လုံး ရှိသေးတယ်...ယွီလင်းက ဘိုးဘိုးရဲ့သားပဲ...ပြီးတော့ သားရှုရှုက သားအဖေရဲ့အမွေတွေကို တခြားလူဆီ ပေးနေတာကို ရပ်မကြည့်နိုင်ဘူး...သားဆန္ဒရှိလို့ရှိရင် ဘိုးဘိုးက သားအဖေရဲ့အမွေတွေကို သားရှုရှုဆီက ပြန်တောင်းပေးမယ်...အဲ့အချိန်ကြရင် အမွေတွေအားလုံးက သားနဲ့ပဲ သက်ဆိုင်မှာ...ရှုရှုလင်း၊ လင်းဖေးတို့နဲ့ သက်ဆိုင်တော့မှာ မဟုတ်ဘူး...''
ကျိလဲ့ယွီက ဘာမှပြန်မပြောပေ။ သူ့နှလုံးသားက အေးစက်ကြောက်ရွံ့နေလေသည်။
သူ့ရှေ့ကလူက ရှုရှုရဲ့ အဖေရင်းလေ...သူ့အဖေရဲ့အဖေရင်းလေ...ဘာလို့အဲ့လိုပြောရတာလဲ...
ကျိရှင်းကို ရေထဲတွန်းချလိုက်တဲ့ကိစ္စတုန်းက အဘိုးကျိက သူ့ကို သံသယရှိခဲ့လို့ သူ့ခံစားချက်တွေ အေးစက်သွားပေမဲ့ လိမ္မာတဲ့သွင်ပြင်ကို ဆက်ထိန်းထားခဲ့တာ...
အခု သူ့အဘိုးက သူ့ရှုရှုကို အပြစ်တင်နေပြီး သူ့ရှုရှုက သူ့အဖေထားခဲ့တဲ့အမွေတွေကို တခြားလူကို အကုန်ပေးလိုက်မှာလို့ပြောနေတယ်...
သူက အဲ့ဒါတွေကိုမှ ဂရုမစိုက်ဘူး...
ဘာလို့ အဘိုးကျိက အဲ့လိုပြောရတာလဲ...
အဘိုးကျိက သူ့ရှုရှုကို မချစ်ဘူးလား...အဖိုးကျိက သူ့ရှုရှုရဲ့အဖေ မဟုတ်ဘူးလား...အဖေတွေကကိုယ့်သားသမီးကို မချစ်သင့်ဘူးလား....အဘိုးကျိက သူ့အဖေကိုရော ချစ်ခဲ့ရလား...
ကျိလဲ့ယွီ နားမလည်နိုင်တော့ပေ။ သူက စိတ်မသက်မသာဖြစ်နေလေသည်။
သူ့ရှုရှုက အဘိုးကျိ သူ့ကို မချစ်မှန်းသိရင် ဘယ်လောက်တောင် စိတ်မကောင်းဖြစ်သွားမလဲ...
သူ့အဘိုးက ဘာလို့ အဲ့လိုပြောရတာလဲ...ဘယ်လိုလုပ် အဲ့လို ပြောနိုင်ရတာလဲ...
ကျိလဲ့ယွီက ဆက်မစားနိုင်တော့ပေ။ အချစ်မရှိသည့်အဘိုးက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေလေသည်။
ကျိလဲ့ယွီက မတ်တပ်ရပ်လိုက်ပြီး ထွက်သွားလိုက်သည်။
အဖေကျိ ကျိလဲ့ယွီက သူ့ပြောခဲ့သည့်အကြောင်းအရာကို လက်မခံနိုင်ခြင်းဟု ထင်နေသောကြောင့်ကျိလဲ့ယွီကို မတားခဲ့ပေ။ သူက ကျိလဲ့ယွီရှေ့ လျှောက်သွားကာ ပြောလိုက်သည်။
"လဲ့လဲ့...အဲ့အကြောင်းကို ထပ်တွေးကြည့်ပြီးရင် ဘိုးဘိုးကို ခေါ်လိုက်...ဘိုးဘိုးက သားနဲ့သားမိဘတွေကို ဘယ်လောက်ချစ်လိုက်လဲ...ဘိုးဘိုး သားကို ကူညီမယ်..."
ကျိလဲ့ယွီက ရွံ့ရှာနေလေသည်။
သူ့ရှေ့မှာ ရေကန်သာ ရှိရင် သူ့ရှေ့ကလူကို တွန်းချပစ်လိုက်တာ ကြာပြီ...
ကျိလဲ့ယွီက ခေါင်းကို ငုံ့လိုက်ပြီး ဘာမှပြန်မပြောပေ။
အဖေကျိက ကျိလဲ့ယွီခေါင်းကို ထိကာ နှစ်သိမ့်ပေးလိုက်ပြီး ပြောလိုက်သည်။
"ဒီနေ့ ဘိုးဘိုးပြောပြတဲ့အကြောင်းအရာတွေကို သားရှုရှုကို ပြန်မပြောပြရဘူးနော်...သားရှုရှုသာ သိသွားရင် ဘိုးဘိုးက သားကို ကူညီနိုင်တော့မှာ မဟုတ်ဘူး..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
သူက ဒီအကြောင်းတွေကို သူ့ရှုရှုကို ဘယ်လိုလုပ် ပြောပြနိုင်မှာလဲ...သူ့ရှုရှုသာသိရင် ဘယ်လောက်စိတ်မကောင်းဖြစ်လိမ့်မလဲ...
သူ့ရှုရှုက သူ့ကို အရမ်းချစ်တာ...သူ့အဖေက သူ့ကို မချစ်တဲ့ကိစ္စကိုသာ ပြောပြလိုက်ရင် သူ့ရှုရှုက ၀မ်းနည်းသွားလိမ့်မယ်...
ကျိလဲ့ယွီက တံခါးကို ဖွင့်ကာ အပြင်ထွက်သွားလိုက်သည်။
လင်းဖေး ကျိလဲ့ယွီက အခန်းထဲမှ ခေါင်းငုံ့ကာ မပျော်မရွှင် ထွက်လာသည်ကို မြင်လိုက်ရလေသည်။
အထဲမှာ ဘာဖြစ်သွားတာလဲ...
သူ့အဘိုးက သူ့ကို ဒီအချိန်ခဏလေးမှာ ဘာလုပ်လိုက်တာလဲ...
လင်းဖေးက ခက်ရင်းကို ချလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။
ကျိလဲ့ယွီက လင်းဖေးထံ လျှောက်သွားပြီး ပြောလိုက်၏။
"သွားကြရအောင်..."
သူက လင်းဖေး၏လက်ကို လာစဉ်ကကဲ့သို့ မကိုင်တော့ချေ။ ခေါင်းငုံ့၍သာ လျှောက်နေလေသည်။
အဖေကျိက ယင်းကို မြင်သောအခါ သူ့စကားများက ထိရောက်သွားသည်ဟု ထင်လိုက်သည်။
နောက်ဆုံးတွင် ကျိလဲ့ယွီက ကလေးသာဖြစ်ပြီး သူ့မိဘများနှင့် ပတ်သတ်ပြီး နှိုးဆော်နေသရွေ့ ကျိလဲ့ယွီက သူ့စကားကို နားထောင်မည်ဖြစ်သည်။
အဖေကျိက ကျိလဲ့ယွီ အခန်းထဲမှ ထွက်သွားသည်ကို စိတ်ကျေနပ်စွာ ကြည့်နေလေသည်။
နောက်တစ်ခါကျရင် ကျိလဲ့ယွီက သူ့စကားကို နားထောင်လာတော့မှာပဲ...
လင်းဖေးက ခေါင်းငုံ့ကာ လမ်းလျှောက်နေသည့် ကျိလဲ့ယွီနောက်သို့ လိုက်သွားပြီး မေးလိုက်သည်။
"မင်း ဘာဖြစ်နေတာလဲ..."
ကျိလဲ့ယွီက သူ့ကို ကြည့်လိုက်သည်။
လင်းဖေး၏မျက်နှာက အေးစက်နေပြီး အဘိုးကျိပြောသလို စိတ်ထဲတွင် ဘာတွေးနေလဲ မသိနိုင်ပေ။
သို့သော် 'သူက ဘာလို့ ထပ်မပျော်ရပြန်တာလဲ'ဟု တွေးနေမည်ကို သူ ခန့်မှန်းနိုင်လေသည်။
ဒါကြောင့် လင်းဖေးက သူ့ကို ဘာဖြစ်နေတာလဲလို့ ပြောလာတာ...
လူတိုင်းက လင်းဖေးနှင့် ပေါင်းသင်းဆက်ဆံရန် ခက်ခဲကြောင်း တွေးကြပြီး လင်းဖေးက စကားပြောရသည်ကို မကြိုက်ဟု ထင်ကြလေသည်။ သူ့အတန်းဖော်များကပင် ပြောကြ၏။
"လင်းဖေးနဲ့သူငယ်ချင်းလုပ်ဖို့က ခက်မဲ့ပုံပဲ..."
အမှန်တွင် လင်းဖေး၏စိတ်က သူ့ထက် ပိုသန့်ရှင်းလေသည်။ သူ့စိတ်က လင်းဖေး၏စိတ်ထက် ပိုနက်နဲ၏။
“ကိုကို အခု ဘာတွေးနေလဲ..."
ကျိလဲ့ယွီ မေးလိုက်သည်။
"မင်းက ဘာလို့မပျော်တာလဲ တွေးနေတာ..."
လင်းဖေးပြန်ဖြေလိုက်သည်။
ကျိလဲ့ယွီ ရယ်လိုက်သည်။ လင်းဖေး၏အတွေးက သူထင်ထားသလိုပင်ဖြစ်သည်
သူက လင်းဖေးကို ကြည့်လိုက်ကာ သူ့မျက်လုံးများက နက်ရှိုင်းလာလေသည်။
"ကိုကို သူတို့က သားဘယ်လောက်ဆိုးတယ်ဆိုတာကို မသိကြဘူး..."
လင်းဖေးက မျက်မှောင်ကြုတ်လိုက်သည်။
"မင်းအဘိုးက မင်းကို ဘာပြောလိုက်လို့လဲ..."
ကျိလဲ့ယွီက သူ့ရှေ့မှ လှေကားကို ကြည့်ကာ ပြုတ်ကျလျှင် နာကျင်လောက်မည်လားဟု တွေးလိုက်သည်။
"သူသာ သားရှေ့မှာ ရှိနေရင် သူ့ကို လှေကားပေါ်က တွန်းချပစ်လိုက်ပြီ..."
ကျိလဲ့ယွီ၏ရယ်သံက နူးညံ့သော်လည်း လူများကို ထိတ်လန့်စေလေသည်။
"ကံမကောင်းစွာနဲ့ သူက သားရှေ့မှာ မရှိဘူး..."