Chapter 170
ကျိယွီရှောင်က တစ်ဖက်လူ၏မျက်လုံးများကို သတိပြုမိပြီး သံသယစိတ်ဖြင့် လှည့်ကြည့်လိုက်သောအခါ လင်းဖေးက သူတို့ကို ကြည့်နေသည်ကို တွေ့လိုက်ရလေသည်။
ကျိယွီရှောင် :"..."
ဒါက မိဘနဲ့ကလေး အတူအိပ်ရင် အဖြစ်များတဲ့ ရှက်စရာအကောင်းဆုံးကိစ္စပဲ...
ကျိယွီရှောင်က ပြုံးလိုက်ပြီး ရှက်ရွံ့မှုကို ဖုံးကွယ်ကာ လင်းဖေးကို ပြောလိုက်သည်။
"Good morningဖေးဖေး..."
"Good morningပါ..."
လင်းဖေးက သာမာန်အတိုင်း ပြန်ဖြေလိုက်လေသည်။
"ဒါဆို ရှုရှု အရင်သွားဆေးကြောလိုက်ဦးမယ်..."
ကျိယွီရှောင်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ထို့နောက် ကျိယွီရှောင်က ဝှီးချဲလ်ကို ရေချိုးခန်းဆီသို့ တွန်းသွားလိုက်လေသည်။
လင်းလော့ချင်း :"..."
နှစ်ယောက်အတူတူနမ်းကြတာလေ...အဲ့ဒါကို ကျိယွီရှောင်က ထွက်ပြေးသွားပြီး သူ့ကို လင်းဖေးနဲ့ နှစ်ယောက်တည်းထားခဲ့တယ်...ဒါက သင့်လျော်ရဲ့လား...
လင်းလော့ချင်း အလွန်ဒေါသထွက်နေပြီး ကျိယွီရှောင်ကို ရေချိုးခန်းထဲမှ ဆွဲထုတ်ချင်နေလေသည်။
သို့သော် အပြင်ဘက်တွင်မူ သူက လင်းဖေးကို ပြုံးပြနေခဲ့သည်။
ဒါက...အရမ်းရှက်စရာကောင်းတာပဲ...
"ဖေးဖေးက အစောကြီးနိုးနေတာပဲ..."
လင်းဖေးက ထထိုင်လိုက်ပြီး ပြောပြသည်။
"ပုံမှန်ထနေကြအချိန်ထက် နောက်ကျမှ ထတာပါ..."
လင်းလော့ချင်း :"..."
'ဟုတ်သလိုပဲ...ပုံမှန်ဆို သူ ထလာရင် ဖေးဖေးက နိုးနှင့်နေပြီ...'
"ဒါက နွေဦးပွဲတော်ပဲ...မင်း ထပ်အိပ်လို့ ရသေးတယ်..."
လင်းလော့ချင်းက လင်းဖေးကို ပြုံးကာ ပြောလိုက်သည်။
လင်းဖေးက အိပ်ရာမှထရန် စောင်ကို မလိုက်စဉ် သူ့၏ညအိပ်၀တ်စုံအိတ်ကပ်ထဲရှိ အနီရောင်စာအိတ်နီလေးကို တွေ့လိုက်ရလေသည်။
"Happy New Year...ဒီနှစ် မင်းပျော်ရွှင်ကျန်းမာဖို့ မျှော်လင့်ပါတယ်..."
လင်းလော့ချင်း ပြောလိုက်သည်။
လင်းဖေးက လက်ထဲမှ စာအိတ်နီလေးကို ကြည့်လိုက်သည်။ ယခင်က သူ့အမေကလည်း သူ့ကို နှစ်သစ်တွင် စာအိတ်နီလေးပေးကာ သူ့ကို ဆုတောင်းပေးခဲ့လေသည်။
ဒီနှစ်မှာ သူ့အမေမရှိတော့ပေမဲ့ သူက စာအိတ်နီလေး ရနေတုန်းပဲ...
သူက လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက သူ့ကို နူးညံ့စွာ ကြည့်နေသည်ကို မြင်လိုက်ရလေသည်။
သူက နူးညံ့စွာ ပြုံးလိုက်၏။
"ဟုတ်ကဲ့..."
ကျိလဲ့ယွီက နောက်ဆုံးမှ အိပ်ရာထလာသူဖြစ်ပြီး စာအိတ်နီလေးကို တွေ့လိုက်ရသောအခါ သူ့တုံ့ပြန်မှုက လင်းဖေးနှင့်မတူညီပေ။ သူက ကျိယွီရှောင်နှင့်လင်းလော့ချင်းကို ချိုမြိန်စွာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ပါးပါး..."
"ရပါတယ်..."
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်၏။
ကျိလဲ့ယွီက လင်းလော့ချင်း၏မျက်နှာထက်မှအပြုံးကို တွေ့လိုက်ရသောအခါ အတိတ်ကို ပြန်သတိရသွားလေသည်။ နှစ်သစ်ကူးတိုင်း သူ့အမေက သူ့ခေါင်းအုံးအောက်တွင် စာအိတ်နီလေး ထည့်ပေးကာ နှစ်သစ်အတွက် luckyပိုက်ဆံဟု ပြောလေ့ရှိလေသည်။
ကျိလဲ့ယွီက နှစ်သစ်ကူးပွဲတော်ကို အဘယ်ကြောင့် ကျင်းပကြမှန်း နားမလည်သော်လည်း စာအိတ်နီလေးရသည့်အတွက် နှစ်သစ်ကူးချိန်တိုင်း ပျော်ရွှင်နေခဲ့၏။
ဒီနှစ်တော့ သူ့အမေက သူ့ကို စာအိတ်နီလေး မပေးနိုင်ပေမဲ့ သူ့ရဲ့တခြားအဖေတစ်ယောက်က အမေ့နေရာမှာ အစားထိုးပြီး သူ့ကို စာအိတ်နီလေး ပေးခဲ့တယ်...ပြီးတော့ သူ့ကို နူးနူးညံ့ညံ့လေး ပြုံးပြနေတယ်...
ကျိလဲ့ယွီက ရုတ်တရက် ကလေးတစ်ယောက်သဖွယ် ပြုမူချင်လာလေသည်။ သူက လက်ဆန့်ကာ လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ပါးပါး သားကို မျက်နှာသစ်ပေး..."
"ကောင်းပြီ..."
လင်းလော့ချင်းက ကျိလဲ့ယွီကို ပွေ့ချီလိုက်ပြီး ရေချိုးခန်းထဲသို့ သယ်သွားလိုက်သည်။
ကျိလဲ့ယွီက မှန်ထဲရှိ သူနှင့်လင်းလော့ချင်း၏ပုံရိပ်ကို ကြည့်နေလေသည်။ သူတို့က အလွန်နီးကပ်နေခဲ့သည်။
လင်းလော့ချင်းက သူ့ကို တန်းလျားလေးပေါ် တင်ပေးထားပြီး သွားတိုက်ဆေးညှစ်နေလေသည်။
ကျိလဲ့ယွီက အဖိုးကျိ သူ့ကို ပြောခဲ့သည့်စကားကို ပြန်သတိရသွားသည်။ သူ့ဦးလေးက သူ့အဒေါ်ကို အချစ်ဆုံးဖြစ်သည့်အတွက် ဘာမဆိုပေးလိမ့်မည်ဟု ပြောခဲ့သည်။
ဒါပေမဲ့ သူ့အဖေက သူ့အမေကို အချစ်ဆုံးလေ...
သူ့ရှုရှုကရော သူ့အဒေါ်ကို အချစ်ဆုံးမဖြစ်ရဘူးလား...
ဒါ့ကြောင့် သူ့ရှုရှုက သူ့အဒေါ်ကို ဘာမဆိုပေးတာက ပုံမှန်ပဲ...
ဒါ့အပြင် သူက သူ့အဒေါ်ကို အရမ်းချစ်တယ်...
သူက ပါးစပ်ကို ဟလိုက်ပြီး လင်းလော့ချင်း သွားတိုက်ပေးသည်ကို ငြိမ်ခံနေလေသည်။
ထိုအခါ တံခါး၀တွင် စောင့်ကြည့်နေသည့် ကျိယွီရှောင်က ပြောလိုက်သည်။
"မင်း ကိုယ့်ဖာသာ သွားမတိုက်တတ်ဘူးလား..."
ကျိလဲ့ယွီက ပါးလုတ်ကျင်းလိုက်ပြီး ကျိယွီရှောင်ကို ကြည့်ကာ ပြောလိုက်သည်။
"သားက ပါးပါးတိုက်ပေးတာ ခံချင်တာ..."
ကျိယွီရှောင် :"ကျစ် ကလေးလေးပဲ..."
ကျိလဲ့ယွီက လင်းလော့ချင်း၏ခါးကို ဖက်လိုက်ပြီး ပြောလိုက်သည်။
"သားက နဂိုကတည်းက ကလေးလေးပဲဟာကို..."
မလှမ်းမကမ်းရှိ လင်းဖေး :"..."
ယုံကြည်ချက်ရှိရှိ ပြောလိုက်တာပဲ...
ကလေးဆန်လိုက်တာ...
လင်းဖေးက ခေါင်းခါလိုက်ပြီး စာအိတ်နီလေးကို သိမ်းလိုက်သည်။
ကျိလဲ့ယွီက ပျော်ရွှင်စွာ သွားတိုက်၊ မျက်နှာသစ်၊ အ၀တ်အစားလဲပြီးနောက် လင်းလော့ချင်း၊ ကျိယွီရှောင်၊ လင်းဖေးတို့နှင့်အတူ အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
နှစ်သစ်၏ပထမဆုံးနေ့တွင် ထမင်းချက်က ဖက်ထုပ်များကို အထူးလုပ်ထားပေးလေသည်။
ကျိယွီရှောင်က ယင်းကို မငြင်းဆန်ခဲ့ပေ။ သူက အဖေကျိနှင့် ဖက်ထုပ်အတူ စားပြီးနောက် ကျိအိမ်ဟောင်းမှ ပြန်လာလိုက်သည်။
အဖေကျိက သူတို့ကို ပြန်လွှတ်ပေးလိုက်ပြီး ကျိလဲ့ယွီကို မှာလိုက်လေသည်။
"လဲ့လဲ့ ဘိုးဘိုးကို ဖုန်းခေါ်ဖို့ မမေ့နဲ့ဦးနော်..."
ကျိလဲ့ယွီက ၀တ်ကျေတမ်းကျေပြုံးကာ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ ဘိုးဘိုး..."
ကားထဲတွင် ထိုင်ပြီး ကျိယွီရှောင်က သူ့အဖေနှင့် သူ ကြီးပြင်းလာခဲ့သည့်အိမ်ကို တိတ်ဆိတ်စွာ ကြည့်နေလိုက်လေသည်။
ကားက တဖြည်းဖြည်းဝေးလာပြီး ဗီလာကို မမြင်ရတော့သည့်အထိ ကြည့်ပြီးနောက် အကြည့်ကို ပြန်ရုတ်လိုက်ပြီး ကျိလဲ့ယွီကို ပွေ့ဖက်လိုက်သည်။
အခုအချိန်ကစပြီး ကျိမိသားစုထဲမှာ သူ့ဆွေမျိုးဆိုလို့ ကျိလဲ့ယွီတစ်ယောက်ပဲ ရှိတော့မယ်...
သူက ခေါင်းငြိမ့်ကာ လက်မောင်းထဲမှ ချစ်စရာကောင်းသည့် ကလေးလေးကို ကြည့်လိုက်ပြီး ခေါင်းငုံ့ ကျိလဲ့ယွီ၏ပါးကို နမ်းလိုက်သည်။
ဒီနေ့မှာ သူ့အဖေကို သူ နှုတ်ဆက်လိုက်ပြီ...
နောက်ပိုင်း အမှန်တရားက ဘယ်လောက်ပဲ ရက်စက်နေပါစေ...သူ့အဖေဖုံးထားတဲ့ လျှို့ဝှက်ချက်တွေကို ဖော်ဖို့ ၀န်လေးမှာ မဟုတ်ဘူး...
သူ့ရဲ့အရင်မိသားစုကို ဆုံးရှုံးလိုက်ရပြီးပြီ...လက်ရှိမိသားစုကိုတော့ သူ ကာကွယ်ရမှာပဲ...
သူက လင်းလော့ချင်းကို ကြည့်လိုက်သောအခါ လင်းလော့ချင်းက သူ့ကို နူးညံ့စွာ ပြုံးပြလာလေသည်။
ကောင်းကင်ကြီးက ကြည်လင်နေတာပဲ...နှစ်သစ်ကူးမှာ ရာသီဥတုကောင်းတာက အရမ်းရှားတယ်...
ကျိအိမ်မှ ပြန်လာပြီးနောက် သူတို့က အိမ်တွင် ညစာအတူစားကြပြီး အတူတူအိပ်စက်ကြလေသည်။
ကျိလဲ့ယွီက ပျော်ရွှင်နေ၏။ သူက နေ့တိုင်း အတူတူ အိပ်ချင်နေလေသည်။ လင်းလော့ချင်းတွင် ထိုကိစ္စနှင့် ပတ်သတ်ပြီး ထင်မြင်ချက် မရှိသော်လည်း ယခုမှ ဒရိုင်ဘာဖြစ်ကာစ ကျိယွီရှောင်ကမူ ငါးရက် အတူတူအိပ်ပြီးနောက် သည်းမခံနိုင်တော့ပေ။ သူက ကလေးနှစ်ယောက်ကို သူတို့အခန်းဆီ ပြန်အိပ်ခိုင်းလိုက်လေသည်။
"ကလေးတွေက အမြဲတမ်း မိဘတွေနဲ့ အတူတူအိပ်နေလို့ မရဘူး...အမှီအခိုကင်းရမယ်...ကိုယ့်ဖာသာ အိပ်တတ်ရမယ်...နားလည်လား..."
ကျိလဲ့ယွီ ခေါင်းငြိမ့်လိုက်သည်။
လင်းလော့ချင်းက အံ့ဩသွားပြီး ကလေးနှစ်ယောက်ကို နမ်းလိုက်ကာ သူတို့အခန်းဆီ ပြန်လွှတ်လိုက်လေသည်။
ကျိလဲ့ယွီက အနမ်းများကို ၀မ်းမြောက်စွာ လက်ခံသော်လည်း လင်းဖေးကမူ ကျိလဲ့ယွီကသာ သူ့ကို မဆွဲထားပါက ထွက်ပြေးသွားမည်ဖြစ်သည်။
မကြာမီ အားလပ်ရက်ခုနစ်ရက်က ကုန်ဆုံးသွားပြီး လင်းလော့ချင်းကလည်း ရှင်းရီကို ပြန်သွားကာ CEOအဖြစ် အလုပ်များနေလေသည်။ ထို့အပြင် သူ့၏နောက်ထပ်အလုပ်အတွက် ဇာတ်ညွှန်းရွေးရာတွင်လည်း အလုပ်များနေခဲ့သည်။
နှစ်ရက်ကြာပြီးနောက် လင်းလော့ချင်းက ရှစ်ကျန်းထံမှ သတင်းကောင်းကို ရရှိခဲ့လေသည်။
သူက စတုတ္ထအမျိုးသားဇာတ်ဆောင်နေရာကို အောင်မြင်စွာ ရယူနိုင်ခဲ့သည်။ သူ့ဇာတ်ကွက်က မများသော်လည်း ရှစ်ကျန်းအတွက်မူ ရုပ်ရှင်ကားကောင်းတွင် ဇာတ်ရုပ်အခိုင်အမာရခြင်းဖြစ်လေသည်။
ရှစ်ကျန်းက လင်းလော့ချင်းကို ပျော်ရွှင်စွာ ညစာဖိတ်ကျွေးလိုက်လေသည်။
လင်းလော့ချင်းက တုံ့ဆိုင်းစွာ သဘောတူလိုက်သည်။
ရှစ်ကျန်းက အလွန်ပျော်ရွှင်နေပြီး ဝိုင်ကို တကူးတက၀ယ်ခဲ့လေသည်။ သူတို့က အပြင်ထွက်မစားကြပေ။ ရှစ်ကျန်း၏အိမ်၌သာ ဟော့ပေ့ါစားလိုက်ကြသည်။
ဟေ့ာပေါ့ရှိ အငွေ့များက မျက်လုံးများကို ဖုံးအုပ်နေလေသည်။ ရှစ်ကျန်းက စကားများစွာ ပြောကြသည်ကို မကြိုက်သော်လည်း ယခုမူ စကားများစွာ ပြောနေ၏။
"ငါ ဒီအတွက် အစ်ကိုဝူကို ကျေးဇူးတင်ရမှာပဲ...အစ်ကိုဝူက ဒီသတင်းကို ကြားပြီး ငါ့အေ့ဂျင်ကို လာပြောပြခဲ့တာလေ...ငါ့အေ့ဂျင်ကလည်း အရမ်းတော်တယ်...ဒီသတင်းကို ကြားတော့ သူက ဒါရိုက်တာနဲ့ဇာတ်ညွန်းရေးဆရာရဲ့ အရင်လက်ရာတွေနဲ့ သူတို့ရဲ့အလေ့အကျင့်တွေကို စုံစမ်းစစ်ဆေးပေးခဲ့တာလေ..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်...သူတို့အားလုံးကို ကျေးဇူးတင်ရမယ်...ဒါပေမဲ့ အစ်ကိုကျန်းကိုယ်တိုင်ကလည်းအရည်အချင်းရှိလို့ ရတာပါ..."
ရှစ်ကျန်းက အနည်းငယ် ရှက်ရွံ့သွားလေသည်။
"ဒါက ဒါရိုက်တာက ငါ့ကို အခွင့်အရေးပေးဖို့ ဆန္ဒရှိလို့ပါ..."
လင်းလော့ချင်းက ရှစ်ကျန်းကို ကြည့်လိုက်ပြီး စိတ်သက်သာရာ ရသွားလေသည်။
ဒီလူက သရုပ်ဆောင်ကောင်းပြီး အခက်အခဲတွေကို ကြံကြံခံနိုင်ပေမဲ့ ဘယ်သူကမှ သူ့ကိုအခွင့်အရေး မပေးခဲ့ဘူး...နောက်ဆုံးတော့ အခွင့်အရေး ရသွားပြီ...
ရှစ်ကျန်းက ပို၍ပင် ရှုပ်ထွေးလာလေသည်။ သူက ဤအချိန်ကို နှစ်ပေါင်းများစွာ စောင့်စားနေသော်လည်း စိတ်ဓာတ်ကျစရာများကိုသာ ထပ်ခါထပ်ခါ ရရှိခဲ့လေသည်။ နောက်ဆုံး ဤအသက်အရွယ်ရောက်မှ အခွင့်အရေးကသူ့ထံ ရောက်လာခဲ့သည်။ ယခု ရုပ်ရှင်ဖန်သားပြင်ပေါ်တွင် ပေါ်နိုင်မည့် အခွင့်အရေးရပြီဖြစ်သည်။ သူ့၏လက်ရှိခံစားချက်များက ခံစားချက်မျိုးစုံရောထွေးနေလေသည်။
"လာ လော့ချင်း...မင်းရဲ့အကြံအတွက် ကျေးဇူးတင်ပါတယ်...မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်...ငါ မင်းနဲ့တွေ့ရလို့ တကယ်၀မ်းသာတယ်..."
လင်းလော့ချင်းက ပြုံးလိုက်ပြီး ဝိုင်ခွက်ချင်း တိုက်လိုက်ကာ ပြောလိုက်သည်။
"အဲ့လိုမပြောပါနဲ့ အစ်ကိုကျန်း...အစ်ကိုကျန်းရဲ့ရုပ်ရှင်က နာမည်ကြီးလာမှာပါ...အဲ့အချိန်ကျရင်ကျွန်တော်လည်း ပိုက်ဆံတွေ ရလာမှာပဲ...အစ်ကိုကျန်းက ရုပ်ရှင်နယ်ပယ်ထဲကို ပို၀င်ဆန့်လာဖို့လိုတယ်..."
ရှစ်ကျန်းက ထိုစကားကို ကြားသောအခါ ၀မ်းသာသွားလေသည်။
"ငါက စတုတ္တအမျိုးသားဇာတ်ဆောင်လေးတင်ပါ...အဓိကအမျိုးသားဇာတ်ဆောင် မဟုတ်ပါဘူး...အဝေးကြီး မတွေးပါနဲ့..."
"ဒါပေမဲ့ အဲ့ဒါက နောက်ကြရင် ဖြစ်လာမဲ့ဟာလေ..."
လင်းလော့ချင်း ပြောလိုက်သည်။
ရှစ်ကျန်းက လင်းလော့ချင်းကို ကြည့်လိုက်ကာ သူ့မျက်လုံးများက တောက်ပနေလေပြီး နှလုံးသားထဲ၌လည်း နူးညံ့မှုများ ပြည့်နှက်နေလေသည်။
အဲ့လိုဖြစ်လာသည်ဖြစ်စေ၊ မဖြစ်လာသည်ဖြစ်စေ သူကတော့ ဒီအခွင့်အရေးကို ဆုပ်ကိုင်ပြီး ကြိုးစားရမယ်...အဲ့ဒါမှ လင်းလော့ချင်းရဲ့ကျေးဇူးကို ပြန်ဆပ်နိုင်မှာ...
လင်းလော့ချင်းက လက်ရှိတွင် စီးအီအိုအဖြစ် တာ၀န်ထမ်းဆောင်နေသော်လည်း သရုပ်ဆောင်ခြင်းကို အကြိုက်ဆုံးဖြစ်ကြောင်း သူ ပြောနိုင်ပေသည်။ လင်းလော့ချင်းက ယခုထိ ရုပ်ရှင်များတွင် သရုပ်မဆောင်ရသေးပေ။ ထို့ကြောင့် သူက ရုပ်ရှင်နယ်ပယ်ကို အမြန်ချဲ့ထွင်ကာ လင်းလော့ချင်းကို ဆွဲခေါ်ပြီး လင်းလော့ချင်းအတွက် အကာအကွယ်နှင့် အကူအညီပေးရမည်ဖြစ်သည်။
ရှစ်ကျန်းက ယင်းကို မျှော်လင့်စောင့်စားနေလေသည်။ သူက ကိုယ်ပိုင်မှတ်တိုင်ကို စိုက်ထူကာ လင်းလော့ချင်း၏အကာအကွယ် ဖြစ်လာရမည်ဖြစ်သည်။
လင်းလော့ချင်းက သူ့ကို အများကြီး အကူအညီပေးခဲ့သည့်အတွက် သူက အနည်းအကျဉ်းလောက်ဖြစ်ဖြစ် ပြန်ကူညီချင်လေသည်။
နှစ်ယောက်သား ဟော့ပေ့ါစားကာ ရယ်မောနေကြပြီး မှောင်ရီသန်းမှ ဟော့ပေါ့ဝိုင်းက ပြီးသွားလေသည်။ ထိုအခါ ရှောင်လီက လင်းလော့ချင်းကို အိမ်ပြန်ရန် သွားကြိုလိုက်သည်။
ရှစ်ကျန်းက လင်းလော့ချင်းကို နှုတ်ဆက်လိုက်သည်။
"ရုပ်ရှင်မရိုက်ခင် ထရိန်နင်ဆင်းရတော့မှာဆိုတော့ငါ မအားတော့ဘူး...ရုပ်ရှင်ရိုက်ပြီးမှပဲ မင်းကို လာတွေ့တော့မယ်..."
"ဟုတ်ကဲ့...ကြိုးစားထား အစ်ကိုကျန်း..."
လင်းလော့ချင်းက ရှစ်ကျန်းကို ကြည့်ကာ ပြောလိုက်သည်။
ရှစ်ကျန်း : "ဟုတ်ပါပြီ..."
ထို့နောက် လင်းလော့ချင်းက ကားထဲသို့ ၀င်လိုက်လေသည်။
သတင်းကောင်းများက အတွဲလိုက်လာတတ်လေသည်။ နှစ်ရက်အတွင်း 'Peaches and Plums Don't Speak'ဇာတ်လမ်းတွဲ၏ ပထမဆုံး ထရေလာကို ထုတ်လွှင့်လာလေသည်။
ထရေလာက လှပပြီး တည်းဖြတ်မှုကလည်း တောက်ပကာ ဇာတ်ကောင်များကလည်း အံ့၀င်ခွင်ကျဖြစ်လေသည်။ ထို့အပြင်BGMကလည်း သက်၀င်လှုပ်ရှားပြီး ဆောင်းတွင်းရှိ နေရောင်ခြည်အလင်းတန်းသဖွယ် ဖြစ်နေလေသည်။ ၀တ္ထုဖန်များနှင့် အင်တာနက်သုံးစွဲသူများက ဒရမ်မာကို ကြည့်ရန် မစောင့်နိုင်ကြတော့ပေ။
[အားးးငါတို့ရဲ့Peaches and Plumsက နောက်ဆုံးတွေ မွေးဖွားလာပြီပဲ...ဒရမ်မာက စိတ်ချရတယ်လို့ ခံစားနေရတယ်...ငါ အရမ်းစိတ်လှုပ်ရှားနေပြီ...]
[မန်ထောင်က အရမ်းချစ်စရာကောင်းတာပဲ...ယောင်မော့မော့က ဒီလောက်ချစ်စရာကောင်းတာလား...ငါ အရင်က ဒါကို သတိမထားမိခဲ့ဘူးပဲ...]
[ဒီ၀တ္ထုဖန်ကတော့ အရမ်းကျေနပ်နေပြီ...၀တ္ထုကို ဖတ်ရတုန်းက အရသာနဲ့ အတူတူပဲ...အထူးသဖြင့်မန်ထောင်နဲ့မန်ဟွားရဲ့ မောင်နှမဆက်ဆံရေးပေါ့...ငါ မန်ဟွားကို အရမ်းကြိုက်သွားပြီ...အစ်ကို ကျားရို့...]
[ဖာ့ခ် ဒီအဖွဲ့ရဲ့ရုပ်ရည်တွေက အရမ်းကြည့်ကောင်းတာပဲ...အမျိုးသားဇာတ်ဆောင်တွေနဲ့ အမျိုးသမီးဇာတ်ဆောင်တွေ အားလုံးက အရမ်းချောကြတာပဲ...အထူးသဖြင့် မန်ဟွားပေါ့...မန်မောင်နှမတွေရဲ့ဗီဇက အရမ်းကောင်းတာပဲ...]
[အကြည့်တစ်ချက်မှာတင် သူတို့က မောင်နှမတွေမှန်း သိသာတယ်...သူတို့က အရမ်းချောတာပဲ...{ခွေးခေါင်း အီမိုဂျီ} ]
[ဇာတ်လမ်းတွဲရဲ့ အရောင်အသွေးကလည်း အရမ်းလှတာပဲ...ဒါရိုက်တာက အရမ်းတော်တာပဲ...ဇာတ်၀င်ခန်းတွေ အားလုံးက အိမ်မက်လိုပဲ...ငါတော့ အရမ်းစိတ်လှုပ်ရှားနေပြီ...]
[အရောင်အသွေးတွေ မဟုတ်ဘူး...သရုပ်ဆောင်တွေကလည်း အရမ်းကြည့်ကောင်းတာပဲ...ငါတော့ အဲ့မျက်နှာတွေနဲ့ဆို ဆယ်ခါလောက် ပြန်ကြည့်နိုင်တယ်...]
အပြုသဘောဆောင်သော ကွန်မန့်များရှိနေသည့် ထိုပို့စ်ကို လင်းလော့ချင်းက သူ့ဝေ့ပေါ်ပေါ်တွင် ပြန်တင်လိုက်လေသည်။
ခဏအကြာတွင် ဇာတ်လမ်းတွဲထရေလာကြောင့် သွေးဆောင်ခံခဲ့ရသော အင်တာနက်သုံးစွဲသူများနှင့် ၀တ္ထုဖန်များက ပို့စ်အောက်တွင် likeနှင့်ကွန်မန့်များ ပေးလာကြလေသည်။
[အားးးအစ်ကိုက အရမ်းချစ်စရာကောင်းတာပဲ...ငါတော့ သေတော့မှာပဲ...မန်ဟွားလို မောင်လေးလိုချင်လိုက်တာ...]
[အစ်ကိုက အရမ်းချောတာပဲ...အရမ်းချစ်တယ်...အစ်ကိုက ဘာလို့ဒီလောက်တောင် ကြည့်ကောင်းရတာလဲ...]
[အစ်ကိုက ၁၈နှစ်လား...အရွယ်ရောက်နေပြီလား...ဒါမှမဟုတ် ကျောင်းတက်နေတုန်းလား...]
[အရှေ့က ညီမလေး လမ်းဖယ်ပေးပါ...ငါတို့က ရည်းစားပရိသတ်တွေပဲ...အစ်ကိုလို့ပဲ ခေါ်ပါရစေ...အစ်ကို ငါ့ကို ကြည့်...ငါ့ကိုကြည့်...]
[ငါကတော့ ယုံကြည်ချက်ရှိရှိပဲ ခေါ်လိုက်မယ်...ယောကျာ်း~~~]
အချိန်အတိုင်းအတာတစ်ခုအထိ ဝေ့ပေါ်ပို့စ်အောက်တွင် ကွန်မန့်များက ဆက်တိုက်ဆိုသလို တိုးလာလေသည်။ followerများကလည်း အဆက်မပြတ် တိုးလာ၏။
ဟမ်...သူ နာမည်ကြီးလာနေပြီလား...
အဲ့တာကို သူတောင် မသိလိုက်ရပါလား...
လင်းလော့ချင်းက ပါးကို ကိုင်ကာ တွေးလိုက်သည်။
ကျိလဲ့ယွီက ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ ဗီဒီယိုကောလ်ပြောနေလေသည်။ အဖေကျိထံမှ ဗီဒီယိုကောလ်ဖြစ်ပြီး သူ့ကို လာတွေ့ရန်၊ လင်းလော့ချင်းနှင့်လင်းဖေးကို ဂရုစိုက်ရန်၊ သူ့မိဘများ၏အမွေကို ဂရုစိုက်ရန် ပြောနေခြင်းဖြစ်လေသည်။
ကျိလဲ့ယွီက ၀တ်ကျေတမ်းကျေဖြင့် 'ဟုတ်ကဲ့'ဟု ပြန်ဖြေလိုက်ပြီး ဒေါသတကြီး ဖုန်းချလိုက်သည်။
ကျိလဲ့ယွီ၏စိတ်ခံစားချက်က မကောင်းပေ။ သူက အဖေကျိ ထိုစကားများကို ထပ်မပြောလာရန် ပြတင်းပေါက်ပေါ်မှသာ တွန်းချပစ်လိုက်ချင်လေသည်။
သူ့ရှေ့တွင် ထိုင်နေသည့် လင်းဖေးက သူ့ကို မေးလာသည်။
"မင်းရှုရှုကို မပြောပြချင်သေးဘူးလား...'
ကျိလဲ့ယွီ ခေါင်းခါလိုက်သည်။ သူက သူ့ရှုရှုကို ဘယ်သောအခါမှ ထိုအကြောင်းအား ပြောပြမည် မဟုတ်ပေ။
လင်းဖေးက ထိုကိစ္စနှင့်ပတ်သတ်ပြီး အလွန်စိုးရိမ်နေသော်လည်း ကျိလဲ့ယွီကို မဖြောင်းဖြတော့ပေ။ သူက ပြတင်းပေါက်ဘောင်ပေါ်မှ ရှားစောင်းပင်လေးကိုသာ ရေလောင်းလိုက်သည်။
ကျိလဲ့ယွီက လင်းဖေးကို မှီလိုက်ပြီး ပြောလိုက်သည်။
"သူသာ ကော်တွေကို သောက်လိုက်ရင် စကားမပြောနိုင်တော့ဘူးမလား..."
လင်းဖေး :"..."
"စဉ်းစဉ်းစားစား လုပ်..."
ကျိလဲ့ယွီက လင်းဖေး၏ကျောပေါ် မေးတင်လိုက်သည်။
"သူက ရှုရှုကိုမှ မချစ်တာ...ဘာလို့ သူ့ကို အဲ့လိုလုပ်ခွင့်မပေးတာလဲ..."
လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
"သူက အသက်ကြီးနေပြီ...ပြီးတော့ သူက မင်းအဘိုးပဲ..."
"သား အဘိုးကို မလိုချင်ပါဘူး...ဒယ်ဒီကိုပဲ လိုချင်တာ..."
သူ့အဖေရင်းပဲဖြစ်ဖြစ် ကျိယွီရှောင်ပဲဖြစ်ဖြစ် အားလုံးက သူ့အဖေပဲ...
လင်းဖေးက ဘာမှဆက်မပြောတော့ပေ။ သူက ကျိလဲ့ယွီ အိပ်ပျော်သွားသည့်အချိန်ကို စောင့်လိုက်ပြီး ကျိလဲ့ယွီ အိပ်ပျော်သွားသောအခါ အခန်းထဲမှ ထွက်၍ ကျိယွီရှောင်၏စာဖတ်ခန်းတံခါးကို တွန့်ဆုတ်စွာ ခေါက်လိုက်ပြီး စာဖတ်ခန်းထဲ ၀င်သွားလိုက်သည်။
ကျိယွီရှောင်က လင်းဖေး၀င်လာသည်ကို မြင်သောအခါ ပြုံးကာ ပြောလိုက်သည်။
"ဘာဖြစ်လို့လဲ ကလေး...ရှုရှု ဘာလုပ်ပေးရမလဲ..."
"ကျွန်တော် စာအုပ်လာငှားတာပါ..."
"ဘာစာအုပ်ငှားမလို့လဲ..."
“Hans Christian Andersenရဲ့ဒဏ္ဍာရီပုံပြင်များ..."
လင်းဖေးက တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိယွီရှောင် အံ့ဩသွားသည်။
"သားရှုရှုက သားကို မ၀ယ်ပေးထားဘူးလား..."
"၀ယ်ပေးထားပေမဲ့ ရှာမတွေ့တော့လို့...အဲ့ဒါ ရှုရှုဆီမှာ ရှိလား..."
ကျိယွီရှောင် ခေါင်းခါလိုက်သည်။
သူ့မှာ ဘယ်လိုလုပ် ပုံပြင်စာအုပ်ရှိမှာလဲ...
"မနက်ဖြန် ရှုရှု အဲ့စာအုပ်ကို ၀ယ်ပေးမယ်...အဲ့အချိန်ကျမှ ဖတ်ပေါ့...ဟုတ်ပြီလား..."
လင်းဖေးက သေချာစဉ်းစားပြီးနောက် မေးလိုက်သည်။
"Hans Christian Andersenရဲ့ဘဲရုပ်ဆိုးလေးပုံပြင်ကို ဖတ်ဖူးလား..."
"ဖတ်ဖူးတာပေါ့...သားရော ဖတ်ဖူးတာလား..."
"တကယ်လား...ဒါဆို ရှုရှု အဲ့ထဲက ဘဲအမေကြီးက ဘဲရုပ်ဆိုးလေးကို မကြိုက်တာကို သိလား..."
"တကယ်လား..."
ကျိယွီရှောင်က ယင်းကို မေ့နေပြီဖြစ်လေသည်။
"ဘဲအမေကြီးက ဘဲရုပ်ဆိုးလေးကို မကြိုက်ဘူးလား..."