Chapter 171
လင်းဖေး ခေါင်းငြိမ့်လိုက်သည်။ သူက ကျိယွီရှောင်ထံ လျှောက်သွားလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
"ဘဲအမေကြီးက သူ့သားကို မကြိုက်လို့ ထားခဲ့တာ...မိဘတိုင်းက သူတို့ကလေးတွေကို ချစ်ကြတာ မဟုတ်ဘူး...သားသမီးအပေါ် ဆိုးဆိုးရွားရွားဆက်ဆံတဲ့ မိဘတွေလည်း ရှိတယ်...ဘဲရုပ်ဆိုးလေးက ရုပ်မဆိုးဘူး...ဘဲအမေကြီးမကောင်းလို့သာ ပစ်ထားခံခဲ့ရတာ...နောက်ဆုံးမှာ သူက ငန်းတစ်ကောင်ဖြစ်သွားတယ်...တခြားတိရစ္ဆာန်လေးတွေ အားလုံးထက် ပိုလှတယ်..."
ကျိယွီရှောင်က နားထောင်ပြီးနောက် လင်းဖေးခေါင်းကို ပုတ်လိုက်သည်။
"ဟုတ်ပါပြီ..."
လင်းဖေးသည် ကျိယွီရှောင်က သူပြောချင်သည်ကို နားမလည်မှန်း သိသော်လည်း ရှင်းရှင်းလင်းလင်း ရှင်းပြလို့လည်း မရပေ။ ထို့ကြောင့် ကျိယွီရှောင်ကို ထပ်ပြောလိုက်သည်။
"မိဘတွေအားလုံးက သားသမီးကို ချစ်ကြတာမဟုတ်ဘူး...တချို့မိဘတွေက သူတို့သားသမီးကိုမချစ်ကြဘူး..."
ကျိယွီရှောင်သည် လင်းဖေးက ထိုပုံပြင်ကို စိတ်၀င်စားသောကြောင့် သူ့ကို လာပြောပြနေသည်ဟု တွေးလိုက်ပြီး လင်းဖေးကို ဖက်ကာ ပြောလိုက်သည်။
"ဒါပေမဲ့ မိဘအများစုက သူတို့သားသမီးကို ချစ်ကြပါတယ်..."
လင်းဖေး :"..."
"ရှုရှုမိဘတွေကရော ရှုရှုကို ချစ်လား..."
လင်းဖေးက စမ်းသပ်ကာ မေးလိုက်သည်။
သူ့အဖေက သူ့ကို မချစ်ဘူးလေ...ဒါပေမဲ့ ကလေးရှေ့မှာ အဲ့လိုဖြေလို့ မရဘူး...သူ့အဖေက သူ့ကို မချစ်ပေမဲ့ သူ့အစ်ကိုနဲ့အမေက သူ့ကို ချစ်တယ်လေ...သူ့အဖေကတော့ သူ့ကိုယ်သူပဲ ချစ်တာ...
နောက်ဆုံးတွင် ကျိယွီရှောင် ပြန်ဖြေလိုက်သည်။
"ချစ်တာပေါ့..."
လင်းဖေး :"..."
လင်းဖေး ခေါင်းကိုက်လာလေသည်။
ကျိယွီရှောင်က သူ့အဖေ သူ့ကို ချစ်တယ်လို့ ထင်နေတုန်းလား...
"ရှုရှုရော ရှုရှုမိဘတွေကို ချစ်လား..."
ကျိယွီရှောင် ပြုံးလိုက်ပြီး ကူရာမဲ့စွာ ပြန်ဖြေလိုက်သည်။
"ချစ်တာပေါ့..."
ကလေးတွေက အမှန်တရားကို မပြောပြနိုင်ပေ။ ကလေးများ၏ကမ္ဘာက လှပဖြူစင်လေ၏။ သူက ထိုကမ္ဘာကို မဖျက်ဆီးချင်ပေ။
သူ့အဖေကို သူ ချစ်တာဖြစ်ဖြစ်၊ မချစ်တာဖြစ်ဖြစ် ချစ်တယ်လို့ပဲ ဖြေရမှာပဲ...
လင်းဖေး :"..."
လင်းဖေးက စိတ်ပျက်သွားလေသည်။
သူက ကျိယွီရှောင်၏လက်မောင်းထဲတွင် ထိုင်ကာ ဘာဆက်ပြောမည်ကို မသိတော့ချေ။
ရှုရှုရဲ့အဖေက ရှုရှုကို မချစ်ဘူးဆိုတာကို သူ ဘယ်လိုပြောပြရမှာလဲ...
ကျိယွီရှောင်က အဲ့အကြောင်းသိသွားရင် အရမ်းဝမ်းနည်းသွားမှာလား...
လင်းဖေးက ထပ်ခါထပ်ခါတွေးလိုက်ပြီး နောက်ဆုံးတွင် ကျိယွီရှောင်အား အမှန်တရားကိုဆက်မပြောပြတော့ပေ။ သူက သူ့အခန်းသို့သာ တိတ်တဆိတ်ပြန်သွားလိုက်ပြီး ကျိယွီရှောင်ကို မည်သို့ သတိပေးရမည်ကို ဆက်တွေးနေလေသည်။
လင်းလော့ချင်း ပြန်လာသောအခါ ကျိယွီရှောင်က ထိုကိစ္စကို ပြောပြလိုက်ပြီး Hans Christian Andersen၏ဒဏ္ဍာရီပုံပြင်များစာအုပ်ကို လင်းဖေးအား ထပ်၀ယ်ပေးရန် ပြောလိုက်သည်။
လင်းလော့ချင်းက ထိုကိစ္စကို ကြားသောအခါ စိတ်ထဲ ဇဝေဇဝါဖြစ်သွားလေသည်။
"ငါ အဲ့စာအုပ်ကို လင်းဖေးကို ၀ယ်ပေးထားပါတယ်...သူက ဘာလို့ မင်းဆီက လာငှားရတာလဲ..."
"သူပြောတာကတော့ ရှာမတွေ့တော့လို့တဲ့..."
ကျိယွီရှောင်က ထိုကိစ္စကို အလေးအနက် မထားခဲ့ပေ။
"သူ ဘယ်မှာထားမိလဲ မေ့သွားတာဖြစ်မယ်...ရပါတယ်...ဈေးကြီးတာမှ မဟုတ်တာ...ငါ သူ့ကိုပြန်၀ယ်ပေးလိုက်မယ်..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက ထိုကိစ္စက ဤမျှ မရိုးရှင်းကြောင်း ခံစားမိနေလေသည်။
လင်းဖေးက အရမ်းစည်းစနစ်ကျတဲ့သူ...အထူးသဖြင့် စာအုပ်တွေနဲ့ပတ်သတ်လာရင် ပိုတောင် စည်းစနစ်ကျသေး...အိမ်ပြောင်းတာတောင် စာအုပ်တွေ အကုန်ပါလာတဲ့ဟာကို...ရုတ်တရက် စာအုပ်တစ်အုပ်က ရှာမတွေ့တော့ဘူးတဲ့လား...
“Hans Christian Andersenရဲ့ဒဏ္ဍာရီပုံပြင်များစာအုပ်ကို ရှာမတွေ့တော့ဘူးလို့ ပြောတာလား..."
"ဟုတ်တယ်..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"သူက ငါ့ကို ဘဲရုပ်ဆိုးလေးပုံပြင်တောင် ပြောပြသွားသေးတယ်..."
"သူက သူ့အဖေကို လွမ်းနေတာလားမသိဘူး...သူက မိဘတွေအားလုံးက သားသမီးကို မချစ်ဘူးလို့ ပြောသွားတယ်...သူ့အမေက သူ့ကို အရမ်းချစ်ကြောင်းလည်း ပြောသွားတယ်..."
"ဒါနဲ့ ဖေးဖေးရဲ့အဖေက ဘယ်သူလဲ...သူက အသက်ရှင်နေတုန်းလား...ဒါမှမဟုတ် သေသွားပြီလား..."
ကျိယွီရှောင် မေးလိုက်သည်။
"မသိဘူး...ငါ့အစ်မကတော့ သေသွားပြီပြောတာပဲ...သူက လင်းဖေးကိုလည်း သူ့အဖေသေသွားပြီလို့ ပြောထားတာ...ဒါပေမဲ့ ငါ့အစ်မက လက်မထပ်သေးဘဲ လင်းဖေးကို ရလာတာဆိုတော့ တကယ်သေသွားတာလား...စိတ်နာလို့ အဲ့လိုပြောတာလားဆိုတာကို ဘယ်သူမှ မသိဘူး..."
လင်းလော့ချင်းက အမှန်အတိုင်း ပြောလိုက်သည်။
ထိုစကားကို ကြားပြီးနောက် ကျိယွီရှောင်က တိတ်ဆိတ်သွားလေသည်။
အချိန်အတော်ကြာပြီးမှ ထပ်မေးလိုက်၏။
"မင်း အဲ့ကိစ္စကို သိချင်လား..."
လင်းလော့ချင်း ခေါင်းခါလိုက်သည်။ မူလပိုင်ရှင်အပေါ် ထားရှိသော လင်းလော့ရှီး၏အချစ်အပေါ်အခြေခံကြည့်လျှင် လင်းလော့ရှီးက ထိုကိစ္စအား ပြောပြချင်လျှင် ပြောပြီးဖြစ်လေသည်။
ထို့အပြင် လင်းလော့ရှီးက လင်းဖေးကို မွေးဖွားစဉ် အလွန်နာကျင်ခဲ့ရပြီး မူလပိုင်ရှင်က လင်းဖေး ၏အဖေရင်းကို မေးကြည့်သောအခါ သေပြီဟုသာ ပြန်ဖြေခဲ့လေသည်။ တကယ်သေမသေ သေချာ မသိသော်လည်း လင်းလော့ရှီးအတွက်မူ ထိုလူက သေလူသာဖြစ်၏။
သူ့အတွက်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်လေသည်။
“ငါ့အစ်မက သေသွားပြီလို့ ပြောကတည်းက သူက သေလူဖြစ်နေပြီ...ငါက သေနေတဲ့လူအကြောင်းကို သိစရာမလိုဘူး..."
လင်းလော့ချင်း တည်ငြိမ်စွာ ပြောလိုက်သည်။
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး ထပ်မပြောတော့ပေ။
သူက လင်းလော့ချင်းကို ကူညီပေးချင်ရုံသာဖြစ်ပြီး လင်းလော့ချင်းက မသိချင်လျှင် သူကလည်း ထိုကိစ္စကို စုံစမ်းတော့မည် မဟုတ်ချေ။
ထို့အပြင် ယခု လင်းဖေးက သူတို့အိမ်တွင် ပျော်ရွှင်စွာ နေနေပြီး သူ့ကို ရှုရှုဟု ခေါ်နေစေကာမူ သူနှင့်လင်းလော့ချင်းက လင်းဖေးကို သားအဖြစ်သတ်မှတ်ထားခြင်းဖြစ်လေသည်။
ကျိလဲ့ယွီပင်လျှင် အခြားညီအစ်ကိုများထက်စာလျှင် လင်းဖေးနှင့် ပိုရင်းနှီးလေသည်။
တစ်ခါတစ်ရံတွင် သူက လင်းဖေးနှင့်ကျိလဲ့ယွီကိုကြည့်ကာ သူနှင့်သူ့အစ်ကို၏ကလေးဘ၀ကို ပြန်သတိရမိလေသည်။ သို့သော် သူ့အစ်ကိုက လင်းဖေးလောက် မတည်ငြိမ်သလို သူကလည်း ကျိလဲ့ယွီလောက် မလိမ္မာပေ။ သို့ဖြစ်သည်တိုင် သူနှင့် သူ့အစ်ကိုကို အချင်းချင်း အလွန်ဂရုစိုက်ကြ၏။
ဒါက အရမ်းကောင်းနေပြီ...လက်ရှိ သူ့မိသားစုကို အရမ်းကျေနပ်တယ်...လင်းဖေးရဲ့အဖေက သေသေရှင်ရှင် သူ့အတွက် အရေးမကြီးဘူး...
သို့သော် သူ အနည်းငယ် စိုးရိမ်မိလေသည်။
"တကယ်လို့ လင်းဖေးအဖေက မသေသေးရင် သူက လင်းဖေးရှိတာကို သိရဲ့လား...မတော်လို့ နောက်ကြလို့ လင်းဖေးက သူ့အဖေနဲ့မတော်တဆတွေ့သွားရင် သူက သူ့အဖေရှိတာကို နှစ်တွေ အကြာကြီး မသိခဲ့တဲ့အတွက် နောင်တရနေမှာလား..."
"အဲ့လိုမဖြစ်ပါဘူး..."
လင်းလော့ချင်း ပြောလိုက်သည်။ သူက လင်းဖေးကို သူ့အား အဖေဟုခေါ်ခိုင်းသောအခါ လင်းဖေး၏မျက်လုံးထဲမှ ရှုပ်ထွေးမှုများကို ပြန်သတိရသွားလေသည်။
လင်းဖေးက အဖေမရှိဘဲ ကြီးပြင်းလာခဲ့တာ...အဖေဆိုတဲ့ကွက်လပ်နေရာအတွက် သူ ဘာမှမခံစားရဘူး...
လင်းဖေးရဲ့ကမ္ဘာမှာ အဖေဆိုတဲ့တည်ရှိမှုကိုလည်း မလိုအပ်ဘူး...
ထို့အပြင် လင်းလော့ရှီးက လင်းဖေးကို အလွန်ချစ်ပြီး အဖေလင်းရှေ့တွင် ဦးညွှတ်ကာ လင်းဖေးကို အကောင်းဆုံးကျောင်းထားပေးခဲ့ခြင်းဖြစ်သည်။ လင်းလော့ရှီးက လင်းဖေး၏အဖေရင်းအကြောင်းကို နှုတ်ဆိတ်နေခဲ့သည်။ သူ ကွယ်လွန်သွားသည့်တိုင် လင်းဖေးကို သူ့အဖေရင်းထံ မအပ်ခဲ့ပေ။ မူလပိုင်ရှင်ဆီကိုသာ အပ်ခဲ့လေသည်။
ယင်းကို ကြည့်လျှင် လင်းဖေး၏အဖေရင်းက အမှန်တကယ် သေဆုံးသွားခြင်းဖြစ်နိုင်သည်။ ထိုသို့မဟုတ်လျှင် လင်းဖေး၏အဖေရင်းကို မူလပိုင်ရှင်ထက် အားမကိုးခဲ့ခြင်းဖြစ်နိုင်သည်။
ထိုအမျိုးသားက လင်းလော့ရှီးကို နာကျင်စေခဲ့ခြင်းဖြစ်နိုင်သလို လူကောင်းမဟုတ်ခဲ့ခြင်းလည်း ဖြစ်နိုင်လေသည်။
လင်းလော့ချင်းက ထိုကိစ္စကို သေချာမသိသလို မှန်းလည်း မမှန်းဆချင်ပေ။ လင်းလော့ရှီးက လင်းဖေးကို မူလပိုင်ရှင်ထံ အပ်နှံခဲ့ပြီး စာအုပ်ထဲတွင်လည်း ဇာတ်သိမ်းအထိ လင်းဖေးတွင် အဖေဟူ၍ ရှိမလာခဲ့ပေ။ လင်းဖေးတစ်ယောက်တည်းသာ ရှိနေခဲ့ခြင်းဖြစ်ခေသည်။
ထို့ကြောင့် လင်းလော့ချင်းက လင်းလော့ရှီး၏ဆန္ဒကို ဆန့်ကျင်မှာ မဟုတ်သလို လင်းဖေးကိုလည်း သူနှင့် မရင်းနှီးသောအဖေဆီသို့ ပေးရန်ဆန္ဒမရှိပေ။
သူက လင်းဖေး၏အဖေဖြစ်သည်။ လင်းဖေးက သူ့ကို အဖေဟု မခေါ်လျှင်ပင် သူက လင်းဖေးကို သားအဖြစ်သတ်မှတ်ထားခြင်းဖြစ်လေသည်။
လင်းလော့ချင်းက ခေါင်းစဉ်ပြောင်းပြောလိုက်သည်။
"ဖေးဖေးက မင်းကို ဒါပဲ ပြောသွားတာလား..."
"ဟုတ်တယ်..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်သည်။
"သူက ငါ့ကို ဘဲရုပ်ဆိုးလေးအကြောင်းပဲ ပြောသွားတာ..."
လင်းလော့ချင်းက အံ့ဩနေလေသည်။ လင်းဖေးက စာအုပ်ပျောက်ရန် မဖြစ်နိုင်ပေ။ ကျိယွီရှောင်ကို မိဘအကြောင်း ပြောသွားခြင်းက ပိုမဖြစ်နိုင်ပေ။
ဘဲရုပ်ဆိုးလေးပုံပြင်ထဲမှာ ပါတဲ့ မိဘတိုင်းက သားသမီးကို မချစ်တဲ့အကြောင်းကို ဘာလို့ကျိယွီရှောင်ကို ပြောပြရမှာလဲ...
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်ကာ တစ်ခုခု တွေးမိသွားလေသည်။
သူက ဘာလို့ ကျိယွီရှောင်ဆီ တိုက်ရိုက်သွားရတာလဲ...
သူက တကယ်ပဲ ကျိယွီရှောင်ဆီက ပုံပြင်စာအုပ်ငှားချင်တာလား...ဒါမှမဟုတ် ကျိယွီရှောင်ကို ဘဲရုပ်ဆိုးလေးပုံပြင် ပြောပြချင်တာလား...
လင်းဖေးက တစ်ခုခုကို သိနေတာလား...
အဲ့ဒါကြောင့် သူက ကျိယွီရှောင်ကို အရိပ်အမြွက်ပေးနေတာလား...
လင်းလော့ချင်းက အနည်းငယ် ပျာယာခတ်သွားပြီး တည်ငြိမ်ဟန်ဆောင်ကာ ပြောလိုက်သည်။
"ထားလိုက်ပါ...အဲ့အကြောင်း မတွေးနဲ့တော့...ငါ ဖေးဖေးကို ရေသွားချိုးပေးလိုက်ဦးမယ်..."
"သွားလေ...ငါ အွန်လိုင်းကနေ ဘဲရုပ်လေးနဲ့ငန်းရုပ်လေးကို သူ့အတွက် မှာပေးမလို့...နောက်ပိုင်း ရေချိုးရင် အဲ့အရုပ်လေးတွေနဲ့အတူတူချိုးပေါ့...သူက ပြောတယ်...ဘဲအမေကြီး မချစ်တဲ့ ဘဲရုပ်ဆိုးလေးက နောက်ပိုင်းမှာ တခြားတိရစ္ဆာန်လေးတွေ အားလုံးထက် လှတဲ့ ငန်းလေးဖြစ်သွားတယ်တဲ့...ဖေးဖေးက ဖြူစင်ပြီး အရမ်းချစ်စရာကောင်းတာပဲ..."
လင်းလော့ချင်း : “……”
မင်းကသာ ဖြူစင်ပြီး ချစ်စရာကောင်းတာ...
လင်းဖေးက ကျိယွီရှောင် ၀မ်းနည်းသွားမှာကို စိုးရိမ်သည့်အတွက် ငန်းကလေးနှင့်နှိုင်းကာ နှစ်သိမ့်ပေးခဲ့ခြင်းဖြစ်ကြောင်း သိသာလေသည်။
သို့သော် သနားစရာကောင်းသည်မှာ လင်းဖေးက အတတ်နိုင်ဆုံးကြိုးစားကာ အရိပ်အမြွက်ပေးခဲ့သော်လည်း ကျိယွီရှောင်က ချစ်စရာကောင်းသည်ဟုသာ တွေးနေခြင်းဖြစ်သည်။
လင်းလော့ချင်းက စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
လင်းဖေးက အတတ်နိုင်ဆုံးကြိုးစားခဲ့ပေမဲ့ ကာယကံရှင်ဖြစ်တဲ့ ကျိယွီရှောင်ကတော့ ချစ်စရာကောင်းတယ်လို့ပဲ တွေးနေတယ်...
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး ခေါင်းခါကာ အခန်းထဲမှ ထွက်လာလိုက်သည်။
လင်းဖေးက အခန်းထဲတွင် စာအုပ်ဖတ်နေစဉ် လင်းလော့ချင်း ၀င်လာသည်ကို တွေ့လိုက်ရပြီး နာရီကြည့်လိုက်သောအခါ ရေချိုးရန်အချိန်ရောက်လုနီးပါးဖြစ်သည်။
"ကျွန်တော် ဒါလေး ပြီးအောင် ဖတ်လိုက်ဦးမယ်..."
လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးဘေးတွင် ၀င်ထိုင်လိုက်ကာ မေးလိုက်သည်။
"Hans Christian Andersenရဲ့ဒဏ္ဍာရီပုံပြင်များစာအုပ်ကို ရှာမတွေ့ဘူးလား..."
လင်းဖေး :"..."
သူက လင်းလော့ချင်းကို ကြည့်လိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်အတွက် စိတ်ပူနေသောကြောင့် ဝေ့လည်ကြောင်ပတ်ပြောမည့်အစား လိုရင်းကိုသာ တိုက်ရိုက်သွားလိုက်လေသည်။
"ဘဲရုပ်ဆိုးလေးက ရှုရှုကျိဖြစ်ပြီး ဘဲအမေကြီးက ရှုရှုကျိရဲ့အဖေမလား..."
လင်းဖေး အံ့ဩသွားသည်။ ကျိယွီရှောင်က လင်းလော့ချင်းထက် ပိုထက်မြက်သည်ဟု သူ အမြဲတွေးခဲ့သော်လည်း သူ့၏အရိပ်အမြွက်ကို ကျိယွီရှောင်က မမှန်းဆနိုင်ခဲ့ပေ။ လင်းလော့ချင်းက မှန်းဆနိုင်ခဲ့လေသည်။
လင်းဖေးက နှုတ်ခမ်းကို ဖိလိုက်ပြီး ဘာမှပြန်မပြောပေ။
လင်းလော့ချင်း လင်းဖေးက သူ့စကားကို မငြင်းသောကြောင့် သူ့အတွေးမှန်ကြောင်း သိလိုက်လေသည်။
"သား အဲ့ဒါကို ဘယ်လိုသိတာလဲ..."
လင်းဖေးက နှုတ်ဆိတ်နေဆဲဖြစ်သည်။
"သားက တစ်ယောက်ယောက်ကို ပြန်ပြောပြဘူးလို့ ကတိပေးလို့လား...အဲ့တစ်ယောက်က ရှောင်ယွီ မလား..."
လင်းဖေးက နှုတ်ဆိတ်နေဆဲဖြစ်၏။
'ဟုတ်နေပါပြီ...'
လင်းလော့ချင်း တွေးလိုက်သည်။
"သားနဲ့ရှောင်ယွီနှစ်ယောက်ထဲက တစ်ယောက်ယောက် အဲ့အကြောင်းကို သိသွားတာမလား..."
လင်းဖေးက နှုတ်ဆိတ်နေဆဲဖြစ်သည်။
"ရှုရှုကျိအတွက် အန္တရာယ်ရှိလား...ဒါမှမဟုတ် အခုတော့ ဘေးကင်းနေဆဲပဲလား..."
လင်းဖေးက တိတ်ဆိတ်နေဆဲဖြစ်၏။
လင်းလော့ချင်းက သဘောပေါက်သွားပြီဖြစ်သည်။
"သားက ရှုရှုကျိ အန္တရာယ်ရှိလာမှာကို စိုးရိမ်နေပေမဲ့ ရှောင်ယွီကို ကတိပေးထားပြီး အဲ့အကြောင်း ပြောပြလို့မရတဲ့အတွက် ရှုရှုကျိကို ဘဲရုပ်ဆိုးလေးပုံပြင်ပြောပြခဲ့တာမလား..."
လင်းလော့ချင်းက ပြုံးလိုက်ပြီး လင်းဖေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"သားက ဘာမှ မပြောပြခဲ့ဘူး...ဒါတွေအားလုံးက ရှုရှုရဲ့ ခန့်မှန်းပြောတဲ့အတွေးတွေပဲ ဟုတ်ပြီလား..."
လင်းဖေးက စကားမပြောသေးပေ။
လင်းလော့ချင်းက လင်းဖေး၏နဖူးကို နဖူးကို ပွတ်သပ်ပေးလိုက်သည်။
"သားက အရမ်းစမတ်ကျတာပဲ...ဂရုလည်း စိုက်တတ်တယ်...အရမ်းတော်တာပဲ..."
လင်းဖေးက အနည်းငယ် ရှက်ရွံ့သွားပြီး ခေါင်းငုံ့လိုက်သည်။
လင်းလော့ချင်းက ပြုံးလိုက်ပြီး လင်းဖေး၏မျက်ခွံပေါ် နမ်းလိုက်သည်။ လင်းဖေးက ခေါင်းမော့ကြည့်လာသောအခါ နူးညံ့စွာ ပြုံးပြလိုက်လေသည်။
"ရှုရှုကျိကို ဘဲရုပ်ဆိုးလေးပုံပြင်ကို ပြောပြခဲ့တဲ့အတွက် ကျေးဇူးပဲနော်...ဘဲရုပ်ဆိုးလေးသာ သားလို စမတ်ကျတဲ့ကလေးနဲ့တွေ့ရင် လမ်းပျောက်နေမှာ မဟုတ်ဘူး...ဒါပေမဲ့ ဘဲရုပ်ဆိုးလေးက ဘဲရုပ်ဆိုးလေးအစစ်မှ မဟုတ်တာ...သူက ငန်းဖြူလေးလေ...အဲ့တော့ ရှုရှုကျိကလည်း အဆင်ပြေမှာပါ..."
လင်းဖေးက သူ့၏စိုးရိမ်ပူပင်မှုများကို စွန့်လွှတ်လိုက်နိုင်သော်လည်း တိတ်ဆိတ်နေဆဲဖြစ်လေသည်။
သူက ကျိလဲ့ယွီကို အဲ့ကိစ္စကို ဘယ်သူကိုမှ မပြောပြဘူးလို့ ကတိပေးထားတဲ့အတွက် သူ တကယ် ဘာမှမပြောပြဘူးလေ...အရိပ်အမြွက်က အရိပ်အမြွက်ပဲလေ...ကျန်တာက လင်းလော့ချင်းရဲ့အတွေးတွေပဲ...
ဒါပေမဲ့လည်း ကျိယွီရှောင် အဆင်ပြေလို့ ၀မ်းသာပါတယ်...
"ရေချိုးဖို့ အချိန်ရောက်ပြီ..."
လင်းဖေးက ကိုးရို့ကားယားနိုင်စွာ ပြောလိုက်သည်။
ထိုအခါ လင်းလော့ချင်းက လင်းဖေးကို ပွေ့ချီလိုက်သည်။
"ဟုတ်ပြီ...ရှုရှုက သားကို ငန်းဖြူလေးဖြစ်လာအောင် ရေချိုးပေးမယ်..."
လင်းဖေး :"..."
သူက ငန်းဖြူလေးမဖြစ်ချင်ပါဘူး...နဂါးကြီးဖြစ်လာမဲ့ ကျားလေးပဲဖြစ်ချင်တာ...
လင်းလော့ချင်းက လင်းဖေးကို ရေချိုးခန်းသို့ပွေ့ချီသွားနေစဉ် လင်းဖေးက ၀င့်ကြွားစွာ တွေးလိုက်သည်။