Chapter 169
လင်းဖေး : “……”
လင်းဖေးက တည်ငြိမ်စွာ သတိပေးလိုက်သည်။
"သူက မင်းရှေ့မှာ ရှိနေရင်လည်း ငါက မင်းကို တွန်းချခွင့်ပေးမှာ မဟုတ်ဘူး..."
အဖေကျိ၏အသက်အရွယ်အရ လှေကားပေါ်မှ ပြုတ်ကျလျှင် သေသွားနိုင်လေသည်။
ကျိလဲ့ယွီက လင်းဖေးကို ကြည့်လိုက်သည်။
သူ့ကိုကိုက တကယ် ကြင်နာတတ်တာပဲ...သူ့ဘိုးဘိုးကသာ လင်းဖေးက မကောင်းဘူးပြောနေတာ...အဲ့မကောင်းတဲ့လင်းဖေးက သူ သူ့ဘိုးဘိုးကို တွန်းချမှာကို တားနေတယ်...
အရမ်းကြင်နာတတ်တာပဲ...
သူနဲ့မတူဘူး...
သူက ဆိုးတာကို သူ့ဘိုးဘိုး မသိဘူး...အသက်ကြီးနေပေမဲ့ ဒါကို မမြင်နိုင်ဘူးပဲ...တုံးလိုက်တာ...
ကျိလဲ့ယွီက သက်ပြင်းချလိုက်ပြီး လင်းဖေးလက်ကို ကိုင်လိုက်သည်။
"သွားကြရအောင်..."
လင်းဖေး ခေါင်းငြိမ့်လိုက်ပြီး သူ့မေးခွန်းအား ကျိလဲ့ယွီ ပြန်မဖြေသေးသည်ကို သတိရသွားလေသည်။
"မင်းအဘိုးက မင်းကို ဘာပြောလိုက်တာလဲ..."
ကျိလဲ့ယွီက လင်းဖေး၏လက်ကို တစ်ခဏခန့် တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။
လင်းဖေးက ပိုမိုသံသယ၀င်လာ၏။
"သူက သားရှုရှုကို မချစ်ဘူး...သူက သားကို သားရှုရှုကို မုန်းစေချင်နေတာ..."
ထို့နောက် လင်းဖေးဘက် လှည့်ကာ ပြောလိုက်သည်။
"သူက သားရှုရှုကို မုန်းစေချင်ပြီး ကိုကို့ရှုရှုကိုလည်း မုန်းစေချင်နေတယ်..."
လင်းဖေးက အနည်းငယ် အံ့အားသင့်သွားလေသည်။ သူ့တွင် ငယ်ငယ်လေးတည်းက အဖေမရှိသည့်အတွက် အဖေ၏ဖြစ်တည်မှုကို နားမလည်နိုင်သော်လည်း တီဗီထဲတွင် ကြည့်ရသလောက်ဆိုလျှင် ဖခင်များက သားသမီးများကို ချစ်ကြလေသည်။
သူ့အဖေက သူတို့နှင့်အတူ မရှိသော်လည်း သူ့အမေက သူ့အဖေ သူ့ကို ချစ်ကြောင်းပြောပြခဲ့သည်။
ဒါ့အပြင် ကျိလဲ့ယွီ၏အဖေကလည်း ကျိလဲ့ယွီကို ချစ်မှာပဲ...ဒါပေမဲ့ ကျိယွီရှောင်ရဲ့အဖေက ဘာဖြစ်လို့ ကျိယွီရှောင်ကို မချစ်တာလဲ...
“သူက ဘာဖြစ်လို့ မင်းရှုရှုကို မချစ်တာလဲ…”
လင်းဖေး မေးလိုက်သည်။
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
သူလည်း သူ့ဘိုးဘိုးက သူ့ရှုရှုကို မချစ်ရသည့် အကြောင်းရင်းကို မသိပေ။
သူ့ရှုရှုက အရမ်းကောင်းတဲ့ဟာကို…သူ့ရှုရှုကို မကြိုက်တဲ့သူဆိုလို့ သူ့ဘိုးဘိုးပဲရှိမယ်…
လင်းဖေးက ကျိလဲ့ယွီကို ကြည့်ကာ ပိုခေါင်းရှုပ်လာလေသည်။
“မင်း ဒီကိစ္စကို မင်းရှုရှုကို ပြန်ပြောပြမှာလား…”
“မပြောပြဘူး…သူသာ သိသွားရင် သူ ၀မ်းနည်းရလိမ့်မယ်…”
“ဒါပေမဲ့ မင်း သူ့ကို မပြောပြရင် သူ့အဖေ သူ့ကို မချစ်မှန်း သိမှာ မဟုတ်ဘူး…တကယ်လို့ သူ့အဖေက သူ့ကို အနိုင်ကျင့်လာရင် သူ့ကိုယ်သူ ကာကွယ်နိုင်တေ့ာမှာ မဟုတ်ဘူး…”
နောက်ဆုံးတွင် သူက ကျိလဲ့ယွီထက် အတွေ့အကြုံ ပိုရှိလေသည်။
ကျိယွီရှောင်သာ သူ့အဖေက သူ့ကို မချစ်မှန်းသိရင် မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ ထားမှာမဟုတ်ဘူး…မျှော်လင့်ချက်တွေ မထားသရွေ့ နာကျင်ရမှာ မဟုတ်ဘူး…
လင်းလော့ချင်းက အရင်က သူ့အပေါ် မကောင်းခဲ့တဲ့အတွက် လင်းလော့ချင်းက သူ့ကို မကြိုက်တာကို သိပြီး လင်းလော့ချင်းအပေါ် မျှော်လင့်ချက်တွေ မထားခဲ့ဘူး…သူ့ကို ဘယ်သူကမှ လာ မကာကွယ်ပေးနိုင်ဘူး…
သူ့ကိုယ်သူပဲ ကာကွယ်ရမှာ…
ကျိယွီရှောင်က ဤကိစ္စကို သိသင့်သည်ဟု လင်းဖေး ထင်လေသည်။
“မင်း သူ့ကို အချိန်တိုင်း ကာကွယ်မပေးနိုင်ဘူး…မင်း ကျောင်းသွားနေတဲ့အချိန်၊ မင်းအိမ်မှာ မရှိတဲ့အချိန် သူ့ကို မကာကွယ်ပေးနိုင်ဘူး…”
"ဒါပေမဲ့ သား သူ့ကို ၀မ်းမနည်းစေချင်ဘူး…”
ကျိလဲ့ယွီ ပြောလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီ၏မျက်လုံးထဲမှ ခေါင်းမာမှုကို ကြည့်ကာ သူ့ကို ပြောလိုက်သည်။
“ဒီလိုဆို ငါ့ရှုရှုကို သွားပြောကြမလား…ငါ့ရှုရှုက မင်းရှုရှုကို ပြန်ပြောပြမှာပေါ့…”
ကျိလဲ့ယွီက နှုတ်ခမ်းစူလိုက်သည်။ သူ မပြောပြချင်ပေ။ သူ့ရှုရှုကို ၀မ်းနည်းစေမည့်ကိစ္စကို သူ့ရှုရှုအား မကြားစေချင်ပေ။
“သား သူ့ကို မသိစေချင်ဘူး…”
ကျိလဲ့ယွီက ခေါင်းမာစွာ ပြောလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီကို ကူရာမဲ့စွာ ကြည့်လိုက်ပြီး ခေါင်းကိုက်လာလေသည်။
သူ့အတွေးအရဆိုလျှင် ကျိယွီရှောင်က ထိုကိစ္စအားသိလျှင် ပိုကောင်းပေသည်။
သို့သော် ကျိလဲ့ယွီက ကျိယွီရှောင် ၀မ်းနည်း သွားမည်ကို စိုးရိမ်နေပြီး ထိုကိစ္စကို မပြောပြချင်ပေ။ သူကလည်း ကျိလဲ့ယွီအား အတင်းအကြပ် မတိုက်တွန်းချင်ပေ။
“သွားကြရအောင်…”
လင်းဖေး ပြောလိုက်သည်။
“ကိုကို ပါးပါးကို မပြောပြဘူးမလား…
ကျိလဲ့ယွီ မေးလိုက်သည်။
“မင်း မပြောစေချင်ရင် ငါ ပြောမှာ မဟုတ်ဘူး…”
လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိလဲ့ယွီက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်၏။
လင်းဖေးက ထိုသို့ပြောလိုက်သော်လည်း နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုက မရပ်တန့်နိုင်ပေ။
ကျိယွီရှောင်ကို တကယ်မပြောပြရဘူးလား…
သူ တုံ့ဆိုင်းနေမိသည်။
နှစ်ယောက်သား ကျိလဲ့ယွီအခန်းသို့ ပြန်ရောက်ချိန်တွင် ကျိယွီရှောင်ကလည်း ကျိယွီလင်း၏အခန်းထဲမှ ထွက်လာလေသည်။
သူက ကျိလဲ့ယွီ၏အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
“ဒီည အတူတူအိပ်ချင်ကြလား…”
ကျိလဲ့ယွီက ချက်ချင်းလက်မြှောက်ကာ အော်လိုက်သည်။
“အိပ်ချင်ပါတယ်…”
လင်းဖေးက မတုံ့ပြန်သော်လည်း ယင်းကို မငြင်းဆန်ပေ။
လင်းလော့ချင်း ပြောလိုက်သည်။
“ဒါဆို သွားကြရအောင်…”
ပြောပြီးနောက် သူက ဝှီးချဲလ်ကို တွန်းလိုက်ပြီး ကျိလဲ့ယွီနှင့်လင်းဖေးက နောက်မှ လိုက်သွားလေသည်။
ကျိယွီရှောင်၏အခန်းက ကျိလဲ့ယွီအခန်းနှင့်ခြေလှမ်းအနည်းငယ်အကွာတွင် ရှိသည်။
လင်းလော့ချင်းက အခန်းထဲကို ၀င်လိုက်ပြီး ကျိယွီရှောင်ကြီးပြင်းလာခဲ့သည့်အခန်းကို နေရာလပ်မကျန် ကြည့်လိုက်သည်။
ကျိယွီရှောင်က ယင်းကို သတိထားမိပြီး သူ့မျက်လုံးများက နူးညံ့သွားလေသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို လွတ်လွတ်လပ်လပ် ကြည့်ခိုင်းလိုက်သည်။
လင်းလော့ချင်းက သူမပါ၀င်ခဲ့သည့် ကျိယွီရှောင်၏အတိတ်ကို အလွန်စိတ်၀င်စားနေလေသည်။
ထိုအချိန်တွင် သူက စာအုပ်စင်ပေါ်မှ ကျိယွီရှောင်၏ဓာတ်ပုံကို မြင်လိုက်ရသည်။
ဓာတ်ပုံထဲတွင် ကျိယွီရှောင် အနက်ရောင်ရှပ်အင်္ကျီလက်တိုနှင့် အပြာရောင်ဂျင်းဘောင်းဘီကို ၀တ်ကာ ဘတ်စကတ်စ်ဘောလုံးကို ကိုင်ထားပြီး ဘတ်စကတ်စ်ဘောကွင်းကိုနောက်ခံထားကာ ရပ်ထားလေသည်။
ဓာတ်ပုံထဲရှိ ကျိယွီရှောင်က ဂုဏ်ယူ၀င့်ကြွားနေပြီး နေရောင်ခြည်က သူ့ခန္ဓာကိုယ်ပေါ်သို့ တောက်ပနေကာ ရင်သက်ရှုမောဖွယ်လှပသော မြင်ကွင်းတစ်ခုဖြစ်နေလေသည်။
ဤကား သူ တစ်ခါမှ မမြင်ဖူးသည့် အသက်၁၇/၁၈အရွယ် အားမာန်တက်ကြွနေသည့် ကျိယွီရှောင်ဖြစ်လေသည်။
တက်ကြွတယ်…ထက်မြက်တယ်…ညှို့ယူဖမ်းစားနိုင်တယ်…
“ငါက ဘတ်စကတ်စ်ဘောကစားတာ အရမ်းတော်တယ်…”
သူ့ဘေးမှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
လင်းလော့ချင်းက ခေါင်းစောင်းကြည့်လိုက်သောအခါ ကျိယွီရှောင်၏မျက်နှာထက်တွင် အတိတ်ကို လွမ်းဆွတ်သတိရမှုကို တွေ့လိုက်ရလေသည်။
လင်းလော့ချင်းက ဓာတ်ပုံကို စာအုပ်စင်ပေါ်ပြန်တင်လိုက်သည်။
“နောက်ကြရင် ငါတို့အတူကစားကြတာပေါ့…ငါကတော့ ဘတ်စကတ်စ်ဘော ကစားတာ သိပ်မကျွမ်းဘူး…”
ကျိယွီရှောင်က အချိန်အတော်ကြာပြီးနောက် ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပြီ…”
ဒါက သူ့ကိုယ်သူ ပြန်ပေးတဲ့ကတိပဲ…
လင်းလော့ချင်းက ရယ်မောလိုက်ကာ တစ်ဖက်လူကို ကူရာမဲ့စွာ စိုက်ကြည့်လိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ကျီစယ်လိုက်၏။
“ဘာလဲ…မင်းယောကျာ်းက ပိုချောလာတယ်လို့ ထင်လို့လား …”
လင်းလော့ချင်း :”...”
ယင်းက အမှန်တရားဖြစ်သည့်အတွက် လေထုက ချက်ချင်းပျောက်ကွယ်သွားလေသည်။
အရှက်မရှိလိုက်တာ…
အချိန်က သန်းခေါင်သို့ ရောက်လုနီးပြီဖြစ်သောကြောင့် လင်းလော့ချင်းက ကျိယွီရှောင်ကို မေးလိုက်သည်။
“အိမ်မှာ မီးရှူးမီးပန်းတွေ ရှိလား…”
ကျိယွီရှောင်က တွေးပြီးနောက် ပြန်ဖြေလိုက်သည်။
“မရှိလောက်ဘူး…”
သူနှင့်သူ့အစ်ကိုက မီးရှူးမီးပန်းနှင့်ဗျောက်အိုးများကို ၀ယ်လေ့ရှိသော်လည်း ယခုနှစ်တွင် သူ့အစ်ကို မရှိသည့်အတွက် သူက မ၀ယ်ခဲ့ပေ။ သူ့အဖေကလည်း ၀ယ်ထားရန် မဖြစ်နိုင်ပေ။
“ဒါပေမဲ့ ငါ အဖေ့ကို မေးကြည့်လိုက်ဦးမယ်…”
ကျိယွီရှောင် ပြောလိုက်သည်။
“အွန်း…”
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
“ဒါက တရုတ်နှစ်သစ်ကူးနေ့ဆိုတော့ တရုတ်နှစ်သစ်ကူးအငွေ့အသက်လေးတွေ ရှိသင့်တယ်…အထူးသဖြင့် ရှောင်ယွီနဲ့ဖေးဖေးက ဒီမှာ ရှိနေတာ…သူတို့က အဲ့ဒါကို အရမ်းကြိုက်ရမယ်…”
ပြောပြီးနောက် သူက ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။
လင်းဖေးက မျက်နှာက တည်ငြိမ်နေဆဲဖြစ်ပြီး ကြိုက်မကြိုက်မပြောနိုင်ပေ။
တစ်ဖက်တွင် ကျိလဲ့ယွီကမူ ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။
“သား မီးရှူးမီးပန်းတွေကို အရမ်းကြိုက်တယ်…”
“ဟုတ်ပါပြီ…”
ကျိယွီရှောင် ပြောလိုက်သည်။
“တကယ်လို့ မီးရှူးမီးပန်းတွေ ရှိမနေရင် နောက်နှစ်မှ မီးပန်းအကြီးကြီးကို အစားထိုး ဖောက်ပေးမယ်…”
“ဟုတ်ကဲ့…”
ကျိလဲ့ယွီ ၀မ်းသာအားရပြောလိုက်သည်။
ကျိယွီရှောင်က အဖေကျိထံ ဖုန်းဆက်၍ မေးကြည့်သောအခါ သူ ထင်ထားသည့်အတိုင်း မီးရှူးမီးပန်းများ ရှိမနေပေ။ အဖေကျိက အသက်ကြီးပြီဖြစ်သည့်အတွက် ထိုကဲ့သို့ ဆူညံနေသောအရာများကို မ၀ယ်ထားပေ။
“နောက်နှစ်ကို စောင့်…ဒါမှမဟုတ် ပထမဆုံးလရဲ့ ၁၅ရက်မြောက်နေ့ကျရင် မီးရှူးမီးပန်းတွေ ၀ယ်ဖောက်ပေးမယ် ဟုတ်ပြီလား…”
“ဟုတ်…”
ကျိလဲ့ယွီက နာခံစွာ ခေါင်းငြိမ့်လိုက်သော်လည်း သူ့စိတ်ထဲတွင် အဖိုးကျိ၏ကိစ္စ ရှိနေလေသည်။
သူ့ဘိုးဘိုးက ဘာလို့ သူ့ရှုရှုကို မချစ်တာလဲ…ဘယ်အဖေက သူ့သားသမီးကို မချစ်တာလဲ…
သူ့ဘိုးဘိုးက မချစ်လည်း သူက သူ့ရှုရှုကိုအရမ်းချစ်တယ်…
သူ့ရှုရှုကရော သူ့အဖေကို ချစ်လား…မချစ်ဖို့ မျှော်လင့်တယ်…အဲ့ဒါမှ ရှုရှုက ၀မ်းမနည်းရမှာ…
သူ့ဘိုးဘိုးက သူ့ရှုရှုကို မကြိုက်တဲ့အတွက် ၀မ်းနည်းမိတယ်…ဒါပေမဲ့ သူ့ကြိုက်နေသရွေ့ အဆင်ပြေပါတယ်…
ကျိလဲ့ယွီက ကျိယွီရှောင်ကို စိုက်ကြည့်ကာ တွေးနေပြီး ယင်းကို ကျိယွီရှောင်က သတိထားမိလေသည်။
“ဘာလို့ ငါ့ကို စိုက်ကြည့်နေတာလဲ…”
ကျိယွီရှောင် မေးလိုက်သည်။
ကျိလဲ့ယွီက ချိုမြိန်စွာ ပြန်ဖြေလိုက်သည်။
“ဘာလို့ဆို ဒယ်ဒီက အရမ်းချောလို့လေ…”
ကျိယွီရှောင် ရယ်လိုက်သည်
“မင်း ဒီနေ့ ဘာမဟုတ်တာတွေ လုပ်ခဲ့လဲ…ငါ့ကို ပြောပြ…”
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။
သူ ဒီနေ့ ဘာမှမလုပ်ခဲ့ပါဘူး…သူက ဒီနေ့ အရမ်းလိမ္မာနေတာ…
“ဒယ်ဒီက သားကို စွပ်စွဲနေတယ်…”
သူက နှုတ်ခမ်းစူလိုက်ပြီး ကလေးဆန်စွာ ပြောလိုက်သည်။
ကျိယွီရှောင်က ကျိလဲ့ယွီကို ပွေ့ဖက်လိုက်ပြီး ကျိလဲ့ယွီမျက်နှာကို နမ်းလိုက်သည်။
“စွပ်စွဲနေတာ မဟုတ်ရပါဘူး…သားက ဒယ်ဒီကို စိုက်ကြည့်နေတော့ တစ်ခုခု ပြောစရာရှိတယ် ထင်လို့ပါ…”
“မရှိပါဘူး…”
ကျိလဲ့ယွီက နူးညံ့စွာ ပြောလိုက်သည်။
ကျိယွီရှောင်က ထပ်မမေးတော့ပေ။ သူ့နှလုံးသားထဲရှိ ကျိလဲ့ယွီက ဖြူစင်ကာ နာခံတတ်သည့်ကလေးတစ်ယောက်ဖြစ်သည့်အတွက် ၊ နေကဲ့သို့ သန့်ရှင်းတောက်ပသည့်ကလေးဖြစ်သည့်အတွက် ကျိလဲ့ယွီနှင့် ပတ်သတ်ပြီး အများကြီး မတွေးမိပေ။
မိသားစုလေးယောက်က ကုတင်ပေါ်တွင် အတူတူအိပ်ကာ နှစ်သစ်ကို အတူတူဖြတ်သန်းခဲ့ကြလေသည်။
လင်းလော့ချင်းက ကလေးနှစ်ယောက် အိပ်ပျော်သွားသည့်အခါ သူ ပြင်ဆင်လာသည့်စာအိတ်နီလေးများကို ကလေးနှစ်ယောက်၏ညအိပ်၀တ်စုံအိတ်ကပ်ထဲသို့ ထည့်ပေးလိုက်လေသည်။
"မနက်ဖြန် အိပ်ရာနိုးလို့ စာအိတ်နီလေးတွေကို တွေ့ရင် သူတို့အရမ်းပျော်သွားကြမှာ..."
လင်းလော့ချင်းက နူးညံ့စွာ ပြောလိုက်သည်။
ကျိယွီရှောင်က ခေါင်းငြိမ့်လိုက်ပြီး မီးပိတ်လိုက်သည်။
သူက လင်းလော့ချင်းကို ပွေ့ဖက်ထားပြီး မကြာမီတွင် လင်းလော့ချင်း၏အသက်ရှူသံမျှင်မျှင် ထွက်ပေါ်လာလေသည်။ လင်းလော့ချင်းက အိပ်ပျော်နေပြီဖြစ်၏။
သို့သော် ကျိယွီရှောင်ကမူ မအိပ်နိုင်သေးပေ။ သူကြီးပြင်းလာရသည့် ဤနေရာကို နှုတ်ဆက်ရတော့မည်ဖြစ်သည့်အတွက် တွန့်ဆုတ်၀မ်းနည်းနေမိလေသည်။
သူက လင်းလော့ချင်းကို ပွေ့ဖက်ထားပြီး သန်းခေါင်ကျော်သောအခါ အိပ်ပျော်သွားခဲ့သည်။
နောက်တစ်နေ့မနက် လင်းလော့ချင်း နိုးလာသောအခါ အနည်းငယ် စိတ်ရှုပ်ထွေးနေလေသည်။
သူက ထုံးစံအတိုင်း ကျိယွီရှောင်ကို ပွေ့ဖက်လိုက်ပြီး မပီမသ ပြောလိုက်သည်။
"Good morning..."
ကျိယွီရှောင်က လင်းလော့ချင်းနဖူးကို နမ်းလိုက်ပြီး ပြန်နှုတ်ဆက်လိုက်၏။
"Good morningပါ..."
လင်းလော့ချင်းက အခြားလူ၏အိမ်တွင် ထိုသို့ဖြစ်ပျက်နေသည့်အတွက် ရှက်ရွံ့သွားပြီး ကျိယွီရှောင်ကို အချိန်အတော်ကြာတွယ်ကပ်နေကာ နောက်ဆုံးတွင် ဆေးကြောရန် အိပ်ရာမှ ထလိုက်လေသည်။
(☞ ̄ᴥ ̄☞ရှက်နေရှာတာကို...)
သူက ရေချိုးခန်းထဲတွင် သွားတိုက်နေစဉ် သူ့လက်မောင်းက ညအိပ်၀တ်စုံထဲရှိ တစ်စုံတစ်ရာကို သွားထိုးမိလေသည်။
လင်းလော့ချင်းက ယင်းတစ်စုံတစ်ရာကို ဆွဲထုတ်ကြည့်လိုက်သောအခါ စာအိတ်နီလေးဖြစ်နေ၏။
လင်းလော့ချင်း အံ့အားသင့်သွားလေသည်။
'ဒါကို ဘယ်သူပေးတာလဲ...ဘယ်အချိန်က ပေးနေတာလဲ...'
ကျိယွီရှောင်ပဲ ဖြစ်ရမယ်...
လင်းလော့ချင်းက အမြန် မျက်နှာသစ်၊ သွားတိုက်လိုက်ပြီး လက်ထဲတွင် စာအိတ်နီလေးကို ကိုင်ကာပြေးထွက်သွားလိုက်သည်။
"ဒါက မင်း ငါ့ကို ပေးတာမလား..."
ကျိယွီရှောင် ရယ်မောလိုက်သည်။
"Happy New Yearပါ...နှစ်သစ်မှာ မင်း ကြီးပွားချမ်းသာလာဖို့ ဆုတောင်းပါတယ်..."
လင်းလော့ချင်း၏မျက်နှာထက်၌ အပြုံးတစ်ပွင့်ဖြစ်တည်လာလေသည်။ သူက ကျိယွီရှောင်ကို ပျော်ရွှင်၊ စိတ်လှုပ်ရှား၊ အနည်းငယ်ရှက်ရွံ့စွာ ကြည့်နေ၏။
"ငါက ကလေးမှ မဟုတ်တာ...ဘာလို့ စာအိတ်နီလေး ပေးတာလဲ..."
ကျိယွီရှောင်က ဝှီးချဲလ်ကို လင်းလော့ချင်းရှေ့သို့ တွန်းသွားလိုက်ပြီး ပြောလိုက်သည်။
"မင်းက ကလေးမဟုတ်တော့ပေမဲ့ ငါ့ကလေးလေးလေ..."
အမှန်တွင် သူက လင်းလော့ချင်းကို ကလေးဟု မကြာခဏခေါ်လေ့မရှိပေ။ သူတို့ စနောက်နေသည့်အချိန် သို့မဟုတ် အတွင်းကျကျရင်းနှီးနေသည့်အချိန်မှသာ ထိုအခေါ်အဝေါ်ကို ခေါ်လေ့ရှိလေသည်။ သူက လင်းလော့ချင်းကို တန်ဖိုးထားကာ အရာရာတွင် ဂရုစိုက်သောကြောင့် လင်းလော့ချင်းကို ကလေးဟု ခေါ်ခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါ လင်းလော့ချင်း၏မျက်နှာက ကူရာမဲ့စွာ နီရဲလာလေသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို စီးဆင်းနေသော ရေသဖွယ် နူးညံ့စွာ စိုက်ကြည့်နေပြီး ကျိယွီရှောင်ကလည်း လင်းလော့ချင်းအကြည့်ကြောင့် နှလုံးခုန်မြန်လာကာ လင်းလော့ချင်းကို သူ့ပေါင်ပေါ်သို့ ဆွဲချလိုက်ပြီး နှုတ်ခမ်းကို နှစ်ကြိမ်ခန့် ကိုက်လိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်လည်ပင်းကို ပွေ့ဖက်လိုက်ပြီး ကျိယွီရှောင်ကို နမ်းရှိုက်လိုက်လေသည်။
လင်းဖေးက အိပ်ရာနိုး၍ မျက်လုံးဖွင့်လိုက်သောအခါ ထိုမြင်ကွင်းကို တွေ့လိုက်ရသည်။
သူက ထိုမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသော်လည်း နောက်ဆုံးတစ်ခေါက်တွင် ကျိလဲ့ယွီက သူ့မျက်လုံးများအား ဖုံးအုပ်ပေးခဲ့သည်ကို သတိရသွားလေသည်။
ကလေးတွေက ဒါကို ကြည့်လို့မရဘူးလား...
ထိုသို့တွေးပြီးနောက် သူက နာခံစွာ လက်ဖြင့် မျက်လုံးများကို ဖုံးအုပ်လိုက်သည်။
လင်းလော့ချင်းနှင့်ကျိယွီရှောင်က အချိန်အတော်ကြာ နမ်းရှိုက်နေကြပြီး အသက်ရှူကြပ်လာမှသာ ရပ်လိုက်ကြသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို တွန်းလိုက်ပြီး ကလေးဆန်စွာ ကြည့်လိုက်သည်။ ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး ကုတင်ပေါ်တွင် အိပ်နေသည့် ကလေးနှစ်ယောက်ကို ကြည့်လိုက်သော
အခါ ကလေးနှစ်ယောက်က အပြစ်ကင်းစင်စွာ အိပ်နေကြဆဲဖြစ်ပြီး မနိုးကြသေးပေ။
လင်းလော့ချင်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်စဉ် လင်းဖေးက အုပ်ထားသည့်လက်ကို ချလိုက်ပြီး လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်း :"!!!"
လင်းလော့ချင်းက ထိတ်လန့်သွားပြီး ကျိယွီရှောင်၏ပေါင်ပေါ်မှ ခုန်ဆင်းလိုက်ကာ လင်းဖေးကို ကိုးရို့ကားယားနိုင်စွာ ပြုံးပြလိုက်လေသည်။