Chapter 172
လင်းဖေးကို ရေချိုးပေးပြီးနောက် လင်းလော့ချင်းက ကျိလဲ့ယွီကို ရေချိုးပေးလိုက်လေသည်။
ကျိလဲ့ယွီက သူနှင့်လင်းဖေးက နှစ်ယောက်တည်းအတူရေချိုးသည့်ကိစ္စကို ကြားပြီး နှုတ်ခမ်းဆူကာ စိတ်ကောက်နေလေသည်။
လင်းလော့ချင်းက ကျိလဲ့ယွီကို အချိန်အတော်ကြာ ချော့လိုက်ရလေသည်။
"ပါးပါးက သားနဲ့နှစ်ယောက်တည်းအတူ နေချင်လို့ကို...သားက ပါးပါးနဲ့ နှစ်ယောက်တည်းအတူမနေချင်ဘူးလား..."
သူက ကျိလဲ့ယွီကို မေးလိုက်သည်။
ထိုအခါ ကျိလဲ့ယွီ၏၀က်နှုတ်ခမ်းလေးက ပျောက်သွားပြီး နာခံစွာ ခေါင်းငြိမ့်လိုက်သည်။
"နေချင်တယ်..."
"တကယ်လား..."
လင်းလော့ချင်းက မျက်လုံးတစ်ဖက်မှိတ်ပြလိုက်၏။
"ပါးပါးရောပဲ...ပါးပါးလည်း ရှောင်ယွီနဲ့အတူတူ နေချင်တယ်..."
ကျိလဲ့ယွီက ဆက်စိတ်မကောက်နိုင်တော့ပေ။
သူက လင်းလော့ချင်းကို မှီလိုက်ပြီး လင်းလော့ချင်းကို ရေဖြင့်ပက်လိုက်သည်။
"လူဆိုးလေး..."
လင်းလော့ချင်းက ကျိလဲ့ယွီ၏နဖူးကို တောက်လိုက်သည်။
"ပါးပါးအ၀တ်တွေ စိုကုန်ပြီ..."
ကျိလဲ့ယွီက ပြုံးကာ လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး ကလေးတစ်ယောက်သဖွယ် ပြုမူလိုက်လေသည်။
ကျိလဲ့ယွီကို ရေချိုးပေးပြီးနောက် လင်းလော့ချင်း၏ညအိပ်၀တ်စုံက အလွန်စိုစွတ်နေပြီဖြစ်သည်။
ထို့ကြောင့် သူ့အိပ်ခန်းထဲ ရောက်သွားသောအခါ အ၀တ်အစားပြန်လဲလိုက်ပြီး အိပ်ရာဆီသို့ လျှောက်သွားလိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်းအ၀တ်အစားလဲလိုက်သည်ကို တွေ့သောအခါ မျက်ခုံးကို ပင့်လိုက်ပြီး ပြောလိုက်သည်။
"ဘာလဲ...ငါ့ကို ဖြားယောင်းနေတာလား..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက တစ်ဖက်လူနား ကပ်သွားလိုက်ပြီး ကျိယွီရှောင်၏နားနားကပ်လိုက်သည်။
ထိုအခါ ကျိယွီရှောင်က လင်းလော့ချင်းခါးကို ဖက်လိုက်ပြီး လင်းလော့ချင်း၏တီးတိုးပြောစကားကို နားထောင်လိုက်လေသည်။
"ငါက မင်းကို ဖြားယောင်းနေတာ မဟုတ်ဘူး...မင်းသားက ငါ့အ၀တ်တွေကို စိုအောင် လုပ်လိုက်လို့ပဲ..."
ကျိယွီရှောင် ပြုံးလိုက်သည်။
"အဲ့လိုဆို သူ့ကို မင်းအ၀တ်ကို ပြန်လျှော်ခိုင်းပြီး ပညာပြန်ပေးသင့်တယ်..."
"ထားလိုက်ပါ...သူက ကလေးပဲ ရှိသေးတယ်..."
ကျိယွီရှောင်က ပြုံးနေဆဲဖြစ်လေသည်။ သူက လင်းလော့ချင်းကို ပွေ့ဖက်ကာ သူ့နှုတ်ခမ်းကို လင်းလော့ချင်း၏နှုတ်ခမ်းနား ပွတ်ဆွဲလိုက်ပြီး သွေးဆောင်ဖြားယောင်းလိုက်သည်။
"သားရဲ့အကြွေးကို အဖေက ကိုယ်စားဆပ်ပေးလို့ရလား...သူက မင်းအ၀တ်တွေကို စိုသွားစေတော့ မင်းက သူ့အဖေရဲ့အ၀တ်တွေကို ပြန်စိုသွားအောင် မလုပ်ချင်ဘူးလား..."
လင်းလော့ချင်း :"..."
လင်းလော့ချင်းက တစ်ဖက်လူကို သံသယရှိစွာ ကြည့်လိုက်သည်။
ကျိယွီရှောင်က လင်းလော့ချင်း၏နား နားကပ်ကာ ပြောလိုက်၏။
"ငါ ရေချိုးဖို့ ကူညီပေးချင်လား..."
လင်းလော့ချင်း :"!!!"
လင်းလော့ချင်းက ကျိယွီရှောင်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။ ကျိယွီရှောင်၏စကားက ဖြူစင်သော်လည်း အမူအရာကမူ သွေးဆောင်ဖြားယောင်းနေလေသည်။
လင်းလော့ချင်းက ချက်ချင်းအာရုံထွေပြားသွားလေသည်။
"ရေ...ရေချိုးကြရအောင်..."
ကျိယွီရှောင်က ခပ်ပြေပြေပြုံးကာ အိပ်ရာပေါ်မှ ထတော့မည်လုပ်စဉ် လင်းလော့ချင်းက သူ့ကိုပွေ့ဖက်ထားလေသည်။
ကျိယွီရှောင် :"..."
လင်းလော့ချင်းက ပြုံးကာ ပြောလိုက်သည်။
"ငါ မင်းကို ပွေ့ချီသွားပေးမယ်...ဖေးဖေးနဲ့ရှောင်ယွီကိုလည်း ငါက အဲ့လိုရေချိုးပေးတာပဲ..."
ကျိယွီရှောင် :"..."
ကျိယွီရှောင်က လင်းလော့ချင်းကို ကြည့်လိုက်ပြီး လင်းလော့ချင်း စိတ်တိုင်းကျလုပ်ခိုင်းလိုက်သည်။
မကြာမီ လင်းလော့ချင်းက ငိုရတော့မည်ဖြစ်၏။
သူက လက်ဆန့်လိုက်ပြီး လင်းလော့ချင်း၏နဖူးကို ထိလိုက်ပြီး လက်ကို ပါးပြင်တစ်လျှောက် ပွတ်ဆွဲသွားလိုက်လေသည်။
ကျိယွီရှောင်၏မျက်နှာက အလွန်လှပပြီး သူ့၏အသံက အလွန်နူးညံ့လေသည်။
"ကောင်းပြီ..."
လင်းလော့ချင်း၏နှလုံးသားက ကူရာမဲ့စွာ ခုန်ပေါက်နေခဲ့သည်။
ကျိယွီရှောင်က လူတွေကို တကယ်ဆွဲဆောင်နိုင်တာပဲ...
ထို့နောက် လင်းလော့ချင်းက မတ်တပ်ရပ်လိုက်ပြီး ကျိယွီရှောင်ကို ရေချိုးခန်းထဲ ပွေ့ချီသွားလိုက်လေသည်။
မကြာမီ ရေချိုးခန်းထဲမှ တိုးညှင်းသော ငိုရှိုက်သံများ ထွက်ပေါ်လာလေသည်။ ထိုအသံက နူးညံ့ကာ ပြတ်တောင်းပြတ်တောင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
လင်းလော့ချင်းက အချိန်အတော်ကြာ အနိုင်ကျင့်ခံခဲ့ရလေသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို ပွေ့ဖက်လိုက်ပြီး လင်းလော့ချင်း၏နီရဲနေသော မျက်လုံးပေါ်အနမ်းပေးလိုက်ကာ မျက်နှာနှင့် နှုတ်ခမ်းကိုလည်း နမ်းလိုက်လေသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို မှီကာ တစ်ဖက်လူထံမှ ကြင်နာမှုကို ခံယူနေ၏။
ကျိယွီရှောင်က အခြားအတွေးများကို ထပ်မတွေးတော့ပေ။ ရေချိုးကန်ထဲရှိ ရေပူများက နှစ်ယောက်လုံးကို သက်တောင့်သက်သာ ရှိစေလေသည်။
သူက လင်းလော့ချင်းကို ဖက်လိုက်ပြီး ဆေးကြောပေးလိုက်သည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို နမ်းရှိုက်လိုက်ပြီး ပွေ့ဖက်ကာ တွယ်ကပ်နေလေသည်။
ထို့နောက် ကျိယွီရှောင်က သူ့ကို ဆေးကြောပေးပြီးသောအခါ လင်းလော့ချင်းက မတ်တပ်ရပ်လိုက်ပြီး ရေချိုးကန်ထဲမှ ထွက်လိုက်သည်။
ပြီးနောက် ကျိယွီရှောင်ကို ရေသုတ်ပေးလိုက်ကာ လက်ဆန့်လိုက်လေသည်။
"ငါ မင်းကို ပြန်ပွေ့ချီသွားပေးမယ်..."
ကျိယွီရှောင်က ယင်းကို လက်မခံနိုင်ပေ။
ဒရိုင်ဘာတစ်ယောက်အနေနှင့် သူမောင်းနေသောကားက သူ့ကို ပြန်မောင်းသွားမည်ကို မလိုချင်ပေ။
ထို့ကြောင့် သူက ဂုဏ်သိက္ခာကို ဆယ်ကာ ပြောလိုက်သည်။
"ငါ့ဖာသာ သွားလိုက်မယ်..."
လင်းလော့ချင်းက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။ သို့သော် ကျိယွီရှောင်၏ရှက်ရွံ့မှုကို နားလည်သောကြောင့် သူက အပြင်ထွက်ကာ ဝှီးချဲလ်ကို ယူလိုက်ပြီး ရေချိုးခန်းထဲ ထည့်ပေးလိုက်လေသည်။
"ဒါဆို ငါ မင်းကို အပြင်မှာ စောင့်နေမယ်..."
ကျိယွီရှောင် ခေါင်းငြိမ့်လိုက်ပြီး တစ်ဖက်လူ ထွက်သွားသောအခါ သူ့ခြေထောက်သူ ပြန်ကြည့်လိုက်သည်။
သူ့ခြေထောက်ကို ထပ်မံစစ်ဆေးရန် အချိန်တန်ပြီဖြစ်သည်။
ဒီတစ်ခါစစ်ဆေးလို့ မတိုးတက်လာရင် ဘယ်အချိန်မှ တိုးတက်လာမှာလဲ...
သူလည်း လင်းလော့ချင်းကို ရေချိုးခန်းထဲ ပွေ့ချီသွားချင်တယ်... လင်းလော့ချင်းကို ပွေ့ချီပြီး ပြေးချင်တယ်...လင်းလော့ချင်းနဲ့အတူ လရောင်အောက်မှာ လမ်းလျှောက်ချင်တယ်...
သူ လုပ်ချင်တာတွေ အများကြီးပဲ...ဒါပေမဲ့ တစ်ခုမှ မလုပ်နိုင်ဘူး...
ကျိယွီရှောင်က သက်ပြင်းချလိုက်ပြီး ဝှီးချဲလ်ပေါ် ရွှေ့လိုက်သည်။
ရေချိုးပြီးနောက် လင်းလော့ချင်းက ဆံပင်လေမှုတ်နေစဉ် ကျိယွီရှောင်၏ဝှီးချဲလ်သံကို ကြားလိုက်ရလေသည်။
သူက ကျိယွီရှောင်ကို ကြည့်လိုက်ပြီး လင်းဖေး၏ကိစ္စကို တွေးလိုက်သည်။
သူက ကျိယွီရှောင်နှင့်အဖေကျိကြားရှိ ဆက်ဆံရေးက မကောင်းကြောင်း မှန်းဆမိလေသည်။ ကျိယွီလင်း၏သေဆုံးမှုက အဖေကျိနှင့်သက်ဆိုင်မှုရှိမရှိကို တွေးမိခဲ့သော်လည်း ထိုအတွေးကို ပြန်ပယ်ချခဲ့လေသည်။
အဲ့လို မဖြစ်နိုင်ဘူး...ကျိယွီလင်းက ကျိဂရုကို ဆက်ခံဖို့ အသင့်တော်ဆုံးသူပဲ...ပြီးတော့ အဖေကျိရဲ့ သားအရင်းဆိုတော့ အဖေကျိက အဲ့လိုလုပ်ဖို့ မဖြစ်နိုင်ဘူး...
ဒါ့အပြင် နှစ်သစ်ကူးအကြိုနေ့တုန်းက အဖေကျိမျက်နှာပေါ်က နာကျင်မှုကလည်း အတုအယောင်မဟုတ်ဘူး...
ဒီလိုဆို အဖေကျိက ဘာဖြစ်လို့ ကျိယွီရှောင်ကို မကြိုက်တာလဲ...
ဘာလို့လဲ...
ကျိယွီရှောင်ကလည်း အဖေကျိရဲ့သားအရင်းပဲလေ...ကျိယွီရှောင်က သူနဲ့လက်ထပ်လိုက်ပြီး သူ့ကို ရှင်းရီကို ပေးပြီး လောကကြီးကို အရှုံးပေးလိုက်သလို လုပ်နေလို့လား...
လင်းလော့ချင်း မမှန်းဆနိုင်တော့ပေ။
ဒါ့အပြင် လင်းဖေးနဲ့ကျိလဲ့ယွီက ဘာလို့ အဲ့အကြောင်းကို သိရတာလဲ...
နှစ်သစ်ကူးအကြိုအိမ်ပြန်တုန်းက တစ်ခုခုဖြစ်ခဲ့တာလား...
တစ်ခုခုကို မြင်ခဲ့ကြားခဲ့ရလို့လား...
ဒါမှမဟုတ် အဖေကျိက ကျိယွီရှောင်ကို မကြိုက်တာ သိသာနေလို့လား...
ကလေးများ၏အတွေးက ရိုးရှင်းလေသည်။ အဖေကျိက ကျိယွီရှောင်ကို မကြိုက်ကြောင်း သိသာစေသည့် တစ်စုံတစ်ခုကို အဖေကျိ လုပ်မိခဲ့ခြင်းဖြစ်နိုင်သည်။
အဲ့တော့ အဖေကျိက ဘာလုပ်ခဲ့ဝာာလဲ...
ကျိယွီရှောင်က ဝှီးချဲလ်ကို လင်းလော့ချင်း၏ဘေးသို့ တွန်းသွားလိုက်ပြီး လင်းလော့ချင်း၏လက်ထဲမှ ဆံပင်မှုတ်စက်ကို ယူလိုက်ကာ ကူမှုတ်ပေးလိုက်ပြီး မေးလိုက်သည်။
"မင်း ဘာတွေစဉ်းစားနေတာလဲ..."
လင်းလော့ချင်းက ကျိယွီရှောင်ကို စိတ်မသက်သာစွာ လှည့်ကြည့်လိုက်လေသည်။
သူ အဲ့ကိစ္စကို ဘယ်လိုပြောပြရမှာလဲ...
သူ ဘယ်လိုပြောလိုက်သင့်လဲ...
ကျိယွီရှောင်က အဖေကျိနှင့် ကြိမ်ဖန်များစွာ ငြင်းခုံရန်ဖြစ်ခဲ့သော်လည်း နှစ်သစ်ကူးတွင် အိမ်ပြန်သောအခါ ကျိယွီရှောင်က ၀မ်းနည်းမှုများကို ပြသနေဆဲဖြစ်လေသည်။
မင်းကို မင်းအဖေက မကြိုက်ဘူးလို့ ပြောပြလိုက်ရမလား...အဲ့လိုပြောလိုက်ရင် ကျိယွီရှောင်က နာကျင်ရမှာလား...
ဒါက အရမ်းရက်စက်လွန်းတယ်...သူ မပြောနိုင်ဘူး...
ဒါပေမဲ့ သူ မပြောလိုက်လို့ ကျိယွီရှောင် တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ...
၀တ္ထုထဲမှာဆို ကျိယွီရှောင်က ဒီနှစ်ထဲမှာ သေသွားတာ...သူ့အဖေကြောင့် သေသွားရတာလည်း ဖြစ်နိုင်တာပဲ...သူကတော့ အဲ့လိုအဖြစ်အပျက်မျိုးကို လုံး၀ခွင့်မပြုနိုင်ဘူး...ကျိယွီရှောင်က သူတို့ကို ထားသွားလို့ မရဘူး...
လင်းလော့ချင်းက ထိုပြဿနာကို တွေးမိသွားသောအခါ ဤကိစ္စက အရေးကြီးကြောင်းသဘောပေါက်သွားလေသည်။ လူများတွင် မျှော်လင့်ချက်ကုန်ဆုံးသွားလျှင် နောက်ထပ်မျှော်လင့်ချက်ရှိလာကြောင်း ကျိယွီရှောင် သိရမည်ဖြစ်သည်။
ထိုသို့တွေးပြီးနောက် လင်းလော့ချင်းက နူးညံ့စွာ ပြောလိုက်သည်။
"ယွီရှောင်...ငါ မင်းကို ပြောစရာရှိတယ်...ဒါပေမဲ့ ငါပြောမဲ့စကားက မင်းအတွက် အဆင်မပြေလောက်ဘူး..."
ကျိယွီရှောင် အံ့ဩသွားသည်။
"ဘာပြောမလို့လဲ..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်ကာ စကားလုံးများကို စုစည်းလိုက်သည်။
"ဖေးဖေးက ဒီနေ့ မင်းဆီကနေ စာအုပ်ငှားဖို့ လာတာ မဟုတ်ဘူး...သူက မင်းကို သတိပေးဖို့ လာတာပဲ...ဘဲရုပ်ဆိုးလေးက မင်းပဲ...ဘဲအမေကြီးက မင်းအဖေပဲ...ဘဲအမေကြီးက ဘဲရုပ်ဆိုးလေးကို မချစ်သလို မင်းအဖေကလည်း မင်းကို သိပ်မချစ်ဘူး..."
ကျိယွီရှောင် အံ့အားသင့်သွားသည်။
သူက လင်းလော့ချင်းကို စိုက်ကြည့်လိုက်ပြီး ဆံပင်မှုတ်စက်ကိုင်ထားသော သူ့လက်က ရပ်တန့်သွားလေသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို ဖက်လိုက်ပြီး နွေးထွေးနူးညံ့စွာ ပြောလိုက်သည်။
"ရှောင်ယွီနဲ့ဖေးဖေးက အဲ့ကိစ္စကို ကြားခဲ့တာလား...မြင်ခဲ့တာလား မသိဘူး...ရှောင်ယွီက မင်း ၀မ်းနည်းသွားမှာကို ကြောက်လို့ မင်းကို မပြောပြချင်ဘူး...ဖေးဖေးကိုလည်း မပြောပြခိုင်းဘူး...ဒါပေမဲ့ ဖေးဖေးက မင်း ကိုယ့်ကိုကိုယ်မကာကွယ်နိုင်မှာကို ကြောက်လို့ မင်းကို ပရိယာယ်သုံးပြီး အဲ့အကြောင်း ပြောပြခဲ့ဝာာ...သူက ရှောင်ယွီကို မင်းကို မပြောပြဘူးလို့ ကတိပေးထားလို့ သေချာ မပြောပြနိုင်ဘူးလေ...အဲ့ဒါကြောင့် အရိပ်အမြွက်ပေးခဲ့တာ..."
“ငါက ဖေးဖေးအကြောင်းကို မင်းထက် ပိုသိတယ်...သူ စာအုပ်ပျောက်သွားတာ မဖြစ်နိုင်လို့ သူ့ကို အဲ့လို မေးကြည့်တော့ သူက ဘာမှပြန်မပြောဘူးလေ...ဒါပေမဲ့ ငါ့စကားကိုလည်း မငြင်းဆန်ခဲ့ဘူး...အဲ့ဒီတော့..."
လင်းလော့ချင်းက နှလုံးသားထဲတွင် စိတ်မသက်မသာဖြစ်လာသောကြောင့် သူ့ရင်ခွင်ထဲမှ ကျိယွီရှောင်ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး ပြောလိုက်သည်။
"အခု မင်းသိသွားပြီလား...သူက မင်းကို မထိခိုက်စေဖို့ မင်းမှာ အကြံရှိလား..."
လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သောအခါ ကျိယွီရှောင်၏မျက်လုံးများက စိတ်ပျက်၀မ်းနည်းမှုများကြောင့် မည်းမှောင်နေလေသည်။
လင်းလော့ချင်းက ကျိယွီရှောင်၏နဖူးကို နမ်းလိုက်ပြီး မျက်နှာကိုလည်း နမ်းလိုက်သည်။
"ဖေးဖေးနဲ့ရှောင်ယွီက ငယ်သေးတော့ တစ်ခုခုကို အထင်လွဲသွားတာလည်း ဖြစ်နိုင်တာပဲ...မင်းအဖေနဲ့စကားပြောကြည့်..."
သူ့စကားမဆုံးမီ ကျိယွီရှောင်က သူ့ကို တင်းကြပ်စွာ ပွေ့ဖက်လိုက်လေသည်။
"မလိုပါဘူး...အဲ့လိုလုပ်ဖို့ မလိုအပ်ဘူး..."
တကယ်တော့ သူ့အဖေ သူ့ဆီကနေ သူ့အစ်ကိုထားခဲ့တဲ့ ရှယ်ယာတွေ တောင်းလာကတည်းက အဲ့ဒါကို ခံစားမိခဲ့တယ်...သူ့အစ်ကို ဆုံးပါးသွားပြီးမှ သူ့အဖေက သူ့မျက်နှာအစစ်အမှန်ကို တဖြည်းဖြည်း ထုတ်ပြလာတာပဲ...
သူ့အဖေက သူ့ကို သဘောမကျဘူး...သူက သူ့ကို စွန့်လွှတ်လိုက်တာကြာပြီ...
သူ့အဖေက သူ့အစ်ကိုရဲ့အမွေတွေကို ဘာကြောင့် သူနဲ့ပြိုင်လုချင်နေလဲ မသိဘူး...
ကျိယွီရှောင်က ယင်းကို နားမလည်နိုင်ခဲ့ပေ
သူ့သားတစ်ယောက်ရဲ့အမွေတွေက နောက်သားတစ်ယောက်ဆီမှာ ရှိနေတာကို ဘာလို့ လုယူချင်နေရတာလဲ...
သူ့အစ်ကိုက သူ့ဇနီးနဲ့သားကို ကာကွယ်ဖို့သူ့ဆီ အမွေတွေကို ရှင်းရှင်းလင်းလင်း လွှဲပေးခဲ့တာကိုလေ...
ဘာလို့ သူနဲ့ တိုက်ခိုက်ချင်နေတာလဲ...
အမွေတွေက ကျိလဲ့ယွီဆီပဲ ရောက်သွားမဲ့ဟာကို ဘာလို့ ယူချင်နေရတာလဲ...
နောက်ပိုင်းက သူက ထိုသို့ဖြစ်ရသည့်အကြောင်းရင်းအား တဖြည်းဖြည်း သိလာရလေသည်။
သို့သော် လင်းဖေးနှင့်ကျိလဲ့ယွီက ထိုကိစ္စအား သိသွားလိမ့်မည်ကို သူ မမျှော်လင့်ထားခဲ့ချေ။
ကျိယွီရှောင်က အားကိုးရာမဲ့သွားလေသည်။ သူက လင်းဖေး၏မေးခွန်းကို ပြန်သတိရသွားသည်။
"ရှုရှုမိဘတွေက ရှုရှုကို ချစ်လား..."
သူက လင်းဖေး၏ရိုးရှင်းသောကမ္ဘာကို မဖျက်ဆီးချင်သောကြောင့် 'ချစ်တယ်'ဟု ဖြေခဲ့သော်လည်းအမှန်တွင် လင်းဖေးက ထိုကိစ္စကို သိပြီဖြစ်လေသည်။ သူ့ကလေးများက ထိုကိစ္စကို သိပြီဖြစ်လေသည်။
သူ့အဖေက သူ့ကို သိပ်သဘောမကျဘူး...ကလေးတွေက ဒီကိစ္စကို ဘယ်လိုသိသွားကြတာလဲ...
သူ့အဖေက သူ့ကို ထပ်ခါတလဲလဲ စိတ်ပျက်၀မ်းနည်းစေလေသည်။
သူ့အဖေက သူတို့ညီအစ်ကိုနှစ်ယောက်ကို ဘယ်လိုတွေးနေတာလဲ...
သူက အဖေရင်းရော ဟုတ်ရဲ့လား...
ကျိယွီရှောင်က အဖေတစ်ယောက်အနေနှင့် သားများရှေ့တွင် ကျရှုံးသွားလေသည်။
ထိုအချိန်တွင် လင်းလော့ချင်းက ကျိယွီရှောင်၏မျက်နှာဘေးကို နမ်းလိုက်သည်။
"အဆင်ပြေပါတယ်...မင်းမှာ ငါတို့ရှိသေးတယ်...ငါ၊ ဖေးဖေးနဲ့ ရှောင်ယွီ ငါတို့အားလုံးက မင်းကို ချစ်တယ်...မင်းအစ်ကိုနဲ့ မင်းသူငယ်ချင်းတွေကလည်း မင်းကို ချစ်တယ်...မင်းကို ချစ်တဲ့သူတွေ အများကြီးရှိတယ်..."
"ဘဲရုပ်ဆိုးလေးက ရုပ်မဆိုးပါဘူး...မင်းက တခြားတိရစ္ဆာန်လေးတွေ အားလုံးထက် ပိုလှတဲ့ ငန်းလေးပဲ..."
ကျိယွီရှောင်က လင်းလော့ချင်းကို အချိန်အတော်ကြာပွေ့ဖက်ထားပြီး လင်းလော့ချင်း၏နှုတ်ခမ်းထောင့်ကို နမ်းလိုက်သည်။
ထိုအခါ လင်းလော့ချင်းက ကျိယွီရှောင်၏နှုတ်ခမ်းကို ထပ်ခါထပ်ခါ နမ်းလိုက်လေသည်။
ကျိယွီရှောင်က ထိုစည်းမဲ့ကမ်းမဲ့အနမ်းများကြောင့် ပျော်ရွှင်သွားသည်။
"ငါ အဆင်ပြေပါတယ်..."
သူက နူးညံ့စွာ ပြောလိုက်သည်။
လင်းလော့ချင်းက ယင်းကို မယုံကြည်ပေ။
"တကယ် အဆင်ပြေတာပါ...ငါ အရင်ကတည်းက အဲ့ဒါကို ခံစားမိခဲ့တယ်..."
"ရှောင်ယွီနဲ့ဖေးဖေးက အဲ့ကိစ္စကို သိသွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ဘူး...ငါ့အဖေက ငါ့ကိုသဘောမကျတာကို သူတို့သိသွားတာက သိပ်မကောင်းဘူးနော်..."
“အဲ့ဒါ မင်းရဲ့အမှားမဟုတ်ဘူး...မင်းအဖေရဲ့အမှားပဲ..."
ကျိယွီရှောင်က လင်းလော့ချင်းကို တိတ်တဆိတ်သာ ပွေ့ဖက်ထားလိုက်လေသည်။
လင်းလော့ချင်းက ကျိယွီရှောင်၏လက်မောင်းကို မှီကာ ကျိယွီရှောင်၏မေးစေ့ကို နမ်းလိုက်သည်။ သူက ကျိယွီရှောင်ကို ထပ်ခါထပ်ခါ နမ်းနေလေသည်။
ကျိယွီရှောင်က ခေါင်းငုံ့ကာ လင်းလော့ချင်းကို ပြန်နမ်းလိုက်ပြီး ပြောလိုက်သည်။
"မင်းက နမ်းတဲ့ငါးလေးလား...ဒီလောက် နမ်းနေတာ မပင်ပန်းဘူးလား..."
"မင်းကို နမ်းရတာ ဘယ်တော့မှ မပင်ပန်းဘူး .."
လင်းလော့ချင်းက တုံ့ဆိုင်းမှုမရှိ ပြောလိုက်သည်။
ကျိယွီရှောင်က ပြုံးလိုက်ကာ လင်းလော့ချင်းကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်သည်။
"စိတ်မပူပါနဲ့...ငါ့မှာ မင်း၊ ရှောင်ယွီနဲ့ ဖေးဖေးရှိနေတာကို...ငါ ၀မ်းမနည်းပါဘူး..."
"အရာအားလုံးကို တဖြည်းဖြည်းဖြတ်ကျော်သွားပြီး ကောင်းတဲ့အမှတ်တရတွေပဲ ကျန်ခဲ့မှာပါ..."
သူက အဲ့ဒါကို အနှေးနဲ့အမြန် ဖြတ်ကျော်နိုင်လိမ့်မယ်...
ကျိယွီရှောင်က လင်းလော့ချင်းကို ထပ်နမ်းလိုက်ပြီး ဆံပင်ကို ဆက်မှုတ်ပေးလိုက်သည်။
ပြတင်းပေါက်အပြင်ဘက်တွင် ညလေတိုက်ခတ်နေပြီး နှလုံးသားကလည်း နာကျင်နေလေသည်။
နောက်တစ်နေ့မနက်တွင် လင်းလော့ချင်းက ကုမ္ပဏီကို သွားမည့်အစား ကျိယွီရှောင်နှင့်အတူ ဆေးရုံသို့ သွားလိုက်လေသည်။
ထပ်မံစစ်ဆေးရန် အချိန်ရောက်ပြီဖြစ်သည်။ သို့သော် ကျိယွီရှောင်၏ခြေထောက်များက ပိုကောင်းလာမလာကို သူ သေချာမသိချေ။
ဝေ့ကျွင်းဟယ်က တံခါး၀တွင် ထိုင်ကာ အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း ကျိယွီရှောင်က ထွက်မလာသေးချေ။ ဝေ့ကျွင်းဟယ် စိုးရိမ်လာလေသည်။
"ဘာလို့ ဒီနေ့ ဒီလောက်တောင် ကြာနေတာလဲ..."
"တခြားဟာတွေပါ စစ်ဆေးနေလို့များလား..."
လင်းလော့ချင်း မှန်းဆလိုက်သည်။
ဝေ့ကျွင်းဟယ်က အလွန်စိတ်ပူနေပြီး တံခါးကြားမှတစ်ဆင့် အထဲသို့ ချောင်းချောင်းကြည့်နေလေသည်။
လင်းလော့ချင်း :"..."
"ဟမ်..."
ဝေ့ကျွင်းဟယ် သက်ပြင်းချလိုက်ပြီး လင်းလော့ချင်း၏ရှေ့တွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေ၏။
"ကျွန်တော် စိတ်ပူလို့သေတော့မယ်..."
လင်းလော့ချင်းက သူ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ဝေ့ကျွင်းဟယ်က ကလေးမီးဖွားနေသည့်အမျိုးသမီးကို စောင့်နေသည့် ယောကျာ်းတစ်ယောက်နှင့်ပင် တူလာလေသည်။
ခဏနေလို့ တံခါးပွင့်လာရင် အပြေးအလွှားသွားပြီး "ဘာလေးမွေးလား...ယောကျာ်းလေးလား၊ မိန်းကလေးလေး"မေးလိုက်ရင်တောင် သူ အံ့ဩမှာ မဟုတ်ဘူး...